ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ သြဇာ၊ အာဏာ ရှိနေသေးလား

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်က တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး မစ္စတာ ဆောင်းတောင် မြန်မာနိုင်ငံကို လာရောက်စဉ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံရေးပါတီ ခေါင်းဆောင် တချို့၊ အရင် အစိုးရခေါင်းဆောင်ဟောင်းတချို့နဲ့ တွေ့ဆုံခဲ့ရာမှာ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေလည်း ပါဝင်ခဲ့ပါတယ်။

အိမ်နီးချင်း တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူ တစ်ယောက်နဲ့ အာဏာရှင်ဟောင်း ဦးသန်းရွှေ တွေ့ဆုံကြတဲ့ ဓာတ်ပုံ၊ တရုတ်သတင်းမီဒီယာတွေကနေတဆင့် ထွက်ပေါ်လာတဲ့အခါ မြန်မာပြည်သူတွေရော၊ နိုင်ငံတကာ သတင်းဌာနတွေကပါ ဒီကိစ္စ စိတ်ဝင်စားကြပါတယ်။

သိပ်မကြာသေးခင် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ပါတီ အပြတ်အသတ် အနိုင်ရပြီး အစိုးရမဖွဲ့နိုင်သေးခင် စပ်ကြား၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင်ဟောင်းကို သွားပြီး တွေ့ဆုံခဲ့ပါသေးတယ်။ ဒီ သတင်းတွေကို အခြေခံပြီး ပြည်သူတွေနဲ့ သတင်းဌာနတွေ စိတ်ဝင်စားလာကြတာကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ သြဇာအာဏာ ရှိနေသေးလား၊ ရှိရင် ဘယ်လောက်ထိ ရှိနိုင်မလဲ စတဲ့ မေးခွန်း ဖြစ်ပေါ်လာစေပါတယ်။

အာဏာရှင်ဟောင်း ဦးသန်းရွှေဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ၊ တိုင်းပြည်ကို ဘယ်လို စီမံအုပ်ချုပ်ခဲ့သလဲ၊ ဒီကနေ့ လက်ရှိ တကယ်ပဲ သူ သြဇာအာဏာ ရှိနေသေးလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

၁၉၆၂ ခုနှစ် မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သား အစိုးရကို အာဏာသိမ်းဖြုတ်ချပြီး စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ အချိန်ကစပြီး ရေတွက်ရင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ တတိယမြောက် အာဏာရှင် စစ်ခေါင်းဆောင် ဖြစ်ပါတယ်။ ပထမ စစ်ခေါင်းဆောင်ဟာ ဗိုလ်ချုပ်ကြီးနေဝင်းဖြစ်ပြီး ၁၉၆၂ ကနေ ၁၉၈၈ အထိ တိုင်းပြည်ကို စီမံခန့်ခွဲ အုပ်ချုပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်ကတော့ ၁၉၈၈ စက်တင်ဘာ အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကတော့ သူ့ကို ဆက်ခံသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စစ်အာဏာရှင်အဖြစ်နဲ့ တိုင်းပြည်ကို အနှစ် ၂၀ လောက် အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။

ထူးခြားတာ တစ်ခုကတော့ သူ့အရင် အာဏာရှင် ဦးနေဝင်းဟာ တိုင်းပြည်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော် သမ္မတ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ စတဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့ ပြောင်းလဲ အုပ်ချုပ်ခဲ့တာ ဖြစ်ပေမဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကတော့ အနှစ် ၂၀ လုံးလုံး စစ်ယူနီဖောင်းမချွတ်ဘဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ တိုင်းပြည်ကို စစ်အာဏာရှင် ပီပီပြင်ပြင် အုပ်ချုပ်ခဲ့သူ ဖြစ်ပါတယ်။

အရင် အာဏာရှင် ဦးနေဝင်း လက်ထက်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံး တိုင်းပြည်များ စာရင်းဝင်ခဲ့သလို၊ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ အုပ်ချုပ်ခဲ့တဲ့ ကာလမှာလည်း ဆင်းရဲတွင်းထဲက မထွက်နိုင်ခဲ့ပါဘူး။

ပိုထူးခြားတာက ဈေးကွက်စီးပွားရေး စနစ် ကျင့်သုံးတယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုင်းပြည်ရဲ့ သစ်တော၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း နဲ့ သယံဇာတ အများကြီး ကုန်ခန်းသွားခဲ့တာပါပဲ။

နိုင်ငံတကာ ဆက်ဆံရေးမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့တာ ခံရပြီး နိုင်ငံတကာ မိသားစုနဲ့လည်း သင့်မြတ်မှု မရှိခဲ့ပါဘူး။

ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်၊ သယံဇာတ ထုတ်ယူတဲ့ တရုတ်နိုင်ငံနဲ့ စစ်လက်နက်ပစ္စည်း ရောင်းချနေတဲ့ ရုရှားနိုင်ငံတွေရဲ့ ထောက်ခံမှုကိုတော့ ရခဲ့ပါတယ်။ အခြားသော ပြည်သူတွေရဲ့ ပညာရေးနဲ့ လူမှုရေး အထွေထွေ ဘဝတွေလည်း အလွန်အမင်း နိမ့်ကျခဲ့ပါတယ်။

ပိုဆိုးတာက မြန်မာ့တပ်မတော်ကို စနစ်တကျ ဖျက်ဆီးခဲ့တာပါ။ သူ အာဏာရစဉ် အချိန်ခါ ဥရောပတိုက်မှာ မာရှယ်တီတိုး တည်ထောင်ခဲ့တဲ့ ယူဂိုဆလားဗီးယား ပြည်ထောင်စု ပြိုကွဲတာကို လက်ညှိုးထိုးပြီး မြန်မာ့တပ်မတော်ကို ပြည်ထောင်စု တပ်မတော် ပုံသဏ္ဍာန်ကနေ တိုင်းရင်းသားတွေ မပါတဲ့ ဗမာကြီးစိုးတဲ့ တပ်မတော် အဖြစ် ပုံဖော်ခဲ့တာပါပဲ။

တိုင်းရင်းသားတွေကို ခေါင်းဆောင်နေရာပေးရင် တစ်နေ့ ပုန်ကန်ခွဲထွက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုပြီး သူက သူ့လက်အောက် ငယ်သားတွေကို ဆင်ခြေပေးပါတယ်။ ဒါကို နောက်ပိုင်း ငြိမ်းချမ်းရေး အကောင်အထည်ဖော်တဲ့ စစ်ဗိုလ်ချုပ်ဟောင်း တချို့က ဝန်ခံပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်က လိုအပ်တာထက် အရေအတွက် အများကြီးပိုတဲ့ စစ်အရာရှိတွေ မွေးထုတ်ပြီး အစိုးရ ယန္တရားထဲကို ထည့်သွင်းတာဝန်ထမ်းဆောင်စေတာမျိုးလည်း လုပ်ခဲ့ပါတယ်။

စစ်အာဏာရှင် စနစ် ရုပ်သိမ်းပေးပြီးလို့ ၅ နှစ်မကြာခင် စစ်ဗိုလ်ချုပ်ဟောင်းတွေကြားထဲမှာ ဂိုဏ်းဂဏ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်၊ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးပြီး တစ်သက်လုံးရန်သူလို နှိပ်ကွပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီလက်ထဲ အစိုးရအာဏာ အပ်နှင်းခဲ့လိုက်ရပါတယ်။

တပ်မတော်ဟာ ၁၉၉၀ ဝန်းကျင် ကာလတွေတုန်းက ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ တစ်နှစ် စစ်ဗိုလ် အယောက် ၁၅၀ အောက် မွေးထုတ်ရာကနေ ၂၀၀၀ ပြည့်နှစ် ဝန်းကျင် အရောက်မှာတော့ တစ်နှစ် စစ်ဗိုလ် အယောက် ၃,၀၀၀ နီးပါး၊ တနည်းအားဖြင့် အဆ ၂၀ လောက် မွေးထုတ်တဲ့ အနေအထားကို ရောက်လာခဲ့ပါတယ်။

အာဏာရှင် ဦးသန်းရွှေရဲ့ အဲဒီလုပ်ရပ်တွေကြောင့် စစ်အရာရှိတွေဟာ စစ်ရေးစစ်ရာထက် တိုင်းပြည် အုပ်ချုပ်ရေးဘက် ပိုစိတ်ဝင်စားသွားကြပြီး တိုက်ခိုက်လိုစိတ်လျော့နည်း၊ စစ်ရေးစွမ်းရည်လည်း အလွန်အမင်း ကျဆင်းသွားတာ တွေ့နိုင်သလို၊ အစိုးရယန္တရားပါ အရည်အချင်း နိမ့်ကျသွားမှု ကြုံခဲ့တာ ဒီကနေ့ အထိပါပဲ။

ဦးသန်းရွှေဟာ သူ့စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲအပြီး၊ သူရွေးချယ်ပေးလိုက်တဲ့ စစ်ဗိုလ်ချုပ်တွေကို အစိုးရ အာဏာ လွဲှပြောင်းပေးပြီးနောက် နိုင်ငံရေး ကန့်လန့်ကာ နောက်ကွယ်ကို ဝင်ရောက်သွားပါတော့တယ်။

မြန်မာနိုင်ငံမှာ လူပုဂ္ဂိုလ်တစ်ယောက် ဘယ်လောက် သြဇာ အာဏာရှိသလဲဆိုတာ သိချင်ရင် သူနဲ့ သူ့မိသားစုပိုင် စီးပွားရေး အခြေအနေ ဘယ်လိုရှိတယ်၊ နိုင်ငံရေးအရ သူ့လမ်းညွှန်ချက်တွေကို ဘယ်လောက် အကောင်အထည် ဖော်ကြတယ်ဆိုတာနဲ့ တိုင်းတာရလေ့ ရှိပါတယ်။

ပြောရရင် သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့သစ် တက်ပြီးနောက်ပိုင်း အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ သူ့မိသားစု၊ သူနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ သိပ်ပြီး မျက်နှာသာ အပေးမခံရတော့ပါဘူး။ ဦးသန်းရွှေမိသားစု အရင်းအနှီး အများကြီးပါတယ်လို့ ယူဆကြတဲ့ သူဌေးကြီး ဦးတေဇပိုင် ထူးကုမ္ပဏီဟာ အထူးအခွင့်အရေးတွေ သိပ်မရတော့တာကြောင့် ယိမ်းယိုင်သွားတာ တွေ့မြင်နိုင်ပါတယ်။ အဲပုဂံ လေကြောင်းလိုင်း ရပ်ဆိုင်းသွားပြီး တခြားစီးပွားရေး လုပ်ငန်းတွေလည်း သိပ်ပြီး မြတ်စွန်းတာ မရှိတော့ပါဘူး။ ဒါ့အပြင် ဦးသန်းရွှေရဲ့ သားနဲ့ သမီးတွေပိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေဟာလည်း သိုသိုသိပ်သပ်ပဲ လုပ်ကိုင်နေကြတာ တွေ့နိုင်ပါတယ်။

နောက်တစ်ချက်က ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ တိုင်းပြည်ကို နောက်ထပ် အနှစ် သုံးလေးဆယ် ဆက် အုပ်ချုပ်နိုင်လိမ့်မယ် ဆိုတဲ့ အာဏာရှင်ကြီးရဲ့ မဟာဗျူဟာ အစီအစဉ် လုံးဝ မအောင်မြင်ခဲ့ပါဘူး။

စစ်အာဏာရှင် စနစ် ရုပ်သိမ်းပေးပြီးလို့  ၅ နှစ်မကြာခင် စစ်ဗိုလ်ချုပ်ဟောင်းတွေကြားထဲမှာ ဂိုဏ်းဂဏ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်၊ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးပြီး တစ်သက်လုံးရန်သူလို နှိပ်ကွပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီလက်ထဲ အစိုးရအာဏာ အပ်နှင်းခဲ့လိုက်ရပါတယ်။

အာဏာရှင်ကြီး ကိုယ်တိုင် ရွေးချယ်ပေးခဲ့ပြီး လက်ရှိ တပ်မတော်ကို ခေါင်းဆောင်နေတဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်ဆိုရင်လည်း ဦးသန်းရွှေကို ပစ်ပယ်ဆန့်ကျင်တဲ့ စကားတွေ မပြောပေမဲ့လည်း တပ်မတော်တည်ဆောက်ရေး၊ နိုင်ငံရေး ဆိုင်ရာ အပိုင်းတွေမှာ အရင် အာဏာရှင် လမ်းစဉ်နဲ့ အများကြီး ကွဲပြားခြားနားတဲ့ လုပ်ကိုင်ဆောင်ရွက်မှုမျိုးနဲ့ အကောင်အထည်ဖော်နေတာ တွေ့မြင်နိုင်ပါတယ်။

ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အာဏာရှင်ဟောင်း ဦးသန်းရွှေဟာ အများထင်မြင် ယူဆထားသလို၊ နောက်ကွယ်က သြဇာပေးနိုင်တဲ့သူ မဟုတ်သလို၊  တပ်မတော်အပေါ်လည်း သြဇာအာဏာ အပြည့်အဝ ပေးနိုင်သူ မဟုတ်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.