ဒေသ စစ်ဘုရင်တစ်ပါးရဲ့ နေဝင်ချိန်လား

ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၅ က လွှတ်တော်အမတ်နဲ့ ဒေသစစ်ဘုရင်တစ်ပါးဖြစ်တဲ့ ဦးဆခုံတိန့်ယိန်းကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်ခဲ့တယ်လို့ ဆုံးဖြတ်ပြီး အမတ်အဖြစ်က ပယ်ဖျက်ခဲ့တဲ့အတွက် တခြား စစ်ဘုရင်လေးတွေအတွက်လည်း သတိပေး ခေါင်းလောင်းသံ ဖြစ်လာနိုင်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ထူးထူးခြားခြား ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က အမျိုးသားလွှတ်တော်မှာ အမတ်အသစ်တစ်ယောက် တာဝန်ထမ်းဆောင်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ထူးခြားတယ်လို့ ပြောရတဲ့အကြောင်းရင်းကတော့ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်သစ်တွေ စတင်လို့ ခုနစ်လလောက် နောက်ကျပြီးမှ အဲဒီ အမတ် ကျမ်းသစ္စာ ကျိန်ဆိုနိုင်တာပါ။

အကြောင်းကတော့ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၅ က လွှတ်တော်အမတ် ဦးဆခုံတိန့်ယိန်းကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်ခဲ့တယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့အတွက် သူ့နေရာမှာ ဒုတိယ မဲအများဆုံးရတဲ့ ဦးယောနကို အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်ကြောင်း ဆုံးဖြတ်လိုက်လို့ပါပဲ။

ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာက အမတ်အဖြစ်ကနေ ရုပ်သိမ်းခံလိုက်ရတဲ့ ဦးဆခုံတိန့်ယိန်းဟာ ကချင် အထူးဒေသ ၁ က သမ္ဘာရင့် ဝါရင့် စစ်ဘုရင်ငယ်တစ်ပါး ဖြစ်နေတာပါ။ ခေတ်အဆက်ဆက် လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့ရဲ့ခေါင်းဆောင် စစ်ဘုရင်ဘဝ၊ ဒေသ တစ်ခုကို စိုးမိုးထားရင်း အလွန်ကြွယ်ဝ ချမ်းသာလာတဲ့ သူဌေးကြီးဘဝ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းပြီးနောက် စစ်အစိုးရရဲ့ ထောက်ခံမှုနဲ့ အမျိုးသားလွှတ်တော်အမတ်ဘဝ စသဖြင့် နိုင်ငံရေးစင်မြင့်ထက်မှာပဲ တစ်လျှောက်လုံး ရှိနေခဲ့ရာကနေ အခု အစိုးရသစ်လက်ထက်အရောက်မှာ ဂုဏ်သရေရှိ လွှတ်တော် အမတ်ရာထူးကို စွန့်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ စစ်ဘုရင်ငယ်တစ်ပါးရဲ့ ကျဆုံးခန်း အစ ဖြစ်လေမလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ကချင် အထူးဒေသ ၁ ဆိုတာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အရှေ့မြောက်ဘက် တရုတ်နိုင်ငံနယ်စပ်မှာ တည်ရှိုပြီး လော်ဝေါ်နဲ့ လာချိတ် မျိုးနွယ်စုတွေ အခြေချနေထိုင်တဲ့နယ်မြေ ဖြစ်ပါတယ်။ လက်ရှိ လွှတ်တော်အမတ် တာဝန်ကနေ ဖြုတ်ပယ်ခံလိုက်ရတဲ့ ဦးဆခုံတိန့်ယိန်းနဲ့ သူ့ရဲ့ ကာလကြာရှည် လုပ်ဖော်ကိုင်ဖက် ဦးလယောက်ဇယ်လွန်းတို့နှစ်ယောက်ဟာ လော်ဝေါ်နဲ့ လာချိတ် တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြပြီး မူလက ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA လက်အောက်က တပ်မှူးငယ်တွေ ဖြစ်ကြပါတယ်။

နောက်ပိုင်း ကေအိုင်အေလက်အောက်က ခွဲထွက်ပြီး အဲဒီအချိန် တရုတ်ပြည်နယ်စပ်မှာ အင်အားကြီးမားလာတဲ့ ဗကပဆိုတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ CPB ရဲ့ ခေါင်းဆောင်မှု ခံယူလိုက်ကြပါတယ်။ အဲဒီအချိန်ကစ သူတို့ တပ်မှူးနှစ်ယောက်ဟာ ကချင်ပြည်နယ် အရှေ့မြောက်ဘက် တရုတ်နယ်စပ်က ကမ်ပိုင်တီ၊ ပန်ဝါ ဒေသမှာ ဗကပ ၁၀၁ စစ်ဒေသအနေနဲ့ စစ်အစိုးရကို တော်လှန်တိုက်ခိုက်ရာမှာ ပါဝင်ခဲ့ကြပါတယ်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ၁၉၈၉ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီဗဟိုကို တိုင်းရင်းသားတပ်မှူး၊ တပ်သားတွေက ပုန်ကန်အာဏာသိမ်းလိုက်တဲ့အတွက် CPB ပြိုကွဲသွားပါတယ်။ ပထမဦးဆုံး မတ်လမှာ ကိုးကန့်ဒေသ၊ ဧပြီမှာ ဝ နဲ့ မိုင်းလား ဒေသတွေက ပုန်ကန်ခွဲထွက်လိုက်ကြပါတယ်။ ပုန်ကန်မှုအပြီး ဝ ခေါင်းဆောင်တွေက ဌာနချုပ် ပန်ဆန်းမှာ ဗကပ ခေါင်းဆောင်တွေကို လက်မခံ မောင်းထုတ်လိုက်ကြတဲ့အတွက် ဗကပ ခေါင်းဆောင်တွေနဲ့ နောက်ဆုံး လက်ကျန်ပါတီဝင်တချို့ တရုပ်နိုင်ငံထဲ ပြေးဝင်ခိုလှုံခဲ့ကြပါတယ်။

ဒီမိုကရေစီသစ်တပ်မတော်(ကချင်) NDA(K) ရဲ့ တပ်မှူးကြီး၊ တစ်နည်း စစ်ဘုရင်ငယ်တစ်ပါး ဖြစ်လာပြီး ဒေသတွင်းက သစ်ထုတ်တဲ့လုပ်ငန်းအပြင် ဒေသအပြင်ဘက် ဖားကန့်နဲ့ ခန္တီးမှာ ကျောက်စိမ်းတူးဖော်တာ၊ မိုးကုတ်မှာ ပတ္တမြားတူးတာ၊ ရန်ကုန်နဲ့ မန္တလေးမှာ ဆက်သွယ်ရေးရုံးတွေဖွင့်ပြီး ကုန်သွယ်စီးပွားရေး လုပ်ငန်းလုပ်တာ စတာတွေလုပ်ရင်း အလွန့်အလွန် ကြီးပွားကြွယ်ဝချမ်းသာသူ ဖြစ်လာပါတော့တယ်။ 

အဲလို တရုတ်နိုင်ငံထဲ ခိုလှုံနေတဲ့ ဗကပ ခေါင်းဆောင်တွေကို သူ့နယ်မြေထဲလာပြီး အခြေချပါ၊ စစ်အစိုးရကို ဆက်လက် တိုက်ခိုက်ပါ ဆိုပြီး ဦးဆခုံတိန့်ယိန်းက ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၈၉ ဇူလိုင်လမှာ နောက်ဆုံး လက်ကျန် ဗကပ တပ်ဖွဲ့ဝင်တွေဟာ လက်နက်ခဲယမ်းတွေနဲ့တကွ တရုတ်နိုင်ငံ ခိုလှုံရာနေရာကနေ ကချင်ပြည်နယ် ၁၀၁ စစ်ဒေသ ကမ်ပိုင်တီ၊ ပန်ဝါ၊ ဖီမော် ဒေသတွေဆီ သွားရောက်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း ဗကပ ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့ဝင်တွေ ရောက်ပြီး ခြောက်လ မပြည့်ခင် ဦးဆခုံတိန့်ယိန်းဟာ စစ်အစိုးရ ထောက်လှမ်းရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်နဲ့ လျှို့ဝှက်အပေးအယူလုပ်ပြီး ၁၉၉၀ နှစ်ဆန်းမှာ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပါတယ်။ နောက်ဆက်တွဲအဖြစ် ကချင်အထူးဒေသ ၁ နယ်မြေထဲရောက်နေတဲ့ ဗကပ ခေါင်းဆောင်နဲ့ နောက်လိုက်တွေ တရုတ်နိုင်ငံထဲ ထွက်ခွာပေးခဲ့ရပါတယ်။

ဦးဆခုံတိန့်ယိန်းကတော့ ဗကပ တပ်ဖွဲ့ဝင်တွေ သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်း အမြောက်အမြား လက်ခံရခဲ့ပြီး အင်အားလည်း တောင့်တင်းကျန်ရစ်ပါတယ်။

၁၉၉၀ နောက်ပိုင်း အချိန်တွေမှာတော့ ဦးဆခုံတိန့်ယိန်းဟာ ဗကပ ၁၀၁ တပ်ဖွဲ့ကို နာမည်ပြောင်းထားတဲ့ ဒီမိုကရေစီသစ်တပ်မတော်(ကချင်) NDA(K) ရဲ့ တပ်မှူးကြီး၊ တစ်နည်း စစ်ဘုရင်ငယ်တစ်ပါး ဖြစ်လာပြီး ဒေသတွင်းက သစ်ထုတ်တဲ့လုပ်ငန်းအပြင် ဒေသအပြင်ဘက် ဖားကန့်နဲ့ ခန္တီးမှာ ကျောက်စိမ်းတူးဖော်တာ၊ မိုးကုတ်မှာ ပတ္တမြားတူးတာ၊ ရန်ကုန်နဲ့ မန္တလေးမှာ ဆက်သွယ်ရေးရုံးတွေဖွင့်ပြီး ကုန်သွယ်စီးပွားရေး လုပ်ငန်းလုပ်တာ စတာတွေလုပ်ရင်း အလွန့်အလွန် ကြီးပွားကြွယ်ဝချမ်းသာသူ ဖြစ်လာပါတော့တယ်။ အဖွဲ့အစည်း စီးပွားရေးနဲ့ မိသားစု စီးပွားရေး သဲသဲကွဲကွဲ ခွဲခြားမထားတဲ့ အခြေအနေအောက်မှာ ဒေသ သစ်တော၊ ဓာတ်သတ္တု စတဲ့ သယံဇာတတွေဟာလည်း မိသားစုပိုင်တွေသဖွယ် ဖြစ်သွားခဲ့ရတာပါ။

သူ့အနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ထိန်းချုပ်ရတာ၊ မိသားစုကိုယ်ကျိုးစီးပွားကို ကာကွယ်ရတာ လွယ်တော့ မလွယ်ကူခဲ့ပါဘူး။ ၁၉၈၉၊ ၁၉၉၃၊ ၂၀၀၅ ခုနှစ်တွေမှာ တပ်ဖွဲ့တွင်း လူအသေအပျောက်ရှိတဲ့ ပြင်းထန်တဲ့ ပဋိပက္ခတွေ၊ မအောင်မြင်တဲ့ အာဏာသိမ်းမှုတွေ ကြုံခဲ့ရပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဦးဆခုံတိန့်ယိန်းကတော့ တပ်ဖွဲ့တွင်း ပဋိပက္ခတွေနဲ့ အာဏာသိမ်းရေး လှုပ်ရှားမှုတွေကို ပိုင်ပိုင်နိုင်နိုင် ခြေမှုန်းနိုင်ခဲ့ပြီး စစ်ဘုရင် တစ်ပါးအဖြစ် တပ်ဖွဲ့ကိုဆက်ပြီး ချုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ သူနဲ့ ကာလကြာရှည် လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တဲ့ ဦးလယောက်ဇယ်လွန်းကတော့ မအောင်မြင်တဲ့ အာဏာသိမ်းမှုတစ်ခုအတွင်း ရာထူးကနေ ဖယ်ရှားခံလိုက်ရတော့ တစ်ဦးတည်းသောခေါင်းဆောင် ဖြစ်လာပါတယ်။

ဦးဆခုံတိန့်ယိန်းအတွက် နောက်ထပ်စိန်ခေါ်မှုကတော့ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ပါ။ ဒီအစီအစဉ်ကို သူ့တပ်ဖွဲ့ထဲက တပ်မှူး တပ်သား အတော်များများ လက်မခံကြတဲ့တိုင် သူကတော့ လက်ခံခဲ့ပါတယ်။

NDA(K) တပ်ဖွဲ့ကို နယ်ခြားစောင့်တပ် ဖွဲ့ပြီးနောက်ပိုင်းမှာလည်း သူ့ရဲ့ သားချင်းတွေကနေတဆင့် တပ်ဖွဲ့အပေါ် သြဇာ ဆက်လွှမ်းမိုးထားနိုင်သလို ဒေသကိုလည်း ဆက်ထိန်းချုပ်ထားနိုင်ပြီး ဒေသတွင်းစီးပွားရေးကိုလည်း ဆက်လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။ ဦးဆခုံတိန့်ယိန်းအနေနဲ့ ခုလို နယ်ခြားစောင့်တပ် ဖွဲ့စည်းတာကို လက်ခံလိုက်တဲ့အတွက် စစ်အစိုးရဘက်ကလည်း ၂၀၁၀ ရွေးကောက်ပွဲမှာ အမတ်အဖြစ် အမျိုးသားလွှတ်တော်ထဲ ပါဝင်နိုင်အောင် ဆောင်ကြဉ်းပေးခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုတော့ အခြေအနေတွေ ပြောင်းလဲစပြုနေပါပြီ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတုန်းက ဦးဆခုံတိန့်ယိန်းဟာ ပြိုင်ဘက်အမတ်လောင်းတွေ သူ့နယ်မြေမှာ မဲဆွယ်စည်းရုံးမှုတွေ မလုပ်နိုင်အောင် နည်းပေါင်းစုံနဲ့ ဟန့်တားနှောင့်ယှက်တာ လုပ်ခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် သူ့အနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ နောက်ပိုင်း တရားမဲ့ပြုကျင့်ခံရသူတွေက ရွေးကောက်ပွဲခုံရုံးမှာ တိုင်တန်းတာ ခံရပါတယ်။

နောက်ပိုင်း အင်န်အယ်လ်ဒီက ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က အငြင်းပွားမှုတွေကို မှန်မှန်ကန်ကန် ဖြေရှင်းပေးခဲ့လို့ ခုဆို ဦးဆခုံတိန့်ယိန်းတစ်ယောက် အမတ်တာဝန်ကနေ ရုပ်သိမ်းခံလိုက်ရပါပြီ။ နောက် ဒေသတွင်း အုပ်ချုပ်နေတာဟာလည်း အရင် ပြည်ခိုင်ဖြိုးအစိုးရ မဟုတ်တော့ဘဲ အင်န်အယ်လ်ဒီ အစိုးရဖြစ်နေပါပြီ။

ဒီလို အခြေအနေအောက်မှာ ဦးဆခုံတိန့်ယိန်းရဲ့ ဒေသတွင်းနဲ့ ဒေသအပြင်ဘက်က အထူးအခွင့်အရေးရ စီးပွားရေးလုပ်ငန်းတွေ အရင်ကလောက် လုပ်ရကိုင်ရ လွယ်ကူတော့မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ အစိုးရ တက်လာတာ၊ ဒီမိုကရေစီစနစ် စတင်ထွန်းကားစ ပြုလာတာဟာ ဒေသစစ်ဘုရင်တစ်ပါးအတွက် နေဝင်ချိန် အစလည်း ဖြစ်လာနိုင်သလို တခြား စစ်ဘုရင်လေးတွေအတွက်လည်း သတိပေး ခေါင်းလောင်းသံ ဖြစ်လာနိုင်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.