ထိုးစစ်လား၊ ဖိအားပေးတာလား

ကချင်ပြည်နယ်မှာ တပ်မတော်ဘက်က တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ကေအိုင်အိုအဖွဲ့အနေနဲ့ အင်န်စီအေအပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးလို့ ဖိအားပေးတဲ့အနေနဲ့ တိုက်တာဆိုပြီး စွပ်စွဲတာမျိုးရှိပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုမှာ စွပ်စွဲသလိုမဟုတ်ဘဲ တခြားအကြောင်းတွေ ရှိပါသေးတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်ဘက်မှာ တပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း စစ်ပွဲတွေ ရပ်ဆိုင်းပေးကြဖို့ ပြည်သူလူထုက ဆန္ဒထုတ်ဖော်တဲ့ ပွဲတွေကိုလည်း ကျင်းပခဲ့ပါတယ်။

ရှမ်းပြည်နယ်ထဲမှာတော့ ဝ တပ်ဖွဲ့တွေနဲ့ မိုင်းလား တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အလားတူ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်ထဲမှာ တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်RCSS/SSA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေလို့ စစ်ပြေးဒုက္ခသည် တစ်ထောင်ကျော် မိုင်းကိုင်မြို့နယ်ထဲက တုံလော ကျေးရွာဘက် ရောက်လာကြတယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ် မယ်သဝေါ ကားလမ်း ပတ်ဝန်းကျင်မှာတော့ ခွဲထွက် ဒီကေဘီအေ DKBA တပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်တပ် BGF တို့ တိုက်ပွဲတွေ ကြိုးကြား ကြိုးကြား ဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး တချို့နိုင်ငံရေးသမားတွေက တပ်မတော်ဘက်ကနေ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့တွေဆီ ထိုးစစ်ဆင်မှုအဖြစ် မြင်နေတာ ရှိသလို ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးထွန်းဇော်ကတော့ ဒါဟာ အင်န်စီအေ NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးတဲ့အဖွဲ့တွေကို လက်မှတ်ရေးထိုးလာအောင် တပ်မတော်ဘက်က ဖိအားပေး တိုက်ခိုက်တာဆိုပြီး ဝေဖန်ပါတယ်။

ဒီတိုက်ပွဲတွေ ဘာကြောင့် ဖြစ်နေရတာပါလဲ၊ UNFC တာဝန်ရှိသူ တစ်ယောက် ပြောသလို NCA လက်မှတ်ထိုးစေချင်လို့ ဖိအားပေးနေတာလားဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

တကယ်တော့ ကချင်ပြည်နယ်နဲ့ တခါတရံ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကေအိုင်အေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ အခုမှ မဟုတ်ပါဘူး။ ၂၁ ရာစု ပင်လုံညီလာခံ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး မစခင်ကတည်းက ဖြစ်ပွားနေခဲ့တာပါ။

တပ်မတော်နဲ့ ကေအိုင်အေတို့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ တခါတခါ ပြင်းထန်ပြီး တခါတခါ ထိတွေ့မှု အငယ်စားလေးတွေလောက် ဖြစ်တာပါ။ ဖြစ်နေတာကတော့ ဖြစ်နေတာချည်းပါပဲ။ တိုက်ပွဲ ဖြစ်စဉ်တွေကို ပြန်ကြည့်လိုက်ရင် ကေအိုင်အေစခန်းတွေကို တပ်မတော်ဘက်က ပစ်ခတ်တာ၊ တိုက်ခိုက်တာ၊ တခါတခါ နယ်မြေရှင်းလင်းရေးဆိုပြီး စခန်းကိုသိမ်းပိုက်လိုက်တာမျိုးရှိသလို ကေအိုင်အေဘက်ကလည်း တပ်မတော်ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်တာ၊ ရဲစခန်းတွေထဲ လက်ပစ်ဗုံးပစ်သွင်းတာ၊ ဆက်သွယ်ရေး လမ်းတွေပေါ်က တံတားတွေကို ချိုးပစ်တာ စတဲ့နည်းတွေနဲ့ တိုက်ခိုက်လေ့ရှိပါတယ်။

တကယ်တော့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပစ်ရပ်စာချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့တိုင် တိုက်ပွဲတွေ ဖြစ်ပွားတတ်တဲ့ သဘာဝရှိနေတယ်ဆိုရင် အပစ်ရပ်စာချုပ်သာ ချုပ်မထားဘူးဆိုရင်တော့ အဲဒီအခြေအနေအောက်မှာ တိုက်ပွဲတွေဖြစ်ပွားရတာ ဘာမှ မဆန်းပါဘူး။

တပ်မတော်ဘက်က အဲလို တိုက်ခိုက်တာနဲ့ပတ်သက်ပြီး ကေအိုင်အိုKIO အဖွဲ့အနေနဲ့ NCA စာချုပ်မှာ လက်မှတ်မထိုးလို့ ဖိအားပေးတဲ့အနေနဲ့ တိုက်တာဆိုပြီး စွပ်စွဲတာမျိုးရှိပါတယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်ထဲ ပြန်ကြည့်ရင် လက်ရှိ တပ်မတော်နဲ့ တိုက်ပွဲငယ်လေးတွေ ဖြစ်ပွားနေတဲ့ RCSS/SSA ဆိုရင် NCA လက်မှတ် ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ပါ။ အဲလိုအဖွဲ့မျိုးနဲ့လည်း တိုက်ပွဲတွေ ဖြစ်နေတာမို့လို့ NCA စာချုပ် အတွက် ဖိအားပေးတိုက်တယ်ဆိုတဲ့ ကောက်ချက်မျိုးက မမှန်ကန်နိုင်ပါဘူး။

ပြောရရင် ကေအိုင်အေနဲ့ တပ်မတော် တိုက်ပွဲတွေ ဖြစ်ပွားနေရတဲ့ အဓိကအကြောင်းရင်းကတော့ ကေအိုင်အေနဲ့ တပ်မတော်ကြား၊ ကေအိုင်အိုနဲ့ အစိုးရကြား တစ်ဖွဲ့ချင်းစီ သီးခြားအပစ်ရပ်စာချုပ် တစ်ခုခု ချုပ်ဆိုထားခြင်း မရှိသေးလို့ပါ။ ဒါဟာ NCA စာချုပ်နဲ့လည်း မဆိုင်ပါဘူး။

၁၉၆၀ ဝန်းကျင်က လက်နက်ကိုင် ပုန်ကန်မှု စ ခဲ့တဲ့ ကေအိုင်အိုဟာ ၁၉၉၄ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နဝတ စစ်အစိုးရလက်ထက်မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရဘက်က ဘာနိုင်ငံရေး ဆွေးနွေးအဖြေရှာမှုမှ မလုပ်ခဲ့ပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာမှု မလုပ်တဲ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး ၂၀၁၀ ခုနှစ်မှာ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေကို နယ်ခြားစောင့်တပ်၊ ဒါမှမဟုတ် ပြည်သူ့စစ်တပ်ဖွဲ့တွေအဖြစ် ပြောင်းလဲဖို့ ဖိအားပေး ကြိုးစားလာတဲ့အခါ တပ်မတော်နဲ့ ကေအိုင်အို ဆက်ဆံရေး ပျက်စပြုလာပါတယ်။

အဲဒီအချိန်က လတ်တလော အကြောင်းရင်းတွေ ဘယ်လိုပဲ ရှိပါစေ၊ ကေအိုင်အိုအနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတာကြောင့် ၂၀၁၁ ခုနှစ်အရောက်မှာ တပ်မတော်နဲ့ တိုက်ပွဲတွေပြန်ဖြစ်ပြီး ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး နိဂုံးချုပ်သွားခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ၂၀၁၀ ရွေးကောက်ပွဲကနေ တက်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ တစ်တိုင်းပြည်လုံး အပစ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အစ ပြုရေး ကြိုးစားလာတာ တွေ့ရပါတယ်။ အဲဒီအတွက် ဦးသိန်းစိန်အစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းစီနဲ့ တိုင်း၊ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ်တွေ ချုပ်နိုင်အောင် အကောင်အထည်ဖော်ပါတယ်။ ဒီအတွက် ကေအိုင်အိုကိုလည်း အစိုးရနဲ့တစ်ဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကေအိုင်အိုရဲ့ သဘောထားရပ်တည်ချက် လုံးဝပြောင်းလဲသွားခဲ့ပါပြီ။

ကေအိုင်အိုဘက်က ဒီကနေ့အချိန်ထိ ပြောနေ ဆိုနေတာက သူတို့အဖွဲ့အနေနဲ့ တည်ဆဲအစိုးရနဲ့ ၁၇ နှစ်တာ အပစ်အခတ် ရပ်စဲထားခဲ့ဖူးတယ်။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးမှု မရှိတော့ ဘာမှအကျိုးမရှိခဲ့ဘူး။ တကယ်တော့ စစ်ပွဲတွေဖြစ်ရတာ နိုင်ငံရေးပြဿနာ မပြေလည်မှုကြောင့် ဖြစ်ရတာ၊ ဒါကြောင့် နိုင်ငံရေးပြဿနာကို ပြေလည်အောင် ရှင်းရမယ်၊ နိုင်ငံရေးပြဿနာ ပြေလည်သွားရင် တိုက်ပွဲတွေဆိုတာ သူ့အလိုလို ရပ်ဆိုင်းသွားလိမ့်မယ်ဆိုတဲ့ ရပ်တည်ချက်ပါပဲ။

ဒီရပ်တည်ချက်ကို ကိုင်စွဲပြီး အစိုးရနဲ့ တစ်ဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲရေး မလုပ်လိုတော့ဘူးလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပစ်ရပ်စာချုပ်တွေ လက်မှတ်ရေးထိုးထားတဲ့တိုင် တိုက်ပွဲတွေ ဖြစ်ပွားတတ်တဲ့ သဘာဝရှိနေတယ်ဆိုရင် အပစ်ရပ်စာချုပ်သာ ချုပ်မထားဘူးဆိုရင်တော့ အဲဒီအခြေအနေအောက်မှာ တိုက်ပွဲတွေဖြစ်ပွားရတာ ဘာမှ မဆန်းပါဘူး။

တိုက်ပွဲတွေရဲ့ သဘောတရားကလည်း သူက ဒီနေရာလာတိုက်ရင် ကိုယ်က ဒီနေရာကပဲ ခံတိုက်မယ်၊ အခြားနေရာတွေမှာ သွားမတိုက်ဘူးဆိုပြီး ဘယ်သူကမှ ကတိခံဝန်ချက် ပေးထားတာ မရှိလေတော့ တပ်မတော်နဲ့ ကေအိုင်အေ နေရာအနှံ့ တိုက်ပွဲတွေဖြစ်နေတာ မဆန်းဘူးလို့လည်း ကောက်ချက်ချရပါလိမ့်မယ်။

မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေကတော့ တပ်မတော်နဲ့ တိုက်ရိုက်ဖြစ်ပွားတာမျိုး မဟုတ်သလို သူ့သဘောသူ သီးခြားဆောင်တဲ့ ကရင်လက်နက်ကိုင် အချင်းချင်းကြား ဖြစ်ပွားနေကြတဲ့ တိုက်ပွဲမျိုးပါ။ အခုတိုက်ပွဲဖြစ်ပွားနေတဲ့ ခွဲထွက် DKBA အုပ်စုနဲ့ နယ်ခြားစောင့် BGF တပ်ဖွဲ့ဆိုတာ အရင်က DKBA အောက်မှာ တစ်ဖွဲ့တည်းက တပ်မှူးတပ်သားတွေပါ။

အားလုံးကိုခြုံငုံသုံးသပ်ကြည့်လိုက်ရင် တပ်မတော်နဲ့ ကေအိုင်အေ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ အပစ်ရပ်စာချုပ် ချုပ်မထားလို့ ဖြစ်ရတဲ့တိုက်ပွဲမျိုးတွေသာဖြစ်ပြီး တကယ်လို့ အပစ်ရပ်စာချုပ်တွေကိုသာ ချုပ်ဆိုထားနိုင်မယ် ဆိုရင် နှစ်ဖက်အင်အားစုတွေအနေနဲ့ တိုက်ပွဲဖြစ်စဉ်တွေကို ထိန်းသိမ်းလျှော့ချနိုင်ကြမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.