ခရီးသွားလုပ်ငန်း ဥပဒေမူကြမ်းက ရည်ရွယ်ချက်နဲ့ ကိုက်ညီမှု ရှိရဲ့လား

ခရီးသွားလုပ်ငန်း၏ လိုအပ်ချက်များနှင့် ကိုက်ညီပြီး ပြန်လည်ပြည့်ဖြိုးမြဲ ဖွံ့ဖြိုးမှုများ ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ခရီးသွားလုပ်ငန်းဆိုင်ရာ ဥပဒေ နောက်ဆုံးမူကြမ်းတွင် လိုအပ်ချက်များ ရှိနေသေးသည်။

Tulika Bansal ရေးသားသည်။

မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဥပဒေကို ၁၉၉၀ ပြည့်နှစ်တွင် ပြဌာန်းခဲ့ပြီးနောက် သုံးနှစ်အကြာ၊ ၁၉၉၃ ခုနှစ်တွင် ဥပဒေအသစ်ဖြင့် အစားထိုးခဲ့သည်။ ယခုအခါ ၁၉၉၃ ဥပဒေကို ပြန်လည်သုံးသပ်နေပြီဖြစ်သဖြင့် ခရီးသွားလုပ်ငန်း ဥပဒေမှာ မည်သည်အတွက် ဖြစ်သည်နှင့် ခရီးသွား ကဏ္ဍကို ပုံသွင်းရန် မည်သည်တို့ကို ထည့်သွင်းသင့်သည်တို့ကို ဆွေးနွေးကြရန် ယခုအချိန်သည် အသင့်တော်ဆုံးဖြစ်သည်။

မြန်မာအစိုးရ၏ တာဝန်သိတတ်သော၊ လူမှုအဖွဲ့အစည်းအခြေပြု ခရီးသွားလုပ်ငန်းတွင် အသုံးပြုရန် ဥပဒေသစ်တစ်ခု လိုအပ်လျှက်ရှိသည်။ ထိုမှသာ နိုင်ငံတကာစံနှုန်းများဖြင့် အကောင်းဆုံး ကျင့်ထုံးများကို ထည့်သွင်းနိုင်မည် ဖြစ်သည်။ ထိုဥပဒေသစ်တွင် ခရီးသွားလုပ်ငန်း၏ လက်ရှိအဖြစ်မှန်နှင့် စိန်ခေါ်မှုများကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

ယခင် ဟိုတယ်ခရီးဝန်ကြီးဟောင်း ဦးဌေးအောင်၏ လုပ်ဆောင်ချက်များကြောင့် ခရီးသွားလုပ်ငန်း ကဏ္ဍသည် အခြားကဏ္ဍများထက် မူဝါဒများ၊ အစီအစဉ်များ ချမှတ်ရာတွင် ရှေ့သို့ရောက်လျှက် ရှိသည်။ ၎င်းတို့မှာ Tourism Master Plan၊ Responsible Tourism Policy၊ Community Involvement in Tourism Policy နှင့် Ecotourism Policy တို့ ဖြစ်ကြသည်။ ၎င်းတို့သည် နိုင်ငံတစ်ဝန်းတွင် လက်တွေ့လုပ်ဆောင်ရန် သေချာစွာ ရေးသားလမ်းညွှန်ထားချက်များ ဖြစ်ကြသည်။

၂၀၁၃ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ လုပ်ဆောင်ရမည့် Tourism Master Plan တွင် ခရီးသွားလုပ်ငန်း ဥပဒေကို ပြုပြင်ပြောင်းလဲရန် ဦးစားပေး ဖေါ်ပြထားသည်။ လက်ရှိ ဥပဒေသည် အိုဟောင်းနေပြီဖြစ်ပြီး လက်ရှိအချိန်နှင့် မကိုက်ညီတော့ဟု ၂၀၁၃ ခုနှစ်က အင်တာဗျူးတစ်ခုတွင် ဝန်ကြီးဦးဌေးအောင်က ပြောကြားခဲ့သည်။

၎င်း၏အဆိုအရ ခရီးသွားလုပ်ငန်း ဥပဒေသစ်ကို မူကြမ်းရေးဆွဲရာတွင် လက်ရှိအခြေအနေများ၊ မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရန်၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် စသည့်အချက်များကို ဝန်ကြီးဌာနအနေဖြင့် ထည့်သွင်းစဉ်းစားသွားမည်ဟု ဆိုသည်။ ထို့ပြင် ဝန်ကြီးအနေဖြင့် အခြားနိုင်ငံများ၏ ခရီးသွားလုပ်ငန်း ဥပဒေများကို လေ့လာပြီး မိမိတို့၏ ဥပဒေတွင် မည်သည့်လိုအပ်ချက်များ ရှိနေသည်ကို လေ့လာသွားမည်ဟု ဆိုသည်။

ဟိုတယ်နှင့် ခရီးသွာလုပ်ငန်းဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း ဥပဒေသစ်ကို ရေးဆွဲနိုင်ရန် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့အစည်း (United Nations World Tourism Organization) အပါအဝင် တခြားအဖွဲ့အစည်းများနှင့် ထိုစဉ်ကတည်းက စတင် ပူးပေါင်း လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး လူမှုကွန်ယက်ဖြစ်သည့်  Facebook ပေါ်မှတစ်ဆင့် ပြည်သူများထံ တင်ပြခဲ့ကာ ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသူများ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်နေသူများနှင့် ဆွေးနွေးမှုများလည်း လုပ်ဆောင်ခဲ့သည်။

သို့သော် ဇွန်လက ထုတ်ပြန်ခဲ့သည့် ဥပဒေမူကြမ်းတွင် အတိတ်ကာလက အရိပ်လက္ခဏာများ ပါဝင်နေဆဲဖြစ်သည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းကို လိုင်စင်များ၊ စာရင်းများနှင့် လုပ်ဆောင်ရခြင်း၊ ရှင်းလင်းသော လုပ်ထုံးလုပ်နည်းများ မထားရှိပဲ ကော်မတီများ ဖွဲ့စည်းထားခြင်းတို့ ပါဝင်နေဆဲ ဖြစ်သည်။

ခရီးသွားလုပ်ငန်း ဝန်ကြီးအသစ်ဖြစ်သည့် ဦးအုန်းမောင်အနေဖြင့် ဥပဒေမူကြမ်းကို အသိအမြင်သစ်များဖြင့် ရှုမြင်ကာ ဥပဒေသစ်အား ရည်ရွယ်ချက်နှင့် ကိုက်ညီစေရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အဆင့်အပါအဝင် တခြားပါဝင်သူအားလုံးနှင့် ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင့်သင့်သည်။

အထူးသဖြင့် ဥပဒေမူကြမ်းအား ခရီးသွားကဏ္ဍမှ လက်ရှိစိန်ခေါ်မှုများနှင့် ကိုက်ညီအောင် စမ်းသပ် လုပ်ဆောင်သင့်သည်။ အထူးသဖြင့် စွန့်ပစ်အမှိုက်နှင့် ရေစီမံခန့်ခွဲမှုစနစ်များ၊ စည်ပင်သာယာ လုပ်ငန်းများနှင့် ကိုက်ညီစေရမည်ဖြစ်သည်။ ထိုသို့ဖြင့် ခရီးသွားလုပ်ငန်းအတွက် အစိုးရတစ်ခုလုံးက အထောက်အပံ့ပေးနိုင်စေရန် ဝန်ကြီးဌာနအတွက် အခြေခံလုပ်ထုံးလုပ်နည်းများကို ရရှိစေမည် ဖြစ်သည်။

ဥပမာ ဝန်ကြီးဌာနသည် လက်ရှိ ခရီးသွားနေရာများနှင့် အလားအလာရှိသော နေရာများတွင် ဇုန်များ သတ်မှတ်ရာ၌ လွှမ်းမိုးနိုင်စွမ်း ရှိစေမည်ဖြစ်သည်။ သို့မှသာ ခရီးသွားလုပ်ငန်းအတွက် အဖိုးတန် ပိုင်ဆိုင်မှုများ မပျက်ဆီးဘဲ ရှိနေနိုင်မည်ဖြစ်သည်။ ထို့ပြင် ခရီးသွားလုပ်ငန်း၏ လိုအပ်ချက်များ ပြည့်မီစေရန်အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးအစီအစဉ်များ လုပ်ဆောင်ရာတွင် ဝန်ကြီးဌာနက လွှမ်းမိုးနိုင်စွမ်း ရှိရမည်ဖြစ်သည်။

ခရီးသွားလုပ်ငန်းဥပဒေတွင် ခရီးသွားလုပ်ငန်းများ၊ ခရီးသွားဖောက်သည်များနှင့် အာဏာပိုင်များ ပါဝင်ရမည်ဟု ဖေါ်ပြထားသော်လည်း ဒေသခံ လူ့အဖွဲ့အစည်းများ မပါဝင်ပေ။ ဒေသခံ လူ့အဖွဲ့အစည်းများအပေါ်တွင် ခရီးသွားလုပ်ငန်းကြောင့် ကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်နိုင်သည်ဖြစ်ရာ Community Involvement in Tourism Policy (ခရီးသွားလုပ်ငန်းပေါ်လစီတွင် လူ့အဖွဲ့အစည်းများ ပါဝင်ခွင့်) အရ ပြောဆိုပိုင်ခွင့်များ ရရှိလာမည် ဖြစ်သည်။

ဒေသခံ လူ့အဖွဲ့အစည်းများကို ကာကွယ်ရန်နှင့် ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို ဖေါ်ပြပေးရန် ဒေသခံလူ့အဖွဲ့အစည်းများ၏ အခွင့်အရေးနှင့် ပတ်သက်ပြီး ခရီးသွားလုပ်ငန်းဥပဒေတွင် ရည်ညွှန်းဖေါ်ပြမှုများ ပါရှိရမည်ဖြစ်သည်။

ခရီးသွားလုပ်ငန်းအပေါ် အကျိုးသက်ရောက်နိုင်သော တခြားဥပဒေများမှာ မြေယာအသုံးပြုမှု၊ အဆောက်အဦး ခွင့်ပြုမိန့်၊ လုပ်အား၊ ဘေးကင်းလုံခြုံမှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ မီးဘေးလုံခြုံရေး၊ အများပြည်သူ တည်ငြိမ်အေးချမ်းရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ ကျန်းမာရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အစားအသောက် ဘေးကင်းလုံခြုံမှု၊ ယဉ်ကျေးမှုနှင့်  သဘာဝအမွေအနှစ်များ ထိန်းသိမ်းခြင်း၊ သတင်းအချက်အလက် လုံခြုံမှု၊ အခွန်စည်းကြပ်မှုနှင့် စာရင်းဇယား စသည်တို့နှင့် သက်ဆိုင်သည်များဖြစ်သည်။ ထိုသို့ဖြင့် တခြားဥပဒေအများအပြားနှင့်လည်း ပတ်သက်ဆက်နွယ်နေသည်။

လက်ရှိဥပဒေမူကြမ်းတွင် ဖေါ်ပြမထားသော တခြားသော အချက်တစ်ခုမှာ ပြည်တွင်းခရီးသွား လုပ်ငန်း၏ ဖွံ့ဖြိုးမှု ဖြစ်သည်။ မြန်မာပြည်သူ အများအပြားသည် ဘုရားဖူးရန် သို့မဟုတ် အပျော်ခရီးထွက်မှုများ ရှိလာကြသည်။ ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်များအသင်း၏ ခန့်မှန်းချက်အရ သြင်္ကန်အားလပ်ရက်များအတွင်း ချောင်းသာကမ်းခြေတွင် ညအိပ်တည်းခိုသူ တစ်ညလျှင် ၂၀,၀၀၀ မှ ၃၀,၀၀၀ ခန့်အထိ ရှိသည်ဟု ဆိုသည်။ ၎င်းတို့အားလုံးနီးပါးသည် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။

မြန်မာစီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business) က ၂၀၁၅ ခုနှစ်တွင် လုပ်ဆောင်ခဲ့သည့် လေ့လာမှုတစ်ခုတွင် ဘုရားဖူးလုပ်ငန်းရှင်များအသင်းက ပြောကြားထားချက်အရ ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းဘုရားဖူး မြန်မာခရီးသည် လေးသန်းခန့်ရှိသည်ဟု ဆိုသည်။ ၎င်းအရေအတွက်မှာ နိုင်ငံခြားသားခရီးသွား လာရောက်မှု ယေဘုယျခန့်မှန်းချက်ထက် လေးဆခန့် ပိုမိုများပြားနေသည်။ အစိုးရ၏ တရားဝင်ခန့်မှန်းချက်သည် နယ်စပ်ဝင်ပေါက်များမှ ခေတ္တလာရောက်သည့် နိုင်ငံခြားသားများပါ ပါဝင်နေသဖြင့် ဖောင်းပွနေသည်။

ပြည်တွင်းခရီးသွားလုပ်ငန်း၏ အရေးပါမှုကို အသိအမှတ်ပြုခြင်းဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး အလုပ်အကိုင်များ ရရှိလာနိုင်သည်။ သို့သော် ဟိုတယ်များကို လိုင်စင်ချပေးရာတွင် အကျင့်ပျက် ခြစားမှုများ ရှိလာသဖြင့် ပြည်တွင်းမှ ခရီးသည်များသည် တည်းခိုခန်း အညံ့စားများတွင်သာ တည်းခိုခွင့် ရရှိနေကြသည်။

ခရီးသွားများ၏ အခွင့်အရေးကို ကာကွယ်ရန်ကိုလည်း ဥပဒေမူကြမ်းတွင် ဖေါ်ပြထားခြင်း မရှိပေ။ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံများသည်လည်း မြန်မာနိုင်ငံကဲ့သို့ပင် အလားတူ အခြေအနေများကို တွေ့ကြုံဖြတ်သန်းခဲ့ကြရသည်။ ထိုနိုင်ငံများတွင်လည်း နိုင်ငံရေး ဖယိုဖရဲ အခြေအနေများကို ကြုံတွေ့ခဲ့ကြရပြီးနောက် ခရီးသွားလုပ်ငန်း လျင်မြန်စွာ တိုးတက် ဖွံ့ဖြိုးလာခဲ့သည်။ ထိုနိုင်ငံများ၏ ခရီးသွားဥပဒေများတွင်မူ ခရီးသွားများ၏ အခွင့်အရေးကို ရှင်းရှင်းလင်းလင်း ဖေါ်ပြပါရှိသည်။

ခရီးသွားများသည် ခရီးသွားလုပ်ငန်းများမှပေးသော ဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို တိတိကျကျ သိပိုင်ခွင့်ရှိကြသည်။ ခရီးသည်များသည် အနှောင့်အယှက် ကင်းလွတ်မှု၊ ဘေးကင်းမှုနှင့် လုံခြုံမှု ရရှိရမည်ဖြစ်သည်။ ထို့ပြင် လုံလောက်သော အရည်အသွေးနှင့် ကျန်းမာသန့်ရှင်းမှုရှိသော ဝန်ဆောင်မှုကို ရပိုင်ခွင့်ရှိကြသည်။ ခရီးသွားများသည် ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို မကျေနပ်ပါက တိုင်ကြားနိုင်ကြသည်။ ယခုဥပဒေကြမ်းတွင် မတွေ့ရသော အရေးကြီးသည့် လိုအပ်ချက်တစ်ခုမှာ ခရီးသွားလုပ်ငန်းနှင့် ခရီးသည်များ နှစ်ဘက်လုံးအတွက် အာမခံစနစ်နှင့် သက်ဆိုင်သော ဥပဒေမပါရှိခြင်းပင် ဖြစ်သည်။

နောက်ဆုံးအနေဖြင့် ယခု ဥပဒေမူကြမ်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၊ ဒေသန္တရ အာဏာပိုင်များနှင့် လူမှုအဖွဲ့အစည်းများကို မည်သည့် လုပ်ပိုင်ခွင့်အာဏာများ လွှဲအပ်ထားသည်ကို ရှင်းရှင်းလင်းလင်း ဖေါ်ပြမထားခြင်းဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို ဥက္ကဋ္ဌအဖြစ်ထားရှိကာ ပြည်နယ်နှင့် တိုင်းဒေသကြီးဆိုင်ရာ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့များ ဖွဲ့စည်းထားရှိရန် ပြဌာန်းထားသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့် အာဏာတို့ကို ရှင်းလင်းစွာ ဖေါ်ပြမထားပေ။

ခရီးသွားဒေသ စီမံခန့်ခွဲရေးအဖွဲ့များနှင့် ပတ်သက်၍လည်း တစ်စုံတစ်ရာ ဖေါ်ပြမထားပေ။ ဤအဖွဲ့များသည် စည်ပင်သာယာရေးအဖွဲ့ အာဏာပိုင်များနှင့် အခြားဌာနဆိုင်ရာ ဒေသန္တရအရာရှိများ ပါဝင်သည့် အဖွဲ့များပင် ဖြစ်သည်။ ထိုအဖွဲ့က ခရီးသွားနေရာဒေသ စီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးမှုနှင့် အကာအကွယ်ပေးမှုတို့ကို တာဝန်ယူရန် လိုအပ်သည်။ ထိုသို့အဖွဲ့အစည်းများ လိုအပ်ပုံကို Tourism Master Plan တွင် အသိအမှတ် ပြုထားပြီးဖြစ်သည်။ ပထမဆုံးသော အဖွဲ့အစည်းကို အင်းလေးကန်ဒေသတွင် ဖွဲ့စည်းပေးခဲ့သည်။ ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေဒေသတွင် မကြာမီက ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် အလားတူအဖွဲ့တစ်ခု ဖွဲ့စည်းထားရှိရန် ဆွေးနွေးခဲ့ကြသည်။

ခရီးသွား လုပ်ငန်းဆိုင်ရာ ဥပဒေသစ်ကို လိုအပ်နေပြီဖြစ်သည်။ မူကြမ်းကိုလည်း စတင် ရေးဆွဲနေကြပြီဖြစ်သည်။ သို့သော် ထိုမူကြမ်းသည် မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း ဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများကို အမီလိုက်နိုင်ရန် လိုအပ်ပြီး ထိုကဏ္ဍတွင် ပါဝင်နေကြသော ဌာန၊ အဖွဲ့အစည်း၊ လုပ်ငန်းနှင့် လူပုဂ္ဂိုလ် အားလုံးတွေ့ကြုံနေကြရသော စိန်ခေါ်မှုနှင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်နေသည်။

ပထမခြေလှမ်းမှာ ဟိုတယ်ဟူသည့် အခေါ်အဝေါ်ကို ဆုပ်ကိုင်သတ်မှတ်ထားမှုအား စွန့်လွှတ်လိုက်ရန်ပင် ဖြစ်သည်။ သို့မှသာလျှင် အသေးစားနှင့် အငယ်စားလုပ်ငန်းများ အပါအဝင် ခရီသွားလုပ်ငန်း ကွင်းဆက်တစ်ခုလုံး၏ အရေးပါပုံကို ယခုရေးဆွဲမည့် ဥပဒေက အသိအမှတ်ပြုရာ ရောက်ပေလိမ့်မည်။ ထို့ပြင် ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကို မဟာဗျူဟာအမြင်ဖြင့် ရှုမြင် လုပ်ဆောင်ပေးသော ဝန်ကြီးဌာန၏ အခန်းကဏ္ဍကိုလည်း ပေါ်လွင်စေမည်ဖြစ်သည်။

ဤဆောင်းပါးသည် Frontier Myanmar မဂ္ဂဇင်း၏ ခရီးသွားလုပ်ငန်းအထူးထုတ် စာစောင်ဖြစ်သည့် Discover Myanmar ကဏ္ဍတွင် ပါဝင်ဖော်ပြခဲ့သော ဆောင်းပါးဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ- ပင်လယ်တွင်းမှ ဖမ်းဆီးလာသည့် လတ်ဆတ်သော ငါးများကို ရောင်းချရန်အတွက် သယ်ဆောင်လာသည့် ငပလီဒေသခံအချို့အား တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.