တရုတ် စခဲ့တဲ့ စစ်မီး၊ တရုတ် ဝိုင်းကူငြှိမ်းသတ်ပါ

မြန်မာနိုင်ငံရဲ့မြောက်ဘက်နယ်စပ်တလျှောက်က စစ်မီးတွေဟာ တရုတ်နဲ့ ဆက်နွှယ်မှု ရှိခဲ့တာ သမိုင်းမှာ အထင်အရှားမို့ ဒီစစ်မီးတွေ ကူညီငြှိမ်းသတ်ဖို့ တရုတ်မှာ တာဝန်ရှိနေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်က တရုတ်အစိုးရအာဘော်လို့ ပြောနိုင်တဲ့ Global Times သတင်းစာမှာ ရုရှားက ခရိုင်းမီးယားမှာ လုပ်ခဲ့သလို တရုတ်က မြန်မာနိုင်ငံ ကိုးကန့်ဒေသမှာ ဆောင်ရွက်မှာ မဟုတ်တဲ့အကြောင်း ရေးသားထားတဲ့ ဆောင်းပါးတစ်စောင် ဖော်ပြပါရှိပါတယ်။

အဓိပ္ပာယ်ကတော့ အတိတ်က ဘယ်လိုပဲ ရှိခဲ့ပါစေ၊ ကိုးကန့်နယ်မြေကို တရုတ်တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီး တရုတ်နယ်မြေထဲ သွတ်သွင်းမှာ မဟုတ်ဘူးလို့ ပြောလိုက်တာပါ။ ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသဘက်မှာ အစိုးရတပ်မတော်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ တိုက်ပွဲတွေ ပြင်းထန်နေချိန် Global Times က အဲဒီလို ရေးသားဖော်ပြလိုက်တာပါ။

မြန်မာတွေက တရုတ်အစိုးရကို ကျေးဇူးပဲ တင်ရမလိုလို၊ အသိအမှတ်ပဲ ပြုရမလိုလို အရေးအသားမျိုးပါ။ တဆက်တည်း အဲဒီဒေသမှာ တပ်မတော်ကို တိုက်ခိုက်နေတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ကို ကူညီဖို့အတွက် ရန်ပုံငွေ စုဆောင်းရရှိငွေနဲ့ စာရင်းဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကို တရုတ်စိုက်ပျိုးရေးဘဏ်က ဆိုင်းငံ့လိုက်တဲ့အကြောင်း ရိုက်တာ Reuters သတင်းဌာနက မတ်လ ၂၁ ရက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံရဲ့ အာရှပစိဖိတ်ဒေသ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကိုရှန်း Sun Guoxiang ဟာ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ တပ်မတော်ခေါင်းဆောင်၊ လက်နက်ကိုင် သူပုန်အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ပါ လွန်းထိုးသွားလာပြီး တွေ့ဆုံဆွေးနွေးနေတာ တွေ့ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံထဲက ပြည်တွင်းစစ် ပဋိပက္ခနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ဘယ်လိုသဘောထား ရပ်တည်နေသလဲ၊ တရုတ်နိုင်ငံနဲ့ ဘယ်အပိုင်းတွေ သက်ဆိုင်ပြီး ဘယ်အတိုင်းအတာအထိ အကူအညီပေးနိုင်မလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရပြီး ခေတ်သစ် တရုတ်နိုင်ငံကတော့ ၁၉၄၉ ခုနှစ်မှာမှ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ချန်ကေရှိတ် ကူမင်တန် အစိုးရကို တိုက်ခိုက်ပြီး နိုင်ငံတော်အာဏာကို ရယူလိုက်တဲ့ မော်စီတုန်း ခေါင်းဆောင်တဲ့ တရုတ် ကွန်မြူနစ်ပါတီနဲ့ အစိုးရကို နိုင်ငံတကာက သိပ်ပြီး အသိအမှတ်ပြုကြတာ မဟုတ်ပါဘူး။

အိမ်နီးချင်း မြန်မာနိုင်ငံကသာ တရုတ်ပြည် လွတ်မြောက်ပြီးပြီးချင်း ကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုခဲ့ရုံမက မြန်မာနိုင်ငံနယ်မြေထဲ ရောက်နေတဲ့ ကူမင်တန် အကြွင်းအကျန်တွေကိုပါ ရွပ်ရွပ်ချွံချွံ တိုက်ထုတ်ပေးခဲ့တာပါ။ နောက်ပိုင်း နှစ်နိုင်ငံနယ်နိမိတ်ကို အောင်အောင်မြင်မြင် သတ်မှတ်နိုင်ရုံမက မြန်မာနိုင်ငံအစိုးရနဲ့ တရုတ်နိုင်ငံ အစိုးရတို့ဟာ ရင်းနှီးတဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီကောင်းမွန်တဲ့ ဆက်ဆံရေးဟာ တရုတ်နိုင်ငံတွင်းမှာ ယဉ်ကျေးမှုတော်လှန်ရေးကြီး ပေါ်ပေါက်၊ အဲဒီ ဂယက် အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာနိုင်ငံထဲ ပျံ့နှံ့လာတဲ့အချိန်မှာတော့ ပျက်ပြားစ ပြုလာပါတယ်။ ပြဿနာကို အဆိုးဆုံးအဆင့် ရောက်သွားစေတာကတော့ ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-ဗမာ အရေးအခင်းပါ။ တရုတ်-ဗမာ အရေးအခင်းကြောင့် မြန်မာနိုင်ငံ၊ အမြို့မြို့ အနယ်နယ်မှာ နေထိုင်တဲ့ လူနည်းစု တရုတ်လူမျိုးတွေ တိုက်ခိုက် သတ်ဖြတ်တာ ခံကြရပါတယ်။ တရုတ်စီးပွားရေး သံရုံးနဲ့ သံရုံးတာဝန်ရှိသူတွေပါ တိုက်ခိုက်ခံရတဲ့ အခြေအနေအထိ ရောက်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ကွန်မြူနစ် တရုတ်အစိုးရဟာ မြန်မာနိုင်ငံက အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို လက်တုန့်ပြန် ဒဏ်ခတ်ပါတော့တယ်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်ဗဟိုအစိုးရရဲ့ ကူညီအားပေးမှုတွေကလည်း တကယ့်ကို အသိအမှတ်ပြုစရာကောင်းပါတယ်။ ပြောရရင် တရုတ်နိုင်ငံကသာ တကယ်မလိုလားဘူးဆိုရင် အဲဒီလက်နက်ကိုင်သူပုန်တွေ နယ်စပ်မှာ တစ်နေ့တစ်ရက်တောင် ရပ်တည်ဖို့ မလွယ်ကူပါဘူး။

၁၉၆၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ တရုတ်ပြည်ထဲ ရောက်နေတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗကပ တပ်ဖွဲ့ဝင်တွေ၊ ဖုန်ကျားရှင်၊ နော်ဆိုင်း ခေါင်းဆောင်တဲ့ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ကိုးကန့်နဲ့ နယ်စပ်ဒေသတွေကို ဝင်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ်ပေါ်ပေါက်လာပါတယ်။

ဗကပက ဝင်တိုက်တယ်ဆိုပေမဲ့ တကယ့်တကယ် ဖြစ်ရပ်အမှန်ကတော့ ဗကပ ယူနီဖောင်းဝတ်ထားတဲ့ တရုတ် ဗော်လံတီယာ တပ်မှူး တပ်သားတွေ၊ တရုတ်နယ်နိမိတ်ထဲက တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေက တရုတ်လက်နက်ရိက္ခာ အပြည့်အစုံနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တစ်နည်း တရုတ်က မြန်မာ့နယ်နိမိတ်ထဲကို ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့တာပါ။ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို လျစ်လျူရှုပြီး အိမ်နီးချင်းနိုင်ငံထဲ ဝင်ရောက်ကျူးကျော်ခဲ့တာပါ။

ဒီလိုနည်းနဲ့ မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ပဲခူးရိုးမမှာ တောက်လောင်နေတဲ့ ပြည်တွင်းစစ်မီးဟာ ရှမ်းပြည်နယ်တစ်ခွင်မှာ အရှိန်အဟုန်ကြီးကြီးနဲ့ ပိုပြီးတောက်လောင်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီမီးကို ဒီနေ့ထက်ထိ မငြှိမ်းသတ်နိုင်သေးတဲ့အတွက် မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာ တရုတ်နိုင်ငံအနေနဲ့ အတော့်ကို တာဝန်ရှိတဲ့နေရာမှာ ရှိနေတာကိုတော့ သတိပြုမိနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်းမှာ တရုတ်အစိုးရဟာ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဆက်ဆံရေးကောင်းခဲ့ပြီး ဗကပကို အထွေထွေ ထောက်ပံ့မှုတွေ ရပ်ဆိုင်းလိုက်လို့ ၁၉၈၉ ခုနှစ် အရောက် ဗကပအဖွဲ့ ပြိုပျက်သွားခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်က မွေးထုတ်ပေးလိုက်တဲ့ ကိုးကန့်၊ ဝ၊ မိုင်းလားနဲ့ ကချင်တပ်ဖွဲ့ (ဆခုံတိန့်ယိန်း ခေါင်းဆောင်တဲ့တပ်ဖွဲ့) တွေကတော့ တရုတ်နယ်စပ်မှာ ကျန်နေရစ်ပါတယ်။

၁၉၈၈ နောက်ပိုင်းရောက်တော့ တရုတ်အစိုးရဟာ စီးပွားရေးကို အဓိကထားတဲ့ မူနဲ့ အာဏာသိမ်း စစ်အစိုးရနဲ့ ရင်းနှီးနက်ရှိုင်းတဲ့ ဆက်ဆံရေး ထူထောင်ခဲ့ပါတယ်။ နိုင်ငံတကာရဲ့ ဝိုင်းပယ်တာကို ခံနေရတဲ့ မြန်မာအစိုးရအတွက် တရုတ်အစိုးရဟာ မှီခိုအားထားစရာ ဖြစ်လာသည်အထိ နယ်ပယ်အသီးသီးမှာ ဆက်ဆံရေး ကောင်းခဲ့တာပါ။ တစ်ပြိုင်နက်တည်း တရုတ်အစိုးရဟာ စစ်အစိုးရနဲ့ အပစ်ရပ်ထားတဲ့ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း အသိအမှတ်ပြု ဆက်ဆံပါတယ်။

ဒီလိုနည်းနဲ့ တရုတ်အစိုးရဟာ မြန်မာပြည်တွင်းမှာ စီးပွားရေးအရ အဓိက ရင်းနှီးမြှုပ်နှံသူ၊ အဓိက ကုန်သွယ်ဘက် ဖြစ်လာသလို နယ်စပ် လက်နက်ကိုင်တပ်ဖွဲ့တွေ ကြီးစိုးတဲ့ နယ်မြေတွေကနေလည်း သစ်၊ ကျောက်စိမ်းနဲ့ သယံဇာတမျိုးစုံကို ထုတ်ယူနိုင်ခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ တရုတ်အစိုးရနဲ့ ဒေသအာဏာပိုင်တွေဟာ မြန်မာစစ်အစိုးရကိုရော၊ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါ စစ်လက်နက်ပစ္စည်းတွေ ရောင်းချသူ ဖြစ်လာခဲ့ပါတယ်။ အဲလို အခြေအနေတွေကြောင့်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ပဋိပက္ခပြဿနာ အေးငြိမ်းသွားအောင် လုပ်ကိုင်ဖို့ ခက်ခဲစေခဲ့ပါတယ်။

ခြုံငုံပြီးပြောရရင် လက်ရှိ ကိုးကန့်ဒေသက မငြှိမ်းနိုင်သေးတဲ့ စစ်မီး၊ ဝ နဲ့မိုင်းလားက မပြီးပြတ်နိုင်သေးတဲ့ ပုန်ကန်မှုမှာ မူလပြဿနာ အစပြုသူဟာ တရုတ်နိုင်ငံဖြစ်ပါတယ်။ ဒီအတွက် အဲဒီဒေသတည်ငြိမ်ရေး၊ အစိုးရနဲ့ဆွေးနွေးမှု ပြေလည်စေရေးကိစ္စ တရုတ်နိုင်ငံမှာ တာဝန်အများကြီးရှိပြီး အဲဒီတာဝန်ကိုလည်း စစ်ရေး၊ စီးပွားရေး အင်အားကြီးတဲ့ တရုတ်နိုင်ငံက ကောင်းကောင်း စွမ်းဆောင်နိုင်ပါတယ်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်ဗဟိုအစိုးရရဲ့ ကူညီအားပေးမှုတွေကလည်း တကယ့်ကို အသိအမှတ်ပြုစရာကောင်းပါတယ်။ ပြောရရင် တရုတ်နိုင်ငံကသာ တကယ်မလိုလားဘူးဆိုရင် အဲဒီလက်နက်ကိုင်သူပုန်တွေ နယ်စပ်မှာ တစ်နေ့တစ်ရက်တောင် ရပ်တည်ဖို့ မလွယ်ကူပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တရုတ်နဲ့ မြန်မာနှစ်နိုင်ငံ အကျိုးစီးပွားအတွက် နယ်စပ်တွေမှာ တိုက်ပွဲတွေ ကင်းစင်ပြီး တည်ငြိမ်မှုရှိရေးဟာ နှစ်နိုင်ငံစလုံးအတွက် အရေးကြီးပါတယ်။ အခြားတစ်ဖက်မှာလည်း ဒီဒေသမှာ စစ်ပွဲတွေကို စထားတာ တရုတ်နိုင်ငံ၊ စစ်ပွဲတွေ ရှည်ကြာစေရေးမှာ တစ်ပိုင်းတစ်စ တာဝန်ရှိနေတာကလည်း တရုတ်နိုင်ငံ ဖြစ်နေတာမို့ အဲဒီစစ်ပွဲတွေ အဆုံးသတ်အောင် ရွေးကောက်ခံ မြန်မာအစိုးရကို အစွမ်းကုန် အကူအညီပေးဖို့ဟာလည်း တရုတ်နိုင်ငံမှာ မလွဲမရှောင်သာတဲ့ တာဝန်ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.