ပြည်တွင်းအခွန်က မှောင်ခို ဖမ်းချင်တာလား၊ ကာကွယ်ချင်တာလား

ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ တရားမဝင် ဘီယာတင်သွင်းမှုကို အရေးယူလိုတဲ့ ကြေညာချက်တစ်စောင်  ထုတ်ပြန်လိုက်ပေမဲ့ မှောင်ခိုနိုင်ငံခြားအရက်၊ ဝိုင်အမျိုးမျိုးကျတော့ ဘာ့ကြောင့် လျစ်လျူရှုထားသလဲဆိုတာ တချို့က မေးခွန်းထုတ်လာကြပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ အထူးကုန်စည်တွေလို့ သတ်မှတ်ထားတဲ့ အရက်၊ ဘီယာ၊ စီးကရက်၊ ဝိုင်အမျိုးမျိုးနဲ့ပတ်သက်ပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ပါတယ်။ အဲဒီကြေညာချက်ကို နေ့စဉ်ထုတ် သတင်းစာတွေမှာ နေ့စဉ်ရက်ဆက် ဖော်ပြခဲ့သလို တချို့သော မြို့နယ်တွေမှာတော့ သက်ဆိုင်ရာ ပြည်တွင်းအခွန်များ ဦးစီးဌာနက ဦးဆောင်ပြီး ရှင်းလင်းပွဲတွေ လုပ်ပါတယ်။

အရင် စစ်အာဏာရှင်တွေလက်ထက်ကနေ ဒီနေ့အချိန်ထိ နိုင်ငံခြားအရက်တွေကို လုံး၀ တင်သွင်း၊ ရောင်းချခွင့်ပြုမထားတဲ့ အခြေအနေအောက်မှာ အခု ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ ကြေညာချက်နဲ့ လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဟာ ဘာဖြစ်နိုင်မလဲဆိုတာ ခုတစ်ပတ် လေ့လာ သုံးသပ်ကြည့်ကြရအောင်ပါ။

ကြေညာချက်မှာ အချက်နှစ်ချက် ပါပါတယ်။ တစ်ချက်ကတော့ တရားဝင် ပြည်တွင်းမှာ ထုတ်လုပ်ထားတဲ့၊ အရက်၊ စီးကရက်၊ ဝိုင်အမျိုးမျိုးနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အခွန်တံဆိပ် ကပ်နှိပ်ထားတာတွေကိုမှ ဝယ်ယူရောင်းချဖို့ပါ။ ပြောရရင် အခွန်ဆောင် တံဆိပ်ကပ်ထားတာတွေကိုပဲ ရောင်းဖို့ပါ။

တကယ်လို့ အဲလို အခွန်ဆောင်တံဆိပ်ကပ်ထားတာတွေ မဟုတ်ရင် အဲဒီအထူးကုန်စည်တွေကို သိမ်းဆည်းမယ်၊ ဒါ့အပြင် အဲဒီကုန်စည်တွေ တန်ဖိုးရဲ့ ၁၀၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် ဆောင်ရမယ်၊ တကယ်လို့ အဲဒီ အထူးကုန်စည်ဟာ ပြည်တွင်းကထုတ်တာဆိုရင် မူရင်းထုတ်လုပ်သူကလည်း ကုန်စည် တန်ဖိုးရဲ့ ၅၀ ရာခိုင်နှုန်းကို ဒဏ်ငွေဆောင်ရမယ်ဆိုပြီး ဖော်ပြထားပါတယ်။

ဒီလောက်အထိကတော့ ရှင်းလင်းပါတယ်။ ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ ပြည်တွင်းမှာ တရားဝင် ထုတ်လုပ်ထားတဲ့၊ ဒါမှမဟုတ် တရားဝင် တင်သွင်းလာတဲ့ ကုန်စည်တွေနဲ့ပတ်သက်ပြီး အခွန်ဆိုင်ရာကိစ္စတွေကို အရေးယူဆောင်ရွက်ဖို့ သူ့မှာတာဝန်ရှိလို့ ခုလို ကြေညာချက်ထုတ်တာ မဆန်းပါဘူး။

ထူးခြားတာက ကြေညာချက်ပါ နောက်တစ်ချက်ပါ။ အဲဒီမှာ တရားမဝင် တင်သွင်းထားတဲ့ ဘီယာအမျိုးမျိုးကို တွေ့ရှိရင်လည်း သိမ်းဆည်း၊ ဒဏ်ရိုက်ခံရမယ်ဆိုတဲ့ကိစ္စပါ။ ဒီကိစ္စမှာလည်း ထူးခြားချက် နှစ်ခုကို တွေ့ရပြန်ပါတယ်။

ပထမ တစ်ခုက တရားမဝင်တင်သွင်းတဲ့ ဘီယာတွေဆိုတာဟာ မှောင်ခိုပစ္စည်းတွေပါ။ နယ်စပ်ကနေဖြစ်စေ၊ သင်္ဘောလိုင်းတွေကနေဖြစ်စေ ကာစတန်ခွန် မဆောင်ဘဲ၊ ဒါမှမဟုတ် တင်သွင်းခွင့် ပိတ်ပင်ထားလို့ သွင်းမရလို့ ခိုးသွင်းလာတဲ့ မှောင်ခိုပစ္စည်းပါ။ တကယ်တော့ ဒီလို တရားမဝင် ခိုးသွင်းလာတဲ့ မှောင်ခိုပစ္စည်းတွေနဲ့ပတ်သက်ရင် ပြည်တွင်းအခွန်များ ဦးစီးဌာနနဲ့ သိပ်ပြီး သက်ဆိုင်ခြင်း မရှိပါဘူး။

တကယ်သက်ဆိုင်တာက ကာစတန်ဌာန၊ ဒါမှမဟုတ် အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး)၊ ဒါမှမဟုတ် ရဲတပ်ဖွဲ့ပါ။ အဲဒီဌာနတွေက တာဝန်ရှိသူတွေဟာ အဲလိုမှောင်ခိုပစ္စည်းတွေကို နယ်စပ်မှာတွေ့တွေ့၊ လမ်းမှာတွေ့တွေ့၊ ကားပေါ်မှာတွေ့တွေ့ ဖမ်းဆီးပိုင်ခွင့် ရှိပါတယ်။ ပိုင်ရှင်ကို သွင်းကုန်ထုတ်ကုန်ဆိုင်ရာ ဥပဒေ နဲ့ အရေးယူခွင့် ရှိပါတယ်။ ပြည်တွင်းအခွန်များ ဦးစီးဌာနနဲ့ သိပ်ပြီး သက်ဆိုင်မှု မရှိပါဘူး။ ဒါကြောင့် ပြည်တွင်းအခွန်က လုပ်ရမယ့်ကိစ္စတွေထဲရောပြီး ကြေညာတာဟာ ထူးခြားနေပါတယ်။

နိုင်ငံခြားအရက်တွေ ပိတ်ပင်ထားတဲ့အတွက် အကျိုးရှိနေသူတွေကတော့ လေဆိပ်အကောက်ခွန်လွတ်ဆိုင် ပိုင်ရှင်တွေ၊ နိုင်ငံခြားသားတွေ တည်းခိုခွင့်ရှိတဲ့ ဟိုတယ်ကြီး ပိုင်ရှင်တွေ၊ ပြည်တွင်းအရက် ထုတ်လုပ်သူတွေ၊ မှောင်ခိုတင်သွင်း ရောင်းချသူတွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်တဲ့ အစိုးရအရာရှိတွေပဲ ဖြစ်ပါတယ်

ကောင်းပါပြီ။ တကယ်လို့များ ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ တရားမဝင် တင်သွင်းလာတဲ့ ဘီယာတွေကိစ္စ ကိုင်တွယ်ချင်တယ်ဆိုရင် ကြေညာချက်မှာ ဘီယာနဲ့အလားတူ တရားမဝင် တင်သွင်းလာတဲ့ နိုင်ငံခြား အရက်တွေ၊ စီးကရက်တွေ၊ ဝိုင်တွေကိုရော ဘာကြောင့် ထည့်သွင်းဖော်ပြတာမျိုး မလုပ်ခဲ့သလဲဆိုတာပါ။ အဲဒါလည်း ထူးခြားချက်ပါ။

ဖြစ်နိုင်ခြေက တစ်ခုကတော့ ပြည်တွင်းအခွန်များ ဦးစီးဌာနဟာ တရားမဝင် တင်သွင်းလာတဲ့ ဘီယာတွေကို ဖမ်းဆီးချင်တယ်၊ အဲဒီဘီယာတွေတင်သွင်း၊ ဆိုင်တင် ရောင်းချနေသူတွေကို ကြောက်လန့်သွားစေချင်တယ်၊ ဒါပေမဲ့ တပြိုင်နက်တည်း ပြည်တွင်းမှာ တရားမဝင် မှောင်ခိုနိုင်ငံခြားအရက်တွေ၊ ဝိုင်တွေ၊ စီးကရက်တွေ ရောင်းချနေတဲ့ လစ်ကာဟောက်စ်တွေ၊ တချို့သော စတိုးဆိုင်တွေကို အကာအကွယ်ပေးချင်တာလား စဉ်းစားစရာ ဖြစ်ပါတယ်။

ဒီလိုပြောရတာက အကြောင်းရှိပါတယ်။ လက်ရှိရန်ကုန်မြို့တွင်းက လစ်ကာဟောက်စ်တွေ၊ စတိုးဆိုင်တချို့နဲ့ သီးသန့်ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေမှာ ရောင်းချနေတဲ့ နိုင်ငံခြားအရက်အားလုံးဟာ အကောက်ခွန်မဲ့၊ တရားမဝင် ခိုးသွင်းထားတဲ့ မှောင်ခိုပစ္စည်းတွေချည်း ဖြစ်နေလို့ပါပဲ။ လက်ရှိ တည်ဆဲဥပဒေ၊ သွင်းကုန်၊ ထုတ်ကုန်စည်းမျဉ်းတွေအရ နိုင်ငံခြားအရက်တွေကို လေဆိပ် အခွန်လွတ်အရောင်းဆိုင်တွေနဲ့ နိုင်ငံခြားသားတွေ တည်းခိုနေထိုင်တဲ့ ဟိုတယ်ကြီးတွေရဲ့ စားသောက်ဆိုင်တွေအတွက်ပဲ တင်သွင်းခွင့်နဲ့ ရောင်းချခွင့် ပြုထားလို့ပါပဲ။

အဲဒီလေဆိပ်၊ ဟိုတယ်ကြီးတွေရဲ့ စားသောက်ဆိုင်တွေကလွဲရင် တခြားဘယ်သူ့ကိုမှ တင်သွင်းခွင့် ပြုမထားသလို၊ ဘယ်နေရာမှာမှလည်း တရားဝင်ရောင်းချခွင့် ပြုမထားပါဘူး။ နာမည်ကြီး စီးတီးမတ်နဲ့ ကုန်တိုက်ကြီးတချို့ဟာ အဲဒီဥပဒေစည်းမျဉ်းကြောင့် သူတို့ဆိုင်တွေမှာ နိုင်ငံခြားအရက်တွေ လုံး၀ မရောင်းချပါဘူး။ ဒါကြောင့် ရန်ကုန်မြို့နဲ့ နယ်မြို့အသီးသီးက လစ်ကာဟောက်စ်တွေ၊ တချို့စတိုးဆိုင်တွေမှာ ရောင်းချနေတဲ့ နိုင်ငံခြားအရက်ပုလင်း အားလုံးဟာ တရားမဝင် အကောက်ခွန်မဲ့ မှောင်ခိုပစ္စည်းတွေချည်းပါ။

တရားမဝင် မှောင်ခိုပစ္စည်း တွေဆိုပေမဲ့လည်း အဲဒီဆိုင်တွေမှာ ရောင်းချနေတဲ့ နိုင်ငံခြားအရက်ပုလင်းတွေမှာ ပြည်တွင်းအခွန်ကထုတ်တဲ့ အခွန်တံဆိပ်တွေကပ်ပြီး ခပ်တည်တည် ရောင်းချနေတာကိုလည်း တွေ့နိုင်ပါတယ်။ ဒီအတွက် ပြည်တွင်းအခွန်ရဲ့ လက်ရှိကြေညာချက်ဟာ ပြည်သူလူထုကို ဝေေ၀ဝါးဝါး ဖြစ်စေပါတယ်။ အခွန်ဆောင်ခွင့်မရှိတဲ့ မှောင်ခိုပစ္စည်းတွေကို အခွန်တံဆိပ်ကပ်ရောင်းတာနဲ့ တရားဝင်လိုလို ဖြစ်သွားသလားလို့ ထင်မှတ်မှားစေအောင် ပြည်တွင်းအခွန်များ ဦးစီးဌာနက လုပ်လိုက်တာ ဖြစ်ပုံရပါတယ်။

တကယ့်တကယ် ဖြစ်သင့်တာက လက်ရှိအစိုးရဟာ အလွန်အဓိပ္ပာယ်မဲ့တဲ့ နိုင်ငံခြားအရက်တွေကို တင်သွင်း၊ ရောင်းချခွင့် ပိတ်ပင်ထားတာကို တခြားနိုင်ငံတွေနည်းတူ ဥပဒေနဲ့အညီ ခွင့်ပြုပေးဖို့ပါ။ လက်ရှိ နိုင်ငံခြားအရက်တွေ ပိတ်ပင်ထားတဲ့အတွက် အကျိုးရှိနေသူတွေကတော့ လေဆိပ်အကောက်ခွန်လွတ်ဆိုင် ပိုင်ရှင်တွေ၊ နိုင်ငံခြားသားတွေ တည်းခိုခွင့်ရှိတဲ့ ဟိုတယ်ကြီး ပိုင်ရှင်တွေ၊ ပြည်တွင်းအရက် ထုတ်လုပ်သူတွေ၊ မှောင်ခိုတင်သွင်း ရောင်းချသူတွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်တဲ့ အစိုးရအရာရှိတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အစ္စလာမ္မစ်နိုင်ငံ မဟုတ်ပါဘဲနဲ့ နိုင်ငံခြားအရက် တင်သွင်း၊ ရောင်းချခွင့်ကို လုံး၀ ပိတ်ပင်ထားတာဟာ အတော်လေးကို သဘာ၀ မကျပါဘူး။

မိတ်ဆွေ၊ သင်ဟာ နိုင်ငံခြားဖြစ် Johnnie Walker, Jack Daniel, Maker’s Mark, Chivas Regal, Jim Beam, Wild Turkey, Glenfiddich စတဲ့ အရက်တမျိုးမျိုးကို ကြိုက်နှစ်သက်သူ ဖြစ်ပါသလား။ မြန်မာနိုင်ငံမှာ ရောက်နေပြီး သင်ဝယ်ယူ၊ သောက်သုံးတဲ့နေရာဟာ လေဆိပ် ဂျူတီဖရီးဆိုင်၊ ဒါမှမဟုတ် နိုင်ငံခြားသား တည်းခွင့်ရှိတဲ့ ဟိုတယ်ကြီးထဲက စားသောက်ဆိုင်ထဲမှာမဟုတ်ဘဲ တခြားတစ်နေရာရာကဆိုရင်တော့ သင်ဟာ တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းတဲ့ မှောင်ခိုပစ္စည်း အားပေးသူ၊ သင်တို့နိုင်ငံရဲ့ စံချိန်စံညွှန်းအရဆိုရင် သင့်ကိုယ်ကျင့်တရားဟာ မေးခွန်းထုတ်စရာ ဖြစ်သွားပြီဆိုတာပါပဲ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.