ရုပ်သံလိုင်းသစ် ၅ ခု ရှင်သန်နိုင်မလား

ကြော်ငြာကနေ ဝင်ငွေရဖို့ရယ်၊ လွှတ်တော်မှာ ပြင်ဆင်နေတဲ့ ရုပ်သံဥပဒေ၊ နည်းဥပဒေတွေ ထွက်လာရင် အသစ်တဖန် ပြန်လည်လျှောက်ထားလုပ်ကိုင်ကြဖို့ရယ်စတာတွေကလည်း ဒီဂျစ်တယ် ရုပ်သံလွှင့်လုပ်ငန်း လုပ်ကြမယ့် ကုမ္ပဏီ ၅ ခု ရင်ဆိုင်ကြရမယ့် မသေချာမရေရာမှုတွေထဲမှာ ပါဝင်နေပါသေးတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်က ပုဂ္ဂလိက ရုပ်သံလိုင်း ထုတ်လွှင့်မယ့် ကုမ္ပဏီ ၅ ခု အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သဘောတူစာချုပ် ချုပ်ခဲ့ကြပါတယ်။

အဲဒီ ကုမ္ပဏီ ၅ ခုဟာ အစိုးရပိုင် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက လက်ရှိထုတ်လွှင့်နေတဲ့ လိုင်းပေါင်းစုံ ပြသမှုစနစ် Multi- Channel Playout System ထဲမှာ ဒီဗီဘီ – တီတူး DVB-T2 စနစ်နဲ့ Digital Free to Air အခမဲ့ရုပ်သံလိုင်းတွေ ထုတ်လွှင့်ဖို့အတွက် ဖြစ်ပါတယ်။ Content Provider ဖြစ်တဲ့ အဲဒီ ကုမ္ပဏီတွေထဲမှာ ရုပ်သံလွှင့်လုပ်ငန်းတွေ လက်ရှိလုပ်ကိုင်နေတဲ့ ဒီဗီဘီ မာလ်တီမီဒီယာဂရု(ပ်)DVB Multi Media Group၊ အရင်က အဝေးရောက် မီဒီယာအနေနဲ့ လုပ်ငန်းစတင်ခဲ့ပြီး၊ နောက်ပိုင်းမှာ ပြည်တွင်းကို ပြန်ဝင်၊ သတင်းစာနဲ့ ဂျာနယ် ထုတ်ဝေရာကနေ လက်ရှိ အွန်လိုင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေတဲ့ မဇ္ဈိမမီဒီယာ Mizzima Media Company Limited လည်းပါဝင်ပါတယ်။

ကျန်ကုမ္ပဏီ ၃ ခုကတော့ စီဘီဘဏ် ထူထောင်ထားတဲ့ ဦးခင်မောင်အေးပိုင် KMA ကုမ္ပဏီနဲ့ တခြားသူဌေးကြီး နှစ်ဦး ထူထောင်ထားတဲ့ ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ အခုလို ပုဂ္ဂလိက ကုမ္ပဏီ ၅ ခုကို ရုပ်သံထုတ်လွှင့်ခွင့် ပေးလိုက်တာဟာ မီဒီယာလွတ်လပ်ခွင့် ပေးလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်မလား၊ အဲဒီရုပ်သံလိုင်းတွေ ရေရှည်မှာရော ရှင်သန်နိုင်မလားဆိုတာ ခုတစ်ပတ် လေ့လာဆွေးနွေး တင်ပြသွားပါ့မယ်။ 

လက်ရှိ ကုမ္ပဏီ ၅ ခုကို ဒီဂျစ်တယ် ရုပ်သံလိုင်း ထုတ်လွှင့်ခွင့် ပေးလိုက်တာဟာ တည်ဆဲ ဥပဒေ တစ်ရပ်ရပ်အရ ပေးလိုက်တဲ့ လုပ်ပိုင်ခွင့်မျိုး မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းက ရုပ်သံဥပဒေ တစ်ခု အတည်ပြုခဲ့ပြီး ဖြစ်ပေမဲ့ နည်းဥပဒေ ရေးဆွဲပြဋ္ဌာန်းတာ မရှိတဲ့အတွက် ဥပဒေအရ ပုဂ္ဂလိကပိုင်းကနေ ရုပ်သံလုပ်ငန်းလုပ်ခွင့် မရကြသေးပါဘူး။

အခု ခွင့်ပြုလိုက်တာဟာ မြန်မာ့ရုပ်သံက ပိုင်တဲ့စနစ်ထဲမှာ ထုတ်လွှင့်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ သဘောတူညီချက်ရယူ လက်မှတ်ရေးထိုးပြီး ထုတ်လွှင့်ရမယ့်သဘောပါ။ အဓိပ္ပာယ်ကတော့ အရင် စစ်အစိုးရ လက်ထက်က ရွှေသံလွင် ကုမ္ပဏီပိုင် စကိုင်းနက်နဲ့ ဖော်အဲဗားဂရု(ပ်) ပိုင် MRTV-4 ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးခဲ့ပုံမျိုး အစိုးရနဲ့ စာချုပ်ချုပ် လုပ်ကိုင်ရပုံ ဆင်တူပါတယ်။ ဥပဒေအရ လုပ်ပိုင်ခွင့်ရတာမျိုး မဟုတ်ဘဲ အစိုးရနဲ့ သဘောတူစာချုပ်ချုပ် လုပ်ကိုင်ရတာမို့ လွတ်လပ်မှု သိပ်မရှိဘူးဆိုတာ ရှေ့မှာ လုပ်ကိုင်လာတဲ့ စကိုင်းနက်နဲ့ MRTV-4 ကုမ္ပဏီတွေ လုပ်ကိုင်ရပုံကို ကြည့်ရင် သိနိုင်ပါတယ်။

လက်မှတ်ထိုးပွဲမှာပဲ ပြန်ကြားရေးဝန်ကြီးပြောခဲ့တာက လက်ရှိ လွှတ်တော်ဟာ အရင် ပြဋ္ဌာန်းပြီးခဲ့တဲ့ ရုပ်သံ ဥပဒေကို ပြင်လိမ့်မယ်၊ ပြင်ပြီးရင် ရုပ်သံနည်းဥပဒေဆိုတာ ထွက်လာမယ်၊ အဲဒီနည်းဥပဒေနဲ့အညီ ရုပ်သံကောင်စီ တစ်ခု ပေါ်ပေါက်လာလိမ့်မယ်၊ အဲဒီကောင်စီဟာ ရုပ်သံလုပ်ငန်းတွေကို စီမံခန့်ခွဲတာ၊ ကြီးကြပ် စောင့်ကြပ်တာ လုပ်လိမ့်မယ်၊ အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီ ၅ ခုရဲ့ သက်တမ်းဟာ အဲဒီအချိန်ထိပဲ အကျုံးဝင်တယ်၊ အခု ခွင့်ပြုပေးထားတဲ့ ပုဂ္ဂလိက ရုပ်သံလုပ်ငန်းတွေဟာ အဲဒီအချိန်ကျမှ ဥပဒေနဲ့အညီ ရုပ်သံလိုင်း တစ်လိုင်း လုပ်ခွင့်ရဖို့ ထပ်ပြီး လျှောက်ထားကြရမယ်၊ အလားတူ မြန်မာ့ရုပ်သံ၊ မြဝတီ၊ စကိုင်းနက် နဲ့ ဖော်အဲဗား တို့ကလည်း လုပ်ပိုင်ခွင့်တွေ ပြန်လျှောက်ထားကြရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဘာမှ မရေရာ မသေချာတဲ့ အခြေအနေမျိုးပါ။ ဒါကိုကြည့်ရင် ပုဂ္ဂလိက ကုမ္ပဏီ ၅ ခုကို ရုပ်သံလိုင်း ၅ လိုင်း ထုတ်လွှင့်ခွင့်ပေးလိုက်တာဟာ မီဒီယာလွတ်လပ်ခွင့် တိုးတက်မှု ရှိလာတယ်လို့ဆိုဖို့ ခက်ခဲပါတယ်။

အဲဒီ ကုမ္ပဏီ ၅ ခုဟာ သူတို့ထုတ်လွှင့်ခန်း Earth Station ကနေတဆင့် မြန်မာ့အသံ ပြည်လမ်းက 9 Meter Earth Station အထိ ကိုယ့်စရိတ်နဲ့ကိုယ် ဖိုင်ဘာလိုင်းတွေ ဆွဲပေးရမယ်၊ အဲဒီကနေမှ တဆင့် ပြန်ကြားရေးဘက်က Multi- Channel Playout System ထဲ ထည့်ပြီး ဂြိုဟ်တုပေါ် တင်ပေးမယ်၊ ဂြိုဟ်တုကနေ နယ်ထပ်ဆင့်လွှင့်စက်ရုံ ၁၄၅ ရုံက ဖမ်းပြီး ပြည်သူတွေဆီ ထုတ်လွှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

နောက်ပြဿနာ တစ်ခုက အခုပေါ်လာတဲ့ ရုပ်သံလိုင်းတွေ၊ နောင်ပေါ်လာလတ္တံ့သော ရုပ်သံလိုင်းတွေ စီးပွားရေးအရ ရှင်သန်ရပ်တည်နိုင်မှာလားဆိုတဲ့ မေးခွန်းပါ။ မြန်မာနိုင်ငံမှာ အင်နာလော့ဂ်စနစ်နဲ့ လက်ရှိထုတ်လွှင့်နေတဲ့ ရုပ်သံလိုင်း ၈ လိုင်း ရှိပါတယ်။ မြန်မာ့ရုပ်သံ၊ မြဝတီ၊ စကိုင်းနက်နဲ့ ဖော်အဲဗားအုပ်စုက ၂ လိုင်းစီ ပိုင်ဆိုင် ထုတ်လွှင့်နေကြပါတယ်။ အင်နာလော့ဂ်စနစ် ဖြစ်တာကြောင့် တနိုင်ငံလုံး လွှမ်းခြုံ ထုတ်လွှင့်နိုင်တဲ့ အနေအထား ရှိပါတယ်။

ဒီဂျစ်တယ် စနစ်နဲ့ ထုတ်လွှင့်နေတာကတော့ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြန်မာ့ရုပ်သံ က ၁၆ လိုင်း၊ တပ်မတော်ပိုင် မြဝတီက ၇ လိုင်း ထုတ်လွှင့်နေပါတယ်။ စကိုင်းနက်နဲ့ ဖော်အဲဗားဂရု(ပ်)ကလည်း မြန်မာ့ရုပ်သံရဲ့ Multi- Channel Playout System ထဲကနေ အဓိက လွှင့်နေပြီး ကိုယ်ပိုင် ပလက်ဖောင်းတွေကတော့ ထူထောင်နေဆဲပါ။ ဒီအင်နာလော့ဂ်နဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်း အားလုံးရဲ့ တစ်နှစ် ကြော်ငြာဝင်ငွေ စုစုပေါင်း ဒေါ်လာ သန်း ၂၀၀ ဝန်းကျင် ရှိတယ်လို့ ဆန်းစစ်လေ့လာချက်ရလဒ် Survey result တစ်ခုက ဆိုပါတယ်။ အဲဒီအထဲမှာ အင်နာလော့ဂ်နဲ့လည်း လွှင့်၊ ဒီဂျစ်တယ်စနစ်နဲ့လည်း လွှင့်နေတဲ့ ဖော်အဲဗား ကုမ္ပဏီပိုင် MRTV-4 နဲ့ Channel 7 က အများဆုံး ရနေတယ်လို့ မှန်းဆ ကြပါတယ်။

အခု ဒီဂျစ်တယ်စနစ်ကနေ ရုပ်သံထုတ်လွှင့်မယ့်လိုင်း ၅ လိုင်း တိုးလာမယ်ဆိုပေမဲ့ ရုပ်သံလိုင်းတွေမှာ ဝင်ရောက်မယ့် ကြော်ငြာဝင်ငွေကတော့ အများကြီး တိုးလာလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။ ဒီအခါ အသစ် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ဒီဂျစ်တယ်သက်သက် ရုပ်သံလိုင်း ၅ လိုင်း အနေနဲ့ ကြော်ငြာရရှိရေး အခက်အခဲ အများကြီး တွေ့နိုင်ပါတယ်။ တကယ်လည်း သူတို့အနေနဲ့ လုပ်ငန်းစဖို့ မလွယ်ကူပါဘူး။

လက်မှတ်ထိုးတဲ့နေ့မှာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး ပြောတာက မြန်မာ့ရုပ်သံအနေနဲ့ အဲဒီချယ်နယ် ၅ ခုက ပေးပို့လာတာတွေကို ထုတ်လွှင့်နိုင်ရေး စက်ပစ္စည်းတချို့ ဝယ်ယူတပ်ဆင်ဖို့ လိုတယ်၊ အဲဒါကို ကုမ္ပဏီ ၅ ခုက စုပေါင်းကျခံ ဝယ်ယူပေးရမယ်၊ နောက် အဲဒီ ကုမ္ပဏီ ၅ ခုဟာ သူတို့ထုတ်လွှင့်ခန်း Earth Station ကနေတဆင့် မြန်မာ့အသံ ပြည်လမ်းက 9 Meter Earth Station အထိ ကိုယ့်စရိတ်နဲ့ကိုယ် ဖိုင်ဘာလိုင်းတွေ ဆွဲပေးရမယ်၊ အဲဒီကနေမှ တဆင့် ပြန်ကြားရေးဘက်က Multi- Channel Playout System ထဲ ထည့်ပြီး ဂြိုဟ်တုပေါ် တင်ပေးမယ်၊ ဂြိုဟ်တုကနေ နယ်ထပ်ဆင့်လွှင့်စက်ရုံ ၁၄၅ ရုံက ဖမ်းပြီး ပြည်သူတွေဆီ ထုတ်လွှင့်ပေးသွားမယ်လို့ ဆိုပါတယ်။ ပြောရရင် ရုပ်သံ ထုတ်လွှင့်မယ့် ကုမ္ပဏီ ၅ ခုဟာ မထုတ်လွှင့်ခင် ကုန်ကျစရိတ်တွေ အများကြီး ရှိဦးမယ်ဆိုတာပါ။ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လုပ်ကြရဦးမယ့် အခြေအနေပါ။

ထုတ်လွှင့်နေစဉ် တလျှောက်မှာလည်း ကုန်ကျစရိတ်တွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြော်ငြာကနေ ဝင်ငွေ ပြန်ရဖို့က မရေရာ မသေချာပါ။ ကြော်ငြာရှင်တွေဟာ Digital TV ဒါမှမဟုတ် Digital Receiver ရှိမှ ဖမ်းယူ ကြည့်ရှုနိုင်မယ့် ဒီရုပ်သံလိုင်းတွေမှာ ကြော်ငြာ ထည့်ချင်ပါ့မလား ဆိုတာကလည်း မေးခွန်းထုတ်ချင်စရာပါ။

ဒါ့အပြင် ရုပ်သံ ဥပဒေပြင်ဆင်၊ နည်းဥပဒေ ပေါ်ထွက်ပြီး၊ ရုပ်သံကောင်စီ ဖွဲ့စည်းပြီးနောက်၊ လုပ်ငန်းကို အသစ်ကနေစ ပြန်လျှောက်ထားရမယ့် အခြေအနေကလည်း ရှိနေသေးတော့ အခု ထုတ်လွှင့်ခွင့်ရတဲ့ ဒီဂျစ်တယ် ရုပ်သံလိုင်း ၅ ခု ရှင်သန် ရပ်တည်နိုင်မလား၊ မရပ်တည်နိုင်ဘူးလားဆိုတာ မရေရာ မသေချာပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.