အာဏာပါဝါကို ကျားကုတ်ကျားခဲ ဖက်တွယ်ထားလိုသော တပ်မတော်

လူမှုလှုပ်ရှားမှုလမ်းကြောင်းများကို ထိန်းချုပ်ထားခြင်းဖြင့် တပ်မတော်က ကြီးစိုးလွှမ်းမိုးမှုကို ရယူထားနိုင်ဆဲဖြစ်သော်လည်း လူမှုအဖွဲ့အစည်းကြား ပိုမိုလွပ်လပ်မှုရှိလာခြင်း၊ ကမ္ဘာနှင့်ထိတွေ့မှု များပြားလာခြင်းတို့ကြောင့် စစ်တပ်၏ အခွင့်ထူးခံအနေအထားမှာ သိပ်ကြာရှည်ခံတော့မည့်ပုံ မပေါ်တော့ပေ။

David I Steinberg, Frontier

ယနေ့ကမ္ဘာတွင် စစ်တပ်ကို အရပ်သား အုပ်ချုပ်ကွပ်ကဲမှုလက်အောက်တွင် ထားရှိခြင်းမှာ အနောက်တိုင်း နိုင်ငံရေးအယူအဆနှင့် ကျင့်ထုံးတို့၏ ဝိသေသလက္ခဏာပင်ဖြစ်သည်။ ဤခံယူချက်မှာ စစ်မှန်သော လူထုကိုယ်စားပြု အစိုးရတစ်ရပ် ပေါ်ထွက်လာရေးသည် စံသတ်မှတ်ချက်ဖြစ်သည်ဟူသော အချက်ပေါ်တွင် မူတည်နေပြီး  တစ်ထပ်တည်း ကျနေသည်။ အနောက်တိုင်းမှ အထောက်အပံ့ အကူအညီများသည် အရပ်ဖက်ထိန်းချုပ်မှုသို့ ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်သည်။ စစ်တပ်သည် ပါတီ၏ အုပ်ချုပ်မှုအာဏာလက်အောက်တွင် ရှိရမည်ဟုယူဆထားသော ကွန်မြူနစ်နိုင်ငံများမှလွဲ၍ တကယ်ဖြစ်ရပ်မှန်အခြေအနေများမှာ မသိမသာ ကွဲပြားမှုများရှိသည်။ အချိန်ကာလအတော်ကြာကြာ စစ်တပ်၏ထိန်းချုပ်မှု လက်အောက်တွင်ရှိခဲ့သော (သို့မဟုတ်) စစ်တပ်၏ သြဇာအာဏာလွှမ်းမိုးမှု ရှိခဲ့သော အာရှနိုင်ငံများတွင် မြန်မာနိုင်ငံကမူ ထူးခြားသည်။ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့၌ စစ်အစိုးရများ အုပ်ချုပ်မှုကြားတွင် အရပ်ဖက်အစိုးရများ ပြိုးပြိုးပြောက်ပြောက် ကြားဝင်သော ကာလများရှိခဲ့ကြသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ ၁၉၆၂ ခုမှစ၍ စစ်တပ်က တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်၍တစ်ဖုံ နိုင်ငံကို အုပ်ချုပ်လာခဲ့သည်။ အချို့ကမူ ၁၉၄၈ လွတ်လပ်ရေး ရပြီးကထဲကပါဟု ဆိုကောင်းဆိုနိုင်ပါလိမ့်မည်။

၂ဝ၁၁ ခုမှစ၍ မြန်မာနိုင်ငံကို တစ်ဝက်တစ်ပျက်အရပ်သားအစိုးရ (သို့မဟုတ်) တစ်ဝက်တပျက် စစ်အစိုးရ ဟု ခေါ်ကြသည်။ တပ်မတော်၏ အနေအထားက ထိပ်တန်းက ပါဝင်သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံထဲမှာပင် စစ်တပ်ကိုထည့်ပြီး ရေးဆွဲထားသည်။ ဗျူရိုကရေစီယန္တရားတွင် အကြပ်ကိုင်လွှမ်းမိုးမှု ရယူထားပြီး တိုင်းရင်းသားရေးရာ ကိစ္စများတွင်လည်း ချုပ်ကိုင်ထားသည်။ နိုင်ငံရေးတွင် တပ်မတော်က ဦးဆောင်အခန်းမှ ပါဝင်ရမည်ဟု ဖွဲ့စည်းပုံတွင် ထည့်သွင်းထားသည်။ ထိုသို့ဆိုလျှင် မေးစရာမေးခွန်းက အဘယ်ကြောင့် ထိုသို့ ဖြစ်လာခဲ့ရပါသလဲ။ ခေတ်သစ်အာရှတွင် (ကမ္ဘာတွင်လည်း ဖြစ်ကောင်းဖြစ်မည်) စစ်တပ်က ဘာကြောင့် ထူးထူးခြားခြား နိုင်ငံများအပေါ် ကြာရှည် လွှမ်းမိုးကြီးစိုးနေခဲ့ရတာလဲ။

အနောက်ကမ္ဘာ၏ ယေဘုယျသဘောထားကမူ ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှာဖြစ်စေ စစ်တပ်က အာဏာကိုယူထားခြင်းသည် အာဏာနှင့်စီးပွားဥစ္စာအတွက် လောဘရမက်တက်ကာ လုယူခြင်းမျှသာဖြစ်သည်ဟု ယူဆကြသည်။ ရိုးရှင်းလှသော ဤရှင်းပြချက်သည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အမှန်မျိုးချစ်စိတ်ဓာတ်ကို လျစ်လျူရှုရာကျသည်။ မြန်မာနိုင်ငံတွင် တပ်မတော်သည် အမျိုးသားညီညွတ်ရေးနှင့် ဂုဏ်သိက္ခာအတွက် ကြိုးပမ်းရာတွင် အရပ်သားနိုင်ငံရေးသမားများကို အကျင့်ပျက်ချစားသော၊ ငွေမက်သောသူများအဖြစ် သဘောထားသည်။ တိုင်းရင်းသားလူနည်းစုများကိုမူ နုနယ်လှသော ပြည်ထောင်စုကို ထကြွတော်လှန်ရန် စိတ်ညွှတ်သူများဟု ယူဆထားသည်။

တပ်မတော်၏ မှားယွင်းသောလူမှုရေး၊ စီးပွားရေးပေါ်လစီများကြောင့် တနိုင်ငံလုံး ချုန်းချုန်းချ ပျက်သုဉ်းခဲ့ရသဖြင့် ထိုအထဲမှ အချို့တွင် အပြုသဘောရည်ရွယ်ချက်များ ရှိခဲ့သည်ဆိုသောအချက်မှာ မှေးမှိန်ပျောက်ကွယ်ခဲ့ရသည်။ အယူအဆမတူ ကွဲပြားမှုကို လက်မခံ၊ ခွင့်မလွှတ်တတ်သော ငါတကောစိတ်ထားကြောင့် မိမိ၏စွမ်းဆောင်နိုင်မှုကို မိမိကိုယ်တိုင်ချဲ့ကား၍ ရှုမြင်လာတော့သည်။ ၂ဝဝဝ ပြည့်နှစ်လွန်နှစ်များက ပါတီစုံရွေးကောက်ပွဲနှင့် အရပ်သားပုံစံသွင်း အစိုးရများ ပေါ်ပေါက်လာအောင် အောင်မြင်စွာလုပ်ဆောင်ပေးခဲ့သည်ဟု တပ်မတော်က စောဒက တက်ကောင်းတက်နိုင်သည်။ ဤသည်မှာ အပေါ်ယံရွှေမှုန်ကြဲ၊ အထဲက နောက်ချေးခံ၊ အရပ်သားအယောင်ဆောင် ကတ္တီပါလက်အိပ်စွတ်ထားသော သံကွန်ချာသာလျှင် ဖြစ်ပေသည်။

တပ်မတော်က စီးပွားရေးရပေါက်ရလမ်း အရင်းအမြစ်အားလုံးကို သိမ်းကြုံးယူထားသဖြင့် ယခုလို လွှမ်းမိုးကြီးစိုးထားဖို့ ကြိုးစားနေရတာပါဟု အချို့က ပြောချင်ပြောကြမည်။ သို့သော် ဤအချက်မှာ အကြောင်းတရားထက် အကျိုးတရားဖြစ်ဖို့ ပိုများပါသည်။ မှန်ပါသည်။ တောင်ကိုရီးယားစစ်တပ်သည် ကိုယ်ပိုင်စီးပွားဥစ္စာ ရှာမထားခဲ့သဖြင့် အာဏာကို လွယ်လွယ်ကူကူပင် စွန့်လွှတ်နိုင်ခဲ့သည်။ အင်ဒိုနီးရှားစစ်တပ်ကမူ စီးပွားရေးအရှိန်အဝါများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ပါကစ္စတန်နှင့် ထိုင်းတွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ မြန်မာ့တပ်မတော်က dwi fungsi (အရပ်ဖက်နှင့်စစ်ဖက်) ဟု အင်ဒိုနီးရှားစစ်တပ်က ခေါ်ဝေါ်သော အစိုးရမျိုးကို အလွန်အားကျနှစ်ခြိုက်သည်။

ပို၍အခြေခံကျသောမေးခွန်းမှာ နိုင်ငံ၏ကဏ္ဍပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံ၊ စီးပွားရေးကဏ္ဍပေါင်းစုံမှာ တပ်မတော်က အဘယ်ကြောင့် ထိန်းချုပ်နိုင်ခဲ့ရတာလဲ။ ဤမေးခွန်းအတွက် ပို၍အခြေခံကျသော အကြောင်းတရားများကို စဉ်းစားကြရမည်။

တပ်မတော်တစ်ခုတည်းက ဤမျှလွှမ်းမိုးကြီးစိုးထားနိုင်ခဲ့ခြင်းမှာ ပိုမိုသာလွန်ကောင်းမွန်အောင် လေ့ကျင့်သင်ကြားထား၍လည်းမဟုတ်၊ တပ်မတော်ခေါင်းဆောင်များသည် အခွင့်ထူးခံ လူတန်းစားလွှာမှ လာကြသူများဖြစ်နေ၍ မဟုတ်ချေ။ အာရှတိုက်ရှိ အခြားစစ်တပ်များနှင့် နှိုင်းယှဉ်လျှင် တပ်မတော်သည် ၁၉၆၂ ခုမှစ၍ ထူးခြားသောမဟာဗျူဟာ အားသာချက်များ ရရှိထားခဲ့သည်။ တပ်မတော်သည် လူမှုလှုပ်ရှားမှုလမ်းအားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ အာရှရှိ မည်သည့်စစ်တပ်မှ ဤသို့သော အခွင့်အရေးမရခဲ့ချေ။ ဗိုလ်ချုပ်နေဝင်းက အလုံးစုံလွှမ်းခြုံသော ဆိုရှယ်လစ်လမ်းစဉ်ကို စတင်လိုက်ပြီး ပုဂ္ဂလိကစီးပွားရေး စွမ်းဆောင်သူများအားလုံးကို ကိုယ်ပိုင်စွမ်းဆောင်ခွင့်၊ တိုးတက်ကြီးပွားခွင့်အားလုံးကို အမြစ်ပြတ်သုတ်သင်လိုက်သည့် အချိန်မှစ၍ ပါဝါအာဏာအားလုံးမှာ တပ်မတော်တစ်ခုတည်းမှာသာ ဗဟိုပြုသွားတော့သည်။ အာဏာရယူထားသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် အာဏာအားလုံးကို ချုပ်ကိုင်ထားပြီး တပ်မတော်ကသာ အရာရာကို ထိန်းချုပ်ထားသည်။ အစောပိုင်းကာလတွင် စစ်တပ်မှ ပုဂ္ဂိုလ်အားလုံးနှင့်သာ ဖွဲ့စည်းထားသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ထိန်းချုပ်မထားသော နိုင်ငံရေးလုပ်ငန်းစဉ်အားလုံး၏ ကြီးထွားရှင်သန်မှုအားလုံးကို သုတ်သင်ရှင်းလင်းပစ်သည်။ အမျိုးသားအဆင့်နှင့် ဒေသကြီးအဆင့် အရပ်ဖက်အဖွဲ့အစည်းအားလုံးကို ဖျက်သိမ်းပစ်သည်။ ထင်ရှားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းအားလုံးကို ဖျက်လျှင်ဖျက်၊ မဖျက်လျှင် စစ်တပ်လက်အောက် သွပ်သွင်းခဲ့သည်။ ပညာရေးကို ချုပ်ချယ်ကန့်သတ်သည်။ ပါတီကလက်ခံနိုင်သော အတွေးအခေါ် အယူအဆနှင့် လိုက်လျောညီထွေဖြစ်ရမည်။ လူနည်းစု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို သံသယနှင့်စောင့်ကြည့်သည်။ နိုင်ငံခြားခရီးသွားခြင်းကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်သည်။ ခရီးသွားလုပ်ငန်းကို အားမပေးချေ။ ပြည်တွင်းဝင်လာသမျှအရာရာကို တင်းကြပ်စွာ စိစစ်မှုပြုလုပ်သည်။

စစ်တပ်၏ လွှမ်းမိုးကြီးစိုးမှုကို အဓမ္မရယူထားရုံမျှမက တိုင်းရင်းသားလူနည်းစုအားလုံး၏ တက်လမ်းကို ဥပဒေဖြင့် တရားဝင်မဟုတ်သော်လည်း မမြင်ရသော ဖန်မျက်နှာကျက်ဖြင့် တားဆီးပိတ်ပင်ထားသည်။ တပ်မတော်၏ ထိပ်တန်းရာထူးကြီးအဆင့်ဆင့်သို့ တက်လှမ်းနိုင်ရေးမှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးဖြစ်ဖို့ လိုအပ်သည်။ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အရေးမပေး၊ တပ်မတော်ထဲတွင်လည်း အမျိုးသမီးများပါဝင်မှုမှာ အလွန်နည်းပါးသည်။ ဤသည်မှာ မျိုးရိုးအလိုက် ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားခြင်းမျိုး မဟုတ်ချေ။ ထိပ်တန်းစစ်ရာထူးကြီးများသို့ဝင်ရာ စစ်ပညာဆိုင်ရာလမ်းကြောင်းကို တရားဝင်ပိတ်ပင်ထားခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင် အမွေဆက်ခံသည့် သက်ရောက်မှု အထောက်အထားကို တွေ့မြင်နေရပြီ။ စစ်ရာထူးကြီးများ၏ သားများသာ စစ်တက္ကသိုလ်သို့ ဝင်ခွင့်ရနေခြင်းဖြစ်သည်။

၁၉၆၂ ခုနှစ်မှစ၍ တပ်မတော်သည် အထက်စီးနေရာမှ နေရာယူထားခဲ့သည်။ (၁၉၆၂- ၁၉၇၄/ ၁၉၈၈-၂ဝ၁၁) နှစ်များတွင် အမိန့်အာဏာ၊ သို့မဟုတ် စစ်ပုံစံဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြင့် အထက်စီးယူထားခဲ့သည်။ ၁၉၇၄ မှ ၁၉၈၈ ခုနှစ် အတွင်း ပြုလုပ်ခဲ့သော ရွေးကောက်ပွဲများသည် စစ်တပ်ထိန်းချုပ်ထားသော တစ်ပါတီစနစ်အတွက်သာလျှင်ဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲကမူ အကြံအဖန်လုပ်ထားသည်မှာ အလွန်သိသာထင်ရှားလှသည်။ လွတ်လပ်သော၂ဝ၁၅ ရွေးကောက်ပွဲက အမှန်တကယ့်ရွေးကောက်ခံ လွှတ်တော်ကို စတင်မိတ်ဆက်ပေးသည်။ သို့သော် စစ်တပ်၏ လွှမ်းမိုကြီးစိုးမှုအောက်တွင် အုပ်ချုပ်ရခြင်းဖြစ်သည်။ သို့နှင့်တိုင် စစ်တပ်သည် ပြည်တွင်းနှင့် ပြည်ပမှ ဖိအားများကြောင့်သော်လည်းကောင်း၊ ကောင်းမွေလေးများကို လုပ်ပြပေးခဲ့ချင်သေးသော ကိုယ်ပိုင်အသိတရားကြောင့်သော်လည်းကောင်း၊ နယ်ပယ်အများအပြားတွင် ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့သည်။ တင်းကြပ်သော ဆိုရှယ်လစ်စနစ်ကို စွန့်လွှတ်လိုက်သည်။ အစိုးရက ထိန်းချုပ်လိုမှုကတော့ ကျန်ရှိနေသေးသည်။ ဤသို့ဖြင့် စစ်တပ်၏အပေါင်းပါများ (သို့မဟုတ်) ခရိုနီလူတန်းစားများ ပေါ်ပေါက်လာပြီး အရေးပါသော စီးပွားရေးအကွက်ကောင်းများကို ရယူကြသည်။ ခရိုနီများမှာ အရပ်သားအချို့နှင့် စစ်တပ်အငြိမ်းစားများ ဖြစ်ကြသည်။

ပါတီစုံနိုင်ငံရေးစနစ်ကို ခွင့်ပြုသည်။ သို့သော် စည်းကမ်းရှိသော ဒီမိုကရေစီဖြစ်ရမည်ဟု စစ်တပ်ကဆိုသည်။ စည်းကမ်းမဲ့၊ အဟန့်အတားမရှိ ဒီမိုကရေစီမျိုး သည်းခံမည်မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ NGO လှုပ်ရှားမှုများကို ခွင့်ပြုသည်။ သတင်းစာနှင့် မီဒီယာလွတ်လပ်ခွင့်များပေးသည်။ ဆန္ဒပြတောင်းဆိုမှုများနှင့် ပညာရေးတွင် အကြီးအကျယ် လျှော့ပေါ့ပေးသည်။ ယနေ့အထိ မြင်တွေ့နေရသော ရလဒ်မှာ အရပ်ဖက်ဦးဆောင်မှုလက်အောက်တွင် မတူကွဲပြားသော အတွေးအခေါ် အယူအဆအမျိူးမျိုးကို ယခင်ကထက်များစွာ သာလွန်သောလွတ်လပ်မှုဖြင့် ထုတ်ဖော်နိုင်သော အခြေအနေရရှိလာသည်။ မည်သို့ဆိုစေ အာဏာအနှစ်ချုပ်ကတော့ တပ်မတော်လက်ထဲမှာပင် ရှိနေဆဲပင်ဖြစ်သည်။

သို့သော် အာဏာကို ထာဝရချုပ်ကိုင်ထားလိုသော တပ်မတော်၏အကြံမှာ အောင်မြင်နိုင်မည်မဟုတ်ချေ။ လူ့အဖွဲ့အစည်းအား  အဓိကမဟုတ်သော အပယိက လွတ်လပ်မှုများကို ဖွင့်ပေးလိုက်ခြင်းကြောင့် လူ့အဖွဲ့အစည်း၏ အရွေ့အပေါ် စစ်တပ်က ထူးထူးကဲကဲ ထိန်းချုပ်ထားနိုင်ခဲ့မှုမှာ ဆုတ်ယုတ်လျော့ပါးသွားခဲ့သည်။ စီးပွားရေးလှုပ်ရှားမှုများ၊ နိုင်ငံရေးရုံးများ၊ မီဒီယာများ၊ ပညာရေးနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပိုမိုပွင့်လင်းလွတ်လပ်လာခြင်း၊ ပညာရေးတွင် ဝေဖန်ဆန်းစစ်မှုကို ပိုမိုခွင့်ပြုလာခြင်း၊ ခရီးသွားလာခွင့် ရရှိလာသဖြင့် ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံမှုရှိလာခြင်း၊ ခရီးသွားလုပ်ငန်းကို အားပေးခြင်းတို့နှင့်အတူ တချိန်က နေရာအနှံ့ရှိနေခဲ့သော အထိန်းအချုပ်အကန့်အသတ်များမှာ အလျင်အမြန်ပင် ဆုတ်ယုတ်လျော့ပါးသွားခဲ့သည်။

ဤအခြေအနေကြောင့် တပ်မတော်သည် ၎င်းတို့ရယူထားခဲ့သော အထူးအခွင့်အရေးများကို မဖြစ်မနေ တဖြည်းဖြည်း စွန့်လွှတ်လာရလိမ့်မည်။ ဘာသာရေးနှင့် တိုင်းရင်းသားလူနည်းစုများအပေါ် ပို၍မျှမျှတတ ဆက်ဆံရန် လိုအပ်လာလိမ့်မည်။ အမျိုးသမီးများမှာလည်း ပိုမိုအရေးပါသောကဏ္ဍမှ ပါဝင်ခွင့်ရလာလိမ့်မည်။ ဤဖြစ်စဉ်မှာခက်ခဲသော ဖြစ်စဉ်တစ်ခုဖြစ်လိမ့်မည်။ ဤပြဿနာအချို့ကို ဖြေရှင်းရန် မျိုးဆက်တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုပြီး ကြာကောင်းကြာနိုင်သည်။ လူထုကတော့ စိတ်မရှည်နိုင်တော့ပေ။ သို့သော် တပ်မတော်က သူ့ကိုယ်သူ စည်းလုံးညီညွတ်သော နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူအဖြစ် ထင်မြင်ယူဆနေသော သူတို့အမြင်အပေါ် အရပ်ဖက်လူထုက မည်သိအတိုင်းအတာအထိ သည်းခံနိုင်မည်ဆိုသည့် အချက်ပေါ်တွင် အောင်မြင်မှုက တည်နေပေလိမ့်မည်။ ဤမျှ သိမ်မွေ့သောဖြစ်စဉ်ကို တပ်မတော်က မည်သို့ စီမံကိုင်တွယ်မည်ဆိုသည့်အချက်သည် နောက်ပိုင်းနှစ်များတွင် တပ်မတော်ကို သမိုင်းက တန်ဖိုးဖြတ်မည့်အချက်ပင် ဖြစ်တော့သည်။ တိုးတက်ဖြစ်ပေါ်မှုများကမူ နှေးကွေးပြီး စိတ်မသက်သာစရာများ ကြုံတွေ့ရဖို့များနေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.