လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ထပ်မံခြိမ်းခြောက်ခံနေရပြီလား

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို မျက်ကွယ်ပြုပြီး တပ်မတော်အပေါ်ဝေဖန်ထိုးနှက်လာတာတွေ မဖြစ်ပေါ်အောင် တရားစွဲဆိုအရေးယူနေဟန်ရှိပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။ 

ပြီးခဲ့တဲ့ မေလ ၂၈ ရက်က ရိုက်တာသတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ နိုင်ငံတကာသတင်းဆိုင်ရာ ပူလစ်ဇာဆုကို လက်ခံရယူခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာက မူဆလင်ရွာသား ၁၀ ယောက် အသတ်ခံလိုက်ရတဲ့ သတင်းကိုလိုက်ရင်း အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီး၊ တရားစွဲ၊ ထောင် ခုနစ်နှစ် ချမှတ်ခံထားရပေမဲ့ သမ္မတရဲ့လွတ်ငြိမ်းခွင့်ကြောင့် ခုလို အမေရိကန်ပြည်ထောင်စု လာရောက်ပြီး ဆုလက်ခံရယူနိုင်ခဲ့တာပါ။

ဒါပေမဲ့ သူတို့လိုပဲ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို၊ ရေးသားခဲ့သူတချို့ကတော့ ကံမကောင်း အကြောင်းမလှစွာဘဲ မြန်မာနိုင်ငံထဲမှာ တရားစွဲခံ၊ ဖမ်းဆီးခံဘဝ ရောက်နေကြပါသေးတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားခွင့် အသစ်တဖန် ခြိမ်းခြောက်ခံနေရပြီလားဆိုတာ လေ့လာဆန်းစစ်ကြည့်ရအောင်ပါ။

သိပ်မကြာသေးတဲ့ ဖြစ်စဉ်တွေကိုကြည့်ရင် သြင်္ကန်မတိုင်ခင် ဧပြီလ ၁၂ ရက်က အင်းစိန်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အဲဒီနေ့ ရုံးချိန်းမှာ တရားသူကြီးက အာမခံ မပေးတဲ့အတွက် အင်းစိန်အကျဉ်းထောင်၊ အချုပ်ဆောင်မှာ ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ပူးတွဲတည်ထောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရဲစခန်းနဲ့ တရားရုံးမှာ တပ်မတော်ကိုယ်စား ရန်ကုန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းထွန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ ၅၀၅(က) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

တပ်မတော် တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲမှာ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ရဲ့ ဟောပြောချက်တွေဟာ တပ်တွင်းပုန်ကန်မှုကို ဖြစ်စေနိုင်တယ်၊ ပြည်သူတွေကလည်း အစိုးရကို တိုက်ခိုက်လာနိုင်တယ်ဆိုပြီး တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဒုတိယဗိုလ်မှူးကြီး တိုးလွင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊(ခ) နဲ့ အမှုဖွင့် တရားစွဲခဲ့ပြီး ခုဆို အင်းစိန်အကျဉ်းထောင်ထဲ ရောက်နေပါပြီ။

နောက်ထပ် သြင်္ကန်မဏ္ဍပ်တွေမှာ သံချပ်ထိုး ဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်း၊ မစုရတနာမြင့် အပါအဝင် စုစုပေါင်း လူငယ် ခုနစ်ယောက်ကိုလည်း တပ်မတော်ကနေ ပုဒ်မ ၆၆(ဃ)၊ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခဲ့ပြီး အခု အားလုံး ထောင်ထဲကနေ အမှုရင်ဆိုင်နေရပါတယ်။ တပ်မတော် တာဝန်ရှိသူတွေဟာ ရခိုင်သတင်း ရေးသားဖော်ပြရာမှာ မျှတမှုမရှိလို့ဆိုပြီး ဧရာဝတီသတင်းဌာန အယ်ဒီတာ ကိုရဲနည်ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခဲ့ပါသေးတယ်။

ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် DMG သတင်းဌာနက အယ်ဒီတာချုပ်နဲ့ အမှုဆောင်ဒါရိုက်တာ အောင်မင်းဦးတို့ကို သတင်းအထူးတပ်ဖွဲ့ SB က တရားလိုပြုလုပ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၂ နဲ့ စစ်တွေ မြို့မအမှတ်(၁) ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။ ဘယ်သတင်း၊ ဘယ်ဆောင်းပါးနဲ့ပတ်သက်ပြီး တိုင်ကြားတာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အလားတူ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှာ ဆန္ဒပြဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်နေတာကို သတင်းယူ၊ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ချနယ်မန္တလေးသတင်းဌာန Channel Mandalay News Agency က သတင်းထောက် နန္ဒကိုလည်း ရဲတပ်ဖွဲ့က ပုသိမ်ကြီးမြို့နယ် တရားရုံးမှာ တရားစွဲပြီး ဖမ်းဆီးထားပါသေးတယ်။ သူ့ကိုစွဲထားတဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၁၁၄ (တာဝန်ဝတ္တရား နှောင့်ယှက်မှု)၊ ပုဒ်မ ၃၃၃ (တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအား အပြင်းအထန် နာကျင်စေမှု) နဲ့ ပုဒ်မ ၄၃၅ (မီးရှို့မှု) တွေပဲ ဖြစ်ပါတယ်။

အလားတူ ချနယ်မန္တလေးသတင်းဌာနက သတင်းထောက် ဝင်းနိုင်ဦးကိုလည်း တောင်သူတချို့ကနေ ဆန္ဒပြမယ်ဆိုတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်တာကို တိုက်ရိုက်ထုတ်လွှင့်ခဲ့လို့ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲတာ ခံထားရပါတယ်။ ပြောရရင် အခု ဧပြီ – မေ ၂ လထဲမှာပဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလို့၊ သံချပ်ထိုးလို့၊ ရေးသားဖော်ပြလို့၊ တိုက်ရိုက်ထုတ်လွှင့်လို့ တရားစွဲခံထားရသူတွေ၊ ဖမ်းဆီးခံထားရသူတွေ အတော်များများ ရှိနေပြီဆိုတာပါပဲ။

ဒီနေရာမှာ တရားစွဲသူတွေကတော့ တပ်မတော် တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ပါ။ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ တရားဥပဒေရဲ့ မျှတမှုကိုရချင်လို့ တရားစွဲရပါတယ်ဆိုရင်တော့ စွဲဆိုပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ မေးခွန်းတစ်ခုကတော့ မြန်မာနိုင်ငံမှာ တည်ဆဲ “သတင်းမီဒီယာ ဥပဒေ” ဆိုတာ ရှိပါတယ်။ ဒီဥပဒေအရ ရေးသားထုတ်ဝေတာ တစ်ခုခုအတွက် မကျေနပ်ရင် အရင်ဦးဆုံး သတင်းမီဒီယာကောင်စီကို တိုင်ကြားဖို့ ဖော်ပြထားပါတယ်။

ဒီအခါ မီဒီယာကောင်စီက ကြားဝင်ညှိနှိုင်းပေးမှာဖြစ်ပြီး အဲဒါမှမကျေနပ်ရင်တော့ တရားစွဲဖို့ပါပဲ။ ဒါပေမဲ့ တပ်မတော် ခေါင်းဆောင်တွေဘက်က အဲလောက် စိတ်ရှည်ပုံမရပါဘူး။ လက်ရှိ တရားစွဲဆိုမှုတွေမှာ သတင်းမီဒီယာကောင်စီကို ကနဦး တိုင်ကြားတာမရှိလို့ ကောင်စီက ကြေညာချက်တွေ ထုတ်ပြန်တာမျိုးလည်း ရှိခဲ့ပါတယ်။

မေ ၂၆ နေ့စွဲနဲ့ထုတ်တဲ့ ကြေညာချက်ထဲမှာ ပြီးခဲ့တဲ့ဧပြီ ၃၀ ရက်က တပ်မတော်အပါအဝင် အစိုးရ၊ လွှတ်တော်၊ တရားရေး၊ မီဒီယာစတဲ့ မဏ္ဍိုင်ကြီး လေးရပ် တွေ့ဆုံပွဲမှာ ရရှိခဲ့တဲ့ သဘောတူညီချက် ဖြစ်တဲ့ “သတင်းအချက်အလက်ရယူခြင်းနှင့်ပတ်သက်၍ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရာတွင် မဏ္ဍိုင် လေးရပ်အကြား အပြန်အလှန်လေးစားမှုကို အခြေခံလျက် ဆောင်ရွက်သွားရန်”ဆိုတဲ့ အချက်ကို ထောက်ပြပြီး လက်ရှိတရားစွဲထားတဲ့ အဖွဲ့တွေအနေနဲ့ ပြန်ပြီးသုံးသပ်ဖို့၊ ကျေနပ်မှုမရှိရင် ကောင်စီကို အရင်တိုင်ပြီး သဘောတူညီမှုမရမှ တရားစွဲတာတွေလုပ်သင့်ကြောင်း ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ သတင်းမီဒီယာဥပဒေမှာ ပြစ်ဒဏ်အနေနဲ့ ငွေဒဏ်လောက်သာပါတာကြောင့် ခံစားရသူအဖို့ ကျေနပ်ဖွယ် မရှိတာကြောင့် အခြားပုဒ်မတွေနဲ့ တရားစွဲရတာဖြစ်တယ်လို့ ပြောထားပြီးသားဖြစ်ပါတယ်။

သူက “သတင်းမီဒီယာဥပဒေမှာ ပြဋ္ဌာန်းထားတာ အများဆုံးက ငွေဒဏ် ၁၀ သိန်း၊ ငွေ ၃ သိန်း လူတယောက်ကိုရိုက်ပြီးတော့၊ ခင်ဗျားကို ကြိုက်သလိုဆဲပြီးတော့ ခင်ဗျားကို ကျွန်တော်က ငွေ ၃ သိန်းအလျော်ပေးမယ်၊ ခင်ဗျားခံမလား ဒါပဲ ရှင်းရှင်းလေးပဲ။ ခင်ဗျားကို ခင်ဗျားအမေကိုလည်းဆဲမယ် ခင်ဗျားအဖေကိုလည်းဆဲမယ်၊ ခင်ဗျားမျိုးရိုးကိုလည်းဆဲမယ်၊ ခင်ဗျားကိုလည်းဆဲမယ်၊ ဆဲပြီးရင် ခင်ဗျားကို ငွေ ၃ သိန်းပေးမယ်၊ လျော်ပေးမယ်ဆိုရင် ခင်ဗျားခံမလား။ အထူးသဖြင့် ခံစားချက်နဲ့ intention (ရည်ရွယ်ချက်၊ စေတနာ) ပေါ်မှာ မူတည်တယ်” လို့ဆိုပါတယ်။

သူ ပြောသလိုပါပဲ။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားတာတွေနဲ့ပတ်သက်ပြီး စွဲထားတဲ့ပုဒ်မတွေက တပ်တွင်းပုန်ကန်မှုဖြစ်စေနိုင်တယ်လို့ စွပ်စွဲထားတဲ့ ပုဒ်မ ၅၀၅(က)၊ မတရားအသင်း သူပုန်အဖွဲ့နဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇/၁၊ သတင်းထောက်တွေနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ပုဒ်မ ၁၁၄ (တာဝန်ဝတ္တရား နှောင့်ယှက်မှု)၊ ပုဒ်မ ၃၃၃ (တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအား အပြင်းအထန် နာကျင်စေမှု) နဲ့ ပုဒ်မ ၄၃၅ (မီးရှို့မှု) စတာတွေပဲ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းရဲ့ပြောစကား၊ လက်ရှိတပ်မတော် တာဝန်ရှိသူတွေရဲ့ လုပ်ကိုင်ပုံကိုကြည့်ရင် တရားစပြီး စွဲစဉ်ကတည်းက တရားစွဲခံရတဲ့သူတွေ အာမခံမရဘဲ ထောင်ထဲတန်းရောက်သွားတဲ့ အခြေအနေမျိုး၊ ထိရောက်တဲ့တုန့်ပြန်မှုမျိုး လုပ်ချင်ပုံရပါတယ်။ ဒါလည်း သိပ်ပြီးပြဿနာ မရှိသေးပါဘူး။ ပြဿနာက အဲလိုပုဒ်မတွေနဲ့ စွဲတင်တာကို တရားရုံးတွေက လက်ခံသလားဆိုတာပါ။

မြန်မာ့တရားစီရင်ရေးရဲ့ ပုံသဏ္ဍာန်အရ တပ်မတော် တာဝန်ရှိသူတွေကနေ  လူတွေကို သူတို့စွဲတင်ချင်တဲ့ ပုဒ်မနဲ့စွဲတင်ဖို့ ခွင့်ပြုချက်ပေးထားတာတော့ မရှိပါဘူး။ အဓိကကျတာက ဥပဒေအရာရှိတွေရဲ့ အကြံပြုချက်၊ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ အဓိကတည်မှီနေတာပါ။ လက်ရှိ အခြေအနေတွေကိုကြည့်ရင် တရားရုံးတွေက ဥပဒေအကြံပေးတွေ၊ တရားသူကြီးတွေမှာ အရင်ခေတ် အဆက်ဆက်တုန်းကအတိုင်း တပ်မတော်ခေါင်းဆောင်တွေအပေါ် ကြောက်ရွံ့စိတ်တွေ ဖုံးလွှမ်းနေဆဲပဲလို့ ကောက်ချက်ချနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ခေါင်းဆောင်တွေရဲ့ ခုလိုတရားစွဲဆိုမှုတွေကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားမှုအပေါ်ကို ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်စေမှာဖြစ်သလို အခါအားလျော်စွာ ထုတ်ပြောတတ်တဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်မယ်ဆိုတဲ့ ပြောစကားမျိုးကိုလည်း သံသယဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါတင်မက နဂိုကတည်းကမှ နိုင်ငံတကာ အသိုင်းအဝိုင်းက အမြင်မကောင်းတဲ့ အခြေအနေကို ပိုပြီးပဲ ဆိုးစေမှာဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.