မြန်မာ့တရားစီရင်ရေးစနစ် ဘာတွေ ဖြစ်နေသလဲ

အင်န်အယ်လ်ဒီအစိုးရဟာ တရားဥပဒေ စိုးမိုးရေးဆိုတာ အမြဲပဲ ပြောဆိုသလို ပြည်သူတွေ အားကိုးအားထားပြုနိုင်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်လာစေဖို့ တိုက်တွန်းနေပေမဲ့ တရားရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ရာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးထွန်းထွန်းဦးဟာ မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ပတ်သက်ပြီး ထူးခြားမှုရှိတယ်လို့ ပြောနိုင်တဲ့ ညွှန်ကြားချက်အမှတ် ၁၁၄/၄၁၄ ကို ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ဇူလိုင် ၁ ရက်နေ့ကစ အသက်ဝင်နေပြီဖြစ်တဲ့ အဲဒီညွှန်ကြားချက်ရဲ့ အဓိကရည်ရွယ်ချက်ဟာ တရားရုံးတွေမှာ မလိုအပ်ဘဲနဲ့ ကြန့်ကြာနေတဲ့အမှုတွေကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စစ်ဆေး စီရင်နိုင်ရေး၊ နောက်ပိုင်းတင်တဲ့ အမှုတွေကိုလည်း အချိန်ကာလ အပိုင်းအခြား တစ်ခုအတွင်း ပြီးပြတ်အောင် စီရင်နိုင်ရေး စတာတွေကို ရည်ရွယ်တယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အပေါ် လူတွေဝေဖန်ပြီး နာမည်ပျက်နေရတဲ့ ပြဿနာတွေထဲမှာ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို တရားမျှတပါတယ်ဆိုပြီး ယုံကြည်မှုနည်းပါးတာအပြင် အမှုတွေ မလိုအပ်ဘဲ ကြန့်ကြာနေတာ၊ ငွေကြေးတတ်နိုင်တဲ့ တရားလိုတွေအနေနဲ့ အမှုကို လိုအပ်သလို အချိန်ဆွဲပြီး တရားပြိုင်တွေအပေါ် ဒုက္ခပေးနိုင်တာ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံတဝှမ်း လူအများ အလွန်စိတ်ဝင်စားတဲ့ ကလေးသူငယ် လိင် မတော်မတရား ပြုကျင့်ခံရမှု တစ်ခု နေပြည်တော်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဗစ်တိုးရီးယားနဲ့ Wisdom Hill ကျောင်းအမှုဆိုပြီး လူသိများပါတယ်။ ရဲတပ်ဖွဲ့က လနဲ့ချီ စစ်ဆေးပြီးနောက် ကားဒရိုင်ဘာ တစ်ယောက်ကို သံသယတရားခံအဖြစ် ကြေညာလိုက်ပြီးချိန်အထိ ပြည်သူအများဟာ ရဲတပ်ဖွဲ့ရဲ့ တရားခံ ဖော်ထုတ်ရေး ဆောင်ရွက်ချက်အပေါ် စိတ်ကျေနပ်မှုမရှိကြပါဘူး။

ဒါကြောင့်လည်း အမှုမှန်ဖော်ထုတ်ပေးဖို့ ရန်ကုန်၊ မန္တလေးနဲ့ မြို့နယ်အတော်များများမှာ ဆန္ဒပြပွဲတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမှုကိုလက်ခံထားရတဲ့ နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး ဒုတိယ ခရိုင်တရားသူကြီး ဦိးညိုဌေးက “ ပြည်သူလိုလားတဲ့ တရားရုံးစနစ်ကို ကျနော်တို့ အကောင်အထည် ဖော်နေတယ်၊ အဲဒီတော့ စိတ်ချမ်းသာရမယ့် တရားစီရင်ရေး၊ တရားရုံးရဲ့ ဆောင်ရွက်ချက်တွေကို စိတ်ချမ်းချမ်းသာသာနဲ့ မြင်တွေ့ရလိမ့်မယ်လို့ ကျွန်တော် ရဲရဲကြီး ကတိပေးပါတယ်” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ပြည်သူတွေ စိတ်ချမ်းသာအောင် ဘယ်လိုတရားစီရင်မယ်ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းနေတဲ့ တရားစီရင်ရေးစနစ်ကို ပြည်သူလူထု ရွေးကောက်တင်မြှောက်လိုက်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ဘယ်လောက် ပြုပြင်နိုင်မှာလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ လေ့လာကြည့်ကြရအောင်ပါ။

အာဏာရှင် အစိုးရအဆက်ဆက်လက်ထက်မှာ မြန်မာ့တရားစီရင်ရေးမဏ္ဍိုင်ဟာ ယိုယွင်းခဲ့ရုံမက ပြိုလဲခဲ့ပြီလို့တောင် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အာဏာပိုင်တွေ စွဲဆိုတင်သွင်းလာသမျှ အမှုတွေကို အထက်က ညွှန်ကြားချက်အတိုင်း အမိန့်ချပေးခဲ့ပြီး အများပြည်သူတွေနဲ့ဆိုင်တဲ့ မှုခင်းတွေမှာတော့ အဂတိလိုက်စားမှုတွေ ပြည့်လျှမ်းနေခဲ့လို့ ဖြစ်ပါတယ်။ အဲဒီအချိန် အဲဒီကာလက ပြည်သူအများစုဟာ တရားစီရင်ရေးကို လုံးဝနီးပါး ယုံကြည်မှု မရှိကြပါဘူး။

မှုခင်း တစ်ခုဖြစ်ပြီဆိုတာနဲ့ ရဲတပ်ဖွဲ့၊ အာဏာပိုင်၊ အစိုးရရှေ့နေ၊ ဥပဒေ အကြံပေး၊ တရားသူကြီးစတဲ့လူတွေဆီ ချဉ်းကပ်ပြီး လာဘ်ပေးလာဘ်ယူလုပ်၊ အမှုကနေ ကိုယ်လိုချင်တဲ့ရလဒ် ထွက်လာဖို့ ဆောင်ရွက်ကြပါတယ်။ အဲဒီယဉ်ကျေးမှု ထွန်းကားခဲ့တဲ့အောက်မှာ တရားခံရှေ့နေတွေဟာ ရှေ့နေတွေမဟုတ်၊ အမှုအတွက် သက်ဆိုင်ရာကို လာဘ်ထိုးရာမှာ ပါဝင်ပေးရတဲ့ အမှုပွဲစားတွေအဖြစ်တောင် ရှုမြင်ခံခဲ့ကြရတာပါ။

အင်န်အယ်လ်ဒီ အစိုးရတက်လာတဲ့အခါ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် တပ်မတော် အငြိမ်းစားအရာရှိ ဦးထွန်းထွန်းဦးကို ခန့်အပ်ခဲ့ပါတယ်။ ပြည်ထောင်စုတရားသူကြီးချုပ်ကတော့ အရင်အစိုးရလက်ထက်က ခန့်အပ်ထားတဲ့ အငြိမ်းစား တပ်မတော်အရာရှိ ဦးထွန်းထွန်းဦး (နာမည်တူသူ) ပဲ ဆက်တာဝန်ယူထားပါတယ်။

အင်န်အယ်လ်ဒီအစိုးရဟာ တရားဥပဒေ စိုးမိုးရေးဆိုတာ အမြဲပဲ ပြောဆိုသလို၊ တရားစီရင်ရေးကဏ္ဍ ပိုပြီးကောင်းမွန်လာစေဖို့၊ ပြည်သူတွေ အားကိုးအားထားပြုနိုင်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်လာစေဖို့ သမ္မတ ဦးဝင်းမြင့်ကနေ တရားသူကြီးချုပ်နဲ့ရော ရှေ့နေချုပ်နဲ့ပါ ခေါ်ယူတွေ့ဆုံ လမ်းညွှန်မှုပေးခဲ့တာမျိုးလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဏ္ဍိုင်ကြီး သုံးရပ် ခွဲခြားအလုပ်လုပ်ကြတဲ့ အခြေအနေကြောင့် တရားစီရင်ရေးကဏ္ဍဘက်ကို တစုံတရာ စွက်ဖက်တာ၊ လွှမ်းမိုးဖို့ ကြိုးစားတာမျိုးတော့ မလုပ်ခဲ့ပါဘူး။

အင်န်အယ်လ်ဒီအစိုးရလက်ထက် တရားစီရင်ရေးမဏ္ဍိုင်နဲ့ပတ်သက်ပြီး အဓိကဝေဖန်ကြတဲ့ ပြဿနာတွေထဲမှာ တပ်မတော်၊ ရဲတပ်ဖွဲ၊ ဒါမှမဟုတ် မှုခင်းရဲတပ်ဖွဲ့လိုမျိုးက တရားစွဲဆိုတဲ့အမှုတွေနဲ့သက်ဆိုင်မှု အများကြီး ရှိနေပါတယ်။ ထင်ရှားတဲ့သာဓက တစ်ခုကတော့ ရိုက်တာသတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုကို ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံ၊ တရားရုံးတင်ပုံ၊ တရားသူကြီးရဲ့ စီရင်ဆုံးဖြတ်ပုံပဲ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်ကို အမှုဆင်ဖမ်းဆီး၊ ရုံးတင်မှုအဖြစ် ဝေဖန်မှုတွေရှိတဲ့တိုင်၊ တရားသူကြီးက ဥပဒေပြဋ္ဌာန်းချက်ပါ အချက်အလက်တွေအရ တရားစီရင်တယ်လို့ ပြောဆိုတဲ့တိုင် ဆုံးဖြတ်ချက်မှာ အဲဒီ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားက အဓိကကျတာမို့ အများပြည်သူရဲ့အမြင်မှာ ဥပဒေနဲ့အညီ တရားမျှမျှတတ စီရင်ခဲ့တယ်လို့ ရှုမြင်မခံရပါဘူး။

နောက်ထပ် ပြဿနာတွေကတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဘက်က ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ သြင်္ကန်မဏ္ဍပ်တွေမှာ သံချပ်ထိုးခဲ့ကြတဲ့ ဒေါင်းတို့မျိုးဆက် လူငယ်အုပ်စု၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ စာရေးဆရာ မာန်(တောင်လုံးပြန်)၊ ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် DMG သတင်းဌာနက အယ်ဒီတာချုပ်နဲ့ အမှုဆောင်ဒါရိုက်တာ အောင်မင်းဦး၊ အောင်သပြေကျေးရွာမှာ ဆန္ဒပြ၊ ဒေသခံတွေနဲ့ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်နေတာကို သတင်းယူ၊ Live ထုတ်လွှင့်ခဲ့တဲ့ Channel Mandalay News Agency က သတင်းထောက်နန္ဒ စတဲ့ ပုဂ္ဂိုလ်တွေကို အာမခံ မရနိုင်တဲ့ တပ်တွင်းပုန်ကန်မှုကို ဖြစ်စေနိုင်တယ်လို့ဆိုတဲ့ ပုဒ်မ  ၅၀၅(က)၊ ပြည်သူတွေက အစိုးရကို တိုက်ခိုက်လာနိုင်တယ်လို့ဆိုတဲ့ ၅၀၅(ခ)၊ မတရားအသင်း၊ တနည်းအားဖြင့် သူပုန်အဖွဲ့နဲ့ ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇/၂၊ ပုဒ်မ ၁၁၄(တာဝန်ဝတ္တရား နှောင့်ယှက်မှု)၊ ပုဒ်မ ၃၃၃(တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအား အပြင်းအထန် နာကျင်စေမှု) နဲ့ ပုဒ်မ ၄၃၅(မီးရှို့မှု) စတဲ့ အာမခံ မရနိုင်ဘဲ၊ အကျဉ်းထောင်ထဲကနေ တရားရင်ဆိုင်ရမယ့် ပုဒ်မတွေနဲ့ တရားစွဲဆိုထားပြီး အဲဒီလို စွဲဆိုတာတွေအားလုံးကို တရားရုံးကလည်း လက်သင့်ခံထားလိုက်လို့ပါပဲ။

ဒီနေရာမှာ အမှုကိုလက်ခံတဲ့ တရားသူကြီးတွေက ဒါဟာ အမှုကို လက်ခံလိုက်တာပဲရှိသေးတယ်၊ အပြစ် ရှိမရှိ စီရင်တာ မဟုတ်သေးဘူးလို့ ပြောမယ်ဆို ပြောဆိုနိုင်ပေမဲ့၊ တရားသူကြီးတွေအနေနဲ့ တင်ပြလာတဲ့အမှုတွေကို စီရင်ဆုံးဖြတ်တဲ့အဆင့် မရောက်ခင်၊ အမှုအကြောင်းအရာနဲ့ စွဲဆိုထားတဲ့ပုဒ်မ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်နိုင်ခွင့်ရှိသလို၊ မကိုက်ညီဘူးဆိုရင်လည်း အမှုကို လက်မခံတာ၊ တခြားသင့်တော်တဲ့ပုဒ်မ တပ်စေဖို့ ညွှန်ကြားတာ စတာတွေလုပ်နိုင်လို့ပါပဲ။

အလားတူ ပြီးခဲ့တဲ့ ဇွန်လဆန်းမှာလည်း ကယားပြည်နယ် အစိုးရအဖွဲ့ဟာ လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူတာကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ ကရင်နီလူငယ် ခြောက်ယောက်ကို နိုင်လွတ်လုံလို့ခေါ်တဲ့ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ” နဲ့ အမှုဖွင့်ထားပြီး တချို့ကိုတော့ ဖမ်းဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်က ကရင်နီလူငယ် ခြောက်ယောက် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တစ်စောင်မှာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီ အမျိုးသားသစ္စာဖောက်တွေ စသဖြင့် စွပ်စွဲချက်တွေပါဝင်လို့ လို့ဆိုပါတယ်။ ထူးဆန်းတာက အဲဒီပုဒ်မဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးအတွက် ရဲတပ်ဖွဲ့နဲ့ အစိုးရတာဝန်ရှိသူတွေကို စည်းနှောင်ဖို့ ရေးဆွဲ၊ ပြဋ္ဌာန်းထားတဲ့ဥပဒေ ဖြစ်နေပြီး၊ အခု အဲဒီဥပဒေကို အစိုးရအာဏာပိုင်ကသုံးပြီး ပြည်သူတွေကို တရားစွဲတာကို တရားရုံးက လက်ခံထားလိုက်လို့ပါပဲ။

တကယ်တော့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ဆိုရင် အဲဒီမဏ္ဍိုင်နဲ့ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့အပါအဝင် မှုခင်းဖော်ထုတ်၊ တရားစွဲရတဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေအကြံပေးတွေလို အစိုးရဘက်က လိုက်ပါရတဲ့ ရှေ့နေတွေ၊ အဆင့်ဆင့်သော တရားသူကြီးတွေအားလုံးကို အပြောင်းအလဲလုပ်ဖို့ အကောင်အထည်ဖော်နိုင်ရပါမယ်။ ဒီနေရာမှာ တရားသူကြီးချုပ်၊ ရှေ့နေချုပ်တွေဟာ အဆင့်ဆင့်သော တရားရေးဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တရားစီရင်မှုကိုကြီးကြပ်ဖို့ တာဝန်ရှိပေမဲ့ တရားသူကြီးတွေကိုယ်တိုင်ကလည်း အကြောက်တရား၊ အဂတိတရားကင်းကင်း စီရင်နိုင်မှ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့လိုမျိုးကတော့ ပြည်ထဲရေး၊ တနည်းအားဖြင့် ပြည်ထဲရေးဝန်ကြီးကို ခန့်အပ်နိုင်တဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လိုမျိုးမှာ အဓိကတာဝန်ရှိနေတာကြောင့် အဲဒီတာဝန်ရှိသူတွေအနေနဲ့ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရေး တက်တက်ကြွကြွပါဝင်မှ အောင်မြင်မှုရနိုင်မှာပါ။

အားလုံးကို ခြုံငုံကြည့်လိုက်ရင် တရားရေးမဏ္ဍိုင်အတွင်းက တာဝန်ရှိ လူပုဂ္ဂိုလ် အသီးသီးကြားမှာ အဂတိလိုက်စားမှုတွေ ကျန်ရှိနေသေးတာ၊ တရားသူကြီးတချို့အနေနဲ့ အကြောက်တရားနဲ့ အမှုတွေကို လက်ခံနေတာ၊ ပြဋ္ဌာန်းဥပဒေတွေကို ရည်ရွယ်ချက်ပါအတိုင်းမဟုတ်ဘဲ တလွဲအသုံးပြုနေကြတာ စတာတွေ ရှိနေသေးလို့ ဝေဖန်ပြစ်တင်ခံနေရဆဲ အခြေအနေ ဖြစ်ပါတယ်။ တကယ်တော့ တရားစီရင်ရေးကဏ္ဍဟာ သက်ဆိုင်ရာ နိုင်ငံသားတွေချည်းပဲ ပတ်သက်နေတာမျိုးမဟုတ်ဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်သူတွေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့လည်း ဆက်စပ်ပတ်သက်နေတာဖြစ်လို့ သက်ဆိုင်ရာ တရားသူကြီးချုပ်၊ ရှေ့နေချုပ်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်ကို ပြည်သူတွေ ယုံကြည်မှုရလာစေဖို့၊ နာမည်ကောင်းရလာစေဖို့ အခုထက် ပိုကြိုးစား ပြုပြင်တည့်မတ်ပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.