မြန်မာကျပ်ငွေတန်ဖိုး တည်ငြိမ်နေပြီလား

ပြည်တွင်းဒေါ်လာဈေး အလှုပ်အရမ်းနည်းအောင်ကာကွယ်ဖို့ မြန်မာနိုင်ငံသားတွေအတွက် နိုင်ငံတကာမှာသုံးနိုင်အောင် ထုတ်ပေးထားတဲ့ ကတ်တွေကို ပြည်တွင်းမှာမသုံးအောင် တားမြစ်လိုက်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟာ ဒေါ်လာငွေ ထည့်သွင်းထားတဲ့ Master, Visa, UPI နဲ့ JCB ကုမ္ပဏီတွေရဲ့ ကြိုတင်ငွေဖြည့်ကတ် Prepaid Card တွေကို အသုံးပြုမှုနဲ့ပတ်သက်ပြီး ပုဂ္ဂလိကဘဏ်တွေအတွက် ညွှန်ကြားချက် တစ်စောင်ထုတ်ပြန်ပါတယ်။

ဒီညွှန်ကြားချက်ဟာ နိုင်ငံခြားကလာပြီး မြန်မာနိုင်ငံထဲမှာ အဲဒီကတ်တွေ လာအသုံးပြုတဲ့ နိုင်ငံခြားသားတွေနဲ့တော့ သက်ဆိုင်ခြင်း မရှိပါဘူး။ မြန်မာနိုင်ငံသားတွေအနေနဲ့ အဲဒီ Master, Visa, UPI နဲ့ JCB – Prepaid Card တွေကိုင်ပြီး ပြည်တွင်းမှာ အသုံးပြုတာ၊ ပြည်တွင်းက ရှော့ပင်းမောလ်တွေ၊ စားသောက်ဆိုင်တွေကလည်း မြန်မာနိုင်ငံသားတွေ အဲဒီကတ်တွေ အသုံးပြုမှုကိုလက်ခံတာ၊ အဲဒါတွေနဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်းလိုက်နာဖို့ ညွှန်ကြားလိုက်တာမျိုးပါ။

ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီး တချို့ကတော့ ဗဟိုဘဏ်က ဘာရည်ရွယ်ချက်နဲ့ ထုတ်ပြန်ရသလဲ သိပ် မရှင်းလင်းကြပါဘူး။ ဗဟိုဘဏ်အနေနဲ့ မြန်မာနိုင်ငံသားတွေ ပြည်တွင်းမှာ အဲဒီကတ်တွေ အသုံးပြုမှုကို ဘာကြောင့် ကန့်သတ်ရသလဲ၊ လက်ခံတဲ့ ကုန်တိုက်တွေ၊ စားသောက်ဆိုင်တွေကို ဘာကြောင့် တားမြစ်ရသလဲ၊ လက်ရှိဗဟိုဘဏ်က အကောင်အထည်ဖော်နေတဲ့ မြန်မာကျပ်ငွေ တန်ဖိုးတစ်ခုမှာ တည်ငြိမ်ရေး၊ အတက်အကျ အလှုပ်အရမ်း နည်းစေရေးလုပ်ငန်းကရော အောင်မြင်မှုရနေပါရဲ့လားဆိုတာ လေ့လာတင်ပြသွားပါ့မယ်။

လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ပြည်တွင်းကိုလာတဲ့ နိုင်ငံခြားသားတွေအနေနဲ့ သူတို့ရဲ့ Master, Visa, UPI နဲ့ JCB ကတ်တွေအားလုံး အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ QR Code စနစ်နဲ့ အလုပ်လုပ်တဲ့ WeChat Pay လိုမျိုးကိုတော့ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်က ဆိုင်တချို့မှာ စမ်းသပ်သုံးစွဲစေတာကလွဲပြီး တခြားနေရာတွေမှာတော့ တရားဝင်သုံးစွဲခွင့် မပေးသေးပါဘူး။

မြန်မာနိုင်ငံသားတွေအနေနဲ့ ပုဂ္ဂလိကဘဏ်တွေကနေ ကတ်အမျိုးအစား သုံးမျိုးထုတ်ဝေပေးထားပါတယ်။ ပထမတစ်မျိုးက ပုဂ္ဂလိကဘဏ်တွေမှာ ဘဏ်စာရင်းဖွင့်ထားသူတွေကို ထုတ်ပေးတဲ့ ငွေထုတ်ကတ် Debit card တွေပါ။ ATM အေတီအမ်စက်တွေမှာ ငွေထုတ်ယူနိုင်ပြီး မတူတဲ့ဘဏ်တွေရဲ့ အေတီအမ်စက်တွေမှာလည်း ငွေထုတ်ယူနိုင်အောင် MPU လို့ခေါ်တဲ့ Myanmar Payment Union စနစ်နဲ့လည်း ချိတ်ဆက်ပေးထားပါတယ်။

နောက်တစ်မျိုးကတော့ နိုင်ငံတကာမှာ အသုံးတွင်ကျယ်နေတဲ့ Credit Card လို့ ခေါ်တဲ့ အကြွေးဝယ် ကဒ်တွေပါ။ ဒီနှစ်မျိုးစလုံးဟာ ပြည်တွင်းမှာ မြန်မာကျပ်ငွေနဲ့ပဲ အသုံးပြုလို့ရတဲ့ကတ်တွေ ဖြစ်ပါတယ်။ နောက်ဆုံးတစ်မျိုးကတော့ ဒေါ်လာငွေ ကြိုတင်ထည့်သွင်းထားတဲ့ Master, Visa, UPI, JCB ကုမ္ပဏီတွေနဲ့ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေ ဖက်စပ်ထုတ်လုပ်ထားတဲ့ Prepaid Card အမျိုးအစားတွေပါ။ မြန်မာနိုင်ငံသားတွေ နိုင်ငံတကာထွက်တဲ့အခါ သုံးနိုင်အောင်၊ ဒါမှမဟုတ် အွန်လိုင်းကနေ လေယာဉ်လက်မှတ် ဝယ်ယူနိုင်အောင်၊ နိုင်ငံခြားဟိုတယ်တွေကို အွန်လိုင်းကနေ ဘိုကင်လုပ်နိုင်အောင် ထုတ်လုပ်ပေးထားတာ ဖြစ်ပြီး ကတ်တစ်ခု အများဆုံး ဒေါ်လာ ၅,၀၀၀ အထိ ထည့်သွင်းခွင့်ပေးထားပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် ဒီကတ်တွေ ထုတ်ပေးထားရတာဟာ နိုင်ငံခြားထွက်ခွာရာမှာ၊ နိုင်ငံရပ်ခြားနဲ့ဆိုင်တဲ့ အွန်လိုင်းငွေပေးချေမှုတွေမှာ သုံးဖို့ဖြစ်ပြီး ပြည်တွင်းမှာသုံးစွဲဖို့ ဗဟိုဘဏ်က ခွင့်ပြုထားခြင်း မရှိပါဘူး။ အလားတူ ပြည်တွင်းကရှော့ပင်းမောလ်တွေ၊ ကုန်တိုက်တွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေဟာလည်း မြန်မာနိုင်ငံသားတွေ ဒီကတ်အသုံးပြုပြီး ငွေပေးချေလာရင် လက်မခံဖို့ ညွှန်ကြားတာ ဖြစ်ပါတယ်။ အကြောင်းကတော့ ပြည်တွင်းမှာ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဒေါ်လာအသုံးပြုပြီး ငွေပေးချေတာကို ကန့်သတ်ဖို့ဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံ ပြည်တွင်းမှာ ကုန်ပစ္စည်းရောင်းဝယ်တာ၊ ဟိုတယ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စတာတွေအတွက် ငွေပေးချေမှုတွေကို မြန်မာကျပ်ငွေနဲ့ပဲ သတ်မှတ်ပေးချေကြဖို့ ဗဟိုဘဏ်က စည်းကမ်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့သော ကွန်ပျူတာနဲ့ အီလက်ထရောနစ်ပစ္စည်း ရောင်းဝယ်သူတွေ၊ ကုန်တိုက်တွေ၊ ဟိုတယ်တွေနဲ့ ဝန်ဆောင်မှုပေးသူ တချို့ဟာ ဒေါ်လာနဲ့ပဲ ဈေးနှုန်းသတ်မှတ်၊ ဒေါ်လာနဲ့ပေးချေမှုကိုလည်း လက်ခံနေဆဲဖြစ်ပါတယ်။ အဲလိုအခြေအနေအောက်မှာ မြန်မာနိုင်ငံသားတွေ ပြည်ပထွက်ခွာရင် အသုံးပြုဖို့ ထုတ်ပေးထားတဲ့ Master, Visa, UPI နဲ့ JCB – Prepaid Card တွေကို ပြည်တွင်းမှာပဲ ပြန်သုံး၊ လက်ခံပေးနေတာကို ကန့်သတ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ရတာပဲ ဖြစ်ပါတယ်။

ပြောရရင် ဗဟိုဘဏ်အနေနဲ့ ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး ရှိသင့်တဲ့တန်ဖိုးအောက်မှာ တည်ငြိမ်အောင်၊ အလှုပ်အရမ်းနည်းအောင် ထိန်းသိမ်းရတာ လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ အင်န်အယ်လ်ဒီ အစိုးရတက်လာတဲ့ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်မှာ မြန်မာကျပ်ငွေတန်ဖိုး အထိုက်အလျောက်တည်ငြိမ်မှု ရှိခဲ့ပါတယ်။ တစ်ဒေါ်လာကို ကျပ် ၁,၃၅၀ နဲ့ ၁,၃၆၀ ကြား အလှုပ်အရမ်းနည်းနည်းနဲ့ တည်ငြိမ်ခဲ့တာပါ။

၂၀၁၇ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၈ နှစ်ဆန်းပိုင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ပြီး တစ်ဒေါ်လာ ကျပ် ၁,၅၀၀ အထိ ရောက်သွားပါတယ်။ ၂၀၁၈ ခုနှစ် နှစ်လယ်ကနေ နှစ်ကုန်ပိုင်းအထိကတော့ ကျပ်ငွေတန်ဖိုး မတည်မငြိမ်ဖြစ်မှု အခြေအနေ အဆိုးဆုံးပါ။ ကျပ်ငွေတန်ဖိုး တောက်လျောက်ကျဆင်းသလို နေ့စဉ် အချိန်နဲ့အမျှ အတက်အကျ အတိုးအဆုတ် ဖြစ်ပေါ်ပါတယ်။ ၂၀၁၈ အောက်တိုဘာ တစ်လတည်းမှာ ကျပ်ငွေ တန်ဖိုး အနည်းဆုံးအချိန် တစ်ဒေါ်လာ ကျပ် ၁,၅၂၀ နဲ့ အမြင့်ဆုံး တစ်ဒေါ်လာ ကျပ် ၁,၆၀၀ ကျော်သည်အထိ အလှုပ်အရမ်းများခဲ့ပါတယ်။

ကျပ်ငွေတန်ဖိုး အဲလိုကျဆင်းမှု၊ မတည်မငြိမ် အလှုပ်အရမ်းများမှုတွေ ဖြစ်ပေါ်ရတာဟာ နိုင်ငံခြားငွေ ဈေးကစားမှုတွေကြောင့်ဖြစ်တယ်လို့ ဗဟိုဘဏ်က သုံးသပ်သလို အဲလိုဈေးကစားပြီး အမြတ်ရှာသူတွေအထဲ ပြည်တွင်းပုဂ္ဂလိကဘဏ်တွေလည်း ပါဝင်တယ်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီအချိန်ကစ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေအသုံးပြုမှုနဲ့ပတ်သက်ပြီး ပုဂ္ဂလိကဘဏ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီမှာ ညွှန်ကြားချက် တသီတတန်းကြီးထုတ်ပြန်တာ၊ ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်းထားကို နဂိုက မနက်ပိုင်း ထုတ်ပြန်နေရာကနေ ညနေ ၄ နာရီမှ ထုတ်ပြန်ကြေညာတာအထိ ပါဝင်ပါတယ်။

ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်တွေထဲမှာ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ သူတို့ရဲ့နိုင်ငံခြားငွေ အရောင်းအဝယ်၊ အလွဲှအပြောင်းစာရင်းတွေကို မနက် ၁၀ နာရီ၊ နေ့လယ် ၁၂ နာရီ၊ နေ့ ၂ နာရီ၊ ညနေ ၃ နာရီ စုစုပေါင်း လေးကြိမ် စာရင်းတွေပေးပို့ရမယ်ဆိုတာမျိုး ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားငွေကြေး ရောင်းဝယ် လွဲှပြောင်းခွင့် လိုင်စင်ရ AD ဘဏ်တွေအနေနဲ့ ဈေးကွက်ကို ခြယ်လှယ်လွှမ်းမိုးမှုတွေလုပ်တာ၊ ထပ်ပြန်တလဲလဲ ရောင်းဝယ်ဖောက်ကားမှုတွေ လုပ်နေတာတွေ တွေ့ရင်၊ ဒါမှမဟုတ် ဗဟိုဘဏ်ကို အချိန်နဲ့ တပြေးညီ သတင်းပို့ဖို့ ပျက်ကွက်တာမျိုးပဲဖြစ်ဖြစ် တွေ့ရင်အရေးယူမယ်ဆိုပြီး အတိအလင်း ဖော်ပြခဲ့ပါတယ်။

ဗဟိုဘဏ်ရဲ့ဆောင်ရွက်ချက် အောင်မြင်သင့်သလောက် အောင်မြင်တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာကျပ်ငွေ တန်ဖိုးဟာ တစ်ဒေါ်လာ ကျပ် ၁,၆၀၀ ဝန်းကျင်ထိ မြင့်တက်နေရာကနေ  ၂၀၁၉ ဖေဖော်ဝါရီလမှာ တစ်ဒေါ်လာ ကျပ် ၁,၅၂၀ အောက်ရောက်လာပါတယ်။ နောက်ပိုင်း တစ်ဒေါ်လာ ကျပ် ၁,၅၂၀ နဲ့ ၁,၅၃၀ ကြား ဈေးပေါက်နေပြီး ဇူလိုင်လကုန်ရောက်တော့ တစ်ဒေါ်လာ ကျပ် ၁,၅၁၀ အောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေတာ တွေ့မြင်ကြရပါတယ်။ အလှုပ်အရမ်းဖြစ်မှုလည်း အတော်လေး နည်းသွားတာ တွေ့ရပါတယ်။

ဒါပေမဲ့လည်း ပြည်တွင်းမှာ ဒေါ်လာငွေနဲ့တန်ဖိုးသင့်ပြီး ရောင်းဝယ်နေကြတာကိုတော့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိသေးပါဘူး။ ကွန်ပျူတာနဲ့ ဆက်စပ်ပစ္စည်း ရောင်းဝယ်သူတွေ၊ အီလက်ထရောနစ်ပစ္စည်း ရောင်းဝယ်သူတွေ၊ ဟိုတယ်တွေနဲ့ ဝန်ဆောင်မှုပေးသူတချို့ ဒေါ်လာနဲ့ဈေးနှုန်းသင့် ရောင်းချနေကြဆဲ ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းမှာ ဒေါ်လာငွေအသုံးပြုမှုလျှော့ချရေး အကောင်အထည်ဖော်ရာမှာ ဖြစ်ပေါ်နေတဲ့ အတားအဆီး တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

အဲလိုအခြေအနေအောက်မှာ ဒေါ်လာငွေ ဖြည့်သွင်းထားတဲ့၊ မြန်မာနိုင်ငံသားတွေအတွက် ထုတ်ပေးထားတဲ့ Prepaid Card ကိုင်ပြီး ပြည်တွင်းမှာ ဒေါ်လာနဲ့ငွေပေးချေနေတာကို ဗဟိုဘဏ်က ကန့်သတ်လာတာ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တခြားနိုင်ငံတွေနည်းတူ ပြည်တွင်းမှာ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေ အသုံးပြုမှု လျှော့ချကန့်သတ်နိုင်မှသာ ကျပ်ငွေအသုံးပြုမှု ပိုတွင်ကျယ်လာမှာဖြစ်ပြီး ဗဟိုဘဏ်အနေနဲ့ ကျပ်ငွေတန်ဖိုးဟာ တန်ဖိုးတစ်ခုမှာ တည်ငြိမ်နေအောင်၊ အလှုပ်အရမ်း အတက်အကျနည်းအောင် ထိန်းကျောင်းနိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.