တပ်မတော်၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

တပ်မတော်ဘက်က လက်နက်ကိုင် သုံးဖွဲ့အပေါ်ထားတဲ့ သဘောထား အခြေအနေကိုလိုက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အကြီးအကျယ် သက်ရောက်မှုရှိတာ မြင်တွေ့နိုင်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။ 

အခုရက်ပိုင်း နိုင်ငံနဲ့အဝှမ်း လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေတဲ့ ကိစ္စတစ်ခုကတော့ ပြင်ဦးလွင်နဲ့ နောင်ချို ဧရိယာကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပြီး ဒီကနေ့အချိန်ထိ တိုက်ပွဲတွေ မစဲသေးပါဘူး။

အဲဒီတိုက်ပွဲဖြစ်စဉ်ဟာ ထူးခြားပြီး ဂယက်ရိုက်ခတ်မှုလည်း ကြီးမားပါတယ်။ ဖြစ်စဉ်မှာ လုံခြုံရေးအကောင်းဆုံး မြို့တစ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်က စစ်အင်ဂျင်နီယာတက္ကသိုလ် ပစ်ခတ် တိုက်ခိုက်ခံရတာရယ်၊ တိုင်းရင်းသား တပ်ဖွဲ့တွေက မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်က အထင်ကရ ဂုတ်တွင်းတံတားနဲ့ တခြားတံတား သုံးစင်းကို ချိုးပြီး တရုတ်-မြန်မာ ကုန်စည်စီးဆင်းရာ လမ်းကြောင်းကိုရပ်ဆိုင်းအောင် လုပ်ပြနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ရင် လေ့လာ သုံးသပ်စရာ ရှုထောင့်အမျိုးမျိုးရှိတဲ့အနက် တပ်မတော်နဲ့ အဲဒီလက်နက်ကိုင် သုံးဖွဲ့ရဲ့ ဆက်ဆံရေးပြဿနာတွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။

လက်ရှိအစိုးရနဲ့ တပ်မတော်ဘက်က လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်ရာမှာ ရထားတဲ့သဘောတူညီချက်တွေအလိုက် အမျိုးအစား သုံးမျိုးခွဲပြီး ဆောင်ရွက်နေတာတွေ့ရပါတယ်။ ပထမ တစ်မျိုးကတော့ တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့နဲ့ဆိုင်တဲ့ လုပ်ငန်းပါ။ လောလောဆယ် ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တရားဝင်ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ဆိုင်းငံ့ထားလေတော့ အဲလိုဖြစ်ပေါ်စေတဲ့ တစ်ဆို့မှုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့၊ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စနိုင်ဖို့ ကြိုးစားနေတဲ့ အခြေအနေလို့ပြောနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီးပေမဲ့ NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ NCA လမ်းကြောင်းပေါ်ရောက်လာအောင် ညှိနှိုင်းဆောင်ရွက်နေတဲ့ကိစ္စပါ။ ဒီအထဲမှာ ဝ၊ မိုင်းလား၊ SSPP/SSA ရှမ်းမြောက်တပ်ဖွဲ့၊ KNPP ကရင်နီတပ်ဖွဲပတွေ ပါဝင်ကြပါတယ်။ နောက်တစ်မျိုးကတော့ အစိုးရ၊ တပ်မတော်နဲ့ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးတဲ့ KIA ကချင် လက်နက်ကိုင်အဖွဲ့၊ AA ရခိုင်တပ်ဖွဲ့၊ တအာန်းပလောင်တပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့တွေနဲ့ ဆက်ဆံရေးပဲ ဖြစ်ပါတယ်။

အဲဒီအထဲကမှ ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့ဟာ ၁၉၉၄ ခုနှစ်မှာ အရင်စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးရခဲ့ပြီး ၁၇ နှစ်အကြာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ရောက်မှ ပြန်ပြီးတိုက်ခိုက်ရတဲ့အဖွဲ့ဖြစ်ပါတယ်။

ဒီထဲမှာမှ စစ်ရေးမဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ အေအေရခိုင်တပ်ဖွဲ့၊ တအာန်းပလောင်တပ်ဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်မှုအနေအထားဟာ စိတ်ဝင်စားစရာကောင်းနေတာ တွေ့ရမယ်ဖြစ်ပါတယ်။

အကြောင်းကတော့ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုကနေ အများသဘောတူတယ်လို့ ပြောနိုင်တဲ့ NCA စာချုပ် တစ်ခု ရလာပေမဲ့ စာချုပ်ထဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ဝင်ရောက်လက်မှတ်ရေးထိုးရေးကိစ္စ ဖြစ်မလာခဲ့တာဟာ အဲဒီလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့အပေါ်ထားတဲ့ သဘောထားကြောင့်လို့ ပြောနိုင်ပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်ကနေ အဲဒီ သုံးဖွဲ့ကို တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တန်းတူရည်တူ အခွင့်အရေးမပေးဘဲ NCA မှာပါဝင်ခွင့် မပေးတာကနေ စခဲ့တဲ့ပြဿနာပါ။ အဲလိုတပ်ဖွဲ့ သုံးဖွဲ့ကို လက်မှတ်ရေးထိုးခွင့် မပေးတဲ့အတွက် ကေအိုင်အေအပါအဝင် တခြားလက်နက်ကိုင်အဖွဲ့ တချို့ကလည်း NCA ကို လက်မှတ်ရေးထိုးခြင်း မရှိတော့တဲ့အခြေအနေ ရောက်သွားစေခဲ့ပါတယ်။

ဒီအဖွဲ့သုံးဖွဲ့ သမိုင်းကြောင်းကိုပြန်ကြည့်ရင် ရခိုင်အေအေတပ်ဖွဲ့ဟာ ၂၀၀၈ ခုနှစ်ရောက်မှ ကေအိုင်အေဌာနချုပ် ကချင်ပြည်နယ်မှာ စတင်ဖွဲ့စည်းတယ်လို့ Peace Monitor အဖွဲ့ကဆိုပါတယ်။ သူ့အရင် ၁၉၆၈ ခုနှစ်ကတည်းက ဖွဲ့စည်းထားတဲ့ မူလရခိုင်တပ်ဖွဲ့ ALP/ ALA ရှိနှင့်နေပြီး အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးလည်း လုပ်ထားပြီးသားပါ။

အလားတူ TNLA တအာန်းပလောင်တပ်ဖွဲ့ဆိုရင်လည်း ၁၉၉၂ မှ ပြန်လည်ဖွဲ့စည်း လှုပ်ရှားခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ မူလ PSLO/ PSLA ပလောင်တပ်ဖွဲ့ကတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ပြီးနောက်ပိုင်း ဖိအားပေးမှုတွေကြောင့် ၂၀၀၅ ခုနှစ်မှာ လက်နက်ချသွားခဲ့ပါတယ်။ အဲဒီအဖွဲ့က ကျန်ခဲ့သူတချို့က ပြန်ပြီးတည်ထောင်ထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ဖုန်ကြားရှင်(ကွယ်လွန်) ဦးဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ကတော့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပရဲ့ ဦးဆောင်မှုကို ဖယ်ရှားပြီး ၁၉၈၉ ခုနှစ်ကတည်းက အဲဒီအချိန်က စစ်အစိုးရနဲ့ အပစ်အခတ်ရပ်ထားခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်အရောက်မှာ တပ်မတော်ရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းမှုကို လက်မခံတာကြောင့် မူလကိုးကန့်နယ်မြေထဲကနေ တိုက်ထုတ်ခံလိုက်ရတဲ့အဖွဲ့ ဖြစ်ပါတယ်။

နောက်ပိုင်း ဝ နဲ့ မိုင်းလားဒေသတွေမှာ ခြေကုတ်ယူပြီး ၂၀၁၅ နှစ်ဆန်းမှာ တရုတ်နိုင်ငံဘက်ခြမ်းကနေတဆင့် ကိုးကန့်နယ်မြေထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကို ပြန်နှိမ်နင်းလိုက်နိုင်ပေမဲ့ တပ်မတော်ဘက်ကို အတော်လေး အသေအပျောက်များစေပြီး အထိနာစေခဲ့တဲ့တိုက်ခိုက်မှု ဖြစ်တာကြောင့် တပ်မတော်ဘက်က ကိုးကန့်တပ်ဖွဲ့ကို အခဲမကျေ ဖြစ်ခဲ့ပါတယ်။

အဲဒီလို နောက်ခံအခြေအနေတွေအောက်မှာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် NCA လက်မှတ်ရေးထိုးရာမှာ အစိုးရနဲ့ တပ်မတော်ဘက်က အဲဒီအဖွဲ့ သုံးဖွဲ့ကို ပါဝင်ခွင့် မပြုခဲ့တာဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ကချင်လက်နက်ကိုင် ကေအိုင်အေနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင် တချို့လည်း ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိတော့တဲ့အခြေအနေကို ဆိုက်ရောက်သွားစေခဲ့ပါတယ်။

နောက်ပိုင်း အစိုးရနဲ့ တပ်မတော်ဘက်က အဲဒီ သုံးဖွဲ့နဲ့ပတ်သက်ပြီး ကမ်းလှမ်းမှု တစ်ခုပြန်လုပ်ပါတယ်။ အဲဒါကတော့ လက်နက်ကိုင်တိုက်ခိုက်မှု ရပ်စဲမယ်လို့ ကြေညာချက်ထုတ်ရင် NCA မှာ ပါဝင်ခွင့်ပေးမယ် ဆိုပြီးတော့ဖြစ်ပါတယ်။ အဲဒီကမ်းလှမ်းချက် အဆင်မပြေပါဘူး။ အစိုးရနဲ့ တပ်မတော်ဘက်က နောက်ထပ်ကမ်းလှမ်းမှု လုပ်ပြန်ပါတယ်။

အဲဒီ တပ်ဖွဲ့ သုံးဖွဲ့အနေနဲ့ လက်နက်တွေကို အစိုးရဆီ အပ်စရာမလိုဘူး၊ ဒါပေမဲ့ တပ်ဖွဲ့ သုံးဖွဲ့ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ရင် သူတို့နဲ့ဆက်စပ်ပတ်သက်တဲ့၊ ဥပမာ ကေအိုင်အေ ကချင်လက်နက်ကိုင် တပ်ဖွဲ့လိုမျိုးက တာဝန်ယူမယ်၊ သူတို့နယ်မြေထဲမှာပဲ လှုပ်ရှားမယ် ဆိုရင် NCA ထဲ ပါဝင်ခွင့်ပေးမယ်ဆိုတာမျိုး ဖြစ်ပါတယ်။ ဒါလည်း အလုပ်မဖြစ်ပြန်ပါဘူး။ အဲဒီအချိန်ကာလတွေအတွင်း ရခိုင်ပြည်နယ်မှာ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ အဆက်မပြတ် ဖြစ်လာပါတယ်။

နောက်ဆုံးကမ်းလှမ်းမှုကတော့ မဟာမိတ် သုံးဖွဲ့ဖက်က စတာပါ။ သူတို့က တပ်မတော်နဲ့ Bi-Lateral နှစ်ဖက် အပစ်အခတ်ရပ်စဲရေး လုပ်ချင်တယ်လို့ ဆိုပါတယ်။ အကြိမ်တချို့ ညှိနှိုင်းပြီးနောက် အစိုးရဘက်က အဆိုပြုချက်တချို့ ပြန်ပေးပါတယ်။ အဲဒါက စည်းကမ်းသတ်မှတ်ချက် တချို့ပါတဲ့ အပစ်ရပ်စာချုပ် ချုပ်ကြမယ်၊ တဆက်တည်း အချိန်ကာလ တစ်ခုအတွင်း NCA စာချုပ်မှာလည်း လက်မှတ်ရေးထိုးရမယ်ဆိုတာမျိုး အဆိုပြုထားပါတယ်။ အဲဒီ အဆိုပြုချက်ထဲမှာ ရခိုင်အေအေတပ်ဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ အခြေချခွင့်မရှိဘဲ ကေအိုင်အေ ထိန်းချုပ်နေရာထဲမှာပဲ နေရမယ်ဆိုတဲ့ အချက်မျိုး ပါနေတာကြောင့် မဟာမိတ်အဖွဲ့တွေဘက်က သဘောမကျကြပါဘူး။

ဒီကြားထဲ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ တပ်မတော်ဘက်ကနေ အဲဒီမဟာမိတ် သုံးဖွဲ့နဲ့ ဆွေးနွေးမှုတွေမှာ အထောက်အကူဖြစ်စေဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း အပါအဝင် စစ်တိုင်း ၅ တိုင်းမှာ တစ်ဖက်သတ် အပစ်ရပ်ထားပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အပစ်ရပ်သက်တမ်း သုံးကြိမ်တိုးပေးခဲ့ပြီး အခု သြဂုတ်လကုန်မှာ သက်တမ်းကုန်ပါမယ်။ တပ်မတော်ဘက်က အပစ်ရပ်ကြေညာပြီးချိန်ကစ မဟာမိတ် သုံးဖွဲ့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က အပစ်ရပ်တာကို ကြိုဆိုပေမဲ့ ရခိုင်ပြည်နယ် မပါဝင်တာကိုတော့ ဝေဖန် ထောက်ပြခဲ့ကြပါတယ်။

အကျိုးဆက်အနေနဲ့ အပစ်ရပ် စစ်တိုင်း ၅ တိုင်းမှာ တိုက်ခိုက်မှုတွေ သိသိသာသာ လျော့ကျသွားပေမဲ့ ရခိုင်ပြည်နယ်ဘက်မှာတော့ တပ်မတော်နဲ့ အေအေတိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ဒီအခြေအနေအောက်မှာ မဟာမိတ် သုံးဖွဲ့ဘက်က တပ်မတော်အနေနဲ့ ရခိုင်ဘက်မှာရော၊ ရှမ်းမြောက်မှာပါ ထိုးစစ်ဆင်တာတွေ ရပ်တန့်ဖို့၊ မရပ်ခဲ့ဘူးဆိုရင် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ ကြေညာချက် ထုတ်ပြန်ပြီးနောက် သြဂုတ်လ ၁၅ ရက်မှာ အထက်ကတင်ပြခဲ့တဲ့ ပြင်ဦးလွင် နောင်ချို တိုက်ပွဲတွေ ပေါ်ပေါက်လာတာပါ။

ဖြစ်စဉ်တစ်ခုလုံးကို ပြန်သုံးသပ်ကြည့်ရင် တပ်မတော်ဘက်က လက်နက်ကိုင် သုံးဖွဲ့အပေါ်ထားတဲ့ သဘောထား အခြေအနေကိုလိုက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အကြီးအကျယ် သက်ရောက်မှုရှိတာ မြင်တွေ့နိုင်ပါတယ်။ တကယ်တော့ NCA စာချုပ် လက်မှတ်ထိုးဖို့ ပြင်ဆင်စဉ်က အစိုးရနဲ့ တပ်မတော်ဘက်က အင်အား ရာဂဏန်းအောက်၊ တချို့ အင်အား ၁၀၀- ၂၀၀ လောက်ပဲရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ငယ်လေးတွေကို ပါဝင်လက်မှတ်ထိုးခွင့်ပြုပြီး အဲဒီအဖွဲ့တွေထက် အင်အားအများကြီးများတဲ့၊ တကယ်လည်း တိုက်ခိုက်နိုင်တဲ့စွမ်းရည်ရှိတဲ့ ဒီမဟာမိတ် သုံးဖွဲ့ကို အသိအမှတ်ပြုဖို့၊ လက်မှတ်ထိုးခွင့်ပေးဖို့ ဘာကြောင့်တွန့်ဆုတ်ခဲ့တာလဲ၊ အဲလိုသဘောထားကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လိုဆိုးကျိုးတွေ သက်ရောက်ခဲ့သလဲ၊ သက်ရောက်နေသလဲဆိုတာ ပြန်သုံးသပ်ဖို့လိုပါတယ်။

စစ်ပွဲတွေဖြစ်ရာမှာ နှစ်ဖက်အပြန်အလှန် နာကျည်းမှုတွေ ရှိနေမှာကတော့ မလွဲမသွေပါပဲ။ ဒီ သုံးဖွဲ့နဲ့မှမဟုတ်ဘဲ တပ်မတော်နဲ့ ကေအိုင်အေ၊ တပ်မတော်နဲ့ ကေအင်န်ယူဆိုရင်လည်း အဲလိုခံစားချက်တွေ အသီးသီးရှိကြတာပါပဲ။ ဒီအခြေအနေအောက်မှာ ခံစားချက်တွေ၊ ခွဲခြားလိုမှုတွေကို ဘေးဖယ်ထားပြီး အပစ်ရပ်တာ၊ ငြိမ်းချမ်းရေးတည်ဆောက်တာ လုပ်ရစမြဲပါပဲ။

ဒါကြောင့် တပ်မတော်အနေနဲ့ လက်ရှိဂယက်ရိုက်ခတ်မှုကြီးတဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် သုံးဖွဲ့နဲ့ပတ်သက်တဲ့သဘောထားကို အပြန်ပြန် အလှန်လှန် အသေအချာ ပြန်စဉ်းစားသုံးသပ်ပြီး အပစ်အခတ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်သင့်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.