ဒုသမ္မတကို “ဆုအတု”ပေးဖို့ကြိုးစားခြင်း(၂)

နေယံဦး

အောက်(စ်)ဖို့ဒ်

ကျွန်တော် စိတ်ဝင်စားတဲ့ အကြောင်းအရာက ECTT အဖွဲ့က ဘယ်လိုလုပ်ပြီး မြန်မာပြည်ကို ရောက်လာတာလဲ ဆိုတာပါ။

သူတို့က မြန်မာပြည်ရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လာအိုနဲ့ ကမ္ဘောဒီးယားကို အဝင်အထွက် ရှိဖူးတော့ အာဆီယံဒေသကို ကျွမ်းကျင်ပါတယ်။

မြန်မာပြည်ကို ဝင်လာဖို့လည်း ၂၀၁၄ ခုနှစ်ထဲက ချောင်းနေတာပါ။ အခု ၂၀၁၉ မှာကော သူတို့ မြန်မာပြည်ကို ဘယ်လို ဝင်တာလဲ။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို တိုက်ရိုက်ဆက်သွယ်တာလား။ ဒါမှမဟုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကို အရင်ဝင်တာလား။ ဒု-သမ္မတရုံးကိုကော အသိပေးသေးလား။

ဥရောပရောက် မြန်မာသံတမန်များ

ကျွန်တော် ပထမဆောင်းပါး ဖေစ့်ဘွတ်ခ်ပေါ်တင်လိုက်တော့ စာဖတ်သူတစ်ယောက်က “သံအမတ်ကြီး ဦးစိုးလင်းဟန်တစ်ယောက်လုံးရှိနေတာဘဲ [ဒီအဖွဲ့အကြောင်း] တချက်လှမ်းတောက်ကြည့်ဖို့ကောင်းပါတယ်” လို့ မှတ်ချက်ရေးပါတယ်။

ဦးစိုးလင်းဟန်ဆိုတာ ဘယ်လ်ဂျီယမ်နဲ့ လူဇင်ဘတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးပါ။

သူပြောတာလည်း သဘာဝကျပါတယ်။ ECTT အဖွဲ့ကသာ ဥရောပသမဂ္ဂလက်အောက်ခံအဖွဲ့ အမှန်ဆိုရင်ရင်တော့ EU ရုံးစိုက်ရာ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ ရှိသင့်တာပေါ့။ ဒါကြောင့် ဘယ်လ်ဂျီယမ် မြန်မာသံရုံးက ဒီအဖွဲ့အကြောင်း သိသင့်တာပေါ့။

ECTT မြန်မာပြည်ထဲ ဘယ်လိုဝင်လာပြီး၊ ဘယ်သူနဲ့ စချိတ်လဲဆိုတာ စိတ်ဝင်စားမိတော့ ကျွန်တော် အချက်အလက်တွေ ထပ်ရှာပါတယ်။ အင်တာနက်မှာရှာ၊ သူတို့အဖွဲ့က ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းတွေမှာ ရှာပေါ့။

မြန်မာအစိုးရဘက်ခြမ်းက လိုချင်တဲ့ဒေတာ ရဖို့ဆိုတာ မျှော်လင့်လို့ မရပါဘူး။ ပြည်တွင်းမီဒီယာတွေက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို တိုက်ရိုက်ဖုန်းဆက်မေးတာတောင် မဖြေတာ၊ အင်္ဂလန်မှာရှိနေတဲ့ ကျွန်တော် မေးရင် ပိုလို့တောင် မဖြေဖို့ဘဲရှိပါတယ်။

အဲဒီတော့ အင်တာနက်အားကိုးပြီး ဆက်ရှာရတာပေါ့။

နောက်ဆုံးတော့ ကျွန်တော် လိုချင်တာ သွားတွေ့ပါတယ်။ ဒီအဖွဲ့က မြန်မာပြည်ကို ဘယ်လို ဝင်လဲဆိုတာ သူတို့ ထုတ်ပြန်တဲ့ အချက်အလက်တွေ အရသိရတာပါ။

ဒီအဖွဲ့က ဥရောပသမဂ္ဂရဲ့ တကယ့်အဖွဲ့အစည်းအစစ်မဟုတ်တဲ့အတွက် သူတို့ရုံးက EU ရုံးစိုက်ရာ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့မှာ မရှိပါဘူး။ ရိုမေးနီးယားနိုင်ငံ၊ ဗူးခရက် Bucharest မြို့မှာ ရှိတာပါ။

သူတို့ မြန်မာပြည်ကို ဆုပေးမယ်လို့ ကမ်းလှမ်းတော့ သူတို့ ဆက်သွယ်တာ ဘရပ်ဆဲလ်က မြန်မာသံရုံး မဟုတ်ပါဘူး။ ဒါကြောင့် သံအမတ်ကြီး ဦးစိုးလင်းဟန်က ဒီအဖွဲ့ မြန်မာပြည်ဝင်မယ်ဆိုတာကို သိချင်မှ သိပါလိမ့်မယ်။ (မြန်မာသံရုံးတွေက ချိတ်ဆက်နေတော့ သိချင်လည်း သိမှာပေါ့။)

သူတို့ဆက်သွယ်တာက ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့က မြန်မာသံရုံး ဖြစ်ပါတယ်။

typeof=

ဗီယင်နာမြန်မာသံရုံးကနေတဆင့် နေပြည်တော်မှာရှိတဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို ရောက်သွားပုံ ပေါ်ပါတယ်။

ဒီမှာမေးစရာ ရှိတာက ဗီယင်နာမြန်မာသံရုံးက သူတို့ဆီရောက်လာတဲ့စာကို သေသေချာချာ မစိစစ်ဘူးလား။ ECTT က ခိုင်မာမှုမရှိတဲ့ အဖွဲ့အစည်းဆိုတာကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအား မတင်ပြဘူးလား။ ဒါမှမဟုတ် နေပြည်တော်ဘက်ခြမ်းက ဗီယင်နာသံရုံးက တင်ပြတာကို လက်မခံတာလား။ သူတို့အတွင်းက ဇာတ်လမ်းကတော့ သူတို့အချင်းချင်းပဲ သိပါလိမ့်မယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကြားထဲ တာဝန်ခွဲဝေမှု ဘယ်လိုရှိလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ အခု ထပ်မံတွေ့ရှိတဲ့ အချက်တွေအရတော့ ဒီဆုအတုဖြစ်စဉ်ကြီးထဲမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအပြင် နိုင်ငံခြားရေးဝန်ကြီးဌာနပါ ပါဝင်နေကြောင်း တွေ့ရပါတယ်။

 မြန်မာနိုင်ငံရဲ့ ဆုံးရှုံးမှုများ

ECTT ကပေးတဲ့ ဂုဏ်သိက္ခာမရှိတဲ့ဆုကို လက်ခံယူလိုက်တော့ ဘာဖြစ်သွားသလဲလို့ မေးစရာရှိပါတယ်။

နာမည်ပျက်ပါတယ်။ဒီလိုမျိုး ခိုင်မာမှုမရှိတဲ့အဖွဲ့တွေကြောင့် အစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာထိခိုက်ရသလို၊ တိုင်းပြည်အတွက်လည်း မကောင်းပါ။

အထူးသဖြင့် အခုလိုမျိုး နိုင်ငံတကာမှာ မြန်မာဆိုတဲ့ ပုံရိပ်က အရမ်းကို ကျဆင်းနေတဲ့ အချိန်မှာ နောက်ထပ် အရှက်ရစရာ ဖြစ်ပါတယ်။

တချို့တွေကလည်း “ဆုလက်မှတ်က တုတုစစ်စစ် အလကားရတာပဲ၊ ယူထားလိုက်ပေါ့လို့” မှတ်ချက် ရေးပါတယ်။ဒီဆုတွေက အလကားရတဲ့ ဆုတွေမဟုတ်ပါဘူး။ မြန်မာအစိုးရဘက်က ငွေကြေးကုန်ကျမှုတွေ ရှိပါတယ်။ ဒီအကြောင်းကို အခုရှင်းပါမယ်။

ECTT က မြန်မာပြည်ကို ဝင်ဖို့ ၂၀၁၄ မှာ အစိုးရကို ချဉ်းကပ်တဲ့အကြောင်းကို အရင်အစိုးရလက်ထက်ကသမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေစ့်ဘွတ်ခ်ပိုစ့်တစ်ခု တင်ပါတယ်။

“ဆုပေးမယ်ဆိုတဲ့ [ECTT] အဖွဲ့အစည်းက သူတို့ဆီက တာဝန်ခံသုံးယောက် မြန်မာနိုင်ငံကို လာရောက်လေ့လာဖို့အတွက် ကုန်ကျစရိတ်ကျခံမှုအပါအဝင် မြန်မာဘက်က ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေကို ပေးပို့လာတယ်” လို့ ဦးရဲထွဋ်က ဆိုပါတယ်။

ဒါက ဘာကို ပြနေလဲဆိုတော့ ဒီအဖွဲ့တွေက မြန်မာပြည်ကို ချစ်လို့၊ သံယောဇဉ်ရှိလို့ ဆုပေးတာ မဟုတ်ပါ။ ဆုပေးချင်းရဲ့ နောက်ကွယ်မှာ ငွေကြေးတောင်းဆိုမှုတွေ ရှိနေတယ် ဆိုတာပါပဲ။

ECTT က စက်တင်ဘာ ၂၇ ရက်ဆိုရင် နေပြည်တော်ကိုလာပြီး ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆုကို မြန်မာနိုင်ငံကရရှိပါတယ်ဆိုပြီး ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

စက်တင်ဘာ (၂၇) ရက်နေ့ဆိုတာ ကမ္ဘာ့ခရီးသွားနေ့ပါ။ ECTT ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ Anton Caragea က ကမ္ဘာ့ခရီးသွားနေ့ပွဲတော်နဲ့ ကမ္ဘာ့အကောင်းဆုံး ခရီးစဉ်ဒေသဆု ချီးမြှင့်ပွဲအခမ်းအနားတွေကို ဖွင့်လှစ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဟိုတယ်နှင့်ခရီးသွာလာရေးဝန်ကြီး ဦးအုန်းမောင်နဲ့ တခြားအစိုးရအရာရှိကြီးတွေနဲ့လည်း တွေ့သွားဖို့ ရှိတယ်လို့ ECTT က သတင်းထုတ်ပြန်ပါတယ်။

ဒီလို မြန်မာပြည်ကိုလာတဲ့အခါ ဒေါက်တာ Anton Caragea က သူ တစ်ယောက်ထဲလာမှာ မဟုတ်ပါဘူး။ Delegation (ကိုယ်စားလှယ်တစ်ဖွဲ့) ခေါ်လာမှာဖြစ်ပြီး၊ အဲဒီကိုယ်စားလှယ်အဖွဲ့ကို သူ ဦးဆောင်လာမှာပါ။

မြန်မာတိုင်း(မ်)ရဲ့ သတင်းပေးပို့မှုအရတော့ မြန်မာအစိုးရက ECTT ကို စရိတ် အကုန်အကျခံပြီး နေပြည်တော်ကို ဖိတ်မှာ ဖြစ်ပါတယ်။

ECTT အဖွဲ့အကြောင်း ကျွန်တော် ဆောင်းပါးတွေရေးနေတော့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းတဦးဖြစ်တဲ့ ဗစ်ကီဘိုးမန်းနဲ့ ကျွန်တော် အဆက်အသွယ်ရပါတယ်။ သူကလည်း ECTT ရဲ့ မြန်မာပြည်ခရီးစဉ်အကြောင်း လေ့လာနေသူဖြစ်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သံအမတ်ကြီးကို အင်တာဗျူးကြည့်ပါတယ်။ ဗစ်ကီပြောတာက

“မြန်မာပြည်ကိုလာမယ့် ECTT ရဲ့ delegation ထဲမှာ ရိုမေးနီးယားလူမျိုး ငါးယောက်ပါမှာဖြစ်ပြီး၊ သူတို့ရဲ့ မြန်မာပြည်ခရီးစဉ်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက စီစဉ်နေပါတယ်။ ဒီအဖွဲ့ကလူတွေက မြန်မာပြည်ကို အပန်းဖြေအနားယူလာမယ့် ပုံစံမျိုးဖြစ်နေပြီး၊ ဒီအတွက်စရိတ်ကို မြန်မာအစိုးရက ကျခံသုံးစွဲရမယ်ဆိုတော့ ဒါက မဖြစ်သင့်တဲ့ကိစ္စပါ။”

ECTT ကိုယ်စားလှယ်အဖွဲ့က မြန်မာပြည်လာတဲ့အခါ နေပြည်တော်မှာ ပွဲတက်ပြီး ပြန်သွားမှာ မဟုတ်ပါဘူး။ ဧည့်ဝတ်ကျေတဲ့ မြန်မာတွေပီပီ သူတို့ကို ဆုပေးပွဲ မတိုင်ခင် မန္တလေး၊ အင်းဝ၊ ရန်ကုန်၊ အမရပူရ၊ အင်လေးကန်နဲ့ ပဲခူးတို့လို နိုင်ငံခြားခရီးသွားဧည့်သည်တွေ အသွားများတဲ့ ဒေသတွေကို လိုက်ပို့ဦးမှာပါ။

ဒါတွေအကုန်လုံးကလည်း အစိုးရစရိတ်နဲ့ပဲ ဖြစ်ပါတယ်။

typeof=

ပြန်ချုပ်ရရင် ECTT က ပေးမယ်ဆိုတဲ့ဆုက အလကားရတဲ့ ဆုမဟုတ်ပါဘူး။ သူတို့ကို မြန်မာအစိုးရက အနည်းဆုံးတော့ စရိတ်ခံ ခေါ်ရမှာပါ။

ဒါတောင် နေပြည်တော်မှာကျင်းပမယ့် ကမ္ဘာ့ခရီးသွားနေ့ပွဲမှာ ပါဝင်မယ့် ပြည်တွင်း၊ ပြည်ပစီးပွားရေး ကုမ္ပဏီတွေဆီကနေ ဒီအဖွဲ့က စပွန်ဆာတွေ လိုက်တောင်းနေသေးသလား မသိပါ။ လိုက်တောင်းမယ်ဆိုရင်တော့ ဒါက တကယ် ပိုက်ဆံရှာတဲ့ ခွင်ကြီး ဖြစ်သွားပါပြီ။

ဦးရဲထွဋ်ပြောကြားချက်အရ (၂၀၁၄ ခုနှစ်မှာ) ဒီအဖွဲ့အတွက် ကုန်ကျစရိတ်ကျခံမှုအပါအဝင် မြန်မာဘက်က ဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ မြန်မာတိုင်း(မ်)ကလည်း ECTT ခရီးစဉ်ကို မြန်မာအစိုးရက အကုန်အကျခံသွားမယ်လို့ သတင်းရေးပါတယ်။ ဗြိတိန်သံအမတ်ဟောင်းဗစ်ကီကလည်း လူငါးယောက်တောင် ECTT ရဲ့ delegation ထဲ ပါမယ်လို့ ဆိုပါတယ်။

ဒီအချက်တွေကို အခြေခံပြီး ကျွန်တော် သူတိုရဲ့ ခရီးစဉ်ကုန်ကျစရိတ် အကြမ်းဖျင်း တွက်ပြပါမယ်။

သူတို့က သူတို့ကိုယ်သူတို့ ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ (ECTT) ဆိုပြီး EU ပုံစံ အမည်တပ်ထားတော့ ခရီးသွားမယ်ဆိုရင် ရိုးရိုးတန်းကနေ လေယာဉ်စီးမှာ မဟုတ်ပါဘူး။ ဈေးနှစ်ဆ၊ သုံးဆပိုကြီးတဲ့ Business Class ကပဲ စီးမှာပါ။

သူတို့လာမယ့်ရက်ရဲ့ လေယာဉ်ခတွေကို ရှာကြည့်လိုက်တော့ Qatar Airways နဲ့ဆိုရင် Business Class က တစ်ယောက်ကို ဒေါ်လာငါးထောင်ကျော်ကြပါတယ် ။ ငါးယောက်ဆိုတော့ ဒေါ်လာနှစ်သောင်းခွဲကျော်သွားပြီ။ မြန်မာပြည်မှာတည်းမယ့် ဟိုတယ်ခနဲ့ တခြားစရိတ်တွေပါ ထည့်တွက်မယ်ဆိုရင် ဒေါ်လာ ၂၈,၀၀၀ လောက်ဖြစ်သွားပါတယ်။ မြန်မာငွေနဲ့ဆိုရင် သိန်း (၄၂၀) ကျော်သွားပါပြီ။

typeof=

သူတို့ကိုမြန်မာပြည်ခေါ်တဲ့ စရိတ်က အစိုးရဝန်ထမ်းတွေထဲမှာ ရာထူးအမြင့်ဆုံးဖြစ်တဲ့ အမြဲတမ်းအတွင်းဝန်ရဲ့ လစာထက် (၇၈) ဆ များပါတယ်။ တနည်းပြောရရင် ဒီလိုခိုင်မာမှုမရှိတဲ့အဖွဲ့ကလူတွေကို စရိတ်ခံခေါ်မယ့်အစား၊ အမြဲတမ်းအတွင်းဝန်တစ်ယောက်ကို (၆) နှစ်ကျော် အလုပ်ပေးထားလို့ ရပါတယ်။

ဒါက သူတို့ရဲ့ ခရီးစဉ်စရိတ်ကို အကြမ်းဖျင်း တွက်ကြည့်တာပါ။ တကယ် ဘယ်လောက်ကုန်မလဲဆိုတာတော့ အစိုးရဘက်က အချက်အလက် အတိအကျ ထွက်လာမှ သိနိုင်မှာပါ။

ဒီနေရာမှာ ဝန်ကြီးဌာနကို မေးဖို့ရှိတာက သူတို့အတွက် လေယာဉ်လက်မှတ်တွေ ဝယ်ပြီးသွားပြီလား။ ဝယ်ပြီးသွားပြီဆိုရင်ကော လေကြောင်းလိုင်းတွေဆီကနေ အချိန်မှီ ပိုက်ဆံပြန်တောင်းလို့ ရသေးလား။ တခြားဘာအသုံးစရိတ်တွေကော လက်လွန်ပြီး သုံးထားမိတာ ရှိသေးလဲ။

ဒါတွေကို ပြည်သူကို အမှန်အတိုင်း အသိပေးဖို့ လိုပါတယ်။

ကျွန်တော်တို့နိုင်ငံက အလွန်ပင် ဆင်းရဲတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ နိုင်ငံတော်ဘတ်ဂျက်တွေ အလဟသ ကုန်တာမျိုး မဖြစ်စေလိုပါဘူး။

ပြည်သူကို ဖြေရှင်းပါ

ECTT က မြန်မာပြည်ကိုလာပြီး ဒု-သမ္မတကို ဆုပေးမယ်ဆိုတဲ့သတင်းက ရန်ကုန်မှာရှိတဲ့ သံတမန်အသိုင်းအဝိုင်းကြားမှာ အတော်လေး လှုပ်ခတ်သွားပါတယ်။ လှုပ်ခတ်ဆို ဒီအဖွဲ့က ဥရောပသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းလိုမျိုး ပုံမှား ရိုက်ထားတာကိုး။

ဒါကြောင့် ECTT အဖွဲ့သည် ဥရောပသမဂ္ဂနှင့်သော်လည်းကောင်း၊ ဥရောပသမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းများနှင့်သော်လည်းကောင်း လုံး၀ ပတ်သက် သက်ဆိုင်ခြင်းမရှိပါကြောင်း ရန်ကုန်ရှိ EU သံရုံး European Union in Myanmar က ဖြေရှင်းရတဲ့အထိ ဖြစ်ကုန်ပါတယ် (ပုံ – ၆)။ ဟိုတယ်ခရီးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကို EU ဘက်က တရားဝင်အကြောင်းကြားစာ ပို့ထားကြောင်းလည်း မြန်မာတိုင်း(မ်)ရဲ့ သတင်းအရ သိရပါတယ်။

ကျွန်တော်တို့ မြန်မာအစိုးရအနေနဲ့ ဥရောပသမဂ္ဂရဲ့ လုပ်ဆောင်ပုံကို အတုယူသင့်ပါတယ်။

အစိုးရအဖွဲ့ထဲ ပြဿနာတွေ၊ အရှုပ်တော်ပုံကြီးတွေ ပေါ်ပေါက်လာပြီဆိုရင် ပြည်သူတွေ မျှော်လင့်တာက အစိုးရသည် ပွင့်လင်းမြင်သာစွာ (openness/transparency)၊ တာဝန်ခံမှုအပြည့် (accountability) နဲ့ မဆိုင်းမတွ (responsiveness) ဖြေရှင်းဖို့ပါပဲ။

အခုဆိုရင် ဒု-သမ္မတရဲ့ ဆုအတုကိစ္စကြီးက ပြည်သူတွေကြားထဲ ပျံ့သွားတာ ငါးရက်ရှိပါပြီ။ အစိုးရက အခုအထိ တရားဝင် ဖြေရှင်းတာ မရှိသေးပါဘူး။

မြန်မာနိုင်ငံကို ကမ္ဘာ့အကောင်းဆုံးခရီးစဉ်ဒေသဆုပေးမယ်ဆိုတဲ့ အရှုပ်တော်ပုံကြီးမှာ ဘယ်ဝန်ကြီးဌာနတွေ ပါဝင်ပြီး၊ ဘာတွေဖြစ်ခဲ့သလဲ၊ ဘယ်သူက ဒီဆုတွေ လက်ခံဖို့ ခွင့်ပြုခဲ့သလဲ၊ နိုင်ငံတော်ဘဏ္ဍာရော ဆုံးရှုံးမှုတွေ ရှိ သေးလားဆိုတာ အစိုးရက ပြည်သူကို အမှန်အတိုင်း သတင်းထုတ်ပြန်ပေးဖို့ လိုပါတယ်။

ဝန်ကြီးဌာနဘက်က ရိုးသားတဲ့အမှားဆိုရင် ပြည်သူတွေက ခွင့်လွှတ်ဖို့ အဆင့်သင့်ပါ။

အဓိကကတော့ ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ခံမှုရှိရှိ၊ ကျင့်ဝတ်သိက္ခာရှိရှိနဲ့ ပြည်သူကိုဖြေရှင်းဖို့ပါပဲ။

ပြည်သူတွေကို ဂရုမစိုက်ဘူး၊ ငါတို့လုပ်ချင်တာ လုပ်မယ်ဆိုရင်တော့ ပြည်သူတွေရဲ့ အမုန်းကိုပဲ ရပါလိမ့်မယ်။

ဆက်စပ်ဖတ်ရှုရန်-ဒုသမ္မတကိုဆုအတုပေးဖို့ကြိုးစားခြင်း

https://frontiermm.serioustec.com/mm/news/15496

(နေယံဦးသည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်ရှိ နိုင်ငံတကာလေ့လာရေး သုတေသနအဖွဲ့တစ်ခုဖြစ်သော Pacific Forum တွင် မြန်မာ့အရေးလေ့လာသူ သုတေသီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် အင်္ဂလန်နိုင်ငံရှိ အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့တက်ရောက်သင်ကြားနေသူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ်ရှိ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ် Northern Illinois University မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ရရှိထားသူလည်းဖြစ်သည်။)

 

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.