ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးနှင့် ဒေသတွင်း နိုင်ငံရေး

ဒီမိုကရေစီသို့ ကူးပြောင်းကာစ စပ်ကူးမတ်ကူးနိုင်ငံများတွင် နက်ရှိုင်းစွာအမြစ်တွယ်နေသော လူမှုရေးနှင့် အသိပညာယိုင်ညွတ်မှုများသည် အပြည်ပြည်ဆိုင်ရာနိုင်ငံရေးစံများနှင့် ကွဲလွဲမှုရှိနေတတ်သည်။.

ဒေးဗစ် အိုင်စတိုင်းဘတ်ဂ် ရေးသားသည်။

“တစ်ခုက ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးအိုင်ကွန်၊ နောက်တစ်ခုက မြန်မာ့သံမဏိနိုင်ငံရေးသမား၊ ဒီနှစ်ခုကို ပေါင်းစပ်ထားရသည်မှာ လွယ်ကူသည့်အရာ မဟုတ်နိုင်ချေ”

အိုဘားမားအစိုးရအဖွဲ့တွင် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာ ဝီလျံဘန်းစ် Mr. William Burns က မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခဲ့ရပုံကို သူ့စာအုပ် The Back Channel: A memoir of American Diplomacy and the Case for its Renewal NY Random Howe P. 270  တွင် ရေးသားထားချက်ဖြစ်ပါသည်။

မစ္စတာ ဘန်းစ်၏ ‘အတတ်ဟော ကောက်ချက်’ သည် ဒေါ်အောင်ဆန်းစုကြည်၏ အကျပ်အတည်းကို ထိထိမိမိဖော်ပြလိုက်သည့်အပြင် နိုင်ငံတကာ၏ ထင်မြင်ယူဆချက်၊ မူဝါဒနှင့် မြန်မာ့နိုင်ငံရေးအရှိတရား ယင်းနှစ်ခုကို မျှတအောင် ချိန်ဆရာတွင် အနောက်နိုင်ငံများ ကြုံတွေ့နေရသော အကျပ်အတည်းကိုလည်း ဖော်ပြရာရောက်ပါသည်။ ဒေါ်စုက သူ့ကိုယ်သူ နိုင်ငံရေးသမားဟုသာ မှတ်ယူသည်၊ (icon ဟူသော  အမွှန်းတင်ခံရသည့်ပုဂ္ဂိုလ်) တစ်ယောက်မဟုတ်ဟု ဆိုသည်။ တကယ်တော့ ဒေါ်စုသည် နှစ်ယောက်စလုံး ဖြစ်ချေသည်။

အနောက်ကမ္ဘာအမြင်တွင် ရိုဟင်ဂျာမွတ်ဆလင်တွေကို မြန်မာတို့က ကမ်းကုန်အောင်ခွဲခြားဆက်ဆံပြီး လူမျိုးရေးရှင်းလင်းမှုလုပ်နေသည်။ မြန်မာနိုင်ငံအတွင်းမှာတော့ ရိုဟင်ဂျာဆန့်ကျင်ရေးစိတ်ဓာတ်ကို နေရာတိုင်းမှာ တွေ့ရသည်။ ဆင်းရဲတွင်းနက်နေသူတို့အပေါ် နှိပ်ကွပ်သည့်ဥပဒေများ ပြဋ္ဌာန်းထားသည်။ မြို့ပြနှင့် ပညာတတ်အသိုက်အဝန်းမှာတော့ ဒေါ်စုအစိုးရသည် ကိုလိုနီခေတ်ကတည်းက ရှိခဲ့သော ဥပဒေများ၊ ဒီမိုကရေစီ မဆန်သော ဥပဒေများကို ဆက်လက်ကိုင်စွဲကျင့်သုံးနေသည်ဟု ဝေဖန်ကြသည်။ ထိုဥပဒေများကို စစ်အာဏာရှင်အစိုးရအဆက်ဆက် ကျင့်သုံးလာခဲ့ကြသည်။

သူ၏နာမည်ကောင်းတွေ ကျနေပြီဟု သတင်းအချို့ကဆိုသော်လည်း လူကြိုက်များလျက်ပင်ရှိပါသည်။

စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းနှင့် သူ့နောက်ဆက်ခံသော စစ်အစိုးရအဆက်ဆက် နောက်ပိုင်းတွင် မြန်မာနိုင်ငံ လွတ်လပ်မှုရှိလာသည်။ သမ္မတဦးသိန်းစိန်၏ တဝက်တပျက် စစ်အစိုးရ quasi-military government  နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်လ်ဒီပါတီ၏ တဝက်တပျက် အရပ်သားအစိုးရ quais-civilian government တို့လက်ထက်တွင် သိသိသာသာတိုးတက် လွတ်လပ်မှုများရရှိလာခဲ့သည်။ သို့သော် တိုးတက်မှုမှာ အကန့်အသတ်နှင့်သာဖြစ်ပြီး တရားစီရင်ရေးစနစ်မှာမူ နိုင်ငံတော်၏ ထိန်းချုပ်မှုလက်ထဲတွင်သာ ရှိလေသည်။

အနောက်နိုင်ငံများနှင့် မြန်မာနိုင်ငံမှ လူအများကတော့ ဤသို့သော ဒီမိုကရေစီသို့ ပြောင်းလဲမှုသည် ရှောင်လွှဲမရသော အပြောင်းအလဲဟု ယုံကြည်ကြသည်။ အာရပ်နွေဦးလှုပ်ရှားမှုကို မြင်တွေ့ခဲ့ကြရပြီး ဒီမိုကရေစီ စပ်ကူးမတ်ကူးကို ယုံကြည်ထားကြခြင်းဖြစ်သည်။ ဤသို့သော ရိုးရှင်းလှသည့် သရုပ်ခွဲဆန်းစစ်မှုသည် နိုင်ငံရေးဆင့်ကဲဖြစ်စဉ်ကို ရင်ဆိုင်ဖြတ်သန်းနေကြရသော နိုင်ငံများရှိ နက်ရှိုင်းစွာ အမြစ်တွယ်နေသော ကြွယ်ဝလှသည့် ယဉ်ကျေးမှုအမွေအနှစ်ကို လျစ်လျူရှုရာရောက်ပါသည်။ ဤသို့ နက်ရှိုင်းစွာ စိမ့်ဝင်နေသော ရိုးရာလူမှုရေးနှင့် အသိပညာယိုင်ညွတ်မှုများသည် တစ်ခါတရံ နိုင်ငံတကာစိတ်ကူးယဉ် နိုင်ငံရေးစံများနှင့် ကွဲလွဲမှုများရှိတတ်သည်။

နိုင်ငံရေးနှင့် အခြားစံများက ပြောင်းလဲတတ်ပါသည်။ မည်သည့်ယဉ်ကျေးမှုမျှ အင်္ဂတေတွင် မြှုပ်နှံထားသည်မဟုတ်။ သို့သော် ပြောင်းလဲသည့်ဖြစ်စဉ်မှာ ရှည်ကြာပြီး မချိတင်ကဲ ဝေဒနာ ခံစားကြရမြဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂိုလ်သြဇာအာဏာ လွှမ်းမိုးမှုမှာ အပြတ်အတောက်မရှိ တောက်လျှောက်အမွေဆက်ခံခဲ့ရသည်။ မြန်မာဘုရင်များလက်ထက်မှ ယနေ့ခေတ်တိုင် ခေါင်းဆောင်တစ်ဦးကသာ အာဏာလွှမ်းမိုးသည်မဟုတ်၊ ခေါင်းဆောင်၏ နောက်ပါရံရွေ အသင်းအပင်းတို့ကပင်လျှင် ဤသဘောရှိတတ်သည်။

မြန်မာများအဖို့ မိမိ၏ခေါင်းဆောင်၊ ဧည့်သည်၊ သို့မဟုတ် မိတ်ဆွေတစ်ဦးတစ်ယောက်ကို မကောင်းပြောခြင်းဖြင့် ကသိကအောက်ဖြစ်အောင်လုပ်ခြင်းသည် ရွံ့မုန်းစရာ အမူအရာဖြစ်သည်။ ရလဒ်အဖြစ် အာဏာသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံ၌သာ ဗဟိုပြု၍နေတော့သည်။ ဤစံသတ်မှတ်ချက်တွင် အင်န်အယ်လ်ဒီရော၊ စစ်တပ်ရောအတူတူပင်ဖြစ်သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်မှစ၍ စစ်တပ်၏ သမိုင်းဆိုင်ရာ အခန်းကဏ္ဍကြောင့် ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံရေးမှာ ပို၍ပင် ရှုပ်ထွေးသည်။ နိုင်ငံ၏အာဏာကို ချုပ်ကိုင်နိုင်ရန် စစ်တပ်သည် အနည်းဆုံးဆိုရလျှင် ၁၉၆၂ မှစ၍ ပုံစံချလာခဲ့သည်။ ပထမ ဗိုလ်ချုပ်နေဝင်း၏ တကိုယ်တော် အုပ်ချုပ်မှု၊ နောက်တစ်ခါ စစ်တပ်လွှမ်းမိုးသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ နောက်စစ်အုပ်ချုပ်ရေးအဖွဲ့၊ ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံ၊ ဤဖွဲ့စည်းပုံသည် အနာဂတ်တွင် မည်သည့်အစိုးရတက်တက် အာဏာကို စစ်တပ်က ချုပ်ကိုင်ထားနိုင်အောင် စစ်တပ်ကိုယ်တိုင် ရေးဆွဲထားခဲ့သော ဖွဲ့စည်းပုံဖြစ်သည်။ အင်န်အယ်လ်ဒီသည်လည်း ဤဖွဲ့စည်းပုံအောက်မှာပင် စိတ်မသက်မသာဖြင့် ဆက်လက်လှုပ်ရှားနေရတုန်းပင်။

ဗဟိုချုပ်ကိုင်ရေးဆီသို့ ယိုင်ညွှတ်မှုကြောင့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းဆိုင်ရာ ဖြာထွက်မှုများရှိသည်။ အာဏာရှိ ပုဂ္ဂိုလ်တစ်ဦးကိုလွန်၍ မြန်မာနိုင်ငံတွင် တပ်မတော်ကဲ့သို့သော အဖွဲ့အစည်းတစ်ခုတွင် ၎င်း၏အနေအထားကို သေချာစေရန် အထူးပုံဖော်ဖန်တီးထားသော တရားဝင်လုပ်ပိုင်ခွင့် ရရှိထားသည်။ သို့သော် လူပုဂ္ဂိုလ်သည် သြဇာအာဏာကြီးမားသူဖြစ်လေရာ တစ်ခုတည်းသောအဖွဲ့အစည်းသည် လွှမ်းမိုးလာသည်။ ရလဒ်အားဖြင့် လွှမ်းမိုးမှုကို ထိန်းချုပ်မည့် အခြားနည်းလမ်း အလွန်အားနည်းသွားသည်။

ဒီမိုကရေစီအုပ်ချုပ်ရေးတွင် လိုအပ်သော အာဏာချိန်ခွင်ညှာကို ဆက်လက်ထိန်းထားရန်နှင့် ကြီးထွားရှင်သန်ရန် ခက်ခဲသွားသည်။ တရားစီရင်ရေးစနစ်မှာ မလှုပ်နိုင် မရှားနိုင်ညှိုးချုံးကျသွားပြီး ဥပဒေပြုရေးအာဏာမှာလည်း ဤဖွဲ့စည်းပုံကြောင့် လုပ်ပိုင်ခွင့်အာဏာကို မချဲ့ထွင်နိုင်တော့ချေ။ စီးပွားရေးအင်အားအများစုမှာ တပ်မတော်လက်ထဲရောက်နေသည်။ အဖွဲ့အစည်းအလိုက်၊ လူပုဂ္ဂိုလ်အလိုက် ယုံကြည်မှုများဆိတ်သုဉ်းကာ လူမှုရေးအရင်းအနှီးသာ ကြီးစိုးနေတော့သည်။

မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်နေသော ဗဟိုဌာနကြီး နှစ်ခုရှိသည်။ တစ်ခုက အရပ်သားအင်န်အယ်လ်ဒီ၊ နောက်တစ်ခုက တပ်မတော်ဖြစ်သည်။ တပ်မတော်က ထာဝရထိန်းချုပ်ထားနိုင်ရန် ဥပဒေ ပုံစံချထားသည်။ မည်သို့ပင် ရည်ရွယ်ချက်ရှိသော်လည်း ထိုရည်ရွယ်ချက်မှာ အချိန်နှင့်အမျှ ကျဆင်းသွားဖွယ်ရှိသည်။ ရာစုနှစ် တစ်ဝက်ကျော်ကြာအောင် စစ်တပ်သည် အတင်းအဓမ္မအာဏာကို လက်ဝါးကြီးအုပ်ထားခဲ့သည့်အပြင် အာဏာကို ထိပါးနိုင်သည့် နည်းလမ်းအားလုံးကိုလည်း ထိန်းချုပ်ထားခဲ့ကြသည်။ ဒီကာလကတော့ ကုန်ဆုံးသွားချေပြီ။

နိုင်ငံရေးအရ ကိုယ်စားပြုမှုသည် အရပ်သား အင်န်အယ်လ်ဒီလက်တွင်ရှိသည် မှန်သော်လည်း တိုင်းရင်းသားလူမျိုးစု အသီးသီးက ဥပဒေပြုလမ်းကြောင်းမှနေ၍ ၎င်းတို့၏ သြဇာကို တိုးချဲ့လာနိုင်ဖွယ်ရှိသည်။ ယခင်က တိုင်းရင်းသားအချို့သည် ခွဲထွက်ခွင့်ကိုပင် တောင်းဆိုခဲ့ဖူးပြီး မကြာမီကပင် ဖက်ဒရယ်ဝါဒ၊ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေးပုံစံအမျိုးမျိုးကို တောင်းဆိုကြလျက်ရှိရာ သုံးပွင့်ဆိုင်တင်းမာမှုများ ကြီးထွားလာဖွယ်ရှိသည်။ တပ်မတော်ကပြောနေသော အဓိကပန်းတိုင်မှာ အမျိုးသား စည်းလုံးညီညွတ်ရေးဖြစ်သည်။ သို့သော် စစ်တပ်ထဲတွင် ထိပ်ပိုင်းရာထူးနေရာများ၌ ဗမာ မဟုတ်သော တိုင်းရင်းသားလူမျိုး၊ ဗုဒ္ဓဘာသာမဟုတ်သူကို မတွေ့မမြင်ရခြင်းကပင်လျှင် တပ်မတော်အပေါ် ယုံကြည်မှုကင်းမဲ့စေလျက်ရှိသည်။

မြန်မာနိုင်ငံသည် လွတ်လပ်မှုရှိလာပြီး မှန်ကန်မျှတသော ရွေးကောက်ပွဲ ကျင်းပပေးလိမ့်မည်ဟူသော အကောင်းမြင်မျှော်လင့်ချက်များမှာ ဖြည်းဖြည်းချင်း မှေးမှိန်လျက်ရှိသည်။ တပ်မတော်၏ အခန်းကဏ္ဍကို သမိုင်းက မည်သို့ဆုံးဖြတ်လိမ့်မည်ဆိုသည်ကို တပ်မတော်က စဉ်းစားဖို့ အချိန်တန်ပြီဖြစ်သည်။

“ဆုံးဖြတ်ချက်လွဲမှားသော မျိုးချစ်စိတ်သည် တိုးတက်မှုမဟုတ်ချေ”။ နိုင်ငံတကာက လက်ခံနိုင်သော လူ့အခွင့်အရေးဝန်းကျင်နှင့် ပြောင်းလဲလာသော ပစ္စက္ခအရှိတရားများနှင့် ကိုက်ညီအောင် ချိန်ညှိထားသော မြန်မာနိုင်ငံသစ်ကို လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း စိတ်ကူးမျှော်မှန်းခဲ့ပါသည်။ သူ့ဖခင်၏ ဤမျှော်မှန်းချက်ကို ဒေါ်အောင်ဆန်းစုကြည် ဖြည့်ဆည်းပေးဖို့လိုပါသည်။ တိုင်းရင်းသားလူနည်းစုများနှင့် မြန်မာ လူများစုတို့သည် တိုးတက်မှုနှင့် ဖွံ့ဖြိုးမှုတွင် အပြန်အလှန် အပေးအယူသဘောထား ထားရှိကြဖို့လိုပါသည်။ ဤလုပ်ငန်းကြီးမှာ ခက်ခဲကြမ်းတမ်းသည် မှန်သော်လည်း မဖြစ်နိုင်သည့် အလုပ်တော့မဟုတ်ပါချေ။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.