ဂျီနိုဆိုက်စွပ်စွဲမှုနောက်ကွယ်က ဒေါက်တာဇာနည်

အပြည်ပြည်ဆိုင်ရာတရားရုံး၌စွဲဆိုမှုကို မြန်မာနိုင်ငံက သွားရောက်ဖြေရှင်းရသည်ထိ မြန်မာနိုင်ငံမှ နိုင်ငံခြားရောက်သွားသူ ပညာတတ်တစ်ဦးက စွမ်းဆောင်ခဲ့သည်။

စည်သူအောင်မြင့် ရေးသားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ/မူဆလင်တွေ (မြန်မာအစိုးရက ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကို အသိအမှတ်မပြု) အရေးနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်၊ ခွဲခြား ဆက်ဆံခံရပြီး သူတို့အပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေ ရှိနေတယ်လို့ စွပ်စွဲနေကြတာ အတော်ကြာပါပြီ။

ဒါပေမဲ့ ၂၀၁၇ သြဂုတ်လ ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေကို ARSA အာဆာအကြမ်းဖက်အဖွဲ့က တပြိုင်နက်တည်း ဝင်တိုက်၊ အဲဒါကို တပ်မတော်က တန်ပြန်နှိမ်နင်းရေးလုပ်၊ အဲဒီနောက်ပိုင်း မူဆလင် သန်းတစ်ဝက်ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေး၊ မူဆလင်ကျေးရွာ အများအပြား မီးရှို့ခံရတာတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ဖြစ်စဉ်ပြီးတဲ့နောက် နိုင်ငံတကာရဲ့ စွပ်စွဲမှုတွေဟာ တပ်မတော်ကနေ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေပါတယ်ဆိုတဲ့ အဆင့်ကနေ Genocide ဂျီနိုဆိုက်လို့ ခေါ်တဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု ကျူးလွန်ခဲ့တယ်၊ ကျူးလွန်နေတယ်ဆိုပြီး စွပ်စွဲတဲ့အဆင့်ကို ကူးပြောင်းရောက်ရှိလာပါတယ်။ ခုဆိုရင် အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ OIC ကိုယ်စား ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံအနေနဲ့ ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ ဂျီနိုဆိုက်ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ “ကုလသမဂ္ဂ၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုကို တားဆီးရေးနှင့် အရေးယူ အပြစ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်း”ကို လိုက်နာမှု မရှိဘူး ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုလိုက်ပြီလည်း ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကလည်း ဒီတရားစွဲဆိုမှုကို ရင်ဆိုင် ဖြေရှင်းမယ်လို့ ကြေညာထားပြီးပါပြီ။ မြန်မာနိုင်ငံ၊ ဒါမှမဟုတ် မြန်မာ့တပ်မတော်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တယ်၊ ရာဇဝတ်မှု မြောက်တဲ့ ကျူးလွန်မှုတွေလုပ်တယ်ဆိုပြီး ပြောဆိုမှုတွေမှာ တူညီကြပေမဲ့ အဲဒါကို ဂျီနိုဆိုက် ဟုတ်မဟုတ်၊ ဂျီနိုဆိုက် လုပ်နေတယ်ဆိုပြီး သတ်မှတ်သင့် မသင့် အငြင်းပွားမှုတွေ နိုင်ငံတကာမှာလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကနေ့ မြန်မာနိုင်ငံ အစိုးရကို ဂျီနိုဆိုက်ဆိုပြီး အိုင်စီဂျေ မှာ ရုံးတင် တရားစွဲဆိုနိုင်တဲ့ အဆင့်ရောက်လာသည်ထိ ဖြစ်ခဲ့တဲ့ အခြေအနေအောက်မှာ လူတွေမသိသေးတဲ့ နောက်ကွယ်က အကြောင်းချင်းရာ တချို့ရှိနေပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။

တကယ်တော့ မြန်မာအစိုးရနဲ့ တပ်မတော်အနေနဲ့ မူဆလင် ရိုဟင်ဂျာတွေကို ဂျီနိုဆိုက် လုပ်နေတယ်ဆိုပြီး အစောဆုံး စွပ်စွဲခဲ့သူကတော့ ဒေါက်တာဇာနည် ဖြစ်ပါတယ်။ သူဟာ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း မြန်မာနိုင်ငံက ထွက်ခွာသွားသူဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ University of Wisconsin-Madison ကနေ ဒေါက်တာဘွဲ့ ရသူဖြစ်ပါတယ်။ သူဟာ အဲဒီအချိန်က စစ်အစိုးရကို စီးပွားရေးအရ ဆန့်ကျင် သပိတ်မှောက်ဖို့ လှုံ့ဆော်တဲ့ Free Burma Coalition အဖွဲ့ကို ထူထောင်ခဲ့သူအဖြစ်လည်း နာမည်ကြီးပါတယ်။

၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ မူဆလင် ဘာသာဝင်တွေနဲ့ တိုင်းရင်းသားတွေကြား ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းကာလ ကတည်းက အစိုးရဟာ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်တယ်ဆိုပြီး စ စွပ်စွဲခဲ့သူဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က Pacific Rim Law and Policy Journal မှာ Natalie Brinham နဲ့အတူတူ ပြုစုခဲ့တဲ့ “The Slow Burning Genocide of Myanmar’s Rohingyas” ဆိုတဲ့ စာတမ်းမှာ မြန်မာအစိုးရနဲ့ တပ်မတော်ဟာ ရိုဟင်ဂျာတွေကို တဖြည်းဖြည်းနဲ့ အလုံးစုံ ပျက်သုဉ်းအောင် လုပ်နေတယ်လို့ ဖော်ပြပြီး ဂျီနိုဆိုက်အဖြစ် အစောဆုံး စွပ်စွဲခဲ့သူ ဖြစ်ပါတယ်။

စာတမ်းပြုစု စွပ်စွဲခဲ့ရုံမက တက္ကသိုလ် ပရဝဏ်တွေမှာလုပ်တဲ့ စာတမ်းဖတ်ပွဲတွေ၊ ဆွေးနွေးပွဲတွေမှာလည်း ပညာရှင်တွေနဲ့အတူတူ ဂျီနိုဆိုက်ကို အကျယ်ချဲ့ အဓိပ္ပာယ်ဖွင့်ဆိုတာတွေ လုပ်ခဲ့သလို ရိုဟင်ဂျာတွေ မြန်မာနိုင်ငံမှာ ဂျီနိုဆိုက် အလုပ်ခံနေရပါတယ်ဆိုပြီး တောက်လျောက် စွပ်စွဲခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒေါက်တာဇာနည်ရဲ့ နောက်ထပ် လှုပ်ရှားမှု တစ်ခုကတော့ မြန်မာနိုင်ငံအတွင်းက ထင်ရှားတဲ့ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ၊ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေ၊ ကာတွန်းဆရာတွေ၊ ရှေ့နေကြီးတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို နိုင်ငံပြင်ပ ခေါ်ထုတ်ပြီး ဆွေးနွေးပွဲတွေလုပ်၊ စည်းရုံးခြင်းပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံကို တစ်နှစ် ၃-၄ ကြိမ်လောက် ခေါ်ယူပါတယ်။ တစ်ကြိမ်ကတော့ နော်ဝေနိုင်ငံမှာလုပ်တဲ့ ရိုဟင်ဂျာဆိုင်ရာ ကွန်ဖရင့် တစ်ခုကို ခေါ်ယူ၊ တက်ရောက်စေတာမျိုးလည်း လုပ်ခဲ့ပါတယ်။

အဲလို နယ်ပယ်အသီးသီးက ထင်ရှားတဲ့သူတွေကို ခေါ်ထုတ်ပြီး နိုင်ငံတကာက လူ့အခွင့်အရေး ကျွမ်းကျင်သူ ရှေ့နေတွေ၊ ပညာရှင်တွေကို ဖိတ်ခေါ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ပြောဆို ဆွေးနွေးစေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ဆိုရင် Tuol Sleng Genocide Museum နဲ့ တခြားသော ခမာနီခေတ်က Killing Field အထိမ်းအမှတ်နေရာတွေ လိုက်ပြပါတယ်။ နောက် ခမာနီ ခေါင်းဆောင်ဟောင်းတွေကို တရားစွဲရာ တရားရုံးနေရာတွေကို လိုက်လံပြသတာမျိုး လုပ်ပါတယ်။

အဲလို ထင်ရှားသူတွေကို ဆွေးနွေးပွဲတွေ လုပ်စေတာ၊ လေ့လာရေး စီစဉ်ပေးတာအပြင် အဓိက အကျဆုံးကတော့ သူ့ရဲ့ မြန်မာအစိုးရနဲ့ တပ်မတော်တို့က ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုက်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ပြောဆိုခြင်းပါပဲ။ သူက နိုင်ငံတကာ အတွေ့အကြုံအရ ဂျီနိုဆိုက်မှာ အဆင့် သုံးဆင့် ရှိတယ်ဆိုတဲ့အကြောင်း၊ ပထမ တစ်ဆင့်ကတော့ ပစ်မှတ်ထားတဲ့ လူမျိုးရေး၊ ဒါမှမဟုတ် ဘာသာရေးဆိုင်ရာ အုပ်စုထဲက လူတွေကို တခြားသူတွေနဲ့ ကွဲပြားပြီး ထင်ထင်ရှားရှား သိအောင် ခွဲခြားလိုက်တာ (ဒုတိယ ကမ္ဘာစစ်အတွင်း ဥရောပမှာ ဟစ်တလာက ဂျူးတွေကို ဂျီနိုဆိုက်လုပ်ခဲ့စဉ် ဂျူးတွေရဲ့ အင်္ကျီပေါ်မှာ ဒေးဗစ်ကြယ်ကို တပ်ဆင်စေတာမျိုး)၊ ဒုတိယအဆင့်ကတော့ အဲလိုလူတွေကို သီးခြားခွဲထုတ်ပြီး စုစည်းထားလိုက်တာ၊ တတိယအဆင့်ကတော့ အဲလို သီးခြားခွဲထုတ်ထားသူတွေကို အစုလိုက် အပြုံလိုက် ချေမှုန်း သတ်ဖြတ်ပစ်တာလို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အဓိကရုဏ်းတွေဖြစ်ပြီးနောက် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ မူဆလင် တစ်သိန်းလောက်ကို ဒုက္ခသည်စခန်းတွေမှာ စုစည်းထားတာကို ထောက်ပြပြီး မြန်မာနိုင်ငံမှာ ဂျီနိုဆိုက်ရဲ့ နံပတ် ၂ အဆင့်ကိုရောက်နေပြီ၊ နောက်တဆင့်ဆိုရင် အဲဒီ စခန်းတွေထဲက မူဆလင်တွေကို ချေမှုန်း သတ်ဖြတ်ပစ်ဖို့ပဲရှိတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘီလျံနာ ဂျူးသူဌေးကြီး ဂျော့ချ်ဆိုးရော့စ်ကတောင် သူ ရခိုင်ပြည်နယ် စစ်တွေမြို့က အောင်မင်္ဂလာရပ်ကွက်ကို ရောက်သွားတဲ့အခါ အဲဒီ ရပ်ကွက်ထဲမှာရှိနေတဲ့ မူဆလင်တွေကို တွေ့သွားပြီး သူငယ်ငယ်က နာဇီဂျာမဏီတွေ သိမ်းပိုက်ထားတဲ့ ဥရောပမှာ ဂျူးတွေကို အဲလိုသီးသန့် ခွဲခြားထားတဲ့ Ghetto မှာ နေခဲ့ရတာကို သတိရမိတယ် ဆိုပြီး နော်ဝေနိုင်ငံမှာ လုပ်တဲ့ ရိုဟင်ဂျာ ကွန်ဖရင့်တစ်ခုအတွင်း ဗီဒီယိုဖိုင်ကနေတဆင့် ပြောဆိုခဲ့ဖူးပါတယ်။

ဒေါက်တာဇာနည်ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ အဲဒီ မြန်မာနိုင်ငံက ထင်ရှားတဲ့ ရှေ့နေတွေ၊ စာရေးဆရာတွေ၊ သတင်းစာဆရာတွေက လက်မခံကြပါဘူး။ သူတို့တွေက မြန်မာနိုင်ငံမှာ စစ်အစိုးရ အဆက်ဆက် အုပ်ချုပ်စဉ်ကာလမှာ မူဆလင်ဘာသာဝင်တွေတင်မက တိုင်းရင်းသားတွေရော၊ ဗမာတွေပါ ရက်ရက်စက်စက် ဖိနှိပ်တာ ခံခဲ့ကြရကြောင်း၊ သူတို့ထဲက အများစုဟာ စစ်အာဏာရှင်တွေလက်ထက်မှာ ထောင်သွင်း နှိပ်စက်၊ အကျဉ်းချတာ ခံခဲ့ရဖူးကြောင်း၊ လက်ရှိ (အဲဒီအချိန်က) လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်တာ၊ ဘာသာတစ်ခုနဲ့ တစ်ခု၊ လူမျိုး တစ်မျိုးနဲ့တစ်မျိုးအကြား မုန်းတီးမှုတွေ ဖြစ်ပေါ်နေတာအားလုံး အစိုးရ (သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ)မှာ တာဝန်ရှိတယ် ဆိုတာကို လက်ခံကြောင်း၊ မူဆလင်တွေ ခွဲခြား ဆက်ဆံခံရတာ၊ ဒုက္ခသည် စခန်းတွေမှာ ပိတ်လှောင်ခံထားရတာ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ စတာတွေကိုလည်း လက်ခံကြောင်း၊ ဒါပေမဲ့ ဒါတွေဟာ ဒုတိယကမ္ဘာစစ်ကာလ နာဇီ ဂျာမဏီတွေကနေ ဂျူးတွေအပေါ် ကျူးလွန်တဲ့ ဂျီနိုဆိုက်လိုမျိုး မဟုတ်ကြောင်း၊ ဂျီနိုဆိုက်အဆင့်အဖြစ် လက်မခံကြောင်းစသဖြင့် ပြောဆိုခဲ့ကြပါတယ်။

တကယ်လည်း အဲဒီအချိန်က ဒေါက်တာဇာနည်နဲ့တွေ့ဆုံခဲ့တဲ့၊ ထင်ရှားတဲ့ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ၊ ရှေ့နေတွေ၊ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတွေဟာ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေနဲ့ပတ်သက်ပြီး လှုံ့ဆော်သူတွေ၊ ရာဇဝတ်မှု ကျူးလွန်သူတွေ၊ သူတို့ကို အားပေးကူညီသူတွေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ ရဲရဲဝံ့ဝံ့ ပါဝင်ခဲ့ကြပါတယ်။ အစိုးရက လျစ်လျူရှုထားတဲ့ မူဆလင်တွေအပေါ် ရာဇဝတ်မှုမကင်းတဲ့ လုပ်ရပ်တွေအပေါ်ကိုလည်း သတ္တိရှိရှိ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

အဲဒါဟာ ၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီ အာဏာမရခင် အချိန်ထိပါ။ အဲဒီအချိန်ရောက်သည်ထိ ဒေါက်တာဇာနည်ရဲ့ မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်အနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု Genocide လုပ်နေပါတယ်ဆိုတဲ့ ပြောဆိုချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံတာ မကြားမသိရသလို၊ ပြောဆိုမှုလည်း သိပ်မရှိခဲ့ပါဘူး။ နောက်ပိုင်း အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာ ဒေါက်တာဇာနည်နဲ့ ပြည်တွင်းက ထင်ရှားသူတွေ တွေ့ဆုံတဲ့ အစီအစဉ်မျိုး မရှိတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့အခါ ရခိုင်ပြည်နယ်က မူဆလင်တွေရဲ့ ပြဿနာကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီ ဒေသတွင်းပဋိပက္ခရဲ့ အဓိက ပြဿနာရင်းမြစ်ထဲမှာ ဆင်းရဲမွဲတေခြင်းဟာလည်း အရေးပါတဲ့ အချက်တစ်ခုအဖြစ် ရှုမြင်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်တာတွေလည်း လုပ်ကိုင်ခဲ့ပါတယ်။ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်အောင် အကောင်အထည်ဖော်ခဲ့ပြီး အစိုးရဟောင်း လက်ထက်ကထက် သိသိသာသာ ပြောင်းလဲလာတာကိုလည်း တွေ့မြင်ကြရပါတယ်။

ရခိုင်ပြည်နယ် အရေးကိစ္စတွေဖြေရှင်းဖို့ သူကိုယ်တိုင်ဦးဆောင်တဲ့ ကော်မတီ တစ်ရပ် ထူထောင်တာ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဦးဆောင်စေပြီး ကော်မရှင် တစ်ခုဖွဲ့၊ အကြံပေးစေတာ၊ အဲဒီအကြံပေးချက်တွေကို အကောင်အထည်ဖော်တာ စတာတွေ တဖြည်းဖြည်း လုပ်ခဲ့ပါတယ်။ တကယ်တော့ အဲဒီ ကိစ္စတွေ အကောင်အထည်ဖော်ရာမှာ အစိုးရလက်အောက်မှာ ရှိမနေတဲ့၊ သူ့ဖာသာသူ ရပ်တည်နေတဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေရဲ့ သဘောတူညီချက် မရခဲ့သလို၊ မူဆလင်တွေနဲ့ နှစ်ပေါင်းများစွာ ပဋိပက္ခ သမိုင်းကြောင်းရှိခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ထောက်ခံမှု မရခဲ့တာကြောင့် ခက်ခက်ခဲခဲ လုပ်ခဲ့ရတဲ့ အနေအထားပါ။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အခြေအနေအတိုင်းသာ ဆက်သွားရင် အချိန်ကာလ တစ်ခုရောက်ရင် ရခိုင်ပြည်နယ်က မူဆလင်တွေရဲ့ ပြဿနာဟာ အထိုက်အလျောက် ပြေလည်သွားနိုင်မယ့် အရိပ်လက္ခဏာတွေ တွေ့မြင်လာရပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီကြိုးစားအားထုတ်မှုကို နိုင်ငံတကာရောက်နေတဲ့ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေက ကြိုဆိုတယ်ဆိုတာမျိုး မကြားမသိကြရပါဘူး။

ဒါပေမဲ့လည်း အားလုံးသိကြတဲ့အတိုင်း ၂၀၁၆ အောက်တိုဘာ နဲ့ ၂၀၁၇ သြဂုတ်လမှာ အာဆာအကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှု ပေါ်ပေါက်လာတာပါပဲ။ အဲဒီ တိုက်ခိုက်မှု နှစ်ခုနဲ့ ပတ်သက်ရင် ၂၀၁၇ သြဂုတ်လ တိုက်ခိုက်မှုက အတော် ထူးခြားပါတယ်။ အာဆာအဖွဲ့က စည်းရုံးထားတဲ့ မြောက်မြားလှစွာသော ကျေးရွာသားတွေဟာ ခေတ်မီလက်နက်တွေ လုံး၀မပါဘဲ၊ ရရာ တုတ်၊ ဓား၊ ဝါးချွန် စတာတွေနဲ့ ရဲတပ်ဖွဲ့ စခန်းပေါင်း ၃၀ လောက်ကို ဘပြိုင်နက်တည်း တိုက်ခိုက်ခဲ့ခြင်းပါပဲ။ တိုက်ခိုက်ပြီးပြီးချင်း တစ်ဖက်က ရဲတပ်ဖွဲ့ဝင်တွေ၊ နောက်တစ်ရက်ရောက်တော့ တပ်မတော်ရဲ့စစ်ဆင်ရေးတွေလည်း စ လိုက်ရော အားလုံး တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ အလုံးအရင်းနဲ့ ပြေးဝင်တဲ့ဇာတ်လမ်း စခဲ့ကြပါတယ်။

အဲဒီထွက်ပြေးတဲ့ဇာတ်လမ်းဟာ စစ်ဆင်ရေး ရပ်ဆိုင်းပြီး တိုက်ခိုက်မှု လုံး၀ မရှိတော့တဲ့နောက် လပေါင်းများစွာကြာသည်အထိ ဆက်ပြီး ဖြစ်ပေါ်နေခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ရင် တပ်မတော်ရဲ့ ပြင်းထန်တဲ့ စစ်ဆင်ရေးကြောင့်ဆိုတာ ပါမှာဖြစ်သလို၊ အာဆာအဖွဲ့ရဲ့ စနစ်တကျ ကြိုတင်စီစဉ် စည်းရုံးထားမှုလည်း ပါနိုင်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စနစ်တကျ လေ့ကျင့်ထားသူတွေ၊ ခေတ်မီလက်နက်တွေ၊ ရဟတ်ယာဉ်တွေအပြင် စစ်ရေယာဉ်တွေပါ ပိုင်ဆိုင်ထားတဲ့ မြန်မာ့ရဲတပ်ဖွဲ့နဲ့ တပ်မတော်ကို တုတ်တွေ၊ ဓားတွေ၊ ဝါးချွန်တွေနဲ့ သွားတိုက်ခိုက်ရင် ဘယ်လိုမှ အနိုင်ရမယ် မဟုတ်ဘူးဆိုတာ အာဆာအဖွဲ့က လူတွေ ကောင်းကောင်းသိပါတယ်။ နောက်ထပ် သူတို့သိတာက မြန်မာ့တပ်မတော်ရဲ့ ကြမ်းကြမ်းတမ်းတမ်း တုန့်ပြန်တတ်မှုကိုပါ။ အဲဒီအတွက်ပဲ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ကိစ္စ အာဆာအဖွဲ့ရဲ့ စနစ်တကျ အကွက်ကျကျ ကြံစည်ထားတာတွေ မပါဝင်ဘူးလို့ ငြင်းချက်ထုတ်မယ့်သူ ရှားပါလိမ့်မယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးကြဖို့ အားပေးအားမြှောက် ပြုသူတွေထဲမှာ နိုင်ငံတကာရောက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ ယုတ်စွအဆုံး မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်နေပါတယ်ဆိုတာ သက်သေပြဖို့ အချက်အလက်တွေလိုနေတဲ့ ဒေါက်တာဇာနည်တောင် ပါကောင်းပါနိုင်ပါတယ်။

တဆက်တည်း ထွက်ပြေးသွားတဲ့ မူဆလင်တွေရဲ့ကျေးရွာတွေ မီးရှို့ခံရတာ၊ အဲဒီနေရာတွေကို အစိုးရက ဘူဒိုဇာနဲ့တူး၊ မြေညှိပစ်လိုက်ပြီး ပြန်ဝင်လာမယ့် ဒုက္ခသည်တွေကို သူတို့ရွာတွေမှာ မထားတော့ဘဲ သင့်တော်ရာတွေမှာပဲ နေရာချပေးတော့မယ်လို့ ကြေညာလိုက်တဲ့အခါ ပြဿနာဟာ ကြီးသထက်ကြီး၊ နိုင်ငံတကာရဲ့ အာရုံစိုက်မှု အကြီးအကျယ်ခံရပြီး နောက်ဆုံး ဂျီနိုဆိုက်လုပ်တယ်လို့ စွပ်စွဲခံရသည်ထိ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုတော့ ဒေါက်တာဇာနည်ရဲ့ ဆန္ဒ ပြည့်ဝသွားခဲ့ပါပြီ။ အကြောင်းကတော့ ၂၀၁၃-၁၄ လောက်ကတည်းက မြန်မာအစိုးရက ရိုဟင်ဂျာတွေကို ဂျီနိုဆိုက်လုပ်နေပါတယ်ဆိုတဲ့ သူ့ရဲ့ စွပ်စွဲချက်ကို အထောက်အကူ ဖြစ်စေမယ့်၊ ဒုက္ခသည် အမြောက်အမြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့သလို မြန်မာနိုင်ငံဟာလည်း အိုင်စီဂျေ မှာတရားစွဲခံရတဲ့ အခြေအနေအထိ ကျရောက်သွားခဲ့ပြီ ဖြစ်လို့ပါပဲ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.