ကုန်သွယ်ရေးတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကန့်အသတ်များ

မြန်မာနိုင်ငံတွင် မကြာခင်က ချမှတ်ကျင့်သုံးသည့် လက်လီလက္ကား ကုန်သွယ်မှုပြုပြင်ပြောင်းလဲရေးပေါ်လစီအရ နိုင်ငံခြား အက်စ်အမ်အီးများကို ကုန်သွယ်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့် ထိရောက်စွာ ပိတ်ပင်ထားသည်။ သို့ဖြင့် တရားမဝင်ကုန်သွယ်ရေးကို အားပေးရာရောက်စေနိုင်သည်။

မတ်ခ် လစ်ဗင်စတန် ရေးသားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအကြောင်း ပြောကြ ဆိုကြလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုချက်ရရှိထားသော အကြီးစားစီမံကိန်းကြီးများနှင့် အကြီးစားရင်းနှီးမြှုပ်နှံမှုများအကြောင်းကိုသာ အပြောများပါသည်။ မြန်မာနိုင်ငံဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးတွင် ဤသို့သော အကြီးစားရင်းနှီးမြှုပ်နှံမှုများ အမှန်ပင်လိုအပ်ပါသည်။ သို့သော် နိုင်ငံခြားမှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ  SMEs ကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် ဆန္ဒရှိကြပါသည်။ သို့သော် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လုပ်ငန်းစဉ်များသည် ပြည်ပအက်စ်အမ်အီးများနှင့် သက်ဆိုင်မှုနည်းပါးလှပါသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းနီးပါးမှာကဲ့သို့ပင် မြန်မာနိုင်ငံ၏အက်စ်အမ်အီးများအတွက် လှုပ်ရှားမှုအများဆုံး ဧရိယာမှာ လက်လီလက္ကားကဏ္ဍပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို များစွာလမ်းဖွင့်ပေးခဲ့ပြီး အာမခံလုပ်ငန်းတွင် တစိတ်တပိုင်း ကဏ္ဍအလိုက် ဖြေလျှော့မှုများ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်သော်လည်း လက်လီလက္ကား ကုန်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုခြင်းမရှိသေးချေ။

ကုန်သွယ်ရေးကဏ္ဍ မှ ကန့်သတ်ဇုန်တစ်ခု

၂၀၀၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် သွင်းကုန်လုပ်ငန်းနှင့် ကုန်သွယ်မှုလုပ်ငန်းများ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု တိုက်ရိုက်ပါဝင်မှုကို တားမြစ်ထားခဲ့သည်။ ဤသို့ ကုန်သွယ်ရေးတွင် နိုင်ငံခြားသားပါဝင်မှုကို ပိတ်ပင်ထားမှုသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကျင့်သုံးနေသော စာဖြင့်ရေးမထားသည့် ပေါ်လစီလုပ်ထုံးများသာ ဖြစ်ဖို့များပါသည်။

နိုင်ငံခြားမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ကျယ်ပြန့်စွာချမှတ်လုပ်ဆောင်ခဲ့ကြသဖြင့် မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရှောင်ရှားနေခဲ့သည်ဖြစ်ရာ  ဤကုန်သွယ်ရေးပိတ်ပင်မှု အကျိုးဆက်ကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့ခက်ပါသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံခြားကုန်သည်များသည် တရားဝင်နိုင်ငံခြားကုန်စည်များကို ယေဘုယျအားဖြင့် ပိုမိုလက်လှမ်းမီကြပြီး အစစ်အမှန်ထုတ်ကုန်များကိုသာ ကုန်သွယ်ဖို့ အလားအလာများပေရာ နိုင်ငံခြားမှ ကုန်သွယ်မှုလုပ်ငန်း မရှိခြင်းကြောင့်လည်း တရားမဝင်ကုန်သွယ်ရေးကို အားပေးနေသကဲ့သို့ ဖြစ်နိုင်ပေသည်။ လောလောဆယ်တရားမဝင် ကုန်သွယ်မှုမှာ တိုင်းပြည်တွင်ပြဿနာကြီးတစ်ခုဖြစ်နေသည်။

၂၀၁၅ ခုနှစ်မှစ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံခြားကုန်သွယ်ရေး ပိတ်ပင်ထားမှုကို ဖြည်းဖြည်းချင်း ဖြေလျှော့ပေးလာခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီကာလအတွင်း ကြေညာချက်အဆင့်ဆင့် ထုတ်ပြန်၍ ကားအသစ်နှင့် အသုံးပြုပြီးကားများ၊ ဓာတ်မြေဩဇာများ၊ မျိုးစေ့များ၊ ပိုးသတ်ဆေးများ၊ ဆေးရုံသုံးပစ္စည်းကိရိယာများ၊ ဆောက်လုပ်ရေးပစ္စည်းများအား တင်သွင်းရန် မြန်မာ-နိုင်ငံခြားဖက်စပ်ကုမ္ပဏီများကို ဝန်ကြီးဌာနက ခွင့်ပြုခဲ့ပါသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ သက်ရောက်မှုရှိလာခဲ့ပြီးနောက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ကန့်သတ်ထားသော ရင်းနှီးမြှုပ်နှံမှုစာရင်းကို ထုတ်ပြန်ခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ရာနှုန်းပြည့် နိုင်ငံခြားပိုင်ကုမ္ပဏီအပါအဝင် မည်သည့်ကုမ္ပဏီကိုမဆို လက်လီ၊ လက္ကား ကုန်သွယ်မှုလုပ်ငန်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သဘောတူခွင့်ပြုချက်ဖြင့် ခွင့်ပြုသည်ဟု ပါရှိသည်။

ယခင်တင်းကျပ်ခဲ့သည်များ ဖြေလျှော့ပေး

နှစ်လကြာပြီးနောက် ဝန်ကြီးဌာနက ကြေညာချက်တစ်ခု ထုတ်ပြန်သည်။ ထိုကြေညာချက်တွင် ရာနှုန်းပြည့် နိုင်ငံခြားပိုင်ကုမ္ပဏီများကို ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးပစ္စည်းကိရိယာနှင့် ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းခွင့်၊ ရောင်းဝယ်ခွင့်ပြုခဲ့သည်။ သို့သော် ဝန်ကြီးဌာန၏ ကုန်သွယ်ရေးဖြေလျှော့မှုဆိုင်ရာ ပင်မပြုပြင်ပြောင်းလဲရေး ကြေညာချက်ကို ၂၀၁၈ ခုနှစ် မေလတွင် ကြေညာချက်အမှတ် ၂၅/၂၀၁၈ ဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာချက်ဖြင့် လက်လီ၊ လက္ကား ကုန်သည်များ မှတ်ပုံတင်စနစ်အသစ်ကို ပြဋ္ဌာန်းခဲ့သည်။ ထိုကြေညာချက်ကို ဖြည့်စွက်သော နောက်ကြေညာချက်တွင် ကုန်သွယ်ရေးလိုင်စင် လျှောက်ထားသူများအတွက် လိုအပ်ချက်နှင့် လျှောက်ထားနည်းအသေးစိတ်ကို ဖော်ပြသည်။ လိုင်စင်သက်တမ်း ငါးနှစ်ဖြစ်ပြီး ငါးနှစ်တစ်ကြိမ် သက်တမ်းတိုးခွင့်ရှိသည်။ မြန်မာစျေးကွက်သို့ဝင်ရန် ကြံရွယ်နေသော ပြည်ပကုမ္ပဏီများအတွက် သတင်းကောင်းတစ်ခုမှာ ၂၀၁၈ ကြေညာချက်တွင် ကုမ္ပဏီက တင်သွင်းရောင်းချနိုင်သော ပစ္စည်းအမျိုးအစားစာရင်းကို ထပ်ချဲ့ပေးလိုက်ခြင်းဖြစ်သည်။

ကုမ္ပဏီတစ်ခုသည် ရာနှုန်းပြည့်နိုင်ငံခြားပိုင်ဖြစ်စေ၊ နိုင်ငံခြား-မြန်မာ ဖက်စပ်ကုမ္ပဏီဖြစ်စေ၊ ကုန်သွယ်ရေးမှတ်ပုံတင်လက်မှတ် ရရှိထားသော ကုမ္ပဏီအားလုံး တင်သွင်းရောင်းချခွင့်ရှိသည်။ တိုးတက်မှုများ ထင်ရှားသိသာစွာ လုပ်ဆောင်ခဲ့သော်လည်း ဝန်ကြီးဌာန၏ လက်လီ၊ လက္ကားကုန်သွယ်မှု မှတ်ပုံတင်စနစ်သစ်မှာ မြန်မာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုမှာ အခြေခံအားဖြင့် မကျယ်ပြန့်သေးချေ။ မှတ်ပုံတင်ရရှိရေးသတ်မှတ်ချက်၊  အထူးသဖြင့် အနည်းဆုံး ရင်းနှီးမြှုပ်နှံငွေ သတ်မှတ်ချက်နှင့် ဆိုင်၏ကြမ်းပြင်ဧရိယာ သတ်မှတ်ချက်များသည် ပြည်ပမှ ဆိုင်ဖွင့်လိုသူ အများစုအတွက် များလွန်းနေသည်။

ရှော့ပင်းမောကြီးများအတွင်း လက်လီဆိုင်များ ငှားရမ်းပြီး ဆိုင်ဖွင့်ရောင်းချလိုသော လက်လီအရောင်း သမားလေးများ (နိုင်ငံခြားလက်လီသမားအပါအဝင်) သည် ရှော့ပင်းမောပိုင်ရှင်က ကိုင်ထားသော မှတ်ပုံတင်လက်မှတ်အောက်မှ ရောင်းချမှုကို လုပ်ကိုင်နိုင်သည်။

သို့သော် ရှော့ပင်းမောများ၏ အပြင်ဘက်တွင်မူ အနည်းဆုံး ရင်းနှီးငွေပမာဏနှင့် အနည်းဆုံး ကြမ်းပြင်ဧရိယာ သတ်မှတ်ချက်များက အကျုံးဝင်နေပေသည်။ ၂၀၁၅ နှင့် ၂၀၁၇ အကြား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ်ခဲ့သော ယခင်ကုန်ပစ္စည်းအမျိုးအစား ခြွင်းချက်များကို ယခုနှစ် ဩဂုတ်လအတွင်း ဖယ်ရှားပေးခဲ့သည်။ ယခင်ခြွင်းချက်သတ်မှတ်ချက်အောက်မှ ကုန်သွယ်မှုပြုနေခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများမှာ စနစ်သစ်အောက်တွင် ထပ်မံမှတ်ပုံတင်ရန်လိုအပ်သည်။ သို့သော် အနည်းဆုံးရင်းနှီးမြှုပ်နှံငွေ လိုအပ်ချက် ပြည့်မီရန်အတွက် ငါးနှစ် အချိန်ပေးထားပါသည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို ကာကွယ်ခြင်း

နောက်ဆုံးရလဒ်မှာ အလားအလာရှိသော နိုင်ငံခြားလက်လီလက္ကား ရင်းနှီးမြှုပ်နှံသူအများစုကြီးမှာ မြင့်မားသည့် အနိမ့်ဆုံးရင်းနှီးမြှုပ်နှံမှုနှင့် မှတ်ပုံတင်နိုင်ရေးအတွက် သီးသန့်နေရာလပ် လိုအပ်ချက်များကြောင့် လက်တွေ့တွင် ဆက်လက်ချန်လှပ်ခံရနေသည်။

ယင်းသို့ခြွင်းချန်မှုက မြန်မာနိုင်ငံအတွက် မြင့်မားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနယ်ပယ် တစ်ခုဖြစ်နိုင်သည့် အနေအထားကို ဟန့်တားနေသည်။ ယင်းအခြေအနေက ၎င်းတို့၏လည်ပတ်နေသော ကုမ္ပဏီများတွင် ရှယ်ယာများ ကိုင်ထားရန် မြန်မာနိုင်ငံသားအမည်များဖြင့် ငွေရင်းထည့်မှုကို အသုံးပြုနေသော နိုင်ငံခြားကုန်သည်များအား ဥပဒေကို အပြည့်အဝလိုက်နာမှု မရှိစေရန် ဖန်တီးလျက်ရှိသည်။ သို့မှသာ ထိုကုမ္ပဏီများမှာ စာရွက်ပေါ်တွင် ရာနှုန်းပြည့် မြန်မာပိုင်များဖြစ်ပြီး ခက်ခဲသည့်မှတ်ပုံတင်လိုအပ်ချက်များကို ရှောင်ရှားနိုင်မည်ဖြစ်သည်။

ဖြစ်နိုင်သည်မှာ တရားမဝင်ကုန်သွယ်မှုကိုလည်း အားပေးရာရောက်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ရှယ်ယာပိုင်ဆိုင်မှုပုံစံကို ပြင်လွယ်ပြောင်းလွယ်လုပ်ရန် လိုလားသော ကုန်သည်များသည် ၎င်းတို့၏ ကုန်ပစ္စည်းများ၏ရင်းမြစ်အပေါ် ပို၍ ပြုလွယ်ပြောင်းလွယ်ဖြစ်နိုင်သောကြောင့်ဖြစ်သည်။

လက်လီထက်ပို၍ လက္ကားရောင်းဝယ်မှုအတွက် အနိမ့်ဆုံးရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များက ဘာ့ကြောင့် ပို၍မြင့်မားနေသည်မှာ မရှင်းလင်းပေ။ လက္ကားဆိုင်များမှာ ရံဖန်ရံခါ လက်လီဆိုင်များထက် ပို၍ ရင်းနှီးမှုနည်းနေတတ်ပြီး ခင်းသည့်နေရာအကျယ် ပိုနည်းစေရန်လည်း ရည်ရွယ်၍ခွင့်ပြုထားသည်။

အထူးသဖြင့် မြင့်မားသည့် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များက လောလောဆယ်၌ အများအားဖြင့် မြန်မာတွင်မရှိသော ပုံစံ၊ ပမာဏရှိ စီးပွားရေးလုပ်ငန်းများနှင့် ကုန်သွယ်မှုတွင် ပြည်ပရင်းနှီးမြုပ်နှံမှုကို ကန့်သတ်ရန်နှင့် မြန်မာအက်စ်အမ်အီးလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်ပေးရန် ရည်ရွယ်ဟန်ရှိသည်။

ယင်းပန်းတိုင်ကို နားလည်နိုင်ပြီး နှစ်လိုဖွယ်ဖြစ်သော်လည်း လိုချင်သည့်ကာကွယ်မှုကို အမှန်တကယ် ပေးနိုင်မည်လား၊ ပေးနိုင်လျှင် မည်သည့်အတိုင်းအတာထိ ပေးနိုင်သည်ကို စဉ်းစားသင့်ပါသည်။

လက်လီ အက်စ်အမ်အီးလုပ်ငန်းတစ်ခု၏ အကောင်းဆုံးသာဓကမှာ အစားအစာအဓိကနှင့် အခြားပစ္စည်းလေးများရောင်းချသည့် ကုန်စုံဆိုင်လေး convenience store  ဖြစ်သည်။ မြန်မာတွင် ပိုင်ရှင်တစ်ဦးတည်းက ဖွင့်လှစ်နေသော ယင်းကဲ့သို့ဆိုင်ပိုင်ရှင်များက အရင်းအမြစ်ကောင်းကောင်းဖြင့် ယှဉ်ပြိုင်နေကြပြီဖြစ်သည်။ သာဓကအားဖြင့် City Express, Grab & Go, ABC နှင့် မကြာသေးခင်ကမှ ဝင်လာသော Alpine Retail တို့ဖြစ်သည်။

သမိုင်းအစဉ်အလာအရ မြန်မာ၏ကုန်သွယ်ရေးကန့်သတ်ချက်များသည် ကုန်သည်လေးများထက် ကြီးမားသည့် မြန်မာ့စီးပွားရေးလုပ်ငန်းကြီးများကိုသာ အကျိုးရှိစေသည်။

ထို့ပြင် တရားမဝင်ကုန်သွယ်မှုကို ကိုင်တွယ်ရေးအတွက် ထောက်ကူသောအားဖြင့် မကြာသေးခင်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လူသိရှင်ကြားထုတ်ပြန်ထားရာ ဝန်ကြီးဌာနသည် အရွယ်အစားမျိုးစုံရှိသည့် တရားဝင်ရင်းနှီးမြှုပ်နှံသူများက ကုန်သွယ်ရေးလုပ်ငန်းများကို လွတ်လပ်စွာ ပြုလုပ်နိုင်သည့် အခွင့်အလမ်းနှင့် နယ်စပ်ဒေသတလျှောက်မှ လွတ်လပ်ကာ တရားဝင်ဖြစ်သည့် ကုန်သွယ်ရေးကြီးထွားမှုတို့အကြားမှ အရေးပါလှသည့် အားပြိုင်မှုကို ဝန်ကြီးဌာနက အသိအမှတ်ပြုမည်ဟု မျှော်လင့်ရသည်။

ပြည်ပကုန်သွယ်ရေး သို့မဟုတ် တဝက်ဖွင့်ထားသောတံခါး

ဝန်ကြီးဌာန၏ လက်လီလက္ကားကုန်သွယ်ရေး မှတ်ပုံတင်မှုစနစ်က ကုမ္ပဏီပုံစံသုံးမျိုးတွင် ခြားနားသည့်ကန့်သတ်ချက်များ ချမှတ်ထားသည်။

၁။ ရာနှုန်းပြည့်နိုင်ငံခြားပိုင်ကုမ္ပဏီများနှင့် မြန်မာက ၂၀ ရာခိုင်နှုန်းထက်နည်းသည့် ဖက်စပ်လုပ်ငန်းများ

(မြေငှားခမပါ) သီးခြားကုန်သွယ်ရေးအရောင်းဆိုင်တစ်ခုလျှင် အနိမ့်ဆုံး ရင်းနှီးမြှုပ်နှံမှုငွေကြေးမှာ လက္ကားရောင်းဝယ်ရေးအတွက် အမေရိကန်ဒေါ်လာ ငါးသန်း၊ လက်လီအတွက် အမေရိကန်ဒေါ်လာသုံးသန်းနှင့် နှစ်ရပ်ပေါင်းအတွက် အမေရိကန်ဒေါ်လာ ရှစ်သန်းဖြစ်သည်။

လက်လီရောင်းဝယ်မှုကို လုပ်ဆောင်သော နိုင်ငံခြားသားပိုင်ကုမ္ပဏီများတွင် ဆိုင်များ၏ ပစ္စည်းထားကြမ်းပြင် ဧရိယာမှာ အနည်းဆုံး ၉၂၉ စတုရန်းမီတာရှိရမည်ဖြစ်သည်။ လက္ကားရောင်းဝယ်ရေးလုပ်ငန်းများတွင် လက္ကားရောင်းဝယ်ရေး လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ၎င်းတို့ရည်ရွယ်ထားသည့် ပုံစံနှင့် ပမာဏကို လိုက်၍ လုံလောက်သည့် အကျယ်အဝန်းတစ်ခု ရှိရမည်ဖြစ်သည်။

၂။ အနည်းဆုံးမြန်မာပိုင် ၂၀ ရာခိုင်နှုန်းရှိသော ပြည်တွင်းပြည်ပဖက်စပ်ကုမ္ပဏီများ

(မြေငှားခမပါ) သီးခြားကုန်သွယ်ရေးဆိုင်တစ်ဆိုင်လျှင် အနိမ့်ဆုံးရင်းနှီးမြှုပ်နှံမှုငွေကြေးမှာ  လက္ကားရောင်းဝယ်ရေးအတွက် အမေရိကန်ဒေါ်လာနှစ်သန်း၊ လက်လီအတွက် အမေရိကန်ဒေါ်လာ ခုနှစ်သိန်းနှင့် နှစ်ရပ်စလုံးအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဖြစ်သည်။

လက်လီရောင်းဝယ်ရေးကို လုပ်ဆောင်သော ပြည်တွင်းပြည်ပဖက်စပ်ကုမ္ပဏီများတွင် ပစ္စည်းထားကြမ်းခင်း ဧရိယာ အနည်းဆုံး ၉၂၉ စတုရန်းမီတာရှိသော ဆိုင်များရှိရမည်။ လက္ကားလုပ်ငန်းများတွင် ရည်ရွယ်ထားသည့် ပုံစံနှင့် ပမာဏကို လိုက်၍ လုံလောက်သည့်ဧရိယာရှိရမည်ဖြစ်သည်။

၃။ ရာနှုန်းပြည့် မြန်မာပိုင်ကုမ္ပဏီများ

ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခုနှစ်သိန်းနှင့် အထက်ရှိသော ပြည်တွင်းက ကုန်သွယ်ရေးကုမ္ပဏီများသည် မှတ်ပုံတင်ရပေမည်။ သို့သော်လည်း ဆိုင်တစ်ဆိုင်ချင်းစီနှင့်ပတ်သက်၍ အနိမ့်ဆုံးရင်းနှီးငွေလိုအပ်ချက်များကို လိုက်နာရန်မလိုပေ။

ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ခုနှစ်သိန်းအောက်ရှိသော ရာနှုန်းပြည့်မြန်မာပိုင်ကုမ္ပဏီများသည် မှတ်ပုံတင်ရန်မလိုပေ။ အနိမ့်ဆုံး ပစ္စည်းခင်းကြမ်းပြင် ဧရိယာလိုအပ်ချက်များသည်လည်း ရာနှုန်းပြည့်မြန်မာပိုင်ကုမ္ပဏီများနှင့် မသက်ဆိုင်ပေ။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

Source: Ministry of Commerce Notification 25/2018 and Announcement No. 2/2018

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.