မြန်မာ့ရုပ်ရှင် စီးပွားရေးလုပ်ငန်း အခြေအနေကောင်းလာပြီလား

ဆယ်စုနှစ်များစွာ နိမ့်ကျလာခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် နိုင်ငံခြားမှဆည်းပူးလာကြသည့် လူငယ်ရုပ်ရှင်ပညာရှင်များကြောင့် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်ရောက်လာလေသည်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ထာဝရနှောင်ကြိုး Now & Ever ဇာတ်ကားဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ အဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့မှာ သူတို့ရဲ့ချစ်ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ တစ်ပွဲလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ အောင်မြင်မှုရခဲ့တဲ့ သူတို့ဇာတ်ကားရဲ့ဝင်ငွေ၊ အခွန်ဆောင်မယ့်ကိစ္စတွေနဲ့ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူ့ပြောဆိုချက်အရ သူတို့ဇာတ်ကားရိုက်ကူးတာ ကျပ်ငွေ သိန်းပေါင်း ၇,၀၀၀ ကျော် ( ဒေါ်လာ ၄ သိန်း ၆ သောင်းကျော်) ကုန်ကျခဲ့တယ်၊ ရုံတင်ပြသတဲ့အခါ ဝင်ငွေကျပ်သိန်းပေါင်း ၂၄,၀၀၀ ကျော် (ဒေါ်လာ ၁ ဒသမ ၆ သန်းကျော်) ရခဲ့တယ်၊ ဒီငွေကို ရုပ်ရှင်ရုံပိုင်ရှင်နဲ့ သူတို့ရုပ်ရှင်ထုတ်လုပ်ရေး ခွဲဝေယူရမှာဖြစ်တဲ့အတွက် ဇာတ်ကားရိုက်ကူးတဲ့ Central Base Production အနေနဲ့ ကျပ်ငွေ သိန်း ၁၁,၀၀၀ ကျော် (ဒေါ်လာ ၇ သိန်း ၃ သောင်းကျော်) ရမယ်ဆိုပြီး ဝမ်းသာအားရ ပြောပြခဲ့ပါတယ်။

အဓိပ္ပာယ်အားဖြင့် အဲဒီဇာတ်ကား ရိုက်ကူးထုတ်လုပ်မှုကနေ ပထမအကြိမ် ရုံတင်ပြသအပြီး ရတဲ့ဝင်ငွေဟာ ထုတ်လုပ်မှုကုန်ကျစရိတ်ရဲ့ သုံးဆခွဲနီးပါး ရခဲ့တဲ့သဘောပါ။

ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူအနေနဲ့တွက်ရင်ပဲ အမြတ်အစွန်း ကျပ်သိန်းပေါင်း ၄,၀၀၀ ကျော်၊  (ဒေါ်လာ ၂ သိန်း ၇ သောင်းနီးပါး) တနည်းအားဖြင့် ထုတ်လုပ်ရင်းနှီးမှုပမာဏရဲ့ ၆၀ ရာခိုင်နှုန်းနီးပါး အမြတ်ရရှိတဲ့ သဘောဖြစ်ပါတယ်။ ဒါတောင် စင်ကာပူလိုနိုင်ငံမှာ သွားရောက်ပြသရင်ရမယ့်ဝင်ငွေ၊ နောက်ပိုင်း ရုပ်ရှင်ဇာတ်ကားကို ရုပ်သံလိုင်းဖြစ်ဖြစ် တခြားဓာတ်ပြားအဖြစ် အသွင်ပြောင်းပြီး ဖြန့်ချိရင်ဖြစ်ဖြစ် ရမယ့်ဝင်ငွေတွေ မပါသေးပါဘူး။

ဒီအတွက် ခရစ္စတီးနားခီက သူတို့ကုမ္ပဏီအနေနဲ့ အဲဒီဇာတ်ကား ထုတ်လုပ်ပြသမှုကနေ အစိုးရကို အခွန်ကျပ်သိန်း ၁,၁၀၀၊ အရင်ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကား ၂ ကားကနေ အခွန်ကျပ်သိန်း ၇၀၀ စုစုပေါင်း ကျပ်သိန်း ၁,၈၀၀ ကျော်ဆောင်မယ်လို့လည်း ဝမ်းသာအားရ ပြောပြခဲ့ပါတယ်။ မြန်မာ့ရုပ်ရှင်ထုတ်လုပ်မှု စီးပွားရေးလုပ်ငန်း အခြေအနေကောင်းလာပြီလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

တကယ်တော့ အောင်မြင်မှုရခဲ့တဲ့ ထာဝရနှောင်ကြိုးဇာတ်ကားဟာ ဝင်ငွေအကောင်းဆုံးဇာတ်ကားတော့ မဟုတ်သေးပါဘူး။ ကျပ်ငွေ သိန်း ၆,၅၀၀ ကျော် အကုန်အကျခံ ရိုက်ကူးပြီး အခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ဆိုတဲ့ဇာတ်ကားဆိုရင် ရုပ်ရှင်ပြသတာကနေ ဝင်ငွေကျပ်သိန်းပေါင်း ၃၅,၀၀၀ ကျော် (ဒေါ်လာ ၂ ဒသမ ၃ သန်းကျော်) ဝင်ငွေရခဲ့ဖူးပါတယ်။

အဲဒီဇာတ်ကား နှစ်ကား ဝင်ငွေကွာခြားသွားတဲ့ အဓိကအကြောင်းရင်းကတော့ ပြသခွင့်ရတဲ့ ရုံအုပ်စုစနစ်နဲ့လည်း သက်ဆိုင်နေပါတယ်။ ရုပ်ရှင်စီးပွားရေးလုပ်ငန်းမှာ ဇာတ်ကားထုတ်လုပ်မှုအပြင် ရုပ်ရှင်ရုံ တည်ထောင်တဲ့ စီးပွားရေးလုပ်ငန်းကလည်း အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားတွေပဲ ငွေကုန်ကြေးကျခံ၊ အရေအတွက် အများကြီးထုတ်လုပ်နေတိုင်း အဆင်ပြေတာမျိုးတော့ မဟုတ်ပါဘူး။ ပြသမယ့် ရုပ်ရှင်ရုံ၊ ပိတ်ကား အရေအတွက် အများကြီးရှိပါမှ ဝင်ငွေအများကြီးပြန်ရလာနိုင်မယ့် အနေအထားပါ။

၁၉၈၈ ခုနှစ်မတိုင်ခင် အရင်စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းအုပ်ချုပ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ မဆလခေတ်က မြန်မာတနိုင်ငံလုံးမှာ ရုပ်ရှင်ရုံစုစုပေါင်း ၄၂၁ ရုံရှိပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားမှာ တည်ရှိတာဖြစ်ပြီး ရုံတစ်ရုံ ပိတ်ကားတစ်ခုစနစ် ဖြစ်သလို၊ အားလုံးကို အစိုးရက ပိုင်ပါတယ်။ အဲဒီနောက်ပိုင်း တက်လာတဲ့ စစ်အစိုးရဟာ နိုင်ငံပိုင်ရုပ်ရှင်ရုံတွေ ပုဂ္ဂလိကကို ရောင်းစားတာ၊ တချို့ အဆင့်မြှင့်တင်ဖို့ဆိုပြီး ရောင်းပေးတာတွေ လုပ်ခဲ့ပါတယ်။

အများစုဟာ ရုပ်ရှင်ရုံအဖြစ် ပြန်လည်မွမ်းမံ လုပ်ကိုင်တာမျိုးမရှိတော့ဘဲ အခြားစီးပွားရေးလုပ်ငန်းအတွက် အသုံးပြုကြလေတော့ ရုပ်ရှင်ရုံ အများကြီးဆုံးရှုံးကုန်ပါတယ်။ ၂၀၀၀ ပြည့်နှစ်အရောက် မြန်မာတနိုင်ငံလုံးမှာ ရုပ်ရှင်ရုံ ၄၂ ရုံပဲ ကျန်ပါတော့တယ်။ နဂိုရှိတဲ့ ရုံအရေအတွက်ရဲ့ ၁၀ ပုံတစ်ပုံတောင် မကျန်တော့ဘူး ဆိုတဲ့သဘောပါ။ ရုပ်ရှင်စီးပွားရေးနဲ့ပတ်သက်ရင် မြန်မာနိုင်ငံဟာ အိမ်နီးချင်း ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ ဖြစ်စဉ်ချင်းမတူပါဘူး။

ဗီယက်နမ် ဆိုရင် ၁၉၇၄ ခုနှစ်ရောက်မှ  အမေရိကန်တပ်တွေကိုအောင်နိုင်ပြီး ပြည်တွင်းစစ် ပြီးပါတယ်။ ပြည်တွင်းစစ်ကာလ သူ့နိုင်ငံက ရုပ်ရှင်ရုံတွေ အတော်များများ ဆုံးရှုံးခဲ့ရတဲ့ တိုင်းပြည်ပါ။ ကမ္ဘောဒီးယားကလည်း ၁၉၇၀-၈၀ ကျော်ကာလတွေဟာ ပြည်တွင်းစစ်ကာလတွေပါ။ ၁၉၈၉ ခုနှစ်ရောက်မှ ဗီယက်နမ်တပ်တွေ ပြန်ဆုတ်သွားပြီးနောက်ပိုင်း ကုလသမဂ္ဂရဲ့ကြားဝင်မှုနဲ့ ရွေးကောက်ပွဲလုပ်၊ အစိုးရဖွဲ့နိုင်ပါတယ်။ သူလည်း ပြည်တွင်းစစ်ဒဏ်ကြောင့် ရုပ်ရှင်ရုံတွေအများကြီး ပျက်စီးခဲ့ပါတယ်။ မြန်မာနိုင်ငံကတော့ အဲလိုမဟုတ်ပါဘူး။ စစ်အာဏာရှင်တွေရဲ့ စီမံခန့်ခွဲမှု အလွဲအမှားကြောင့် ရုပ်ရှင်ရုံအရေအတွက် လျော့နည်းကုန်၊ အလွန်တင်းကျပ်တဲ့ ဆင်ဆာစနစ်ကျင့်သုံးတာ စတာတွေကြောင့် ရုပ်ရှင်စီးပွားရေးလုပ်ငန်း ပြိုလဲကျဆင်းခဲ့ရပြီး ထုတ်လုပ်တဲ့ရုပ်ရှင် အရည်အသွေးလည်း ကျဆင်းခဲ့တာ တွေ့မြင်ကြရပါတယ်။

နောက်ပိုင်း ဈေးကွက်စီးပွားရေးသဘောအရ ပုဂ္ဂလိကလုပ်ငန်းရှင်တွေဟာ ရုပ်ရှင်ရုံတည်ဆောက်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံလာကြပါတယ်။ အစိုးရဆီကနေ ရုပ်ရှင်ရုံတွေငှားရမ်း၊ ပြန်လည်မွမ်းမံ လည်ပတ်လုပ်နေတဲ့ မင်္ဂလာရုပ်ရှင်ရုံ အုပ်စုကိုယ်တိုင် ရုံအသစ်တွေ တည်ဆောက်လာပါတယ်။ ဒါ့အပြင် JCGV, Mega Ace, Red Radiance, Standalone, Paradiso ကုမ္ပဏီတွေ ပေါ်ပေါက်လာပြီး ရုပ်ရှင်ရုံလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု အများကြီးလုပ်လာကြပါတယ်။

နောက်ပိုင်းတည်ဆောက်တဲ့ ကုန်တိုက်အကြီးစားကြီးတွေမှာ ရုပ်ရှင်ရုံငယ်လေးတွေ ထည့်သွင်းတည်ဆောက်တာလည်း ခေတ်စားလာပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံတဝှမ်း ရုပ်ရှင်ရုံတွေ တိုးတက်လာပြီး ခုဆို ပိတ်ကားပေါင်း ၂၀၀ နီးပါးအထိ ရောက်လာပါပြီ။ ဒီအတွက် ရိုက်ကူးထုတ်လုပ်တဲ့ ဇာတ်ကားတွေ ပရိသတ်ကြိုက်ရင်၊ အောင်မြင်ရင်၊ အောင်မြင်သလောက် စီးပွားရေးအရ အမြတ်အစွန်းရနိုင်တဲ့ အခြေအနေ ဖြစ်လာတဲ့အတွက် ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူတွေလည်း များပြားလာပါတယ်။

မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှုဟာ ဈေးကွက်မကောင်းလို့ ကျဆင်းနေရာကနေ တစ်နှစ်ထက် တစ်နှစ် တိုးတက်ထုတ်လုပ်လာနိုင်တာကိုလည်း တွေ့မြင်ကြရပါတယ်။ ၂၀၁၄ ခုနှစ်က ရုပ်ရှင်ဇာတ်ကား ၉ ကားပဲ ရိုက်ကူးထုတ်လုပ်နိုင်ရာကနေ ၂၀၁၅ မှာ ၃၂ ကား၊ ၂၀၁၆ မှာ ၉၈ ကား၊ ၂၀၁၇ မှာ ၁၅၈ ကား၊ ၂၀၁၈ မှာ ၁၃၃ ကား အခု ၂၀၁၉ မှာတော့ နိုဝင်ဘာလအထိ ၉၄ ကား ထုတ်လုပ်ခဲ့ပြီးပါပြီ။ ရုပ်ရှင်စီးပွားရေးလုပ်ငန်းရဲ့ လက်ရှိကြုံနေရတဲ့ အကျပ်အတည်း တစ်ခုကတော့ ရိုက်ကူး၊ ဆင်ဆာကျပြီးပေမဲ့ ရုံတင်ပြသနိုင်ခြင်း မရှိသေးတဲ့ဇာတ်ကား အများကြီးတန်းစီ စောင့်ဆိုင်းနေရတဲ့ ပြဿနာပါပဲ။

၂၀၁၆ ခုနှစ်ကတည်းက ရိုက်ကူး၊ ဆင်ဆာကျပြီး ရုံတင်နိုင်ခြင်း မရှိသေးတဲ့ဇာတ်ကား ၁၂ ကား၊ ၂၀၁၇ ခုနှစ်တုန်းက ဇာတ်ကား ၁၈ ကား၊ ၂၀၁၈ ခုနှစ်တုန်းက ဇာတ်ကား ၄၀ ကျော်၊ ၂၀၁၉ ခုနှစ်မှာ ရိုက်ကူး ဆင်ဆာကျပြီး ရုံမတင်ရသေးတာ ကား ၆၀ ကျော် စုစုပေါင်း ရုံတင်ပြသဖို့ ဇာတ်ကားပေါင်း ၁၃၀ တောင် ရှိနေပါသေးတယ်။ ဒီပြဿနာဟာ ရုံပိုင်ရှင်တွေ၊ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူတွေကြား မကြာခဏ ညှိနှိုင်းရတဲ့၊ ခေါင်းခဲစေတဲ့ပြဿနာ ဖြစ်နေပါတယ်။

ရုပ်ရှင်စီးပွားရေး လုပ်ငန်းနဲ့ပတ်သက်ပြီး ကောင်းကောင်းရိုက်၊ ပရိသတ်လည်းလက်ခံရင် အမြတ်အစွန်းရနိုင်တဲ့ အခြေအနေ ရောက်နေပါပြီလို့ ဝါရင့်သရုပ်ဆောင် ဒါရိုက်တာမောင်သူရ ခေါ် ဇာဂနာက ပြောပါတယ်။ လက်ရှိ ရုပ်ရှင်ဇာတ်ကား တစ်ကား ထုတ်လုပ်မယ်ဆိုရင် အကြမ်းဖျဉ်းအားဖြင့် ကျပ်ငွေ သိန်း ၃,၅၀၀ (ဒေါ်လာ ၂ သိန်း ၃သောင်း) ကနေ သိန်း ၇,၅၀၀ ( ဒေါ်လာ ၅ သိန်း) အကြား ရှိလိမ့်မယ်လို့ သူကခန့်မှန်းပြပါတယ်။

မြန်မာရုပ်ရှင်ဇာတ်ကား တစ်ကားအတွက် အဓိကကုန်ကျစရိတ်ဟာ နာမည်ကြီးမင်းသား မင်းသမီး ငှားရမ်းခဖြစ်ပြီး နာမည်ကြီးမင်းသား တစ်လက် ငှားမယ်ဆိုရင် ကျပ်ငွေ သိန်း ၇၀၀ ကနေ ၉၀၀ အကြား၊ ထိပ်တန်း နာမည်ကြီးမင်းသမီး ဆိုရင် ကျပ်ငွေ သိန်း ၅၀၀ ကနေ ၆၀၀ လောက် ကုန်ကျတယ်လို့ သူက ဆိုပါတယ်။ ဇာတ်ကားပေါက်သွားရင် ကျပ်ငွေ သိန်း ၃၅,၀၀၀ အထိ ရနိုင်သလို၊ ပရိသတ် မကြိုက်ရင်တော့ တစ်ကား ကျပ် သိန်း ၄၀၀- ၅၀၀ လောက်ပဲ ပြန်ရတာမျိုး၊ အကြီးအကျယ် ရှုံးတာမျိုးလည်း ကြုံနိုင်ပါတယ်လို့ သူကရှင်းပြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုဆိုရင် ရုပ်ရှင်ရုံလုပ်ငန်းထဲ အင်အားကြီးတဲ့ စီးပွားရေးကုမ္ပဏီကြီးတွေ ဝင်ရောက် ရင်းနှီးမြှုပ်နှံနေကြပြီဖြစ်သလို ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်ရေးလုပ်ငန်းထဲကိုလည်း ငွေကြေးအင်အား တောင့်တင်းတဲ့ ကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်နေကြပါပြီ။ အင်အားကြီး တရုတ်ကုမ္ပဏီ တစ်ခုဆိုရင် ငွေကြေးအရင်းအနှီးများတဲ့ စတူဒီယို တည်ဆောက်ရေးလုပ်ငန်းထဲ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ စူးစမ်းမှုတွေ လုပ်နေတာကိုလည်း တွေ့မြင်နေရပါတယ်။

အရင်ကလို ရုပ်ရှင်လုပ်ငန်းကို မိရိုးဖလာလုပ်ငန်းလို တတ်သလောက် မှတ်သလောက် လုပ်ကိုင်နေကြရာကနေ ခီမောင်နှံလို နိုင်ငံတကာမှာ ရုပ်ရှင်အတတ်ပညာကို စနစ်တကျ ဆည်းပူးတတ်မြောက် လာသူတွေကလည်း ဒီလောကထဲ ဝင်ရောက်လုပ်ကိုင်နေတာ တွေ့မြင်လာရပါတယ်။ ဒါတင်မက အိမ်နီးချင်း ထိုင်း၊ ကိုရီးယား၊ ဂျပန်က သရုပ်ဆောင်တွေကို အသုံးပြုတာ၊ သူတို့နဲ့ ဖက်စပ် ထုတ်လုပ်ပြီး နိုင်ငံတကာမှာ ပြသနိုင်သည်အထိ ခြေလှမ်း လှမ်းလာကြတာ၊ ရုပ်ရှင်ရုံတည်ဆောက် ပြသရေးလုပ်ငန်းတွေမှာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတချို့ ဝင်ရောက်စပြုနေတာ တွေ့မြင်ရပါတယ်။

ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် မြန်မာ့ရုပ်ရှင် စီးပွားရေးလုပ်ငန်းဟာ မကြာတော့တဲ့ အနာဂတ်ကာလမှာ အခုထက်အများကြီး ပို ဖွံ့ဖြိုးတိုးတက်လာမယ်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးဝင်ရောက်လာလိမ့်မယ်လို့ ခန့်မှန်းရကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.