သမ္မတ 'ရှီ' ၏ ဒစ်ပလိုမေစီ

နန္ဒ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့မလာခင် ဆောင်းပါးတစ်ပုဒ်အရင်ပို့လိုက်သည်။
အလုပ်များလှသော ကမ္ဘာ့ခေါင်းဆောင်တစ်ဦး၏ စာရှည်ရှည်သည် မြန်မာနိုင်ငံခရီးစဉ်ကို အလေးထားခြင်းကိုပြသလို သူ၏ကြွယ်ဝလှသော သံခင်းတမန်ခင်းကိုလည်းပြသည်။
သူမလာခင်တစ်ရက်တွင် နိုင်ငံပိုင်သတင်းစာများက  စာမျက်နှာ နှစ်မျက်နှာစာ ဖော်ပြခဲ့သည့် ရှီ ၏ဆောင်းပါးတွင် ပျူခေတ်ကမြန်မာသံအဖွဲ့ တရုတ်ပြည်လာလည်သည့်အကြောင်းကစ၍ ၂၀၀၉ ခုနှစ်က မြန်မာပြည်သို့သူလာလည်ခဲ့သည့်အကြောင်းအထိပါသည်။
“တရုတ်ထန်မင်းဆက်ခေတ်က မြန်မာ ပျူခေတ်မင်းသား ဦးဆောင်သည့် အနုပညာရှင်များအဖွဲ့သည် မိုင်ထောင်ချီခရီးနှင်၍ ချန်အန်းမြို့သို့ လာရောက် ခဲ့ရာ တရုတ်နာမည်ကြီး ကဗျာဆရာ ပိုင်ဂျီးယိက ကျော်ကြားလှသည့် “ပျူတေးသံ” ကဗျာကို ရေးစပ်သီကုံးခဲ့ပါသည်”ဟု သူက ဆောင်းပါးအဖွင့်ပိုင်းတွင် သမိုင်းကြောင်းကိုခင်းပြသည်။
“ပေါက်ဖော်”ဟူသောစကားလုံးကို မြန်မာ စကား၌ “တစ်အူထုံဆင်း ညီအစ်ကို”ဟု သူကအဓိပ္ပာယ်ဖွင့်ပြသည်။
အေဒီ ၄ ရာစုတုန်းက စီချွမ်-ယူနန်-မြန်မာ-အိန္ဒိယကို ဖြတ်သန်းကုန်သွယ်ခဲ့ခြင်းကို “ရွှေလမ်းငွေလမ်း”ဖောက်လုပ်ခဲ့ခြင်းဟု သုံးနှုံးသည်။
ရှီ သည် မြန်မာတို့၏ နှလုံးသည်းပွတ် အတာသင်္ကြန်ကိုလည်း သူ့စာထဲတွင်ပါးပါးနပ်နပ်ထည့်ရေးသည်။
တရုတ် ဝန်ကြီးချုပ် ချူအင်လိုင်းက မြန်မာအမျိုးသား ဝတ်စုံဆင်မြန်း၍ မြန်မာပြည်သူများနှင့်အတူ အတာသင်္ကြန်ပွဲတော်ကို နွှဲပျော်ခဲ့ပုံသည် ယနေ့တိုင် လူအများ ပါးစပ်ဖျားတွင် ချီးကျူးပြောဆိုနေကြဆဲ ဟု ဆိုထားခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွယ်တော် မြန်မာနိုင်ငံသို့ လေးကြိမ်တိုင် ကြွချီအပူဇော်ခံ ခဲ့သည့်အကြောင်းလည်း မပါမဖြစ်ပါသည်။
 တရုတ်နိုင်ငံ လော့ရန်မြို့ရှိ မြင်းဖြူ ဘုရားကျောင်းတွင် မြန်မာကျောင်းဆောင် လှူဒါန်း ဆောက်လုပ်ခဲ့ခြင်းကိုလည်းထည့်ရေးပါသည်။

၂၀၀၉ ခုနှစ်က ရှီ ၏ ခရီးစဉ်အား နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ကြစဉ်။

၂၀၀၉ ခုနှစ်က ရှီ ၏ ခရီးစဉ်အား နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ကြစဉ်။


ရှီ့ ရင်ထဲက မြန်မာ

ရှီ ၏ မြန်မာခရီးစဉ်မှာ အမှန်ပင်ထူးခြားပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ပြောင်းလဲပြီး ဆယ်နှစ်ကြာမှ အိမ်နီးချင်းသမ္မတက ပထမဆုံးအကြိမ်လာလည်ခြင်းဖြစ်သည်။(အမေရိကန်သမ္မတအိုဘားမားလာလည်ခဲ့သော သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင်  တရုတ်သမ္မတလာလည်ခဲ့ခြင်းမရှိပါ။)
သို့သော် ရှီ ကတော့ ဒုသမ္မတရာထူးဖြင့် မြန်မာနိုင်ငံသို့လာဖူးသည်။ တပ်မတော်အစိုးရ လက်ထက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်အလိုကာလက ခရီးစဉ်မှာ ရှီ့ အတွက်အမှတ်တရများရှိနေသည်။
တစ်တိုင်းပြည်လုံးကန့်ကွက်သော မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို အဆိုပါခရီးစဉ်အတွင်း စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် ဒီမိုကရေစီခေတ်သမ္မတ ဦးသိန်းစိန်က မြန်မာပြည်သူများ၏ဆန္ဒအရ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်သည့်အခါ ၂၀၀၉ ခုနှစ်က ရှီ ၏မြန်မာခရီးစဉ်မှာ အောင်မြင်သောခရီးဟု သတ်မှတ်ရန်မဖြစ်နိုင်တော့ချေ။ ရှီ သည် ၂၀၀၉ ခုနှစ်က မြန်မာခရီးစဉ်ကိုနက်နက်ရှိုင်းရှိုင်း အမှတ်ရနေကြောင်း သူ၏ မြန်မာပြည်သို့ပေးစာတွင်ထည့်ရေးသည်။ သို့သော် အပြုသဘောဖြင့်ဖြစ်သည်။
“၂၀၀၉ ခုနှစ်က ကျွန်တော်သည် ဤသာယာလှပသည့် နိုင်ငံကို လာရောက်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံ၏ သာယာလှပပြီး ဆိတ်ငြိမ်သည့်ရှုခင်းများ၊ အရောင်အသွေးစုံလင်လှသည့် ယဉ်ကျေးမှု၊ လုံ့လဝီရိယရှိပြီး ရိုးသားကြသည့် ပြည်သူများကို ကျွန်တော်သည် နက်နက် ရှိုင်းရှိုင်း အမှတ်ရနေပါသည်။”ဟု ရှီ ကရေးသည်။

၂၀၀၉ ခုနှစ်က ရှီ ၏ ခရီးစဉ်အား နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ကြစဉ်။

၂၀၀၉ ခုနှစ်က ရှီ ၏ ခရီးစဉ်အား နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ကြစဉ်။

တရုတ်နိုင်ငံချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာသည့် ရှီ သည် ရွှေတိဂုံစေတီတော်ကို ဝင်ဖူးသည်။ နေပြည်တော်သို့လည်းရောက်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ညစာတည်ခင်းခဲ့ပြီး နေပြည်တော်ကိုအစောဆုံးရောက်သည့် ပြည်ပခေါင်းဆောင်များတွင် ရှီ ပါဝင်ခဲ့သည်။
ထိုစဉ်က စီမံကိန်းအချို့ သဘောတူလက်မှတ်ထိုးခဲ့ကြသလို ယခုလည်းလက်မှတ်ထိုးကြဦးမည်ဖြစ်သည်။ သို့သော်အခြေအနေတွေမတူတော့ပေ။ သို့သော် Belt and Road ကဲ့သို့သောစီမံကိန်းများသည် ၂၀၀၉  ကစီမံကိန်းများထက်များစွာကြီးသွားပြီဖြစ်သည်။ ထို့အတူ ရှီသည် လည်း သြဇာကြီးသည်ထက်ကြီးလာသော ရှီဖြစ်လာသည်။

ဂျိုကာ ၄ ကောင် ကိုင်ထားသော ရှီ

ရှီ သည် သြဇာကြီးမားသလောက်  မြန်မာပြည်သို့သူ၏ပေးစာတွင် မောက်မားထောင်လွှားခြင်းအလျဉ်းမတွေ့ရပေ။ မြန်မာနိုင်ငံသည် လူမှုရေးစနစ် ကျင့်သုံးမှု မတူသည့် နိုင်ငံများ အနက် တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုသည့်နိုင်ငံ ဖြစ်ကြောင်း သူက မမေ့မလျော့ဆိုသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အချက် အချာကျသော အကျိုးစီးပွားနှင့် အရေးကြီးကိစ္စရပ် များ၌ တရုတ်နိုင်ငံအပေါ် ပြတ်သားစွာ ထောက်ခံအားပေးကြောင်း အသိအမှတ်ပြုသည်။
တကယ်တော့ မြန်မာနှင့်ပတ်သက်လျှင် ရှီ့ လက်ထဲ တွင် မြစ်ဆုံ၊BRI၊ငြိမ်းချမ်းရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ မှ ဗီတိုအာဏာ  ဟူသည့် ဂျိုကာ ၄ ကောင်လုံးရှိနေသည်။ တစ်ခါထဲ ဒေါင်း၍ရသော်လည်း မဒေါင်းဘဲ ပစ်ဖဲကို ဂျိုကာပစ်ပေးမည်ဟု လေသံပစ်သည်။
“တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ မိမိနိုင်ငံ ၏အခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းနေခြင်းအပေါ် ပြတ်သားစွာ ထောက်ခံအားပေးပြီး မြန်မာအစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအပေါ် ထောက်ခံအားပေးကာ မြန်မာနိုင်ငံမှ နိုင်ငံတကာစင်မြင့်၌ ရသင့်ရထိုက်သည့် အခွင့်အရေးနှင့် နိုင်ငံ့ ဂုဏ်သိက္ခာကို ကာကွယ် စောင့်ရှောက်ခြင်းအပေါ်ကိုလည်း ထောက်ခံအားပေးပါသည်။”ဟု ဆိုခဲ့ခြင်းဖြစ်သည်။
လက်တွေ့တွင် တရုတ်-မြန်မာ နယ်စပ်တွင် မမျှတသည့် ကုန်သွယ်မှုအခြေအနေများရှိနေလင့်ကစား ရှီ ၏ ဆောင်းပါးတွင် “အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ထောက်ခံအားပေးမှုတို့ အစဉ်တစိုက်ဆောင်ရွက်ပြီး နိုင်ငံကြီး၊ နိုင်ငံငယ်အကြား တန်းတူညီမျှစွာ ဆက်ဆံရေး၊ အပြန်အလှန် အကျိုးဖြစ်ထွန်းရေး၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် စံနမူနာကို တည်ဆောက် ရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့အကျိုးစီးပွားများ ဆောင်ကြဉ်း ပေးနိုင်ခဲ့ ပါသည်။”ဟု ရေးသည်။
ရှီ့ဆောင်းပါးတွင် မှန်ကန်သောအချက်အလက်တစ်ခုပါလာပါသည်။ယင်းမှာ “မြန်မာ့လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ ပိုမိုများပြားစွာ ဝင်ရောက် လာခဲ့ပါသည်။” ဟူသော အချက်အလက်ဖြစ်သည်။၂၀၁၉ ခုနှစ် ပထမ ၁၁ လပိုင်းတွင် နှစ်ဖက်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၆.၈ ဘီလီယံရှိခဲ့သည် ဆို၏။
မြန်မာနိုင်ငံသည် *Belt and Road” အတူတကွ တည်ဆောက်ရေးလမ်းကြောင်းတစ်လျှောက်ရှိ အရေးပါသည့် နိုင်ငံဖြစ်ကြောင်း ရှီ က ရေးသည်။

BRI ဖိုရမ်တွင်တွေ့ရသည့် သမ္မတရှီ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံ

BRI ဖိုရမ်တွင်တွေ့ရသည့် သမ္မတရှီ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံ


“နှစ်ဦးနှစ်ဖက်သည် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ချိတ်ဆက်မှုကို နက်ရှိုင်းစေပြီး တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များကို ချုပ်ဆိုကာ ပူးပေါင်းလုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ စင်္ကြံ တည်ဆောက်ရေးလုပ်ငန်းကို တည်ငြိမ်စွာ အကောင် အထည်ဖော် ဆောင်လျက်ရှိပါသည်။”
ဒီအချက်ကို သူ ကျေနပ်နေပေလိမ့်မည်။
မြန်မာပြည်တွင် လုပ်ဆောင်မည့်တရုတ်စီမံကိန်းများကို “ကြွေးမြီထောင်ချောက်”အဖြစ်ကျရောက်သွားမည် ဟု သတိပေးမှုများရှိသည်။
သို့သော် “ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ရန်ကုန်မြို့သစ် စီမံကိန်း ဟူသော သုံးနေရာမှကျားကန်မှုကို အင်တိုက်အားတိုက်ဖော်ဆောင်ပြီး အပြန်အလှန်ဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ငွေရေးကြေးရေး၊ လူမှုအကျိုးပြုလုပ်ငန်း စသည့် နယ်ပယ်များ၌ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-မြန်မာ အကျိုးတူပူးပေါင်းဆောင် ရွက်မှုမှတစ်ဆင့် ပြည်သူများအတွက် အကျိုးအမြတ်များ ပိုမိုများပြားစွာ ဖော်ဆောင်ပေးရပါမည်။” ဟု ရှီကရေးသည်။
“ နှစ်နိုင်ငံသည် ယခုနှစ်ကို “တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ်”ဟု သတ်မှတ်ထားရာ မြန်မာနိုင်ငံ၏ လှပသောသဘာဝရှုခင်းများနှင့် များပြားပြည့်ဝလှသော ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ်များက ပိုမိုများပြားသည့် တရုတ်ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။” ရှီကပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည်က တရုတ်ခရီးသွားများ၏ “Zero Dollar Tourism”ဖြစ်သည်။

“တွေ့ဖန်များသော်ခင်၊ ခင်ဖန်များသော်ရင်း”

သမ္မတ ရှီ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သမ္မတ ရှီ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဒီစကားက တရုတ်-မြန်မာ နှစ်နိုင်ငံလုံးတွင် တူညီသည့်ဆိုရိုးစကား ဟု ရှီကဆိုသည်။ “နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀) ပြည့်မြောက်သည့် သမိုင်းဝင်စမှတ်သစ်မှစ၍ မြန်မာမိတ်ဆွေများနှင့်အတူ လက်တွဲကြိုးပမ်း၍ ပိုမိုရင်းနှီးသည့် အေးအတူပူအမျှ တရုတ်-မြန်မာအသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးကာ နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံစဉ်သစ်များကို ဆက်လက် ပုံဖော်သွားမည် ဖြစ်ပါသည်။”ဟု ရှီကဆိုပါသည်။
တရုတ်နိုင်ငံ၏ လက်ရာမြောက် ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ များသည်လည်း မြန်မာ ပရိသတ်များ၏ ကြိုက်နှစ်သက်မှုကို ခံခဲ့ရပါသည်။ ရှီ ရည်ညွှန်းသည်က မျောက်ဘုရင် စွန်းဝူခုန်း ၏ “ အနောက်သို့ခရီး” ဖြစ်ဖွယ်ရှိသည်။
“နှစ်ဦးနှစ်ဖက်သည် သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုလှုပ်ရှားမှုများ ဆက်တိုက်ကျင်းပ လုပ်ဆောင်သွားပြီး ပညာရေး၊ သာသနာရေး၊ မီဒီယာ၊ ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ စသည့် နယ်ပယ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပြည်သူများ၏ စိတ်နှလုံးထဲတွင် အမြစ် တွယ်စေကာ ရှင်သန်မှုသစ်များနှင့် အားအင်သစ်များ ပေါ်ထွက်လာစေပါမည်။”ဟု ရှီ ကဆိုပါသည်။
“လက်ရှိတွင် တစ်ကိုယ်တော်ဝါဒ (Unilateralism)၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ (Protectionism) များ ခေါင်းမော့လာရာ နှစ်ဦးနှစ်ဖက်သည် ကုလသမဂ္ဂ၊ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး၊ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေးစသည့် ဘက်ပေါင်းစုံ ယန္တရားမူဘောင်များတွင် ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရပါမည်။”ဟု ရှီ ကလမ်းပြသည်။
ဒေါ်နယ်ထရန့် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲခဲ့သော ရှီ မြန်မာပြည်လာလေပြီ။ မြန်မာပြည်၏ အကြီးဆုံးခေါင်းဆောင် သုံးဦးဖြစ်သော သမ္မတ၊အာဏာရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ကို တွေ့ဆုံမည်ဖြစ်သည်။
ကမ္ဘာ့အင်အားကြီးတရုတ်တွင် အဆိုပါရာထူး ၃ ခုလုံးကို ရှီ တစ်ယောက်ထဲကပိုင်ဆိုင်ထားသည်။
ရှီ သည် သူမလာခင် မြန်မာပြည်သို့ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသော စာတစ်စောင်ပို့လိုက်သည်။ သူပြန်သွားလျှင်ရာ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းသော အချင်းအရာများကျန်ခဲ့ပါမည်လော။

နိုင်ငံပိုင်မီဒီယာများတွင်ဖော်ပြထားသည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ဆောင်းပါးhttps://www.moi.gov.mm/?q=node/32955
 

 

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.