စိတ်တူကိုယ်တူ ချစ်တဲ့သူ ရုပ်ရှင်ပွဲတော်

Maro Verli/ Frontier

Maro Verli/ Frontier

ရန်ကုန်မြို့တွင် ကျင်းပသော ဒုတိယအကြိမ်မြောက် LGBT ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံရှိ အထူးတလည် ဖုံးကွယ်ထားကြသော ယောကျ်ားလျာ လူ့အဖွဲ့အစည်းငယ်လေးကို မီးမောင်းထိုး ပြသခဲ့ကြသည်။

မက်သယူး ဘောဒီ နှင့် ကာရိုး အူဒိုး ရေးသားသည်။

ဇန်နဝါရီလ ၂၈ ရက်မှ ၃၁ ရက်အထိ ရန်ကုန်မြို့ ပြင်သစ်ယဉ်ကျေးမှုဌာန French Institute တွင် ကျင်းပခဲ့သော &Proud LGBT ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံ၌ အထူးတလည် ဖုံးကွယ်ထားကြသော လိင်တူဆက်ဆံသူ မိန်းမဖြစ်သည့် ယောကျ်ားလျာ လူ့အဖွဲ့အစည်းနှင့်ပတ်သက်ပြီး ဦးစားပေး ဖော်ကျူးခဲ့ကြသည်။

ထိုရုပ်ရှင်ပွဲတော်၏ ပထမအကြိမ်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံနှင့် အာရှဒေသရှိ LGBT (Lesbian လိင်တူဆက်ဆံသူ မိန်းမ၊ Gay လိင်တူဆက်ဆံသူ ယောကျ်ား၊ Bisexual လိင်တူလိင်ကွဲ ဆက်ဆံသူနှင့် Transgender ဣတ္ထိလိင် ပြောင်းထားသူ) လူ့အဖွဲ့အစည်းများအကြောင်း ရုပ်ရှင်များ ပြသခဲ့သည်။

ထိုရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံရှိ LGBT လူ့အဖွဲ့အစည်းများအကြောင်း ပိုမိုသိရှိလာနိုင်စေရန် ရုပ်ရှင်မှတဆင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်များကို LGBT များက ရရှိလာစေရန် ရည်ရွယ်သည်။

ယခုနှစ် ပွဲတော်တွင် ယောကျ်ားလျာများကို အလေးပေး ဖော်ပြခဲ့ကြသည်။ အဘယ့်ကြောင့်ဆိုသော် ပွဲတော် စီစဉ်သူများသည် LGBT လူ့အဖွဲ့အစည်းများတွင် တွေ့ရခဲသော ယောကျ်ားလျာများကို နေရာပေးလိုသောကြောင့် ဖြစ်သည်။

လဲ့လဲ့အေး ရိုက်ကူးသော စိတ်တူကိုယ်တူ ချစ်တဲ့သူ ဟု အဓိပ္ပာယ်ရသော Soulmates ဟူသည့် ဇာတ်လမ်းတိုသည် ကျေးလက်ဒေသ တစ်ခုတွင် နေထိုင်သော စုံတွဲတစ်တွဲအကြောင်း ရိုက်ကူးထားခြင်း ဖြစ်သည်။

Soulmates ကားမှ ခေါင်းဆောင်မင်းသား ကိုတုတ်ကြီးနှင့် သူ့တူမတို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ကာရိုး အူဒိုး

Soulmates ကားမှ ခေါင်းဆောင်မင်းသား ကိုတုတ်ကြီးနှင့် သူ့တူမတို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – ကာရိုး အူဒိုး

“သူက ရေခဲချောင်း ရောင်းတယ်။ သူက ကျွန်မနောက်ကို အမြဲလိုက်နေတာပါ” ဟု လွန်ခဲ့သော ၁၅ နှစ်ခန့်က သူ၏ ကြင်ဖော်ကို တွေ့ရှိခဲ့ပုံအကြောင်း အမျိုးသမီးတစ်ဦးက ပြန်ပြောင်းပြောပြသည်။ သူတို့စုံတွဲသည် အမျိုးသမီး၏ တူမများကို ပြုစုပျိုးထောင်ပေးရင်း အတူနေထိုင်ကြသည်။ သူတို့၏ ရိုးစင်းသော နေ့စဉ်ဘဝကို ဖန်သားပြင်ပေါ်တွင် ကြည့်ရှုနိုင်ပြီး ထိုဇာတ်လမ်းတွင် မေတ္တာအကြင်နာများ၊ ရယ်စရာဟာသများနှင့် ရောမွှေထားသည်။

“ကျွန်မတို့က တစ်ဦးကိုတစ်ဦး ပိုင်ဆိုင်ခွင့်ရလို့ ကံကောင်းကြပါတယ်” ဟု အမျိုးသမီးဖြစ်သူက သူ၏ ကြင်ဖော် ကိုတုတ်ကြီးနှင့် ပတ်သက်ပြီး ပြောသည်။

ကိုတုတ်ကြီးသည် အိမ်ထောင်ကို ဦးဆောင်သူ ဖြစ်သည်။ ကိုတုတ်ကြီးသည် ဇနီးဖြစ်သူကို ဆံပင်ညှပ်ပေးသည်။ ကလေးများကို ရေချိုးပေးသည်။ အိမ်အလုပ်များ ကူလုပ်ပေးသည်။ ကိုတုတ်ကြီးသည် အရပ်နည်းနည်း ပုပြီး လက်မောင်းတွင် ဆေးမင်ကြောင်များ ထိုးထားသည်။ သူသည် လုံချည်ဝတ်ထားပြီး သန်မာထွားကြိုင်းသည်။ စကားနည်းပြီး ရှက်တတ်သူ ဖြစ်သည်။ ကိုတုတ်ကြီးသည် သူချစ်သော အမျိုးသမီး ရှေ့မှနေ၍ အရာရာကို ရင်ဆိုင်ဖြေရှင်းပေးသူ ဖြစ်သည်။

သို့သော် ကိုတုတ်ကြီးသည်လည်း အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။ သူသည် အမျိုးသားကဲ့သို့ ဝတ်ဆင်ကာ လင်ယောကျ်ားတစ်ယောက်၏ အခန်းကဏ္ဍကို ရယူထားသည်။

“သူက ကျွန်မအတွက်တော့ တခြားယောကျ်ားသား ဘယ်သူမဆိုထက် ပိုကောင်းပါတယ်” ဟု ကိုတုတ်ကြီး၏ ဇနီးက ပြောသည်။ သူတို့၏ သိုသိုသိပ်သိပ် ချစ်ဇာတ်လမ်းကို သူသူငါငါ သိပ်မသိရှိကြဘဲ သူတို့နှင့် နီးစပ်သော လူများကလည်း အကြွင်းမဲ့ လက်ခံပေးထားကြသည်။

Soulmates ကို ရုပ်ရှင်ပွဲတော်က ကျင်းပလာသော Rainbow Reels အလုပ်ရုံဆွေးနွေးပွဲများမှ ဖန်တီး ထုတ်လုပ်ယူခဲ့ပြီး ယင်းဆွေးနွေးပွဲများသည် LGBT လူငယ်များအား ၎င်းတို့၏ ဇာတ်လမ်းများကို  ဖွင့်ဟနိုင်ကြစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ထိုရုပ်ရှင်တွင် ယောကျ်ားလျာ ဇနီးမောင်နှံများ၏ ဘဝကို ပြသထားကာ ဇာတ်လမ်းများ၌ စုံတွဲများထဲမှ ကြင်ဖက်တစ်ဦးသည် ယောကျ်ားလျာအဖြစ် သဏ္ဍာန်လုပ်ရပြီး ကျားကျားလျားလျား စရိုက်ပီပြင်အောင် သရုပ်ဆောင်ရသည်။

“ဒီနှစ်တော့ LGBT လူ့အဖွဲ့အစည်းမှာ ယောကျ်ားလျာတွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ နေရာပေးချင်တယ်” ဟု &Proud ကို ဖော်ထုတ်သူ ဘီလီ စတူးဝပ်က ပြောသည်။ ၎င်းက ယောကျ်ားလျာများသည် LGBT လူ့အဖွဲ့အစည်းတွင် တိမ်မြုပ်နေကြရကြောင်း၊ ယင်းအချက်ကို ယခုပွဲတော်သို့ လာရောက်သူ နည်းပါးခြင်းကို ကြည့်၍သိနိုင်ကြောင်း ဆိုသည်။

“LGBT လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့လို ယောကျ်ားလျာတွေက သိပ်မရှိကြဘူး။ အခုပွဲတော်မှာလည်း ယောကျ်ားလျာအဖွဲ့ ၆ ဖွဲ့လောက်ပဲ ပါတယ်” ဟု Kings and Queens အဖွဲ့မှ တက်ကြွလှုပ်ရှားသူ အသက် ၂၂ နှစ်အရွယ် ယောကျ်ားလျာ သြဇာမိုးက ပြောသည်။

ထိုကဲ့သို့ ဖြစ်ရသည့် အကြောင်းရင်းမှာ မြန်မာ့လူ့အဖွဲ့အစည်းတွင် အမျိုးသားများ လွှမ်းမိုးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် LGBT လှုပ်ရှားမှုတွင် မိန်းမလျာများနှင့် ဣတ္ထိလိင်သို့ ပြောင်းထားသူများက ဦးဆောင်နေခြင်း ဖြစ်သည်။

“ပြဿ     နာက ခင်ဗျားဟာ မိန်းမလျာပဲ ဖြစ်ဖြစ်၊ ယောကျ်ားလျာပဲ ဖြစ်ဖြစ် ယောကျ်ားက ယောကျ်ားသာ ဖြစ်ပြီးတော့ မိန်းမကလည်း မိန်းမပါပဲ။ သူတို့ ဘယ်လိုစိတ်မျိုး ပေါက်နေနေ၊ သူတို့ မူလကျားစိတ်၊ မစိတ်အတိုင်း ရှိနေတတ်ကြတယ်။ ဒါ့ကြောင့် မိန်းမလျာတွေက ပြောရဲဆိုရဲ ပိုရှိကြပြီး ယောကျ်ားလျာမတွေက ခပ်လျှိုလျှို နေကြတာပဲ”ဟု ကိုအောင်မျိုးမင်းက ပြောပြသည်။ ၎င်းသည် လူ့အခွင့်အရေးကို မြှင့်တင်ရန် လုပ်ဆောင်ပေးနေသော Equality Myanmar အဖွဲ့အစည်းကို တည်ထောင်ထားသူ ဖြစ်သည်။

Maro Verli / Frontier

Maro Verli / Frontier

မိန်းမလျာများနှင့် ဣတ္ထိလိင်ပြောင်းထားသူများသည် စီးပွားရေးအလုပ်အကိုင် တစ်ခုခု လုပ်ကိုင်ရန်လည်း ပိုမိုလွယ်ကူသည်။ သူတို့သည် အလှဖန်တီးရှင်များ အဖြစ်လည်းကောင်း၊ ဆံပင်အလှပြင်ပညာရှင်များ အဖြစ်လည်းကောင်း၊ နတ်ကတော်များ အဖြစ်လည်းကောင်း အသက်မွေးဝမ်းကျောင်းအလုပ်ကို ကောင်းစွာ လုပ်ကိုင်နိုင်ကြသည်။ ယောကျ်ားလျာများ အတွက်မူ ထိုသို့ မလွယ်ကူလှပေ။

“ယောကျ်ားလျာတွေအတွက်တော့ အခြေအနေက မတူပါဘူး။ သူတို့က ဖျော်ဖြေရေးမှာလည်း မလုပ်နိုင်ကြ၊ မလုပ်ချင်ကြဘူး။ အလှဖန်တီးရှင်လည်း သူတို့ မလုပ်ချင်ကြဘူး။ ဒါကြောင့်ပဲ သူတို့က လူရှေ့သိပ်မထွက်ရဲ ကြတာပါ” ဟု သြဇာမိုးက ပြောပြသည်။

ယောကျ်ားလျာများနှင့် ၎င်းတို့၏ ဝတ်စားဆင်ယင်မှုကို အများပြည်သူက ပြင်းထန်စွာ တုံ့ပြန်တတ်ပုံကို ဒါရိုက်တာ စုစုလှိုင် ရိုက်ကူးသော Love and other matters ဟူသော မှတ်တမ်းရုပ်ရှင်တွင် တွေ့မြင်နိုင်သည်။ ယင်းမှာ လုလုဆိုသော မိန်းကလေးတစ်ယောက်၏ အခက်အခဲများနှင့် သူ ရင်ဆိုင်ရသော စိန်ခေါ်မှုများကို ရိုက်ကူးပြသထားသည်။

“ကျွန်မ အိမ်သာသွားတဲ့အခါတိုင်း ဘယ်အိမ်သာကို သွားရမလဲ မသိဘူး။ ကျွန်မ အမျိုးသမီး အိမ်သာ သွားတော့ လူတွေက စိုက်ကြည့်ကြတယ်။ အမျိုးသားအိမ်သာ သွားတော့လည်း ဒီလိုပဲ” ဟု လုလုက ပြောသည်။

ထိုရုပ်ရှင်ထဲမှာပင် ပါဝင်သော အခြားဇာတ်ကောင် တစ်ဦးမှာ ဦးနေဝင်းဆိုသူ ဖြစ်သည်။ သူသည် သူ့ဘဝတစ်လျှောက် အမျိုးသားတစ်ဦးကဲ့သို့ နေထိုင်လာခြင်း ဖြစ်သည်။ ထိုအမျိုးသမီးကြီးသည် သူကိုယ်တိုင် ယောကျ်ားစိတ် ပေါက်နေသည်ကို မသိဟန်ဆောင်ထားသည်။

“ယောကျ်ားလျာတွေ အများစုက သူတို့ကို မိန်းကလေးလို့ အခေါ်မခံချင်ကြဘူး။ သူတို့က အမျိုးသားပဲ ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ ဒါကို လူ့အဖွဲ့အစည်းက လက်မခံနိုင်တော့ သူတို့က သူတို့ ယောကျ်ားလျာ ဖြစ်နေတာကို ဖုံးကွယ်ထားလေ့ရှိကြတယ်” ဟု သြဇာမိုးက ပြောပြသည်။

ယောကျ်ားလျာများ၏ ဘဝနေမှုပုံစံများသည် အမျိုးမျိုး ကွဲပြားနေရာ ကိုတုတ်ကြီးနှင့် ဦးနေဝင်းတို့မှာမူ ၎င်းတို့၏ လိင်အစစ်အမှန်ကို အမြဲတမ်း ဖုံးကွယ်ထားနိုင်ကြသည်။ အသက်ငယ်သေးသော ယောကျ်ားလျာများမှာမူ  အခက်အခဲများစွာနှင့် ရင်ဆိုင်ကြရသည်။

ယုမာလာမြင့်သည် သူ ယောကျ်ားစိတ် ပေါက်နေသည်ကို သူ့အမေအား ရှင်းပြနိုင်စေရန် ရုပ်ရှင် တစ်ကား ရိုက်ကူးခဲ့သည်။

“သမီးရဲ့ ရည်းစားက အမေမျှော်မှန်းထားတဲ့ လူမျိုး မဟုတ်ပါဘူး” ဟု Rainbow Reels အလုပ်ရုံဆွေးနွေးပွဲများမှ ဖော်ထုတ်တင်ဆက်သော ဇာတ်လမ်းတို တစ်ကားဖြစ်သည့် Dear Mom ဟူသော ရုပ်ရှင်တွင် ပြောပြထားသည်။

သို့ရာတွင် ယုမာလာမြင့်၏ မိခင်မှာ ထိုရုပ်ရှင်ကို လာမကြည့်နိုင်ခဲ့ပေ။ ယုမာလာမြင့်သည် သူ့မိခင်အား ထိုရုပ်ရှင် အမြန်ဆုံး ပြသနိုင်ရန် ရည်ရွယ်ထားပြီး သူ့မိခင်ထံမှ နားလည်မှုကိုလည်း ရရှိနိုင်မည်ဟု မျှော်လင့်ထားသည်။

“မြန်မာလူ့အဖွဲ့အစည်းမှာ ယောကျ်ားလျာတွေအတွက် နေရာမရှိပါဘူး။ သူတို့ ပေါ်ပေါ်ထင်ထင် ရှေ့ထွက်လာရင်လည်း မိသားစုရဲ့ စွန့်ပစ်တာကို ခံကြရတယ်။ ဒါမှမဟုတ် အိမ်က ထွက်ပြေးကြရတတ်တယ်။ တစ်ခါတရံမှာ လမ်းပေါ်မှာ သူတို့ အိပ်ကြရတတ်တယ်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ခံရတတ်ပါတယ်” ဟု သြဇာမိုးက ပြောသည်။

လူ့အဖွဲ့အစည်းတွင် ထင်ထင်ပေါ်ပေါ် မရှိကြသော်လည်း ယောကျ်ားလျာများ၏ ပူးပေါင်းပါဝင်မှုကို လူတန်းစား ခွဲခြားမှုများ၊ တရားစွဲဆိုခံရမှုများကို ဆန့်ကျင်ရုန်းကန်နေသော LGBT လှုပ်ရှားမှုများတွင် ကြိုဆိုကြသည်။

Maro Verli / Frontier

Maro Verli / Frontier

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၇ ဖြစ်သော နာမည်ကြီး ပုဒ်မတွင် လိင်တူဆက်ဆံမှုကို ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ယင်းပုဒ်မသည် LGBT များ၏ အခွင့်အရေးအတွက် အဓိက အတားအဆီးဖြစ်ပြီး LGBT လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များသည် ၎င်းတို့ ခံစားရသော အလွဲသုံးစားပြုခံရမှုများအတွက် ယင်းပုဒ်မကိုသာ အပြစ်ဖို့ထားကြသည်။

“ကျွန်တော်တို့က ဒီပုဒ်မ ပြင်ဆင်ရေးအတွက် လွှတ်တော်မှာ ဆွေးနွေးအကြံပေးလိုပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ကို ပုံမှန်မဟုတ်တဲ့ လူတွေလို့ပဲ မြင်နေကြသေးတယ်” ဟု ရုပ်ရှင်ပွဲတော်ကို ဦးဆောင်ကျင်းပသည့် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သော Colors Rainbow မှ လှမြတ်ထွန်းက ပြောပြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်ထက်တွင် LGBT များ၏ အခွင့်အရေးများ တိုးတက်လာလိမ့်မည်ဟု အကောင်းမြင်သူများ ရှိနေကြသည်။

“ကျွန်တော်တို့မှာ မျှော်လင့်ချက်တော့ ရှိနေပါတယ်။ ဒါပေမဲ့ အခုအထိတော့ ဘယ်သူနဲ့မှ ကျွန်တော်တို့ မဆွေးနွေးရသေးပါဘူး” ဟု အောင်မျိုးမင်းက ပြောသည်။

ထိုရုပ်ရှင်ပွဲတော်တွင် ပြသသော မှတ်တမ်းရုပ်ရှင် ၃၃ ကားတွင် မြန်မာနိုင်ငံမှ ၇ ကား ပါဝင်ပြီး ကျန်ရုပ်ရှင်များမှာ အရှေ့တောင်အာရှဒေသနှင့် အခြားဒေသများမှ ဖြစ်သည်။

ရုပ်ရှင်စီစဉ်သူများက ယခုနှစ် ပွဲတော်တွင် ညစဉ် ပရိသတ် ၅၀၀ ခန့် လာရောက်ခဲ့ပြီး ပထမနှစ်ကထက် အနည်းငယ် တိုးလာခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.