ဖူးပွင့်ဝေဆာစ ပြုလာတဲ့ မြန်မာဖက်ရှင်လုပ်ငန်း

မြန်မာနိုင်ငံ၏ စီးပွားရေး ပွင့်လင်းလာမှုကြောင့် ဖက်ရှင်လုပ်ငန်းများ တဟုန်ထိုး တိုးတက်လာခဲ့ပြီး နိုင်ငံ၏ လူသိအများဆုံး ဒီဇိုင်နာများ ပါဝင်သော အထူးပွဲတော်များ ပေါ်ပေါက်လာခဲ့သည်

နိုနိုအောင် ရေးသားသည်။

လွန်ခဲ့သော နှစ်အနည်းငယ်အထိ ဖက်ရှင်ဝါသနာပါသူများသည် နိုင်ငံတကာ နာမည်ကြီး အမှတ်တံဆိပ် အဝတ်အစားများ၊ ဒီဇိုင်နာများချုပ်သော အဝတ်အစားများကို ရန်ကုန်မြို့တွင် ဝယ်ယူနိုင်ရန် ခက်ခဲခဲ့သည်။ အနောက်တိုင်းမှလာသော ဖက်ရှင်ထုတ်ကုန် အနည်းငယ်သာ ရရှိနိုင်ခဲ့ပြီး ဆိုင်အများစုသည် တရုတ်နိုင်ငံမှ တင်သွင်းသော အသင့်ချုပ်ပြီး အဝတ်အစားများသာ ရောင်းချခဲ့ကြသည်။

စစ်အစိုးရက အကန့်အသတ်ဖြင့် စီးပွားရေးကို ဖွင့်လှစ်ပေးခဲ့သော ၁၉၉၀ ပြည့်နှစ်များတွင် ဖက်ရှင်လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာခဲ့သည်။ သို့သော် ၂၀၀၀ ပြည့်နှစ်များတွင် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့၏ အရေးယူပိတ်ဆို့မှုများ၏ အကျိုးသက်ရောက်မှုကို ခံခဲ့ရသည်။ ထိုအရေးယူပိတ်ဆို့မှုများက ဖက်ရှင်ဈေးကွက်ကို ကန့်သတ်ခဲ့သဖြင့် တခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နိုင်ငံတကာ နာမည်ကြီး ဖက်ရှင်တံဆိပ် အနည်းငယ်မျှသာ ပြည်တွင်းတွင် ရရှိနိုင်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် အစိုးရအပြောင်းအလဲ ဖြစ်ပြီးနောက် မြန်မာနိုင်ငံ ပွင့်လင်းလာမှုသည် ဖက်ရှင်လုပ်ငန်း တိုးတက်မှုကို အထောက်အကူ များစွာပြုခဲ့သည်။

“အခုအချိန်မှာ ဖက်ရှင်လုပ်ငန်းဟာ ဖွံ့ဖြိုးတိုးတက်စ ပြုနေပါတယ်” ဟု ရန်ကုန်မြို့တွင် ၎င်း၏ Vestige ဖက်ရှင်ထုတ်ကုန်များကို ရောင်းချနေသော ပဲရစ်မြို့မှ ဖက်ရှင်ဒီဇိုင်နာ Charlotte Barjou က ပြောသည်။

မကြာသေးမီ နှစ်များအတွင်း ရန်ကုန်မြို့တွင် ကျင်းပခဲ့သော နိုင်ငံတကာ ဖက်ရှင်သီတင်း ပတ် ပွဲတော်နှစ်ခုသည် ဖက်ရှင်လုပ်ငန်းအတွက် ကြိုဆိုရမည်ဖြစ်သော တိုးတက်မှုများ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“နိုင်ငံတကာ ဖက်ရှင်သီတင်းပတ် ပွဲတော်တွေ ကျင်းပနေတာ ရှင်တို့ တွေ့နိုင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။ နောက်ထပ်ပွဲတော် တစ်ခုကို လာမည့် အောက်တိုဘာလ အစောပိုင်းတွင် ကျင်းပရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။ “ဒီနိုင်ငံမှာ ဖက်ရှင်လုပ်ငန်း ဘယ်လို ဖွံ့ဖြိုးလာမယ်ဆိုတာ စိတ်ဝင်စားစရာပါ” ဟု ၎င်းက ပြောသည်။

Teza Hlaing / Frontier

Teza Hlaing / Frontier

ပဲရစ်မြို့တွင် La Creation Jeudi ဟု ခေါ်ဆိုသော အွန်လိုင်းဖက်ရှင်လုပ်ငန်း တစ်ခုပိုင်ဆိုင်သော Ms Barjou သည် ပြီးခဲ့သောနှစ်က ရန်ကုန်သို့ လာရောက်ပြီး ဖက်ရှင်ဆိုင်တစ်ခု ဖွင့်လှစ်ရန် စီစဉ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ဖက်ရှင်လုပ်ငန်းသည် အလားအလာကောင်းများ များစွာရှိသည်ဟု ၎င်းက ဆိုသည်။

“အနာဂတ်မှာ ယခုထက် ပိုမို ပြိုင်ဆိုင်မှုတွေ များလာမှာပါ။ ဘာလို့လဲဆိုတော့ အမှတ်တံဆိပ်တွေ အများအပြား တွေ့နေရပေမယ့် နိုင်ငံတကာ နာမည်ကြီး အမှတ်တံဆိပ်တွေက သိပ်အများကြီး မရှိပါဘူး။ တံဆိပ်တွေ အမြောက်အများ ဝင်ရောက်လာမယ်လို့ ကြားပါတယ်။ ဒါကြောင့် ပြိုင်ဆိုင်မှုတွေ များလာမှာပါ” ဟု Ms Barjou က ဆိုသည်။

နာမည်ရ အမှတ်တံဆိပ်တွေအား ဝယ်လိုအားက ကောင်းလာမည်ဖြစ်သည်ဟု ဖက်ရှင်လုပ်ငန်း လုပ်ကိုင်သူတွေက မှန်းဆကြသည်။

“လူတွေက နာမည်ရတံဆိပ်တွေကို ရူးသွပ်ကြတယ်” ဟု ငယ်ရွယ်သော ဒီဇိုင်နာတစ်ဦးဖြစ်သည့် ကိုဖြိုးပြည့်က ပြောသည်။

“လူတွေက နာမည်ရတံဆိပ်တွေကို နှစ်သက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ ပတ်သက်ပြီး ဂုဏ်ယူချင်လို့ပဲ” ဟု ၎င်းက ပြောသည်။

မော်ဒယ်များ၊ ရုပ်ရှင် သရုပ်ဆောင်များကလွဲပြီး သာမန်လူများသည် ဒီဇိုင်နာများထံမှ မှာယူဝတ်ဆင်လေ့ မရှိကြဟု ၎င်းကဆိုသည်။

“သူတို့က မင်္ဂလာဆောင်တို့၊ ညစာစားပွဲတို့လို တက်စရာ ပွဲလမ်းသဘင်ရှိမှ ဒီဇိုင်နာဆီမှာ သူတို့အတွက် အဝတ်အစားအပ်လေ့ရှိတယ်” ဟု ကိုဖြိုးပြည့်က ပြောသည်။

ဒီဇိုင်နာများအတွက် တောက်ပသော အနာဂတ်ရှိသည်ဟု ကိုပြည့်ဖြိုးက ယုံကြည်ထားသည်။ သို့သော် ယှဉ်ပြိုင်မှုများ ပိုမို များပြားလာမည်ကိုလည်း လက်ခံထားသည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ အခြေအနေအရ လူတွေက ဒီဇိုင်နာချုပ်တာကိုပဲ ဝတ်ဆင်ရတာ နှစ်သက်ကြလိမ့်မယ်” ဟု ၎င်းကဆိုသည်။

“သူတို့ ဒီဇိုင်နာချုပ်တာကို နှစ်သက်ရတဲ့ အကြောင်းရင်းက ဒီဇိုင်နာချုပ်တဲ့ အဝတ်အစားတွေက သီးခြားစီ ဖြစ်နေတယ်။ ဈေးကွက်ထဲမှာ ဝယ်လို့မရဘူး။ ဖောက်သည် တစ်ဦးချင်း စီအတွက် သီးခြား ဖန်တီးပေးထားတာပါ” ဟု ၎င်းကပြောသည်။

အချို့သော ဈေးဝယ်သူများက နာမည်ရ အမှတ်တံဆိပ်များကို ပိုမို နှစ်သက်ကြသော်လည်း ဒီဇိုင်နာများသည် ဈေးကွက်ထဲတွင် အထူးနေရာတစ်ခုကို ရရှိနေမည်သာ ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ဒီတော့ လူတွေအနေနဲ့ ပိုမို ရွေးချယ်စရာတွေ ရှိလာမှာပေါ့” ဟု ကိုပြည့်ဖြိုးကဆိုသည်။

ဖက်ရှင်အဝတ်အစားများ လက်လီရောင်းချမှုများသည် မကြာသေးမီ နှစ်များအတွင်း ရန်ကုန်မြို့အနှံ့ Junction Square နှင့် Dagon Center-2 ကဲ့သို့သော ရှော့ပင်စင်တာများ ဖွင့်လှစ်လာမှုကြောင့် များပြားလာခဲ့သည်။ ဖွင့်လှစ်ထားသည်မှာ အတော်ကြာပြီဖြစ်သည့် တော်ဝင်စင်တာကဲ့သို့သော နေရာများတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်ကာပူ၊ ထိုင်း နှင့် တရုတ်နိုင်ငံတို့မှ အဝတ်အစားများကို ရောင်းချလာခဲ့သည်မှာ ကြာပြီဖြစ်သည်။

ယခုလအတွင်း ဖက်ရှင်လုပ်ငန်းအတွက် မီးမောင်းထိုးပြသမှုမှာ ငယ်ရွယ်၍ နာမည်ကြီးသော ပြည်ပအခြေစိုက် မြန်မာဒီဇိုင်နာ တစ်ဦးဖြစ်သည့် Steven Oo ပါဝင်ပြသသော ပွဲတော်တစ်ခုဖြစ်သည်။

ဗဟန်းမြို့နယ် La Carovana တွင် ကျင်းပသော Yangon Fashion Market တွင် ဒီဇိုင်နာများ ချုပ်သော အမှတ်တံဆိပ်များကို ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့က ပြသခဲ့သည်။ ထိုအထဲတွင် Steven Oo ၏ 00.55 အမှတ်တံဆိပ်များ ၊ Ci Ci တံဆိပ်၊ Mon Hom ၏ Mon Precieux New York တံဆိပ်၊ Charlotte Barjou ၏ Vestige line၊ The Avenue ၏ Rag and Denim တို့ ပါဝင်သည်။

Charlotte Barjou. (Teza Hlaing / Frontier)

Charlotte Barjou. (Teza Hlaing / Frontier)

Pun + Projects က လက်ခံကျင်းပသော ထိုပွဲသည် ခေတ်ပြိုင် မြန်မာ ဒီဇိုင်နာများနှင့် လက်လီအရောင်းဆိုင်များကို မြင့်တင်ပေးရန် ရည်ရွယ်ပြီ တစ်နှစ်ပတ်လုံး နေရာအနှံအပြားတွင် ကျင်းပသွားမည်ဟု ဆိုသည်။

“မြန်မာနိုင်ငံရဲ့ တိုးတက်နေတဲ့ ဖက်ရှင်လုပ်ငန်းကို ထောက်ပံ့ပေးတဲ့အနေနဲ့ ဒေသတွင်းက လက်လီအရောင်းဆိုင်နဲ့ ဖက်ရှင်ဒီဇိုင်နာတွေ ကိုးခုလောက်ပါဝင်တဲ့ ဒီပွဲကို ပထမဆုံးအကြိမ်ကျင်းပခွင့်ရလို့ ကျေနပ်မိပါတယ်” ဟု ထိုပွဲကို စီစဉ်သော Pun + Projects ၏ ဒါရိုက်တာ မခင်သူသူက ပြောကြားသည်။

ဗဟန်းမြို့နယ်ရှိ The Avenue ဖက်ရှင်ဆိုင်မှ ပြည်သူဆက်ဆံရေးနှင့် ဈေးကွက် မန်နေဂျာဖြစ်သူ မဝင့်ဝါကျော်က ထိုပွဲသည် မြန်မာနိုင်ငံ၏ ဖက်ရှင်လုပ်ငန်း တိုးတက်မှုကို များစွာ အထောက်အကူ ဖြစ်စေသည်ဟု ပြောကြားသည်။

“ဒီပွဲရဲ့ ရလဒ်က အတော်ကို ကောင်းပါတယ်။ အခုဆို ဖောက်သည်တွေမှာ ရွေးချယ်စရာတွေ ပိုများများ ရှိလာပါပြီ” ဟု မဝင့်ဝါကျော်က ပြောသည်။

“ဖောက်သည်တွေက နာမည်ကြီး တံဆိပ်ပဲ ဝယ်ဝယ်၊ ဒီဇိုင်နာချုပ်တာပဲ ဝယ်ဝယ် အရင်ကထက် ရွေးချယ်စရာတွေ ပိုမိုများပြားလာပါပြီ။ ဒါကို အလားအလာကောင်း တစ်ခုလို့ မြင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ဖက်ရှင်လုပ်ငန်းတွင် တောက်ပသော အနာဂတ်ရှိသော်လည်း နိုင်ငံတကာ နာမည်ကြီး တံဆိပ်များနှင့် ဒီဇိုင်နာချုပ် အဝတ်အစားများ၏ ဈေးကွက်သည် သေးငယ်နေဆဲ ဖြစ်သည်။

“ဒါက ရောင်းရဖို့ အတော်ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါတွေကို ဝယ်ဝတ်နိုင်တဲ့ သူက အတော်နည်းပါတယ်။ မြန်မာနိုင်ငံက လူလတ်တန်းစားတွေက ဖက်ရှင်အပေါ်မှာ ငွေများများ သုံးနိုင်ဖို့ အစပြုစပဲ ရှိပါသေးတယ်” ဟု Ms Barjou က ပြောသည်။

“ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာ အရာအားလုံးက ဖြည်းဖြည်းချင်း တိုးတက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.