အမျိုးသမီး ဖြစ်ချင်ကြသူများ …

အမျိုးသမီးဖြစ်ချင်တဲ့ အမျိုးသားတွေအကြောင်းကို မြန်မာနိုင်ငံမှာ မကြာခဏ ကြားနေရပါပြီ။ ဒါပေမယ့် သူတို့အတွက် ဥပဒေပိုင်းဆိုင်ရာ အပါအဝင် အတားအဆီးတွေ အများကြီး ရှိနေပါသေးတယ်

သီရိဟန် ရေးသားသည်။

“လိင်ပြောင်းလဲဖို့ဆိုတာကတော့ စိတ်ကူးအိမ်မက်တစ်ခုအနေနဲ့ပဲ ရှိနေသေးတယ်” လို့ ကျော့ကပြောပါတယ်။

အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့သူဟာ မိုးကြိုးငှက်ငယ်လေးများ အကအဖွဲ့က အကသမား တစ်ယောက်ဖြစ်ပါတယ်။ ဒါအပြင် ဆံပင်ညှပ်ဆိုင်တစ်ခုမှာလည်း အလုပ်လုပ်သေးတဲ့ ကျော့ဟာ မိန်းမစိတ်ပေါက်နေတဲ့ အမျိုးသားတစ်ယောက်ဖြစ်ပါတယ်။

“ကိုယ်က မိန်းကလေးတစ်ယောက်လို နေချင်ပေမယ့် မိသားစု အသိုင်းအဝိုင်းလည်းမရှိဘူးလေ။ အစစအရာရာ ကိုယ့်ဘဝကိုယ် ကျောင်းနေရတယ်ဆိုတော့ ဘယ်သူမှ အဖော်အပါင်းဆိုတာလည်း တိုင်ပင်လို့ရတာ မဟုတ်ဘူး။ ကိုယ်လုပ်မယ်ဆို ကိုယ့်ဘာသာ စဉ်းစားဆုံးဖြတ်ပြီး လုပ်ရတာဆိုတော့” လို့ သူကပြောပါတယ်။

အခုရက်ပိုင်းအတွင်း လူပြောအများဆုံးအကြောင်းအရာတွေထဲမှာ မိတ်ကပ်ပညာရှင် မထက် (Pop Soul) တစ်ယောက် လိင်ပြောင်းလိုက်တဲ့အကြောင်းလည်း ပါဝင်နေပါတယ်။

သူ့အနေနဲ့ အခုလို ပြောင်းလဲဖို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံလောက်တဲ့ ခွန်အားတွေရှိဖို့ အချိန်ယူ ပြင်ဆင်ခဲ့ရတယ်လို့ မီဒီယာတွေနဲ့ အင်တာဗျုးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

အခုအချိန်မှာတော့ သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ စိတ်ကူးတစ်ခု ဖြစ်မြောက်သွားပြီဖြစ်တဲ့အတွက် ကျေနပ်တယ်လို့လည်း ခွဲစိတ်ကုသပြီး မြန်မာပြည် ပြန်ရောက်လာချိန်မှာ ရုပ်သံအင်တာဗျုးတစ်ခုကို ဖြေဆိုခဲ့ပါတယ်။ ဝေဖန်သံတွေ၊ အားပေးသံတွေကြားထဲက သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြီးမြောက်အောင် လုပ်နိုင်တဲ့စိတ်ဓာတ်ဟာလည်း ချီးကျုးစရာပါလို့ လူအများက မှတ်ချက်ပေးကြပါတယ်။

မထက်လို အောင်မြင်နေတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်အတွက် ထိုင်းနိုင်ငံကို သွားရောက်ပြီးတော့ လိင်ပြောင်းလဲတဲ့ ခွဲစိတ်ကုသမှုတွေ ပြုလုပ်နိုင်ပေမယ့် အများစုအတွက်တော့ လွယ်ကူလှတာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာဥပဒေအရ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၀(က) မှာ သင်းကွပ်ခြင်းဆိုတာပါဝင်ပါတယ်။ ဒီဥပဒေ ပုဒ်မအရ လူတစ်ဦးတစ်ယောက်ရဲ့လိင်အင်္ဂါအား သင်းကွပ်ခြင်းဟာ ပြစ်မှုမြောက်ပါတယ်။

“လိင်အင်္ဂါကို ပြောင်းလဲပြုပြင်မယ်ဆိုရင် ပိုက်ဆံရှိတယ်၊ ဒီလို ခွဲစိတ်ကုသမှုကို ခံယူချင်ပါတယ်ဆိုရင်တောင်မှ ဒီဥပဒေရှိနေတာကြောင့် ပြည်တွင်းမှာ ကုသပေးမယ့် ဆရာဝန်မှာလည်း အများကြီး အန္တရာယ်ရှိနိင်တယ်” လို့ ရှေ့နေတစ်ဦးဖြစ်တဲ့ မဇာလီအေးက ဆိုပါတယ်။

ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၀ ဟာ ဆေးပညာအရ အပြင်းအထန် နာကျင်စေမှုဆိုတာရှိပြီး ပထမဆုံး အနေနဲ့ အမျိုးသားလိင်အင်္ဂါကို ဖြတ်တောက်ခြင်းဖြစ်ပါတယ်။ ဒုတိယအနေနဲ့တော့ ခန္ဓာကိုယ်အစိတ်အပိုင်း၊ မျက်လုံး စတာတွေကို နာကျင်စေမှု ဖြစ်ပါတယ်။

“အဲဒီ အပြင်းအထန်နာကျင်စေမှုကို ကျုးလွန်ရင် ဆရာဝန်တွေအနေနဲ့ ထောင်ဒဏ်သုံးနှစ်အထိ အရေးယူခံရမယ်” လို့ International Organisation of Migration က ဒေါက်တာ မလင်းရတနာကိုက ဆိုပါတယ်။

Ann Wang / Frontier

မြန်မာနိုင်ငံမှာ ဆေးပညာအကူအညီနဲ့ လိင်ပြောင်းလဲမှု ဆောင်ရွက်ခြင်းတွေအတွက် သတ်မှတ်ချက်များ မရှိသေးသလို ဥပဒေသတ်မှတ်ထားတာလည်း မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ဒါအပြင် လိင်တူချစ်သူအတွက် ပုဒ်မ ၃၇၇ အရလည်း အရေးယူခံရနိုင်ခြေတွေ ရှိနေပါသေးတယ်။ ဒီပြစ်မှုဆိုင်ရာ ပုဒ်မကြောင့် အောက်ခြေမှာ transgender တွေအများကြီး အဖမ်းခံရတာတွေ ရှိနေတယ်။ လူမသိတဲ့ မျက်နှာမွဲတွေအများကြီး အဖမ်းခံနေရတာမျိုးတွေရှိနေပါတယ်။

“မြန်မာနိုင်ငံမှာ လိင်ပြောင်းနိုင်ဖို့အတွက်ရော၊ services တွေအတွက်ရော အဆင်သင့်ဖြစ်နေပြီလားလို့ မေးခွန်းထုတ်စရာရှိတယ်” လို့ မဇာလီအေးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေ (LGBT) တွေကို ပုဒ်မ ၃၂၀ ထက် ပုဒ်မ ၃၇၇ က ပိုမို ခြိမ်းခြောက်နေတာဖြစ်ပါတယ်။ အလိုတူချင်း မတူချင်းကို ထည့်မစဉ်းစားပဲ အမျိုးသားချင်း၊ အမျိုးသမီးချင်း လိင်ဆက်ဆံပြီဆိုရင်ကို ဒီပုဒ်မအရ ပြစ်မှုမြောက်နေတယ်လို့” သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့၊ အခြေခံလူ့အခွင့်အရေးကို ထိခိုက်နေတဲ့ ဥပဒေတွေကို အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲနိုင်ဖို့ အရင်ကြိုးစားရမယ်လို့  LGBT အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဥပဒေတွေကို ပြောင်းလဲပေးပြီးတော့မှ နိုင်ငံသားတိုင်းကို ကျောသားရင်သား မခွဲခြားပဲ အခွင့်အရေးတွေ ပေးနိုင်ဖို့ အရင်လုပ်ရမယ်လို့ LGBT အရေးလှုပ်ရှားနေတဲ့ Colors Rainbows က Project Manager ကိုလှမြတ်ထွန်းကဆိုပါတယ်။

မကျော့ဟာ ဆံပင်ညှပ်ဆိုင်မှာလည်း အလုပ်လုပ်ပါတယ်။ ဓာတ်ပုံ-အန်းဝမ်

မကျော့ဟာ ဆံပင်ညှပ်ဆိုင်မှာလည်း အလုပ်လုပ်ပါတယ်။ ဓာတ်ပုံ-အန်းဝမ်

မြန်မာနိုင်ငံမှာ လိင်ပြောင်းလဲမှု ပြုလုပ်ခဲ့သူ အရေအတွက်ဟာ လက်ချိုးရေလို့ ရပါတယ်။ မထက်အရင်ကလည်း လုပ်ခဲ့တဲ့သူတွေ ရှိခဲ့ပေမယ့် လူသိရှင်ကြား တစ်နိုင်ငံလုံးအသိ ပြောင်းလဲခဲ့တာကတော့ မထက်ပဲဖြစ်ပါလိမ့်မယ် လို့ ကျော့က ပြောပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ယောကျ်ားလေး ပရိသတ် မိန်းကလေးပရိသတ်တွေ အခိုင်အမာရှိနေတဲ့ မျိုးကိုကိုစန်း ဟာလည်း Transgender တစ်ယောက်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ပတ္တယားကမ်းခြေမှ ကျင်းပခဲ့ပြီး တစ်ကမ္ဘာလုံးက Transgender တွေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲမှာ Miss International Queen 2014 ရရှိထားသူလည်း ဖြစ်ပါတယ်။

“Transsexual (လိင်ပြောင်းလဲမှု) ပြုလုပ်ဖို့အစီအစဉ်ရှိပြီး နောက်တစ်နှစ်၊ နှစ်နှစ်လောက်မှာ လုပ်ဖြစ်မယ်။ အဲ့ထက်တော့ ကြာဖို့ မရှိပါဘူး” လို့ သူက ဆိုပါတယ်။ သူဟာ အသက် ၁၉ နှစ်အရွယ်မှာ မိန်းကလေး တစ်ယောက်ကဲ့သို့ စတင်ပြောင်းလဲ ဝတ်စားဆင်ယင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

“ခွဲစိတ်ပြီးသွားပြီဆိုရင်တော့ ပိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသွားမယ်ထင်တယ်။ မိန်းမအစစ်တစ်ယောက် နီးပါးဖြစ်သွားပြီဆိုတော့ ကိုယ့်အတွက် နေရထိုင်ရ သွားရလာရတာ ပိုအဆင်ပြေသွားမယ်ထင်တယ်” လို့ သူ က ဆက်ပြောပါတယ်။

မိသားစုရဲ့ အားပေးမှုကိုမေးကြည့်တဲ့အခါ “အိမ်ကတော့ ပြောတယ်။ လုပ်မယ့်လုပ်တော့ အဆုံးအထိ ရောက်အောင်လုပ်။ ဟိုမရောက် ဒီမရောက်နဲ့တော့ ကြောက်မနေတော့နဲ့လို့ ပြောတယ်။ ခွဲစိတ်မယ်ဆို အဆုံးထိ ခွဲစိတ်ပစ်လိုက်ဆိုပြီး ပြောတယ်” လို့ သူက ဆိုပါတယ်။

အခေါ်အဝေါ်တွေအပေါ် သူ့ရဲ့စိတ်ထားကလည်း အခုလို ပြတ်သားပါတယ်။

“အစ်ကိုခေါ်သည်ဖြစ်စေ၊ အစ်မခေါ်သည်ဖြစ်စေ၊ ဒါသူတို့ဘက်က သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပဲလေ။ ကိုယ့်ဘက်က သတ်မှတ်ထားတာမဟုတ်တော့ ဒါအဲ့လောက်ကြီးတော့ အရေးမကြီးဘူးရှင့်” လို့ သူက ဆိုပါတယ်။

မိုးကြိုးငှက်ငယ်ကလေးများ အကအဖွဲ့နဲ့အတူ တောင်ဒဂုံမှာ ကပြဖို့အတွက် ဇာတ်ခုံနောက်မှာ အလှပြင်နေတဲ့ မကျော့။ ဓာတ်ပုံ- အန်းဝမ်

မိုးကြိုးငှက်ငယ်ကလေးများ အကအဖွဲ့နဲ့အတူ တောင်ဒဂုံမှာ ကပြဖို့အတွက် ဇာတ်ခုံနောက်မှာ အလှပြင်နေတဲ့ မကျော့။ ဓာတ်ပုံ- အန်းဝမ်

အိမ်မက်တွေ လက်တွေ့ဖြစ်လာဖို့အကောင်အထည်ဖော် လုပ်ဆောင်ရာမှာတော့ တစ်ယောက်ချင်းစီအပေါ်မှာ မူတည်သွားပါတယ်။

“လောကမှာ မဖြစ်နိုင်တာမရှိဘူး။ မဖြစ်သေးတာပဲရှိတယ်ဆိုတာ ကိုယ့်ရဲ့ အိမ်မက်တွေ၊ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေ မှန်ကန်တယ်ဆိုရင်၊ ကိုယ့်ရဲ့ ရပ်တည်ချက် ခိုင်မာတယ်ဆိုရင်  အခက်အခဲဆိုတာက သူ့ဘာသူ ကျော်လွှားသွားမှာပေါ့လေ။ ကိုယ့်ဘာသာကိုယ် ခံယူတာပဲလေ” လို့ကိုလှမြတ်ထွန်းက ဆိုပါတယ်။

Transsexual ပြုလုပ်ရာမှာ အဓိကအခက်အခဲကတော့ ကိုယ့်စိတ်ကိုကိုယ် ပိုင်အောင်လုပ်ရမှာ ဖြစ်ပြီး နောင်တနဲ့ တစ်သက်လုံး စိတ်ဖိစီးမှုတွေနဲ့ နေသွားရမှာလိုမျိုး ဖြစ်မှာစိုးလို့ စိတ်ပိုင်း သေသေချာချာဖြတ်ရမယ် လို့ အကြံပေးကြပါတယ်။

“ပြောင်းပြီးသွားတဲ့သူတွေကို မေးခွန်းများများ မေးရမယ်။ စာများများ ဖတ်ရမယ်။ လုပ်ပြီးသွားတော့မှာ sense က အဲဒီလောက်မရှိပဲ pain (နာကျင်မှု)တွေပဲ ဝင်နေမယ်ဆိုရင်တော့ အဆင်မပြေဘူး။ ထိုင်းမှာဆိုလည်း ပြောင်းပြီးသွားတော့မှ လိင်ဆက်ဆံတဲ့အခါ pain ပဲ ဖြစ်နေလို့ စိတ်ဓာတ်ကျပြီး ကိုယ့်ကိုကိုယ် သတ်သေတာ ရှိတယ်ဆိုတော့ မလုပ်ခင ်သေချာစဉ်းစားဖို့ပါပဲ “လို့ ချင်းတွင်းကောလိပ်က Freelance Trainer ကိုဥက္ကာသင်က ဆိုပါတယ်။

Transsexual လုပ်တာကို ထိုင်းနိုင်ငံမှာ သွားရောက် လုပ်နိုင်တယ်ဆိုပေမယ့်လည်း လွယ်လွယ်နဲ့တော့ လုပ်နိုင်တာ မဟုတ်ပါဘူး။ ဒါလူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့အတွက် သတ်မှတ်ချက်တွေ အများကြီး ရှိပါတယ်။

“Psychology assessment (စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ) အများကြီးလုပ်ရတယ်။ အမျိုးသမီး တစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ရမယ်။ အချိန်ကြာကြာ ဝတ်စားဆင်ယင်ရမယ်။ တကယ်ကိုပဲ သူ့စိတ်က ဒီအရာအတွက် စိတ်အားထက်သန်မှုဖြစ်တာလားဆိုတာ အများကြီးဆိုင်တာပေါ့နော်။ ပေါ်ပင်တော့ မဖြစ်သင့်ဘူး” လို့ မလင်းရတနာကိုက ဆိုပါတယ်။

လူတစ်ယောက်က စိတ်အမျိုးမျိုး ပြောင်းနိုင်တာလေ။ ဒါသူ့ရဲ့ တစ်ဘဝလုံးသွားမယ့်ကိစ္စမှာတော့ တိကျသေချာတဲ့ သတ်မှတ်ချက်တွေ၊ ဥပဒေတွေ (နှစ်ဦးနှစ်ဖက်ပေါ့) ခွဲစိတ်မယ့်သူရယ်၊ ခွဲစိတ်ပေးလိုက်တဲ့ ဆရာဝန်ရယ် ပြဿနာ မဖြစ်အောင်ပေါ့။ သူက ဒါကြီးလုပ်ပြီးသွားမှ နောက်ငါးနှစ်နေတော့ ပြန်ပြောင်းချင်ပါတယ်ဆို အဆင်မပြေဘူးပေါ့။ နှစ်ဦးနှစ်ဖက် တိကျခိုင်မာမှုမျိုးရှိပြီးတော့မှ  ဆရာဝန်အနေနဲ့လည်း လုပ်သင့်တယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။

ကျော့ကတော့ လိင်ပြောင်းခွဲစိတ်မှုတွေကို လုပ်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားရဲဘူးလို့ ပြောပါတယ်။ “ကျော့အနေနဲ့ကတော့ Transsexual လုပ်ဖို့ဆိုတာ ကိုယ့်ကျန်းမာရေးအတွက်က ပိုဒုက္ခရောက်မယ်။ နောက်ပြီး သူတို့ကျတော့ (မိတ်ကပ် မထက်) အဲယားကွန်းခန်းနဲ့ နေရတယ်။ ကျော့တို့ကျတော့ တစ်နေ့လုပ်၊ တစ်နေ့စားဆိုတော့ ဒီကိစ္စလုပ်ဖို့ဆိုတာ စဉ်းတောင် မစဉ်းစားရဲသေးပါဘူး” လို့ ကျော့ကပြောရင်း စကားပြောရပ်သွားပြီးတော့ ခဏနေမှ ထပ်ပြောလိုက်တာကတော့

“အကောင်အထည်ဖော်ဖို့လည်း ဝေးသေးတယ်။ အကောင်အထည်လည်း မဖော်ရဲသေးပါဘူး။”

ခေါင်းစီးဓာတ်ပုံ- မကျော့ဟာ မိန်းမလျာတွေပါဝင်တဲ့ မိုးကြိုးငှက်ငယ်ကလေးများအကအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဓာတ်ပုံ- အန်းဝမ် 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.