ကမ္ဘာတလွှားက ကတ်ဂိမ်းများ ရန်ကုန်ရောက်လာ

ကမ္ဘာပေါ်တွင် ခေတ်စားနေသော ကတ်ထူပြားဖြင့် ကစားရသော ကတ်ဂိမ်းများကို ပြန်တော်ပြန်များက မြန်မာနိုင်ငံသို့ ယူဆောင်လာခဲ့သည်။ အခက်အခဲများ ရှိသည့်တိုင် ကတ်ဂိမ်းများသည် ရန်ကုန်တွင် ခေတ်စားလာနေသည်။ 

ဂျပ်စ်တင် ပန်း ရေးသားသည်။

ပုလဲကွန်ဒိုမှ ကော်ဖီဆိုင်တစ်ဆိုင်သည် ထူးခြားသော ကော်ဖီဆိုင် ဖြစ်သည်။ ဆိုင်၏ အမည်းရောင်နံရံပေါ်တွင် အဖြူရောင်မြေဖြူခဲဖြင့် ဆိုင်ဖွင့်ချိန်နှင့် သောက်စရာ စာရင်းများကို ပြသထားသည်။ ကောင်တာ၏ နံဘေးတွင် ရှိသော မှန်ဘီဒိုထဲတွင် ကိတ်မုန့်မျိုးစုံနှင့် သရေစာအချို့ကို ပြသထားသည်။

ထို့နောက်တွင် နံရံကပ်စင်များပေါ်၌ ကတ်ဂိမ်းများကို တင်ထားသည်။ ‘ဟောက်ရူးစ်’House Rules ဟု ခေါ်သည့် ထိုဆိုင်သည် ရန်ကုန်မြို့တွင် ဂိမ်းကစားသူများကို ကိတ်မုန့်စားရင်း ကတ်ဂိမ်းများ ကစားနိုင်စေရန် ရည်ရွယ်ထားသည့် တစ်ခုတည်းသော ကော်ဖီဆိုင်ဖြစ်သည်။

လူအများအပြားသည် မိတ်ဆွေများ၊ မိသားစုများနှင့် လာရောက်ကာ ကော်ဖီသောက်ကြသည်ဟု ဆိုင်၏ ပူးတွဲပိုင်ရှင် မစုမွန်ဝင်းက Frontier ကို ပြောသည်။ စနေ၊ တနင်္ဂနွေနေ့များတွင် အသက် ၈ နှစ်၊ ၉ နှစ်အရွယ် ကလေးငယ်များသည် သူတို့မိဘများကို ခေါ်လာကာ ကတ်ဂိမ်းများ ကစားရင်း ကော်ဖီသောက်ကြသည်။ “မိသားစုတွေက ဗီဒီယိုဂိမ်းတွေထက် ကတ်ဂိမ်းတွေကို ပိုပြီးနှစ်သက်ကြတယ်။ ဘာလို့လဲဆိုတော့ ကတ်ဂိမ်းက အပြင်မှာ လက်တွေ့ကစားရပြီး မိသားစုဝင် အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံမှု ပိုရစေတယ်”ဟု မစုမွန်ဝင်းက ပြောပြသည်။

ရန်ကုန်မြို့တွင် မကြာသေးမီကာလများအတွင်း ကတ်ဂိမ်းများ ခေတ်စားလာခြင်းမှာ နိုင်ငံခြားတွင် အလုပ်လုပ်နေရာမှ၊ သို့တည်းမဟုတ် ပညာသင်ကြားနေရာမှ နေရပ်ပြန်လာကြသော မစုမွန်ဝင်းကဲ့သို့ မြန်မာနိုင်ငံသားများက သယ်ဆောင်လာခြင်းကြောင့် ဖြစ်သည်။ သူတို့သည် ၎င်းတို့၏ ဝါသနာကို မိတ်ဆွေများ၊ မိသားစုဝင်များအပြင် စမ်းသပ်ကစားလိုသော မည်သူကိုမဆို မျှဝေပေးကြသည်။

board_game_1.jpg

Catan ကတ်ဂိမ်းကို စတင်ကစားဖြစ်ခဲ့သည့် အမေရိကန်နိုင်ငံ၌ ပညာသင်ယူပြီးအပြန် မြန်မာနိုင်ငံတွင် ဟောက်ရူးစ်ကို မစုမွန်ဝင်းက ဖွင့်ခဲ့သည်။ ဓာတ်ပုံ – ငြိမ်းစုဝေကျော်စိုး

များသောအားဖြင့် အံစာတုံးများ၊ ကားချပ် ကတ်ပြားများ၊ ရွှေ့ကစားရသော အရုပ်စသည့် ပစ္စည်းများတင်၍ ကစားရသော ကတ်ထူပြားများ ပါဝင်လေ့ရှိသော ကတ်ဂိမ်းများသည် လူတိုင်း၌ ကွန်ပျူတာများ၊ ဂိမ်းစက်များ၊ ဗီဒီယိုဂိမ်း ကစားနိုင်သောဖုန်းများ၊ ပိုင်ဆိုင်နေသည့်ခေတ်တွင် ခေတ်နောက်ပြန်ဆွဲသည်ဟု အထင်ရောက်နိုင်သည်။ ဗီဒီယိုဂိမ်းများသည် ရေပန်းစားမှု မြင့်မားနေသည့်တိုင် ကတ်ဂိမ်း ရောင်းချရမှုများသည်လည်း ဈေးကွက်အရ သီးခြားဂိမ်းထုတ်လုပ်သူများကြောင့် မြင့်တက်လာလျက်ရှိသည်။

ဟောက်ရူးစ်တွင် လာကစားသူများမှာ များသောအားဖြင့် အသက် ၂၀ မှ ၃၀ ကြား လူငယ်များဖြစ်သည်။ နိုင်ငံခြားမှ ပြန်လာသူများ၊ အခြားမြန်မာများနှင့် နိုင်ငံခြားသားများ ပါဝင်ကြသည်။ ရေပန်းအစားဆုံးဂိမ်းမှာ Settlers of Catan ဖြစ်ပြီး ယင်းသည် ရင်းမြစ်များကို စီမံခန့်ခွဲရသော ဂိမ်းဖြစ်သည်။ ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး ကတ်ဂိမ်းဖြစ်သော Catan သည် အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေခဲ့သော မစုမွန်ဝင်းကို ဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

သံတမန်တစ်ဦး၏ သမီးဖြစ်သူ မစုမွန်ဝင်းက သူ ငယ်စဉ်က ဇိမ်ခံ ကစားစရာများကို အများအပြား ထိတွေ့ခဲ့ရကြောင်း၊ သို့သော် သူ ကောလိပ်ရောက်သောအခါကျမှ သူငယ်ချင်းများနှင့် Catan ကစားရင်း ကတ်ဂိမ်းများ၏ အရသာကို သိရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

မစုမွန်ဝင်းသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ပြန်လာခဲ့ပြီး မိုဘိုင်းဖုန်းအော်ပရေတာ အူရီဒူး ကုမ္ပဏီတွင် ၁၈ လခန့် အလုပ်လုပ်ခဲ့သည်။ ထို့နောက် ဟောက်ရူးစ်ကော်ဖီဆိုင်ကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ “ကျွန်မက ကောလိပ်တက်နေစဉ်ကတည်းက ဒီလို ကော်ဖီဆိုင်ကို ဖွင့်ချင်နေခဲ့တာ။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်း တစ်ခုအနေနဲ့ ဘယ်လောက် အောင်မြင်နိုင်မယ်ဆိုတာ မသိခဲ့ဘူး။ ဒါကြောင့် ကျွန်မက ဈေးကွက်သုတေသန လုပ်ခဲ့တယ်။ အဲဒီတော့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေမှာ ဒီလိုကော်ဖီဆိုင်တွေ အောင်မြင်တာ တွေ့ခဲ့ရတယ်” ဟု သူက ပြောပြသည်။ ဟောက်စ်ရူးစ်ကို ယခုနှစ် မေလတွင် စတင်ဖွင့်လှစ်သည်။

သို့သော် ဂိမ်းများသည် အများပြည်သူဆိုင်ရာ နေရာများဖြစ်သည့် ကော်ဖီဆိုင်များတွင်သာ ပျံ့နှံ့ခြင်းမဟုတ်ပေ။ အင်တာနက် တိုးတက်ကောင်းမွန်လာပြီး ဖေ့စ်ဘွတ်ခ် အသုံးပြုလာမှုတို့ကြောင့် ကတ်ဂိမ်းများကို စိတ်ဝင်စားသူများသည် အချင်းချင်း လွယ်ကူစွာ ချိတ်ဆက်နိုင်ကာ လူမှုရေး တွေ့ဆုံစုစည်းပွဲများ ပြုလုပ်လာကြသည်။

ထိုသူများထဲတွင် မြန်မာနိုင်ငံ အမျိုးသမီးများ ကိုယ်လုံပညာစင်တာ Myanmar Women’s Self Defense Center ကို တည်ထောင်သူ မအီဗလင်း ယုယုဆွေလည်း ပါဝင်သည်။ သူသည် Strong Flowers Sexuality Training School ၏ အစုစပ်ပိုင်ရှင်တစ်ဦးလည်း ဖြစ်သည်။ သူသည် ကလေးဘဝကတည်းက ဂိမ်းများကို စိတ်ဝင်စားခဲ့သူ ဖြစ်သည်။ ငယ်စဉ်က Dungeons and Dragons အွန်လိုင်းဗားရှင်းဂိမ်းကို ကစားခဲ့ပြီး အမေရိကန်နိုင်ငံတွင် သူ ပညာသင်ကြားစဉ်တွင် ကတ်ဂိမ်းများကို စတင် စွဲလမ်းခဲ့ခြင်းဖြစ်သည်။ ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံသို့ ပြန်လာသောအခါ သူ့ခမျာ နှစ်လခန့် အထီးကျန်နေခဲ့ရသည်။ ထို့နောက် ကတ်ဂိမ်းကစားသူများ အသိုင်းအဝိုင်းကို သူ ရှာတွေ့သွားခဲ့သည်။

board_game_2.jpg

ဟောက်ရူးစ်တွင် Settlers of Catan ကစားနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ – ငြိမ်းစုဝေကျော်စိုး

“ကျွန်မက ဂိမ်းတွေကို ကျွန်မမောင်လေးတွေနဲ့ပဲ ကစားနေရတယ်။ သူတို့ကလည်း အမြဲမကစားနိုင်ဘူး။ အဲဒီနောက် ကျွန်မ ဖေ့စ်ဘွတ်ခ်မှာ Yangon Connection ဆိုတဲ့အစုဖွဲ့ပြီး အပြင်မှာတွေ့ကြပြီး ကတ်ဂိမ်း ကစားချင်သူတွေ ရှိမလား ရှာကြည့်ခဲ့တယ်”ဟု သူက ဆိုသည်။

သိပ်မကြာခင် ကတ်ဂိမ်းဝါသနာအိုးများ၏ ပြန်ကြားချက်အများအပြား ရရှိလာခဲ့သည်။ မအီဗလင်း ယုယုဆွေသည် ယခုအခါ တစ်ပတ်တစ်ခါ တွေ့ဆုံကြသော မြန်မာနိုင်ငံမှာနေထိုင်သူများ၊ နိုင်ငံခြားမှ ပြန်လာသူများနှင့် နိုင်ငံခြားသားများ ပါဝင်သော သူ့ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်အစုအဖွဲ့ကို တည်ထောင်နိုင်ခဲ့သည်။

“ကျွန်မတို့ ဒီကလပ်ကို စတင်တည်ထောင်တော့ ကစားသူ အများစုက အရင်တစ်ခါမှ မကစားဖူးသူတွေပါ။ သူတို့အားလုံးက ခုမှ စ ကစားသူတွေပါ။ လွယ်လွယ်ကူကူ ကစားနိုင်တဲ့ဂိမ်းတွေ ဖြစ်တဲ့ Coup and Mafia လို ဂိမ်းမျိုးတွေနဲ့ စတင်ကစားပြီး သူတို့ကို ဂိမ်းတွေနဲ့ ရင်းနှီးအောင် လုပ်ဆောင်ပေးခဲ့ရပါတယ်” ဟု သူက လူသစ်ကစားသမားများ Rookies ကို ဂိမ်းသမားများပြောတတ်သော ‘noobs’ ဟူသည့် စကားလုံးသုံး၍ ပြောပြသည်။

ကတ်ဂိမ်းများကို စတင်မိတ်ဆက်ပေးရာတွင် နိုင်ငံခြားမှ ပြန်လာသူများသည် အရေးပါသော်လည်း သူ၏ အစုအဖွဲ့ထဲမှ အဖွဲ့ဝင်အများစုသည် နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ဖူးသူ၊ ပညာသင်ဖူးသူများ မဟုတ်ကြပေ။

မအီဗလင်း ယုယုဆွေ တည်ထောင်သော အစုအဖွဲ့ကဲ့သို့သော အဖွဲ့များသည် ဂိမ်းဝါသနာအိုးများ ရင်ဆိုင်နေရသော အခက်အခဲများနှင့် ကုန်ကျစရိတ်များကို ဝေမျှပေးနိုင်ကြသည်။ ယင်းသည် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံမျိုးတွင် အခက်အခဲတစ်ရပ် ဖြစ်နိုင်သည်။ Warhammer 40,000 (သို့) 40k ကို နမူနာကြည့်ပါ။ ယင်းသည် စစ်သားရုပ်များ၊ ထူးဆန်းသတ္တဝါ အကောင်များ၊ တင့်ကားများနှင့်ယာဉ်များ ပါဝင်သော တပ်ဖွဲ့များဖြင့် စားပွဲပေါ်တွင် ကစားရသော စစ်မဟာဗျူဟာဂိမ်း War Strategy game တစ်ခု ဖြစ်သည်။ ထိုဂိမ်းကို ကစားနိုင်ရန် သင်သည် ဂိမ်းကစားစည်းမျဉ်းစာအုပ် တစ်အုပ်၊ သင်ရွေးချယ်သော စစ်တပ်တစ်ဖွဲ့၊ သင့်တပ်သားတွေကို ဆေးခြယ်နိုင်ရန် သုတ်ဆေး စသည်တို့ လိုအပ်မည်ဖြစ်သည်။ ယင်းတို့ကို လုပ်ဆောင်နိုင်ရန် ဒေါ်လာရာချီပြီး ကုန်ကျမည်ဖြစ်သည်။

သို့ရာတွင် ယင်းအချက်များက ရန်ကုန်ဆေးတက္ကသိုလ်(၁)တွင် နောက်ဆုံးနှစ် တက်ရောက်နေသော ကိုဂုဏ်ကျော်ဇောဟန်ကို မတားဆီးနိုင်ပေ။ သူသည် စက်တင်ဘာလ အစောပိုင်းတွင် Myanmar Warhammer 40k Modelers and Gamers အဖွဲ့အစည်းကို တည်ထောင်ခဲ့သည်။

“အဖွဲ့တစ်ခုကို တည်ထောင်ရတာ မလွယ်ကူပါဘူး။ Warhammer 40k က စိတ်ဝင်စားသူတွေအတွက် သီးသန့်လိုဖြစ်နေတယ်။ စာအုပ်တွေနဲ့ ဗီဒီယိုဂိမ်းတွေက လွယ်ကူစွာ ထိုးဖောက်နိုင်တယ်။ ဒါပေမဲ့ ရုပ်တုလေးတွေနဲ့ စားပွဲပေါ်ကစားရတဲ့ ဂိမ်းတွေအတွက်တော့ ကစားနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီဂိမ်းတွေက ဒစ်ဂျစ်တယ်နည်းနဲ့လည်း ကစားလို့ မရဘူး။ ဒီဂိမ်းတွေကို မြန်မာနိုင်ငံကို တင်ပို့ဖို့ကလည်း မလွယ်ဘူး။ ဂိမ်းစည်းမျဉ်းတွေ၊ အရုပ်တွေကို ဆေးခြယ်ရတာတွေက ဂိမ်းကို စိတ်ဝင်စားသူတွေအတွက်တောင် မလွယ်ကူပါဘူး။ ကုန်ကျစရိတ်ကို ထည့်မတွက်ပါနဲ့ဦး”ဟု ကိုဂုဏ်ကျော်ဇောဟန်က ပြောပြသည်။

board_game_4.jpg

ဓာတ်ပုံ – ငြိမ်းစုဝေကျော်စိုး

သို့သော် မြန်မာနိုင်ငံတွင် ရှာဖွေရခက်သော ဂိမ်းများမှာ Warhammer ကဲ့သို့ ရှုပ်ထွေးသော ဂိမ်းများသာ မဟုတ်ချေ။ မြန်မာနိုင်ငံမှ ကစားစရာ အရုပ်ဆိုင်များသည် မိုနိုပိုလီ Monopoly နှင့် ချက်ကာ Checkers တို့ကဲ့သို့သော လူကြိုက်အများဆုံးဂိမ်းများကိုသာ တင်ရောင်းကြသည်။ သိပ်မကြာခင်က ထွက်သော အဆင့်မြင့်ရှေးဟောင်းဂိမ်းတစ်ခုဖြစ်သည့် Catan ကို ကစားချင်လျှင်ပင် ထိုင်းနိုင်ငံ၊ သို့မဟုတ် စင်ကာပူနိုင်ငံသို့ သွားရောက်ဝယ်ယူရမည်ဖြစ်သည်။ ထို့ပြင် ယင်း Catan ဂိမ်းကို ဒေါ်လာ ၂၀ မှ ၁၀၀ ခန့်အထိ ပေးဝယ်ရနိုင်သည်။

“ကျွန်မက ဘယ်နိုင်ငံပဲသွားသွား၊ အဲဒီမှာ ကတ်ဂိမ်းတွေရဲ့ ဈေးကွက်က ဘယ်လိုရှိတယ်ဆိုတာကို လေ့လာပါတယ်။ ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေအပြင် ဗီယက်နမ်ကို အားလပ်ရက်ခရီး သွားတုန်းကလည်း ကတ်ဂိမ်းရောင်းတဲ့ဆိုင်တွေ အားလုံးကိုသွားပြီး မြန်မာနိုင်ငံကို ပြန်သယ်လာနိုင်မယ့် ဂိမ်းတွေကို ရှာပါတယ်။ ဒါပေမဲ့ တွေ့သမျှ အကုန်ဝယ်မယ်ဆိုရင် ရှင် ဘိုင်ပြတ်သွားနိုင်ပါတယ်” ဟု မစုမွန်ဝင်းက ပြောပြသည်။

မအီဗလင်း ယုယုဆွေအတွက်မူ ယင်းမှာ အတန်ငယ် လွယ်ကူပါသည်။ “ကျွန်မရဲ့ မောင်ဝမ်းကွဲ အမေရိကန်နိုင်ငံက ပြန်လာတော့ ဟိုမှာ ကျွန်မ ဝယ်ကစားခဲ့တဲ့ ကတ်ဂိမ်းတွေကို သေတ္တာတစ်ခုနဲ့ ထည့်ပြီး ယူခဲ့ပါတယ်။ ရယ်စရာတော့ ကောင်းတာပေါ့။ အခုတော့ ကျွန်မရဲ့ အစုအဖွဲ့ဝင်တစ်ဦးချင်းစီက ကိုယ်ပိုင်ဂိမ်း ဝယ်ဆော့ကြတော့ ကုန်ကျစရိတ်က မျှသွားပါတယ်” ဟု မအီဗလင်း ယုယုဆွေက ပြောပြသည်။

ကတ်ဂိမ်းများ ကစားခြင်းသည် လူမှုရေး အတွေ့အကြုံများ ကြွယ်ဝစေသည့်အပြင် ကစားသမားများက ဂိမ်းစည်းမျဉ်းများနှင့် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုကို တဘက်သားအား အတတ်နိုင်ဆုံး ရှင်းလင်းစွာ ဆက်သွယ်လုပ်ကိုင်ရန်လည်း လိုအပ်ကြောင် ပြသပေးပါသည်။ ထိုအချက်ကို စီးပွားရေးလောကမှ လူများက သတိထားမိကြသည်။

မန်နေဂျာများနှင့် ပိုင်ရှင်များသည် အတူတကွ ဆက်သွယ်လုပ်ကိုင်နိုင်သော ဝန်ထမ်းအဖွဲ့ကို လိုအပ်သည်။ ဟောက်ရူးစ်တွင် ပုံမှန်လာရောက် စားသောက်သော iDigitalish မှ စီမံကိန်း ဦးဆောင်သူ မမြတ်နှင်းဖြူသည် ၎င်း၏ ဈေးကွက်ရှာဖွေရေးနှင့် အတိုင်ပင်ခံဝန်ထမ်းအဖွဲ့ကို ဟောက်ရူးစ် ကော်ဖီဆိုင်သို့ မကြာခဏ ခေါ်လာလေ့ရှိသည်။ ယင်းမှာ ၎င်း၏ဝန်ထမ်းအဖွဲ့ကို စုစည်းမိစေပြီး တက်ညီလက်ညီ ဖြစ်နေစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

မမြတ်နှင်းဖြူ၏ အဖွဲ့အစည်းကသာ ကတ်ဂိမ်းများ၏ အားသာချက်ကို သိရှိခြင်း မဟုတ်ပေ။ မစုမွန်ဝင်းသည် ဟောက်ရူးစ်ကို စတင်ကတည်းက ဧရာဝတီဘဏ်နှင့် Connect Institute တို့အတွက် ကတ်ဂိမ်းအခြေပြု အလုပ်ရုံဆွေးနွေးပွဲများကို စီစဉ်ပေးနေခြင်းဖြစ်သည်။ ယင်းမှာ ဝန်ထမ်းများ၏ ရဲဘော်ရဲဘက်စိတ်ဓာတ်နှင့် တွေးခေါ်စွမ်းအားကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သို့သော် ကတ်ဂိမ်းများ၏ တန်ဖိုးကို အားလုံးက သိရှိကြသည်တော့ မဟုတ်ပေ။ ကတ်ဂိမ်းများသည် ကလေးများအတွက်သာ ဖြစ်သည်၊ ကစားသော လူကြီးများသည် မရင့်ကျက်သေးသူများဖြစ်သည်ဟု ယုံကြည်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါသေးသည်။ ယင်းမှာ ခေတ်သစ်ကတ်ဂိမ်းများ၏ နက်နဲရှုပ်ထွေးမှုကို နားမလည်ကြသောကြောင့် ဖြစ်သည်။ ရန်ကုန်မှ လူအများစုသည် စစ်တုရင်၊ ကျား၊ မြွေလှေကား၊ မိုနိုပိုလီနှင့် ယူနိုကစားနည်းများကိုသာ ကစားဖူးကြသောကြောင့်ဖြစ်သည်။

ကိုဂုဏ်ကျော်ဇောဟန်က လူအများအပြားသည် ကတ်ဂိမ်းများကို ရူးမိုက်သူများ၏ ကစားနည်း၊ သို့မဟုတ် အချိန်နှင့်ငွေကို ဖြုန်းသည့် ကစားနည်းဟုသာ ယူဆကြကြောင်း ဆိုသည်။ မစုမွန်ဝင်းကလည်း လူအများက ၎င်းကို ကတ်ဂိမ်းကစားသောကြောင့် ကလေးဆန်သည်ဟု ပြောကြကြောင်း ဆိုသည်။ ထို့ကြောင့်သာ ကတ်ဂိမ်းကစားသူများသည် ဖန်တီးနိုင်စွမ်းနှင့် ယုံကြည်မှုတို့ကို အတိုင်းအတာတစ်ခုအထိ လိုအပ်သော ကိုယ်စားပြု သရုပ်ဖော်ဂိမ်းများအတွက် ကစားသမားများကို ရှာဖွေရခက်ခဲသည်ဟု ဆိုနေကြဟန်တူသည်။

ယခုထက်ပို၍ လူအများအပြားက ကတ်ဂိမ်းများ ကစားလာကြလျှင် ယုံကြည်မှုများလည်း ပြောင်းလဲလာနိုင်ပါသည်။ သို့သော် ကစားသူများ တိုးတက်များပြားလာစေရန်မှာ ကိုဂုဏ်ကျော်ဇောဟန် ပြောပြသော အတားအဆီးများကို လျှော့ချပစ်ရန် လိုအပ်လာပေမည်။

ကတ်ဂိမ်းများကို ပြည်တွင်း၌ပင် ဝယ်ယူရရှိနိုင်စေရန် ဦးဆုံး လုပ်ဆောင်သင့်သည်။ “ရန်ကုန်မြို့မှာ  တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အဲသလိုဝါသနာအရ ကစားရတဲ့ဂိမ်းပစ္စည်း အရောင်းဆိုင်တွေ လာဖွင့်ကြမှာပဲ။ အဲဒီအခါကျရင် လူတွေအများအပြား စိတ်ဝင်စားလာနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ကတ်ဂိမ်းစွဲလမ်းသူများထဲတွင် အများအကျိုး လုပ်ဆောင်ပေးလိုသူများလည်းရှိသည်။ ဟောက်ရူးစ်မှ မစုမွန်ဝင်းသည် ကတ်ဂိမ်းများမှတဆင့် လူတို့၏ စွန့်စားလိုစိတ်နှင့် ရှာဖွေလိုစိတ်များကို မြှင့်တင်ပေးလိုသည်ဟု ဆိုသည်။

“ဒါက မြန်မာနိုင်ငံသားတွေအတွက် အသစ်အဆန်း ဖြစ်နေပါတယ်။ ဒီဝါသနာကို ပြန့်ပွားအောင် လုပ်ပေးချင်ပါတယ်။ တစ်နေ့မှာ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်ကတ်ဂိမ်းတွေ ဖန်တီးနိုင်တဲ့အထိပေါ့။ စီးပွားရေးလုပ်ငန်း၊ ဆေးပညာ၊ အင်ဂျင်နီယာပညာတွေတင်မကဘဲ တခြားနယ်ပယ်တွေမှာလည်း အသက်မွေးနိုင်တဲ့ အနာဂတ်ရှိတယ်ဆိုတာ ပြသလိုပါတယ်။ အနုပညာနဲ့ ဂိမ်းဒီဇိုင်း ဖန်တီးတာတွေကနေလည်း အသက်မွေးဝမ်းကျောင်းအလုပ် ရရှိနိုင်ပါတယ်”ဟု ၎င်းက ပြောပြသည်။

မစုမွန်ဝင်းသည် ဂိမ်းများ ကစားနိုင်ရန် နေရာတစ်ခု ဖန်တီးပေးခြင်းအားဖြင့် ထိုရည်ရွယ်ချက်ကို အောင်မြင်အောင် လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ၎င်းသည် ဂိမ်းများကို မြန်မာဘာသာသို့ ပြန်ဆိုနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်။ ၎င်းသည် Catan ကို စတင်ဘာသာပြန်ပေးနေသည်။

မအီဗလင်း ယုယုဆွေကမူ ၎င်း၏ ဖေ့စ်ဘွတ်ခ်အစုအဖွဲ့ဖြင့် စတင်လျက်ရှိသည်။ “ကျွန်မတို့ တစ်နေ့ ကတ်ဂိမ်းပြိုင်ပွဲကြီးတွေ ကျင်းပနိုင်ပြီး တွေ့ဆုံစုစည်းမှုတွေ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုလောလောဆယ်တော့ ကျွန်မတို့ ပုံမှန်တွေ့ဆုံကြပြီး ပျော်စရာအချိန်လေးတွေ ဖန်တီးနေရုံပါပဲ” ဟု ၎င်းက ရယ်မောလျက် ပြောပြသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ငြိမ်းစုဝေကျော်စိုး

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.