လွတ်လပ်မှုနဲ့ တူတယ်ဆိုတဲ့ အပြင်းစားဂီတသံစဉ်

မြန်မာနိုင်ငံရှိ ဟဲဗီးမယ်တဲလ် ဂီတမြင်ကွင်းမှာ မြန်မာနိုင်ငံက နိုင်ငံတကာ လွှမ်းမိုးမှုများကို ဖွင့်ပေးလိုက်သည့်အလျောက် လျင်လျင်မြန်မြန် ကြီးထွားလာလျက်ရှိသော်လည်း အချို့ခေါင်းစဉ်များမှာမူ အကန့်အသတ်ရှိနေဆဲပင်ဖြစ်သည်။

အေသင် ဇော်ဇော်/ အေအက်ဖ်ပီ ရေးသားသည်။

ခြေကားယား လက်ကားယားနှင့် ချွေးတလုံးလုံးဖြစ်နေသော ဟဲဗီးမယ်တဲလ်ဂီတပရိသတ် လူအုပ်ကြီးသည် ၎င်းတို့၏ စိတ်အလိုမကျမှုများကို ပူအိုက်လွန်းသော ရန်ကုန်မြို့၏ ညအမှောင်ထုအတွင်းသို့ ဟစ်ကြွေးလွှတ်တင်လျက်ရှိပြီး ထိုမြင်ကွင်းမှာ ယခုအချိန်တွင် ပွင့်ထွက်လာသည့် အံ့တုလိုသော ဂီတယဉ်ကျေးမှု လမ်းခွဲတစ်ရပ်၏ ရှားပါးလှသော တခဏတာ မြင်ကွင်းပင် ဖြစ်သည်။ သို့သော် လိင်မှုကိစ္စ၊ မူးယစ်ဆေးဝါးနှင့် ဘာသာရေးဆိုင်ရာ အကြောင်းအရာများမှာ ယင်းဂီတအမျိုးအစား၏ စာသားများတွင် မြှုပ်ကွယ်နေဆဲဖြစ်သည်။

ရာစုနှစ် တစ်ဝက်မျှကြာမြင့်သည့် ဖိနှိပ်အုပ်ချုပ်သော စစ်အာဏာရှင်စနစ်သည် မြန်မာ့ ဟဲဗီးမယ်တဲလ် ဂီတမြင်ကွင်းကို မှေးမှိန်စေခဲ့ပြီး ယနေ့အခါမှာပင် ယင်းဂီတပညာရှင်များအား ရှေးရိုးစွဲ ဗုဒ္ဓဘာသာနိုင်ငံရှိ လူများစုက ရှောင်ခွာဖယ်ကြဉ်နေကြဆဲပင်။

သို့သော် ဟဲဗီးမယ်တဲလ်ဂီတကို အလွန်တရာ မြတ်နိုးသည့် တနေ့တခြား ကြီးထွားလာနေသော ပရိသတ်တစ်စုက မာန်ပါကျယ်လောင်သည့် ယင်းဂီတသည် အမှောင်ကျနေသော နိုင်ငံ့သမိုင်းကို အများမြင်လာ၊ လက်ခံလာအောင် ရုန်းကန်နေရဆဲ နိုင်ငံတစ်နိုင်ငံတွင် တမူထူးခြားသော စိတ်ဖြေဖျောက်မှုကို ပေးစွမ်းနိုင်သည်ဟု ပြောဆိုနေကြသည်။

“မယ်တဲလ်ကို နားထောင်နေတာက အကောင်းတကာ့ အကောင်းဆုံး စိတ်ခံစားမှုတစ်ခုပါ။ ဒါက လွတ်လပ်မှုလိုပါပဲ။ စိတ်နှလုံးသားအတွက်လည်း ကောင်းပါတယ်” ဟု အသက် ၂၁ အရွယ် ဖုန်းပြင်ဆရာ ကိုသော်ဒီရိုးက လတ်တလော ကျင်းပခဲ့သော စတိတ်ရှိုးတစ်ခုတွင် ပြောသည်။

“ဒီဂီတက တခြားဂီတအမျိုးအစားတွေနဲ့ မတူပါဘူး။ ဒါ့ကြောင့်လည်း ကျွန်တော်က မယ်တဲလ် ဂီတပရိသတ် ဖြစ်နေတာပါ” ဟု သူ့လက်မောင်းပေါ်တွင် ထိုးထားသည့် ပြည်တွင်း ဂီတသူရဲကောင်းများဖြစ်ကြသော Nightmare မယ်တဲလ်ဂီတအဖွဲ့၏ အမှတ်တံဆိပ်ကိုပြကာ ၎င်းက ပြောသည်။

အသက် ၃၀ အရွယ် အရောင်းချဲ့ထွင်ရေးမန်နေဂျာ မအဖြူရောင်ကိုမူ မယ်တဲလ်ဂီတက သူ၏ နေ့စဉ်ဘဝမှ လွတ်မြောက်ဖို့ အားပေးထောက်ကူသည်။ “စိတ်ဖိစီးမှု ခံစားလာရတဲ့အခါ မယ်တဲလ်သီချင်းတွေပဲ အများဆုံး နားထောင်ဖြစ်ပါတယ်။ အဲလိုမျိုး နားဆင်နေရတဲ့အခါမှာ ဒီဂီတက ကျွန်မကို စိတ်သက်သာရာ ရဖို့ အထောက်အကူ ပြုပါတယ်” ဟု သူက ဆိုသည်။ 

ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်အောက် မြန်မာနိုင်ငံ ကျရောက်စဉ်က မယ်တဲလ် ဂီတအဖွဲ့များမှာ တင်းကြပ်သော ဆင်ဆာဥပဒေများကြောင့် နှုတ်ပိတ်နေခဲ့ရပြီး စစ်အစိုးရနှင့် သဘောကွဲလွဲသော ဂီတသမားများမှာ ထောင်သွင်းအကျဉ်းချခံရသကဲ့သို့ အတိုက်အခံများကို ထောက်ခံအားပေးခြင်းကြောင့်လည်း မကြာခဏ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်။

ပိတ်ပင်ခံထားရသော ဂီတများကို တိတ်ခွေများ၊ စီဒီများဖြင့် မှောင်ခိုရောင်းဝယ်ခဲ့ရပြီး ပန့်ခ်နှင့် ဟဲဗီးမယ်တဲလ်ဂီတများ၏ မြေအောက်လှုပ်ရှားမှုဖြစ်ရပ်မှာ ၁၉၉၀ ပြည့်နှစ်များအတွင်း အာဏာပိုင်တို့၏ မမြင်ကွယ်ရာတွင် စတင်ကြီးထွားလာခဲ့သည်။

ယနေ့မူ ယင်းဂီတမှာ ရှင်သန်ကြီးထွားလာလျက်ရှိသော်လည်း ငြင်သာချိုမြသော ပေါ့ပ်ဂီတ၊ နူးညံ့သော အချစ်သီချင်းများ၊ သို့မဟုတ် အနောက်တိုင်း ဟစ်ဟော့ပ်ကို ကူးယူပြန်ဆိုသည့် မြန်မာသီချင်းများကိုသာ ပိုမိုနှစ်သက်သည့် လူများစုရှိရာ နိုင်ငံတွင် မယ်တဲလ်ဂီတမှာ ချောင်ထိုးခံထားရဆဲဖြစ်သည်။

“အကြမ်းဖက်မှုများကို ဆန့်ကျင်ရေးသားခြင်း”

မြန်မာ့စစ်အာဏာရှင်စနစ်သည် အရှေ့ဥရောပနှင့် ရုရှနိုင်ငံများရှိ ဖိနှိပ်သော ဆိုရှယ်လစ်အစိုးရများကဲ့သို့ ဟဲဗီးမယ်တယ်လ်ဂီတ၏ မင်းမဲ့ဝါဒ စွမ်းပကားကို ကြောက်ရွံ့ခဲ့ကြသည်။

တော်လှန်ရေးအတွက် မီးပွားဖြစ်စေနိုင်သည်ဟု ၎င်းတို့ယုံကြည်သော အရာဟူသမျှကို ဆင်ဆာဖြတ်တောက်ခဲ့သည်။ ဒီမိုကရေစီ သင်္ကေတနှင့် ယခုအခါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းမှုတစ်ရပ်အဖြစ် အထင်ခံရသော အနီ၊ သို့မဟုတ် အနက်ရောင် များလွန်းသော အနုပညာလက်ရာများမှသည် သီချင်းများထဲတွင် နှင်းဆီပွင့်များ ဖော်ပြခြင်းအထိပင် ဖြစ်ပေတော့သည်။

မြေအောက်မယ်တဲလ် အနုပညာသမားများမှာ ထောင်နန်းစံရမည့်ဘေးမှ ရှောင်ရှားနိုင်ခဲ့သော်လည်း တုန်လှုပ်ဖွယ်ရာ အသံများနှင့် စိတ်ချောက်ချားဖွယ်ရာ နိုင်ငံရေး စာသားများမှာ အများပြည်သူ မြင်ကွင်းမှ မှေးမှိန်ကွယ်ပျောက်နေခဲ့သည်။

“မယ်တဲလ်က မင်းကို ဘယ်လောက်ချစ်တယ်၊ ဘယ်လောက်လွမ်းတယ်ဆိုတဲ့အကြောင်း ပြောပြနေတဲ့ ဂီတအမျိုးအစား မဟုတ်ပါဘူး” ဟု ဂီတဆရာ ကိုမျိုးမင်းသူက အမေရိကန်နှင့် ဗြိတိန်ဂီတအဖွဲ့များ ဖြစ်ကြသည့် Maiden နှင့် Metallica တို့၏ ပိုစတာများ ကပ်ထားသည့် ၎င်း၏ သင်တန်းခန်းမအတွင်း ပြောကြားသည်။

“ကျွန်တော်တို့က ခရစ်ယာန်ဘာသာကို ဝေဖန်လို့ မရဘူး။ ဗုဒ္ဓဘာသာကို ဆန့်ကျင်လို့ မရဘူး။ ဟိုတုန်းကဆို နိုင်ငံရေးက အဆိုးဆုံးပေါ့။ စာသားနဲ့ပတ်သက်ပြီး အများကြီးကို အခက်ကြုံခဲ့ကြရတယ်” ဟု ၎င်းက ဆိုသည်။ 

ရန်ကုန်မြို့ စတူဒီယိုတွင် ဂစ်တာသင်တန်းဆရာ ကိုမျိုးမင်းသူကို ၎င်းစုဆောင်းထားသည့် ဂစ်တာများနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - ရိုမီယို ဂါဆက်/ အေအက်ဖ်ပီ

ရန်ကုန်မြို့ စတူဒီယိုတွင် ဂစ်တာသင်တန်းဆရာ ကိုမျိုးမင်းသူကို ၎င်းစုဆောင်းထားသည့် ဂစ်တာများနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ – ရိုမီယို ဂါဆက်/ အေအက်ဖ်ပီ

မြန်မာနိုင်ငံ၌ ဆင်ဆာစနစ်ကို အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရထံသို့ စစ်အစိုးရက အာဏာလွှဲပေးသည့် ၂၀၁၂ ခုနှစ်တွင် တရားဝင် ဖျက်သိမ်းခဲ့သည်။ ယမန်နှစ်၊ မတ်လတွင်မူ ဦးသိန်းစိန်အစိုးရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သော အစိုးရထံ အာဏာလွှဲပေးပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့သည့် ဦးထင်ကျော်မှာ သမ္မတဖြစ်လာခဲ့သည်။ သို့သော် ၎င်းသည်လည်း သမ္မတရာထူးကို လက်ခံပြီးကတည်းက အဆောင်အယောင် အခန်းကဏ္ဍမှာသာ သိသိသာသာ တည်ရှိနေခဲ့သည်။

လွတ်လပ်စွာ ထုတ်ဖော်မှုများ ပွင့်ပေါ်လာပြီး ဂီတပညာရှင် အမြောက်အမြားကလည်း မျိုးဆက်တစ်ဆက်တာ ကာလအတွင်း ပထမဆုံးအဖြစ် လွတ်လပ်စွာ မဲပေးရွေးချယ်ရသော ယမန်နှစ် ရွေးကောက်ပွဲအတွက် အောင်နိုင်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးကူညီရန် ပေါ်ထွက်လာခဲ့သည်။

ယနေ့ မြန်မာ့ဟဲဗီးမယ်တဲလ်ဂီတအဖွဲ့များသည် အနောက်နိုင်ငံမှ ၎င်းတို့၏ ဂီတမိတ်ဆွေများနှင့် သိသိသာသာ ကွဲပြားခြားနားလျက် လိင်မှုကိစ္စနှင့် သေခြင်းတရားကဲ့သို့သော ခေါင်းစဉ်များကို တို့ထိရန် အလွန်တရာ ခက်ခဲနေဆဲပင်ဖြစ်သည်။ ဤကိစ္စရပ်များမှာ ရှေးရိုးစွဲမြန်မာနိုင်ငံတွင် မပြောဆိုထိုက်ဟု လူအများ ခံယူထားသောကြောင့်ပင်။

၎င်းတို့၏ အသစ်စက်စက် လွတ်လပ်မှုကို ယင်းခေါင်းစဉ်များအတွက် အသုံးပြုခြင်းအစား လူမှုရေးနှင့် နိုင်ငံရေး အပြောင်းအလဲများကို တွန်းအားပေးရန်သာ အသုံးပြုနေကြရသည်။

“ကျွန်တော်တို့ရဲ့ အယ်လ်ဘမ်သစ်မှာ နိုင်ငံတွင်းက နိုင်ငံရေးနဲ့ အခြေအနေအရပ်ရပ်အကြောင်း အများဆုံး ရေးထားပါတယ်” ဟု ဂီတပညာရှင် ဘီသိုဗင်၏ နောက်ဆုံးနေ့များဟု အဓိပ္ပာယ်ရသည့် Last Days of Beethoven ဂီတအဖွဲ့၏ ဂစ်တာသမား ဖိုးဇော်က ဆိုသည်။

“ကျွန်တော်တို့က ရခိုင်ပြည်နယ်က မူဆလင်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ် အကြမ်းဖက်မှုတွေနဲ့ တခြား ပြည်နယ်တွေက တိုင်းရင်းသားတွေအပေါ် အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့အကြောင်း ရေးသားပါတယ်”

လူမှုကွန်ရက် ပွင့်အန်ထွက်လာခြင်း

ဟဲဗီးမယ်တဲလ်ဂီတမှာ ပေါက်ဖွားရှင်သန်စ အခြေအနေတွင်ပင် ရှိနေသေးသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားပြီးကတည်းက ဂီတအဖွဲ့ အရေအတွက် တိုးတက်လာသော်လည်း ရန်ကုန်မြို့၌ ဒါဇင်အနည်းငယ်သာ ရှိသေးပြီး လူဦးရေ သန်း ၅၀ ကျော်ရှိသော နိုင်ငံ၏ ကျန်နေရာများတွင် လက်တစ်ဆုပ်စာမျှသာ ရှိသေးသည်။

မယ်တဲလ်ရှိုးပွဲများကို နေရာအနှံ့ လက်ခံကျင်းပခြင်း မရှိသေးသကဲ့သို့ ဂီတအဖွဲ့များသည်လည်း ၎င်းတို့လိုအပ်သည့် အဆင့်မြင့် အသံစနစ်အတွက် ကုန်ကျခံမည့် ငွေကြေးထောက်ပံ့သူများ ရှာဖွေရန် အခက်ကြုံနေရဆဲဖြစ်သည်။ တစ်ချိန်တည်းတွင် ဆိုင်အနည်းငယ်ကလည်း ရောင်းအားကောင်းမည့် ရှားပါးမယ်တဲလ်အယ်လ်ဘမ် အနည်းငယ်သာ တင်ထားကြသည်။

“ဒီမှာ ရှိုးပွဲနည်းနည်းပဲ ရှိပါသေးတယ်။ တစ်နှစ်အတွင်း လုပ်ဖြစ်တဲ့ ရှိုးပွဲအရေအတွက်ကို လက်ချိုးရေလို့ ရပါတယ်” ဟု ကိုဖိုးဇော်က ဆိုသည်။

“ပွဲစီစဉ်သူ နည်းနည်းလေးပဲ မြေအောက်ရှိုးပွဲတွေ၊ မယ်တဲလ်ရှိုးပွဲတွေ လုပ်လိုကြတာပါ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့ ဟဲဗီးမယ်တဲလ် ဂီတပွဲ တစ်ပွဲမှ မြန်မာလူငယ်ပရိသတ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - ရိုမီယို ဂါဆက်/ အေအက်ဖ်ပီ

ရန်ကုန်မြို့ ဟဲဗီးမယ်တဲလ် ဂီတပွဲ တစ်ပွဲမှ မြန်မာလူငယ်ပရိသတ်များကို တွေ့ရစဉ်။ ဓာတ်ပုံ – ရိုမီယို ဂါဆက်/ အေအက်ဖ်ပီ

သို့သော် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းက လူမှုကွန်ရက် မီဒီယာများ ပွင့်အန်ကြီးထွားလာခြင်းသည် ၎င်းတို့အား လူအများ စိတ်ဝင်စားလာစေရန် ထောက်ကူခဲ့သည်ဟု ဂီတအဖွဲ့များက ဆိုသည်။

ယခုမူ ၎င်းတို့ဂီတကို လက်ဖက်ရည်ဆိုင်များ၊ လမ်းမများပေါ်တွင် စီဒီများ ဖြန့်ဝေခြင်းအစား အွန်လိုင်းပေါ်သို့ ၎င်းတို့တင်နေကြပြီး ပရိသတ်များကလည်း တရားဝင်ထွက်လာချိန်ထိ စောင့်ဆိုင်းစရာမလိုဘဲ သီချင်းများ မျှဝေနိုင်ပြီဖြစ်သည်။

ထင်ပေါ်ကျော်ကြားလာရန် နှစ်များစွာ ရုန်းကန်ခဲ့ရသော ဂီတသမားများအတွက် အွန်လိုင်းတော်လှန်ရေးက မျှော်လင့်ချက် ရောင်ခြည်သစ် တစ်ရပ် ကမ်းလင့်နေပြီဖြစ်သည်။

“ကျွန်တော့်အထင်တော့ မယ်တဲလ်ဂီတက ခုချိန်မှာ မြန်မာနိုင်ငံမှာ ပိုပြီးလူကြိုက်များလာပါပြီ” ဟု Nightmare Metal ဂီတအဖွဲ့ဝင် ကိုအောင်မျိုးလင်းက ဆိုသည်။

“သီချင်းတွေကို ဖေ့စ်ဘွတ်ခ်၊ ယူကျုနဲ့ တခြားလူမှုကွန်ရက် မီဒီယာတွေကတဆင့် ကျွန်တော်တို့တွေ မျှဝေပေးနိုင်ပြီဖြစ်လို့ အယ်လ်ဘမ်ထုတ်ဖို့ ငွေကြေးမတတ်နိုင်ရင်တောင် နည်းပညာနဲ့ အင်တာနက်တို့က အထောက်အကူ ပြုနေပါပြီ” ဟု ၎င်းကဆိုသည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ရန်ကုန်မြို့တွင် ဖျော်ဖြေသည့် The Last Days of Beethoven တီးဝိုင်းမှ လူငယ်များ၏ ဟဲဗီးမယ်တဲလ် ဂီတစင်မြင့်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ဖြိုးဟိန်းကျော်/ အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.