အာသာပြင်းလှစွာ ဖန်တီးမှုမီးတိုင် ထွန်းညှိနေသည့် မန္တလေးပန်းပုပညာရှင်

တင်းကျပ်လှသည့် အစဉ်အလာဖြင့် ချည်နှောင်ထားသော မန္တလေး ယဉ်ကျေးမှုနယ်ပယ်မှ တစ်ခုတည်းသော ပုဂ္ဂလိက အနုပညာကျောင်းတွင် ပန်းချီပန်းပုပညာရှင် ဆူးမြင့်သိန်းသည် တီထွင်ဖန်တီးမှုရှိသော အနုပညာလက်ရာများကို ကျောင်းသားများ ခုံမင်နှစ်သက်လာအောင် အကူအညီပေးလျက်ရှိသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။ 

လွန်ခဲ့သောရှစ်နှစ်ခန့်က တစ်ခုသောနံနက်ခင်းတွင် မန္တလေး ၃၇ လမ်းမှာ နေထိုင်သူများ အိပ်ရာနိုးချိန်၌ ဝတ်လစ်စလစ်ဖြင့် အမျိုးသမီးကြီးတစ်ဦး၏ ရုပ်တုကို အိမ်အမိုးထက်တွင် တွေ့လိုက်ကြရသည်။

ပါးစပ်ကို လက်နှစ်ဘက်ဖြင့် အုပ်ထားသော အမြင့် ၆ ဒသမ ၄ မီတာ (၂၁ ပေ) ရှိ အမျိုးသမီးတစ်ဦး၏ ခေတ်ပြိုင် ယင်းရုပ်တုကို အစိုးရပန်းချီပန်းပုကျောင်း(မန္တလေး)မှ ပါမောက္ခတစ်ဦးဖြစ်သူ ဆူးမြင့်သိန်းက ဖန်တီးထားခြင်းဖြစ်သည်။ ယင်းရုပ်တုမှာ အစိုးရ၏ ဆင်ဆာဖြင့် တားဆီးမှုကို ရှောင်ရှားခဲ့ရပြီး သူ့မိတ်ဆွေလည်းဖြစ်၊ ထောက်ခံအားပေးသူလည်းဖြစ်သူ ဦးအိုက်လုံအတွက် စိတ်ဒုက္ခရောက်စရာဖြစ်အောင် ဆူးမြင့်သိန်း၏ စာသင်ခန်းထဲ၌ ဖုံအလိမ်းလိမ်း တက်သည်ထိ ရှိနေခဲ့သော ရုပ်တုဖြစ်သည်။

မန္တလေး အလင်းတံခါး အနုပညာကျောင်း၌ ဆူးမြင့်သိန်းကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂျာရတ် ဒေါင်းနင်း

မန္တလေး အလင်းတံခါး အနုပညာကျောင်း၌ ဆူးမြင့်သိန်းကို တွေ့ရစဉ်။ ဓာတ်ပုံ – ဂျာရတ် ဒေါင်းနင်း

ဦးအိုက်လုံသည် ဆူးမြင့်သိန်း၏ ဝတ်လစ်စလစ် ပုံငယ်ကလေးများကို သူ့အိမ်ခြံဝင်းထဲသို့ ရက်သတ္တပတ်ပေါင်း များစွာ တဖြည်းဖြည်းချင်း စုယူခဲ့သည်။ ယင်းတို့ကို ပုဂ္ဂလိကခြံမြေထဲတွင် ရှိနေမည်ဆိုပါက ဆက်လက် ထားရှိခွင့်ပြုရန် မြို့တော်အစိုးရ လက်ခံလာအောင် နောက်ဆုံးတွင် စွမ်းဆောင်နိုင်ခဲ့သည်။ ယင်းသို့ကြိုတင်ဆောင်ရွက်ခဲ့ပြီးနောက် ဦးအိုက်လုံနှင့် ဆူးမြင့်သိန်းတို့သည် ကရိန်ထရပ်ကားတစ်စီးကို ငှားရမ်းကာ ညသန်းခေါင်ယံ၌ ခေါင်မိုးထက်သို့ ကိုယ်လုံးတီး ရုပ်တုကြီးကို မတင်စိုက်ထူခဲ့ကြသည်။

ရှစ်နှစ်ကြာပြီးနောက် ယင်းရုပ်တုမှာ ဆူးမြင့်သိန်း၏ အလင်းတံခါး အနုပညာကျောင်း ဖွင့်ထားသည့် ဦးအိုက်လုံပိုင် မန္တလေး ခေတ်ပြိုင်အနုပညာစင်တာတွင် တည်ရှိနေဆဲဖြစ်သည်။(ထိုစင်တာသည် ပန်းချီပန်းပု စတူဒီယို၊ ထောက်ပံ့ပစ္စည်း သိုလှောင်ခန်း၊ ဂီတသင်တန်းနှင့် ယာယီခရီးသည် တည်းခိုခန်း လုပ်ငန်းတို့ကို ငှားရမ်းထားသည်။)

ဒြပ်မဲ့ပန်းချီကား(Abstract Painting)နှင့် အင်ပရက်ရှင်းနစ် ပန်းချီကား( Impressionist Painting )များ အစီအရီ ရှိနေသော စာသင်ခန်း၌ ဆူးမြင့်သိန်း၏ တပည့်များသည် လိုင်းကောက်ကြောင်း၊ အရောင်နှင့် ဖွဲ့စည်းပုံစသည်တို့၏ အခြေခံသဘောတရားများကို လေ့ကျင့်ကြရသည်။ စင်အချို့ပေါ်တွင် ရှေးရိုးစဉ်လာ ဗုဒ္ဓရုပ်ပွားတော်များနှင့် ပြည့်နှက်နေပြီး  ထူးခြားဆန်းပြားသော အားကစားရုပ်တုများနှင့် ကြေးနီ၊  ရွှံ့၊ ပလပ်စတာနှင့်် ကျွန်းတို့ဖြင့် ပြုလုပ်ထားသော နမူနာပုံစံများကို အခြားစင်များပေါ်တွင်တွေ့ရသည်။

ကျောင်းသား ၁၀၀ ကျော်ရှိသော အလင်းတံခါးသည် မန္တလေးမြို့၌ တစ်ခုတည်းသော ပုဂ္ဂလိက အနုပညာသင် ကျောင်းတစ်ကျောင်းဖြစ်သည်။ များပြားလှသော ဘုန်းတော်ကြီးကျောင်းများနှင့် ရှေးရိုးစဉ်လာ ဗိသုကာလက်ရာများ ပေါကြွယ်ဝပြီး ထင်ရှားကျော်ကြားလှသောမြို့တော်တွင် ယင်းကျောင်းသည် ခေတ်သစ်အနုပညာအတွက် တစ်ခုတည်းသော အားထားရာဖြစ်ပေသည်။

ကြံ့ကြံ့ခိုင်မာ ရိုးရာအစဉ်အလာ

“(မန္တလေးမှာ) ရိုးရာပန်းချီပန်းပု ပညာရှင်တွေနဲ့ သရုပ်မှန်ဝါဒကို လိုက်နာနေတဲ့ ပညာရှင်တွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ခေတ်ပြိုင်ပန်းချီပန်းပုကတော့ အဓိကအားဖြင့် ရန်ကုန်မှာပဲ ရှိပါတယ်” ဟု ဆူးမြင့်သိန်းက Frontier ကို ပြောသည်။

အခြားရှုထောင့်မှကြည့်ပါက မန္တလေးမြို့သည် မြန်မာနိုင်ငံ၌ အနုပညာဆန်သော မြို့ကြီးများတွင် ပါဝင်ပြီး နိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်အဖြစ် အများက လက်ခံထားသည်။ သူူ့မင်းဆက်၏ အစဉ်အလာနှင့် ယဉ်ကျေးမှုတွင် အထွတ်အထိပ်အဖြစ် ရောက်ရှိစေရန် ရည်စူးလျက် မင်းတုန်းမင်းသည် မြို့တော်ကို ခရစ်သက္ကရာဇ် ၁၈၅၉ ခုနှစ်တွင် တည်ထားခဲ့သည်။ မြို့တော်၏ နန်းတော်နှင့် ဘုန်းတော်ကြီးကျောင်းများသည် မြန်မာပန်းချီ၊ ပန်းပု၊ ဗိသုကာနှင့် ဒီဇိုင်းတွင် အကောင်းဆုံး စံနမူနာများ ဖြစ်ခဲ့သည်။

သို့သော်လည်း ခေတ်ပြိုင်အနုပညာရှင် တစ်ဦးအဖို့မှာမူ မန္တလေးမြို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်များအတွင်း ပိတ်မိနေသည်ဟု ထင်မြင်ကြောင်း ဆူးမြင့်သိန်းက ပြောသည်။  မြို့တော်အတွင်း၌ လုပ်ငန်းဆောင်ရွက်နေကြသော အနုပညာရှင်များမှာ စေတီပုထိုး၊ ဘုန်းတော်ကြီး၊ နန်းတော်နှင့် ဦးပိန်တံတား စသည့် ပုံစံကျ “မန္တလေး” အကြောင်းအရာကိုသာ ရေးခြယ်ပြီး သရုပ်မှန်ပုံစံကိုသာ အသုံးပြုကြသည်။

“မန္တလေးက ပန်းချီပန်းပု ပညာရှင်တွေနဲ့ ဆရာတွေက သရုပ်မှန်ဝါဒကို လက်ခံကြပါတယ်။ ပြီးတော့ သင်ပြတဲ့နေရာမှာလည်း  အဆင့်တစ်၊ အဆင့်နှစ်၊ အဆင့်သုံးဆိုပြီး အစဉ်အတိုင်း သွားတတ်ပါတယ်။ ဒါပေမဲ့ တစ်ဦးချင်းရဲ့အစွမ်းအစတွေက ကွဲပြားခြားနားပြီး အသိပညာကို လက်ခံယူတဲ့နေရာမှာလည်း ကွဲပြား ခြားနားမှုရှိပါတယ်” ဟု ဆူးမြင့်သိန်းက ပြောသည်။

အလင်းတံခါးမှာ ရှိကြသည့် တပည့်များသည် အနီးအဝေး(Perspective)နှင့် အထားအသို အခင်းအကျင်း (Composition) စသည့် အခြေခံများကို သင်ကြရသည်။ သို့ရာတွင် ဆူးမြင့်သိန်းနှင့် သူ၏ လက်ထောက်ဆရာများက တပည့်များကို တစ်ဦးချင်းအလိုက် အနီးကပ် သင်ကြားပြသပေးပြီး သင်ရိုးကိုလည်း တစ်ဦးချင်း၏ လိုအပ်ချက်နှင့် လိုအင်ဆန္ဒအပေါ် မူတည်၍ ပြင်ဆင်ဆောင်ရွက်ပေးသည်။

မခင်လဲ့ဆွေသည် ဒီဇိုင်းလုပ်ငန်း လုပ်ကိုင်နေသော သူညီမနှင့်လက်တွဲ၍ အလုပ်လုပ်နိုင်ဖို့ ပန်းချီပညာ၏ အခြေခံ သဘောတရားများကို သင်ယူရန် ဤကျောင်းကို တက်ရောက်ခဲ့သည်။ အလင်းတံခါးသည် တိကျသော အစီအစဉ်များနှင့် အထပ်ထပ် ဆောင်ရွက်မှုကို အလေးပေးသော  ပုံစံကျ မြန်မာသင်တန်းများနှင့် ကွဲပြားသည်။

“ဒီကျောင်းမှာ ကျွန်မတို့ ပန်းချီဆွဲတဲ့အခါ ကျွန်မတို့မှာ စိတ်ငြိမ်းချမ်းမှု ရရှိပါတယ်။ တီထွင်ဖန်တီးမှုကို ကျွန်မတို့ အာရုံစိုက်နိုင်ပါတယ်” ဟုဆိုသည်။

သူ့ကျောင်းတွင် အလေးပေး သင်ကြားနေသော Abstract, Cubist နှင့် Surrealist စသည့် ပန်းချီလက်ရာများသည် သရုပ်မှန်နှင့် ရိုးရာပန်းချီများထက် ပိုမိုသာလွန်သည်ဟု မဆိုနိုင်သော်လည်း ယင်းပန်းချီလက်ရာများက စူးစမ်းလိုမှု၊ ယုံကြည်မှုနှင့် နယ်မြေအကန့်အသတ်များကို ချဲ့ထွင်လိုမှု စသည်တို့ကို ဖော်ကျူးပေးနိုင်ကြောင်း ဆူးမြင့်သိန်းက ပြောသည်။ ယင်းတို့မှာ စစ်အုပ်ချုပ်ရေး၏ ဖိနှိပ်မှုကို ဆယ်စုနှစ်များစွာ ခံရပြီးနောက် တီထွင်ဖန်တီးမှုလက်ရာများတွင် မကြာခဏ ပျောက်ကွယ်နေတတ်သော အရည်အသွေးများ ဖြစ်သည်။ 

ရုပ်တုကို ဖုံးကွယ်ထားခြင်း

ကချင်ပြည်နယ်နေ ရှမ်းမိသားစုမှ မွေးဖွားသော ဆူးမြင့်သိန်းသည် ၁၉၈၈ ခုနှစ်တွင် မန္တလေး အစိုးရပန်းချီ ပန်းပုကျောင်းကို တက်ရောက်ခဲ့သည်။ သူသည် ပန်းချီပန်းပု ပညာရှင် ဂျက်ဆန်ပိုးလော့၊ မာဆဲလ်ဒူချမ့်နှင့် သြဂတ်စ်ရိုဒင်တို့၏ လက်ရာများကို ခုံမင်နှစ်သက်ခဲ့သည်။ သူသည် ကျောင်းတွင် ဆရာအဖြစ် ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ရာ ပါမောက္ခအဆင့်ထိ ရောက်ရှိခဲ့ပြီး နောက်ဆုံးတွင် ပန်းပုဌာန၏ ဌာနမှူး ဖြစ်လာသည်။

ဦးအိုက်လုံသည် ဆူးမြင့်သိန်းကို လွန်ခဲ့သော ၁၅ နှစ်ခန့် တွေ့ဆုံခဲ့သည်။ သူနှင့် သူ့ဇနီးသည် ကလေးခြောက်ဦးအတွက် ဆရာ့ကို အိမ်ခေါ်သင်ယူရာတွင် ကလေးများက ဆူးမြင့်သိန်းကို သဘောကျလွန်းသဖြင့် ကလေးများကို အခမဲ့သင်ပေးရန် သူ သဘောတူခဲ့သည်။

 “အခွင့်သာလာပြီ သူ တစ်ခုခု လုပ်ချင်လာပြီဆိုရင် ထလုပ်တော့တာပါပဲ  ” ဟုဦးအိုက်လုံက ပြောသည်။ 

မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ပြီး ယဉ်ကျေးမှုမြို့တော်ကြီးလည်းဖြစ်သော မန္တလေး၌ ခေတ်ပြိုင်ပန်းချီပန်းပုအတွက် နေရာရှားပါးလျက်ရှိသည်။ ဓာတ်ပုံ - ဂျာရတ် ဒေါင်းနင်း

မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်ပြီး ယဉ်ကျေးမှုမြို့တော်ကြီးလည်းဖြစ်သော မန္တလေး၌ ခေတ်ပြိုင်ပန်းချီပန်းပုအတွက် နေရာရှားပါးလျက်ရှိသည်။ ဓာတ်ပုံ – ဂျာရတ် ဒေါင်းနင်း

လုပ်စရာရှိလျှင် အရူးအမူး လုပ်တတ်သူတစ်ဦးအဖြစ် ဦးအိုက်လုံက သူ့အကြောင်းကို ဖော်ညွှန်းသည်။ အစိုးရ ပန်းချီပန်းပုကျောင်းတွင် အနုပညာသမိုင်းဆိုင်ရာ အစီအစဉ် မရှိသဖြင့် ဆူးမြင့်သိန်းသည် သူ့ကိုယ်ပိုင်အချိန်၌ ထိုအစီအစဉ်ကို သူတစ်ယောက်တည်း ပြုစုခဲ့သည်။

သူ့ဝင်ငွေက အထိုက်အလျောက် ကောင်းမွန်သည်။ သူကမူ ရှာဖွေရသမျှကို သူ၏ နောက်ဆုံးပရောဂျက်များ၌ ပုံအောသုံးစွဲခဲ့သည်။ သို့တစေ ကျောင်းနှင့် အစိုးရက သူ့ပရောဂျက်များကို ပယ်ချပစ်လေ့ရှိသည်။

မန္တလေး ခေတ်ပြိုင်ပန်းချီပန်းပုကျောင်း ခေါင်မိုးပေါ်မှ ဝတ်လစ်စလစ် ပန်းပုရုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂျာရတ် ဒေါင်းနင်း

မန္တလေး ခေတ်ပြိုင်ပန်းချီပန်းပုကျောင်း ခေါင်မိုးပေါ်မှ ဝတ်လစ်စလစ် ပန်းပုရုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ဂျာရတ် ဒေါင်းနင်း

မန္တလေးမြို့တွင် ပထမဆုံး ခေတ်ပြိုင်ပန်းပုပြပွဲကို ပြသနိုင်ရေးအတွက် သူ နှစ်ပေါင်းများစွာ ရှာဖွေစုဆောင်းထားသည့် ငွေများကို ပုံအော၍ အသုံးပြုခဲ့သည်။ ပြပွဲတွင် ဝတ်လစ်စလစ် အမျိုးသမီး ရုပ်တုကြီးနှင့် အသေးစားရုပ်တုကလေးများကို ပြသရန် ရည်ရွယ်ထားသော်လည်း ပြပွဲမဖွင့်လှစ်မီ ရက်အနည်းငယ်အလိုတွင် ယင်းလက်ရာများကို မပြသရန် အစိုးရဆင်ဆာအဖွဲ့က တားမြစ်ခဲ့သည်။

“မန္တလေးမှာ ခေတ်ပေါ်အနုပညာပြပွဲ ပြသဖို့ သူ အိပ်မက်မက်ခဲ့တာပါ” ဟု ဦးအိုက်လုံက ပြောသည်။

“ဒီအတွက် သူတစ်ဦးတည်း အကုန်အကျခံပြီး လေးငါးနှစ်လောက် ပြင်ဆင်ခဲ့ပါတယ်။ ဒီမှာပဲ ‘ခင်ဗျား ဒီပြပွဲကို ပြလို့မရဘူး’ ဘာ့ကြောင့်လဲ။ ‘အဲဒီအမျိုးသမီးပုံကြီးကြောင့်ပဲ။ ဒီလောက်ကြီးတဲ့ ပုံကြီးကို ဘာဖြစ်လို့ ထုတာလဲ’ ဒီပုံကို လူတွေက ဘာကြောင့် ကြည့်ရမှာလဲ။ ဒါ အောင်ဆန်းစုကြည်လား’ လို့ သူတို့က ဝိုင်းပြောကြတာပဲ”

ပြပွဲကို ပိတ်ပင်သည့် ဆုံးဖြတ်ချက်ကြောင့် ဆူးမြင့်သိန်း၏ စိတ်ဓာတ်ကို ပြိုကွဲကျဆင်းစေခဲ့ကြောင်း ဦးအိုက်လုံက ပြောသည်။ ကာလအတန်ကြာသည်အထိ သူသည် အသစ်ထုလုပ်ခြင်းမရှိခဲ့ဘဲ သူ့ရုပ်တုများမှာလည်း ကျောင်းထဲတွင်သာ သောင်တင်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ဟု စွပ်စွဲခံရသည့်ရုပ်တုကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်များ လာရောက် လည်ပတ်သည့်အခါတိုင်း မမြင်အောင် ဖုံးကွယ်ထားရသည်။ 

၂၀၀၈ ခုနှစ်တွင် အငြိမ်းစားယူရမည့်အချိန် ရောက်သောအခါ ဆူးမြင့်သိန်းအား ဆက်လက် တာဝန်ထမ်းဆောင်ရန် ပြောသည်။ သို့သော် အိုက်လုံက သူ့သူငယ်ချင်းအား အစိုးရအလုပ်မှ စွန့်ခွာရန်တိုက်တွန်းပြီး သူ့ကိုယ်ပိုင် အနုပညာကျောင်းကို သူနှင့်ပူးတွဲ တည်ထောင်ရန်ပြောသည်။

“အနုပညာဆန်သော ခံစားမှု”

ခေါင်မိုးပေါ်မှ ဝတ်လစ်စလစ် ရုပ်တုကြီး စိုက်ထူမှုမှာ အချည်းနှီး မဖြစ်ခဲ့ကြောင်း ဦးအိုက်လုံက ပြောသည်။

“ပထမနှစ် ကျွန်တော့်အိမ်ရှေ့မှာ ယာဉ်အတိုက်အခိုက်တွေ တော်တော်လေး ဖြစ်ခဲ့သေးတယ်” ဟု သူက ရယ်ရယ်မောမောနှင့် ပြောသည်။ “ဒီငကြောင်က ငါတို့ကို အရှက်ခွဲတာပဲ’ လို့ လူတွေက ပြောကြမယ်။ ဒါပေမဲ့ တစ်နှစ်အကြာမှာတော့ အချိုးအစား (proportion)တွေအကြောင်း၊ ပုံနေပုံထားတွေအကြောင်း (position) လူတွေက စမေးလာကြပြီ။ ဒါက ဘာအတွက်လဲ၊ ဒါက ဘာအဓိပ္ပာယ်လဲ စသဖြင့်ပေါ့လေ”

၂၀၁၂ ခုနှစ်မှာ “ရောင်စုံအလင်း” (Colourful Light) ဟူသော ခရီးသွားပြပွဲ အစီအစဉ်တစ်ခုကို ဆူးမြင့်သိန်းက စတင်ဆောင်ရွက်ခဲ့သည်။ အစီအစဉ်အရ ကမ္ဘာတစ်လွှားမှ ကလေးများ ဖန်တီးထားသော လက်ရာများကို ကျေးလက်ဒေသရှိ ကလေးများတွေ့မြင်နိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးသည်။

“ကျေးလက်ပြည်သူတွေရဲ့ သားသမီးတွေအနေနဲ့ အနုပညာအကြောင်းကို သိစေချင်ပါတယ်” ဟု ဆူးမြင့်သိန်းက ပြောသည်။

“ပထမတော့ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော် ထင်ခဲ့တယ်” ဟု ဦးအိုက်လုံက ဆိုသည်။ “ဒါပေမဲ့ သူက ကျွန်တော့်မိသားစုရဲ့ဆရာ ဖြစ်နေတော့ ရှိရှိသမျှကို ကျွန်တော့်ကားပေါ်တင်ပြီး ရှမ်းပြည်နယ် သီပေါမြို့ကို စေတနာ့ဝန်ထမ်း လိုက်ပို့ခဲ့ပါတယ်”

မွန်ဂိုလီယား၊ အမေရိကန် ပြည်ထောင်စု၊ ယူကရိန်းနှင့် ဗြိတိန်စသည့်နိုင်ငံတို့မှ ကလေးများ၏ ပန်းချီကားများကို ဆူးမြင့်သိန်းက ရှင်းပြနေချိန်မှာ ဘာမျှလုပ်စရာမရှိသည့် ဦးအိုက်လုံက ကားနောက်ခန်းတွင် ထိုင်နေခဲ့သည်။

“ကျေးလက်က ကလေးတွေက အမေရိကန်နဲ့ အင်္ဂလန်က ပန်းချီကားတွေကို တွေ့ရတဲ့အခါ ဒီလောက်ကတော့ ကျွန်တော်လည်း လုပ်နိုင်ပါတယ်။ ဒီထက် ပိုကောင်းအောင်တောင် လုပ်နိုင်ပါတယ်လို့ သူတို့က ပြောပြီး စက္ကူတွေ၊ ရောင်စုံခဲတံတွေနဲ့ သူတို့အားလုံး ကြမ်းပြင်ပေါ် ထိုင်ချလိုက်ကြတော့တာပါပဲ။ ဒီကလေးတွေအားလုံး အရင်က တစ်ခါမှ ပုံမဆွဲဖူးကြပါဘူး” ဟု ဦးအိုက်လုံက ပြောသည်။

“တကယ်တော့ ကျွန်တော်လည်း နည်းနည်းတော့ စိတ်လှုပ်ရှားသွားတယ်။ ‘အော် တကယ်ဖြစ်ထွန်းလာပြီကိုး’ ဟု ပထမဦးဆုံး ဒီပွဲကတည်းက ကျွန်တော် တွေးမိလိုက်ပါတယ် ”

ဆူးမြင့်သိန်းအတွက်မူ အနုပညာဆိုသည်မှာ ရိုးရာလည်း မဟုတ်သလို တီထွင်ဆန်းသစ်မှုလည်း မဟုတ်၊ အနုပညာဟူသည်  လွတ်လပ်မှု၊ သိလိုစိတ်ဖြင့် စူးစမ်းမှုနှင့် မိမိ၏အတ္တကို ဆန်းစစ်ရန် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပင် ဖြစ်တော့သည်။

“ကျောင်းသားတိုင်း အနုပညာရှင် ဖြစ်မလာနိုင်ပါဘူး။ အရေးအကြီးဆုံးအချက်က အနုပညာကို ခံစားညွတ်နူးတတ်လာအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့ ဖြစ်ပါတယ်” ဟု ဆူးမြင့်သိန်းက ပြောသည်။

“မြန်မာလူမျိုးတွေမှာ အနုပညာဓာတ်ခံ ရှိပြီးသားပါ လမ်းဖွင့်ပေးရုံပဲ လိုပါတယ်”

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.