လမ်းကြောင်းမှန်ပေါ်ဝယ်

ဆယ်တိုင်ဘိုးလင်း အားကစားမှာ မြန်မာနိုင်ငံ ခေတ်ရေစီးကြောင်းတွင် ခေတ်မစားသေးသော်လည်း ဒေသခံများနှင့် ပြည်ပမှ ကစားသမားများ၏ ချို့ချို့တဲ့တဲ့ အသိုင်းအဝိုင်းငယ်လေး တစ်ခုက ယင်းအားကစားနည်း ဆက်လက်ရှင်သန်ရန် ကူညီလျက်ရှိသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။ ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

ခြစ်ခြစ်တောက်ပူနေသော မတ်လနံနက်ခင်း နံနက် ၁၀ နာရီက မြန်မာ့အမျိုးသား ဘိုးလင်းအသင်းသည် အိုဟောင်းနေသော သစ်သားဒိုးလမ်း နှစ်လမ်းပေါ်သို့ ဒိုးလုံးတစ်လုံးပြီးတစ်လုံး ပစ်ကာပစ်ကာနှင့်၊ ငုတ်တိုင်များကလည်း ဒိုးလုံးထိမှန်လဲကျကာနှင့်၊  တကျွီကျွီ မြည်နေသော စက်အိုစက်ဟောင်းများကလည်း တိုင်များကို ပြန်လည်စုစည်းပေးကာနှင့် အသင်းဝင်တို့၏ နေ့စဉ်ပြုနေကျ ခြောက်ပွဲကြာ စခန်းသွင်း လေ့ကျင့်မှုအတွက် ကစားနေကြလေသည်။

တာမွေမြို့နယ်မှ လမ်းကြောင်းမှန် ဘိုးလင်းစင်တာ Right Track Bowling Centre ရှိ အသင်းဌာနချုပ် ရှေ့တည့်တည့်တွင် ရှိနေသည့် အလွန်ကြီးမား၍ အလိပ်လိုက်ကွာနေသော ဘိုးလင်းငုတ်တိုင်ကြောင့် လွယ်လင့်တကူ သတိပြုမိနိုင်ပေသည်။ အလယ်ဗဟိုရှိ ဒိုးလမ်း ၂၀ အနက် မီးထွန်းထားသော ဒိုးလမ်းများကိုသာ အမျိုးသားအသင်းက အသုံးပြုနေခြင်း ဖြစ်သည်။

အခြားဒိုးလမ်း အများစုမှာမူ လများစွာကြာအောင် ဒိုးပစ်လေ့ကျင့်ခဲ့ခြင်း ရှိဟန်မတူပေ။ သို့တည်းမဟုတ် နှစ်နှင့်ချီအောင် ကြာခဲ့နိုင်ပေသည်။ ယင်းတို့၏ ဘရွန်းစ်ဝစ်ခ် ဒိုးတိုင်ထောင်စက် Brunswick pinsetters များမှာလည်း ပွန်းပဲ့နေသည့် လက်ထိုးပေါက်များနှင့်ဒိုးလုံးများ စီတန်းသောလမ်းကြောင်း၌ မှောင်နှင့်မည်းမည်းဝယ် သည်းခံစိတ်ရှည်စွာ စောင့်စားနေဟန်ရှိပေသည်။

တာမွေမြို့နယ်မှ Right Track ဘိုးလင်းကစားကွင်း၌ ဒိုးပစ်လမ်း ၂၀ ရှိသော်လည်း လေးငါးလမ်းကိုသာ အသုံးပြုလျက်ရှိသည်။ ဓာတ်ပုံ - ဗစ်တိုးရီးယား မီလ်ကို

တာမွေမြို့နယ်မှ Right Track ဘိုးလင်းကစားကွင်း၌ ဒိုးပစ်လမ်း ၂၀ ရှိသော်လည်း လေးငါးလမ်းကိုသာ အသုံးပြုလျက်ရှိသည်။ ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

သို့ပေသည့် အသင်းသား အသစ်စက်စက်ကလေး ကိုငြိမ်းချမ်းကမူ ဖုန်များ၊ မှုန်ဝါးဝါးအလင်းများကို ဂရုစိုက်ခြင်း အလျဉ်းမရှိပေ။ ၎င်းအား သြဂုတ်လတွင် ကွာလာလမ်ပူနိုင်ငံ၌ ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစားပွဲတော်မတိုင်မီ လေ့ကျင့်နိုင်ရန် နေပြည်တော်ရှိ အစိုးရလုပ်ငန်းခွင်မှ လစာပြည့်ဖြင့် ခွင့်တစ်ခု ပေးကာ ရန်ကုန်သို့ ခေါ်ယူထားသည်။

“ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ပြီးတော့ ကျွန်တော်က ဒီမှာ လူသစ်ဖြစ်လို့ အသင်းအတွက် အကောင်းတကာ့ အကောင်းဆုံး ကြိုးစားရပါ့မယ်” ဟု Frontier ကို ၎င်းက ပြောကြားသည်။

မြန်မာ့ဆယ်တိုင်ဘိုးလင်းသည် စင်ကာပူ၌ ကျင်းပသော ၂၀၁၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော်၌ ယင်း၏ အကောင်းဆုံး စွမ်းဆောင်မှုကို ပြသထားခဲ့သည်။ ပြိုင်ပွဲအများစုတွင် ပြိုင်ပွဲဝင်အသင်း အရေအတွက်၏ တစ်ဝက်အောက်၌သာ နေရာရဖူးခဲ့သော်လည်း အသင်းမှ ကိုဇော်လွင်မှာ အမျိုးသား တစ်ဦးချင်းပြိုင်ပွဲဝင် ၄၁ ဦးအနက် အဆင့် ၅ နေရာ ရရှိထားသည်။

နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာနိုင်ငံက ကိုယ်ပိုင်ရပ်တည်မှုကို ထိန်းထားနိုင်ခြင်းမှာ အမြတ်ရသည်ဆိုပါကလည်း အနည်းငယ်မျှသာရှိမည့် ရန်ကုန်ရှိ ကစားကွင်း နှစ်ကွင်းနှင့် နေပြည်တော်ရှိ ကစားကွင်း တစ်ကွင်း၊ စုစုပေါင်း ခေတ်မီဘိုးလင်းကစားကွင်း သုံးကွင်းသာရှိသော နိုင်ငံတစ်နိုင်ငံအတွက် အထင်ကြီးဖွယ်ရာပင် ဖြစ်သည်ဟု Right Track ကို ပူးတွဲတည်ထောင်သူလည်းဖြစ်သည့် အမျိုးသား လက်ရွေးစင်နည်းပြ ဦးမျိုးအောင်က ဆိုသည်။

တိုင်များကို လိုက်လံကောက်ယူခြင်း

ဆယ်တိုင်ဘိုးလင်း အားကစားနည်းမှာ မြန်မာနိုင်ငံ၌ လူကြိုက်များသော အားကစားနည်း မဟုတ်ကြောင်းကို ကိုမျိုးအောင်၏ ပြောဆိုချက်အရ သိရှိရသည်။ လူများစု၏ စိတ်ပါဝင်စားမှု အလွန်တရာ နည်းပါးခြင်းကြောင့် ၎င်း၏သင်္ဘောကုန်စည်ပို့ဆောင်ရေးနှင့် ပို့ကုန်လုပ်ငန်းများမှ ရရှိသည့်ဝင်ငွေဖြင့် Right Track မှအရှုံးပေါ်မှုကို မကြာခဏ ဖာထေးပေးရလေ့ရှိရာ ယင်းမှာ ထိုအားကစားနည်းကို အလွန်တရာ မြတ်နိုးခြင်းကြောင့်ဟု ဆိုသည်။

၂၀၀၀ ပြည့်နှစ်၌ Right Track ကို စဖွင့်ချိန်က မြန်မာနိုင်ငံ၌ တစ်ခုတည်းသော ဘိုးလင်းစင်တာမှာ ပဲခူးမြစ်ဝရှိ   သာကေတမြို့နယ်အတွင်းမှ Asia Point Bowling Centre ပင် ဖြစ်သည်။ ဘွဲ့ရခါစက ကိုမျိုးအောင်နှင့် တောင်ကိုးရီးယား စွန့်ဦးတီထွင် စီးပွားရေးသမားဖြစ်သည့် ၎င်း၏ အကျိုးတူဆောင်ရွက်သူတို့ထံတွင် ဘိုးလင်းအတွေ့အကြုံ များများစားစား မရှိခဲ့ကြသေးပေ။ သို့သော် အခွင့်အလမ်းတစ်ရပ်အဖြစ် ၎င်းတို့ရှုမြင်ခဲ့၍ အဆောက်အအုံအတွက်သာမက ဒိုးလုံးများ၊ ဘိုးလင်းရှူးဖိနပ်များနှင့် ကွန်ပျူတာစနစ်များအတွက် အမေရိကန်ဒေါ်လာ ၁ သန်း (လက်ရှိငွေဈေးဖြင့် ကျပ်ငွေ ၁ ဒသမ ၃ ဘီလီယံကျော်) ရင်းနှီးမြှုပ်နှံခဲ့ကြသည်။

“ဒိုးလမ်းမှာသုတ်ဖို့ အထူးထုတ်ဆီဆိုရင်လည်း မီးအလင်းပေးကိစ္စပြီးရင် ဒုတိယဈေးအကြီးဆုံး ကုန်ကျစရိတ်ပါ” ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ - ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

ကိုမျိုးအောင်သည် ယင်းကစားနည်းကို တမဟုတ်ချင်း နှစ်သက်သဘောကျခဲ့သူဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် မွမ်းမံသင်တန်းတစ်ခု တက်ရောက်ခဲ့ပြီး ၂၀၀၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော်မတိုင်မီ ပထမဆုံး အမျိုးသားလက်ရွေးစင်အသင်း စတင်ဖွဲ့စည်းရန် ကူညီပေးခဲ့သည်။ နောင်နှစ်အနည်းငယ်အကြာ၌ Right Track က Asia Point နှင့် အကျိုးတူ ပူးပေါင်းကာ ဖလားပြိုင်ပွဲများနှင့် ကျောင်းသားလိဂ်ပြိုင်ပွဲတို့ကိုသာမက စိတ်ဝေဒနာရှင်များအတွက်လည်း လိဂ်ပြိုင်ပွဲများ စီစဉ်ပေးခဲ့သည်။

ဘိုးလင်းအားကစား အသိုင်းအဝိုင်းမှာ သေးငယ်လှသော်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။ အများစုမှာ တစ်ကြိမ်တစ်ခါသာ လာရောက်ပြီးနောက် ပြန်မလာကြတော့ဘဲ ကိုမျိုးအောင်သည်လည်း လူသူကင်းမဲ့သည့် ဒိုးလမ်းများနှင့် ညလုံးပေါက်နေထိုင်ခြင်းတွင် ကျင့်သားရခဲ့ပေပြီ။ ပြည်ပမှ တင်သွင်းလာသော ဒိုးလုံးများမှာလည်း တောက်ပမှု မရှိတော့သကဲ့သို့ ဒိုးလမ်းများပေါ်ရှိ ပြောင်လက်သည့်ဆေးသားများမှာလည်း အစင်းအကြောင်းရာများ ထင်နေသည့်အပြင် အရှုံးပေါ်သည့် နှစ်တစ်နှစ်ကို ကျော်ဖြတ်သွားတိုင်း ကွန်ပျူတာနှင့် တိုင်ထောင်စက်တို့ကလည်း မကြာခဏ ချူချာချွတ်ယွင်းလာတတ်ကြသည်။  

ဘိုးလင်းအားကစားနည်းမှာ မြန်မာ့လူ့ဘောင်အတွက် ထူးဆန်းသော အားကစားနည်းဖြစ်သည်ဟု ကိုမျိုးအောင်က Frontier ကို ပြောပြသည်။ ဂေါက်ရိုက်ခြင်းကိုသာ ပိုမိုသဘောကျသော ကြေးရတတ်များကို ဆွဲဆောင်နိုင်ခြင်း မရှိပေ။ ထို့အတူ တစ်ပွဲလျှင် ကျပ် ၂,၀၀၀ ခန့်သာ ကျသင့်သော်လည်း အလုပ်သမား လူတန်းစားများက ဈေးနှုန်းပိုချိုသော ဘိလက်ယက်ထိုးခြင်းကိုသာ ပိုမိုနှစ်သက်ဖွယ် ရှိပေသည်။

“တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကျွန်တော်တို့ရဲ့ဈေးနှုန်းက သုံးပုံတစ်ပုံလောက်ပဲ ရှိတာပါ” ဟု ကိုမျိုးအောင်က ဆိုသည်။

ဆယ်တိုင်ဘိုးလင်းကို မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် ခေတ်မစားသေးသော်လည်း ယင်းကစားနည်းကို စိတ်ဝင်စားသည့် အုပ်စုငယ်တစ်ခုတော့ ရှိလာပြီဖြစ်သည်။ ဓာတ်ပုံ - ဗစ်တိုးရီးယား မီလ်ကို

ဆယ်တိုင်ဘိုးလင်းကို မြန်မာနိုင်ငံ၌ ကျယ်ကျယ်ပြန့်ပြန့် ခေတ်မစားသေးသော်လည်း ယင်းကစားနည်းကို စိတ်ဝင်စားသည့် အုပ်စုငယ်တစ်ခုတော့ ရှိလာပြီဖြစ်သည်။ ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

ဘိုးလင်းကစားနည်းကို နှစ်သက်သူများနှင့် ဘိုးလင်းကစားသည့် အသိုင်းအဝိုင်းတို့မှ ပိုင်ရှင်များ တည်ထောင်ထားသည့် Asia Point စင်တာသည်လည်း အနီးရှိ တရုတ်စားသောက်ဆိုင်ကဲ့သို့သော အခြားစီးပွားရေးလုပ်ငန်းများနှင့် ကျားကန်ထိန်းပေးနေရကာ ၎င်းတို့နည်းတူ ငွေကြေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ကိုမျိုးအောင်က ဆိုသည်။

ဘိုးလင်းဒိုးလုံးသစ် တစ်လုံး၏ တန်ဖိုးမှာ ကျပ် ၂၀၀,၀၀၀ ဖြစ်ပြီး ဘိုးလင်းရှူးဖိနပ်များမှာ ကျပ် ၁၅၀,၀၀၀ ခန့် ရှိသည်။ ၎င်း၏ Brunswick တံဆိပ် ဘိုးတိုင်ထောင်စက်မှာ အမြဲတမ်း ချွတ်ယွင်းလေ့ရှိပြီး မြန်မာနိုင်ငံတွင် သူတစ်ဦးတည်းသာ ယင်းစက်ကို ပြုပြင်ထိန်းသိမ်းတတ်သည့်အတွက် ၎င်းပိုင်စင်တာမှ ဝေးကွာလွန်းရာ အရပ်တစ်ပါးသို့ မသွားနိုင်ပေ။

စိန်ခေါ်မှုများရှိသော်ငြား ကျောင်းသားလိဂ်ပြိုင်ပွဲအတွက် လူငယ်လေးများ ရောက်လာလျှင်၊ သို့မဟုတ် ဖလားပြိုင်ပွဲတစ်ခုအတွက် ပုံမှန်ပြိုင်ပွဲရှိလာလျှင်သော်လည်းကောင်း၊ သို့မဟုတ် ခန်းလုံးပြည့် မီးလင်းနေပြီး ဒိုးလမ်းအားလုံးတွင် လူပြည့်နေလျှင်သော်လည်းကောင်း ထိုညများသည် ကြိုးပမ်းရကျိုးနပ်သည်ဟု ကိုမျိုးအောင်က ဆိုသည်။

“ဒါကြီးကို ဖြိုချပြီး အပြောင်ရှင်းဖို့ဆိုတာ ကျွန်တော့်အတွက် မဖြစ်နိုင်ပါဘူး” ဟု ကိုမျိုးအောင်က ဆိုသည်။ “ဒါက ကျောင်းပြီးတဲ့နောက်မှာ ပထမဆုံးလုပ်ခဲ့တဲ့ အလုပ်ဖြစ်တဲ့အပြင် ဒီအပေါ်မှာ သံယောဇဉ် ဖြစ်နေပါပြီ။ ကျွန်တော့်မှာ မိသားစုဆိုတာ မရှိခဲ့ဖူးပေမဲ့ ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ ဒီမှာ လေ့ကျင့်တဲ့ ကျောင်းသားတွေ၊ မိသားစုထံ ငွေပြန်ပို့ပေးနေကြရတဲ့ ဧရာဝတီတိုင်းကလာတဲ့ ကျွန်တော့်အလုပ်သမားတွေက ကျွန်တော့်ရဲ့ မိသားစုပါပဲ”

မြန်မာနိုင်ငံအတွက် ဘိုးလင်း

ဦးဌေးဝင်း ဘိုးလင်းစတင်ကစားသည့် ၁၉၉၀ ပြည့်လွန်နှစ်များ အစပိုင်းက လေ့ကျင့်နိုင်သည့် တစ်ခုတည်းသော နေရာမှာ ရန်ကုန်မြို့လယ်ရှိ သိမ်ကြီးဈေးအတွင်းမှ ယာယီသုံး နှစ်လမ်းပါ ကွင်းတစ်ကွင်းသာ ရှိသေးပြီး ထိုကွင်းတွင် ဘိုးလင်းတိုင်များကို လက်ဖြင့်ပြန်ထောင်ပေးရသည်။ ၂၀၀၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော်အတွက် အမျိုးသား လက်ရွေးစင်အသင်းနှင့်လိုက်ပါကာ မလေးရှားနိုင်ငံသို့ သွားရောက်ရသောအခါ ရင်သပ်ရှုမောဖွယ် ဘိုးလင်းဒိုးလုံးများနှင့် အလွန်ကောင်းမွန်ချောမွတ်သော ဒိုးလမ်းများ၏ ဖမ်းစားမှုကို ခံခဲ့ရသည်။

သို့သော် မြန်မာနိုင်ငံတွင် အမှန်တကယ် လိုအပ်နေသည်မှာ လက်ရာမြောက်သော ဘိုးလင်းကွင်းမဟုတ်ဘဲ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့ကဲ့သို့ အသင်းသားများ နှစ်သက်သဘောကျသည့် သမားရိုးကျ လေ့ကျင့်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပတ်ဝန်းကျင်တစ်ရပ်တို့ပင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဓာတ်ပုံ - ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

သို့သော် မြန်မာအသင်းသည် နောက်လ၌ အာရှတစ်လွှားမှ ပါဝင်ဆင်နွှဲသူများနှင့်အတူ သုံးလတာ စခန်းသွင်း လေ့ကျင့်ရေးသင်တန်း တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ပေလိမ့်မည်။ ဦးဌေးဝင်းသည်လည်း လွန်ခဲ့သောနှစ်များစွာက အလားတူ စခန်းသွင်းလေ့ကျင့်မှုတစ်ရပ်ကို တက်ရောက်ခဲ့ဖူးသော်လည်း အသင်း၏ လူသစ်ဖြစ်သူ ကိုငြိမ်းချမ်းအတွက်မူ ယင်းသင်တန်းမှာ ပထမဆုံး ဖြစ်ပေလိမ့်မည်။

“နောက်ဆုံးတစ်နေ့မှာ တခြားနိုင်ငံက ဘိုးလင်းကစားသမားတွေနဲ့ ကစားရမယ်၊ သူတို့ကစားပုံကို မြင်ရမယ်၊ ပြီးတော့ သူတို့နည်းစနစ်တွေကို သင်ယူရမယ်ဆိုတာတွေအတွက် စိတ်လှုပ်ရှားမိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က အကောင်းဆုံး ကစားသမားတွေထံက သင်ယူနိုင်မှာဖြစ်သလို မြန်မာနိုင်ငံကိုလည်း အကောင်းဆုံး နည်းစနစ်တွေ ပြန်လည်ဆောင်ကြဉ်းလာနိုင်ပါလိမ့်မယ်” ဟု ကိုငြိမ်းချမ်းက ဆိုသည်။

ဒိုးလမ်းများကို မီးထွန်းပေးခြင်း

ကြေးညှော်အလိမ်းလိမ်း တက်နေသည့် ဘိုးလင်းပစ္စည်းပစ္စယများက လူတိုင်းကို လာမကစားချင်အောင် တွန်းထုတ်တော့မည် မဟုတ်ဘဲ Right Track ကဲ့သို့သော ကစားကွင်း အဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် အားပေးကူညီနေကြသည့် မြန်မာနိုင်ငံအတွင်းရှိ ပြည်ပနိုင်ငံသား အရေအတွက်မှာ တဖြည်းဖြည်း တိုးပွားလာလျက်ရှိသည်။

“Right Track ကို သွားတာက လိုအပ်ချိန်မှာ ခရီးသွားရတာနဲ့ နည်းနည်းဆင်သလိုပါပဲ” ဟု ဘီဘီစီဟုလည်း လူသိများသည့် ဘားမားဘိုးလင်းကလပ် (Burma Bowling Club) ၏ ပူးတွဲတည်ထောင်သူ ဂျာမန်နိုင်ငံသား မစ္စတာ လင်းဒဲရ် ကက်တယ်ဟော့ဒ်က ဆိုသည်။ “တခါတလေကျရင် ဒိုးလမ်းတွေအကုန်လုံး အလုပ်ဖြစ်နေတာမျိုးကို ကျွန်တော်မြင်တွေ့လိုပေမဲ့ ဒါကိုလုပ်ထားတဲ့ ပုံစံက တမူထူးခြားနေပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကစားဟန်ဖြစ်တဲ့ ခြေဗလာနဲ့ ခပ်ကြမ်းကြမ်း ကစားတဲ့နည်းနဲ့ ကိုက်ညီမှု ရှိပါတယ်” ဟု ၎င်းက ဆိုသည်။ 

ဓာတ်ပုံ - ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

ဘိုးလင်းအားကစားနည်းမှာ ကက်တယ်ဟော့ဒ်၏ မွေးရပ်မြို့လေးရှိ လူကြိုက်များသော အားကစားနည်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဒီဇင်ဘာည တစ်ညတွင် လုပ်ဖော်ကိုင်ဖက်များအား ဘိုးလင်းကစားရန် သူစည်းရုံးဆော်သြခဲ့ပြီး အွန်လိုင်းပေါ်၌ Right Track ကို တွေ့ရှိခဲ့ရာ  ဘိုးလင်းဒိုးလမ်း တစ်လမ်း သီးသန့်ဖယ်ထားရန် ကြိုတင်ဖုန်းဆက်မှာခဲ့သည်။ ဝန်ထမ်းများကို ခေါင်းခြောက်စေခဲ့သော လုပ်ရပ်ပင်။

၎င်းတို့ရောက်ချိန်တွင် Right Track ကို ပိတ်ထားသည်ဟု ထင်မိကြရာ တစ်စုံတစ်ယောက်က မီးထွန်းပေးပြီး ဒိုးလမ်းတစ်လမ်းကို ပြင်ဆင်ပေးကာ ကစား၍ရအောင် လုပ်ပေးခဲ့သည်။

 “အဲဒါက ဖြစ်ကြောင်းကုန်စင်ပါပဲ” ဟု ဘီဘီစီအသင်းဝင် အမေရိကန်နိုင်ငံသား မစ္စတာ မက်စ် ဘာရိုးက ဆိုသည်။ “သပ်သပ်ရပ်ရပ် တောက်တောက်ပြောင်ပြောင် ကွင်းတစ်ခုဆီကို ကျွန်တော် သွားချင်ရင်တော့ ဒါမျိုးကို အိမ်မှာပဲ လုပ်လို့ရမှာပါ” ဟု ၎င်းက ဆိုသည်။

ယခုအခါတွင် ဘီဘီစီကလပ်၌ Dagon Dragon နှင့် Shan 999 ဟူသော အသင်းများ ပါဝင်သည့် လိဂ်ပြိုင်ပွဲများအတွက် တနင်္လာနေ့ညတိုင်း Right Track တွင် တွေ့ဆုံကြသည့် အဖွဲ့ဝင် ၃၀ ခန့် ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံသားများ စိတ်ပါဝင်စားမှု နည်းပါးနေဆဲဖြစ်သော်လည်း ဘိုးလင်းအားကစားနည်းမှာ ပြည်ပမှ လာရောက်သော လူမှုအသိုင်းအဝိုင်းအတွင်းတွင် အကောင်းတကာ့ အကောင်းဆုံး စီးပွားရေး အခွင့်အလမ်းတစ်ရပ်အဖြစ် နေရာယူလာလျက်ရှိသည်ဟု ဘီဘီစီအသင်းဝင်များက ဆိုသည်။ ယင်းအားကစားနည်းမှာ ပျော်စရာကောင်းပြီး စိတ်ဖိစီးမှု နည်းပါးစေသော လှုပ်ရှားမှုတစ်ခု ဖြစ်သည့်အပြင် လူများကို စုရုံးနိုင်စေသကဲ့သို့ မဖြစ်မနေ အရက်သောက်ရန်လည်း မလိုအပ်ချေ။

“သူငယ်ချင်းတွေနဲ့အတူ နှစ်နာရီ၊ သုံးနာရီလောက်ကြာမယ့် ပျော်စရာအချိန်လေး တစ်ခုကို သွားယူနိုင်ပြီး အများဆုံး ကုန်ကျစရိတ်က ကျပ်ငွေ ၁၀,၀၀၀ လောက်ပဲ ရှိပါတယ်” ဟု Flower Power အသင်း၏ အဖွဲ့ဝင် ယူကေနိုင်ငံသား မစ္စတာ အမီယာ ဗီရာနီက ဆိုသည်။

ဘီဘီစီကလပ်မှာ ပျော်စရာကောင်းသကဲ့သို့ လွယ်လင့်တကူ ပါဝင်နိုင်သော အဖွဲ့လည်းဖြစ်သည်။ အတွေ့အကြုံရှိရန်လည်း မလိုပေ။ အများစုမှာ ဖိနပ်မစီးဘဲ ကစားကြသူများဖြစ်သည်။ သို့သော် ကောင်းစွာ စီစဉ်ထားသော ပြိုင်ပွဲများနှင့် ရာသီကုန် ဆုပေးပွဲ အခမ်းအနားတစ်ရပ်တို့ ပါဝင်သည့် လိဂ်ပြိုင်ပွဲကောင်း တစ်ခုဖြစ်သည်။

သို့သော် အဖွဲ့ဝင်များက အလွန်တရာ ကြီးမားသော ကလပ်တစ်ခုဖြစ်လာရန် မျှော်လင့်မထားပေ။ အကြောင်းရင်းတစ်ခုမှာ ဘိုးလင်းကွင်းက ထိုမျှလောက်အင်အားကို လက်ခံဆောင်ရွက် မပေးနိုင်ခြင်း ဖြစ်သည်။

“လူ ၃၀ အထိ တက်ရောက်ခဲ့တဲ့ ညတစ်ည ရှိခဲ့ဖူးပြီး အခက်အခဲ ပြဿနာတွေလည်း အများကြီး ကြုံခဲ့ရပါတယ်” ဟု ဗီရန်နီက ဆိုသည်။

ဓာတ်ပုံ - ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

ဘီဘီစီကလပ်၏ ပထမဆုံးရာသီကို ယခုလအစောပိုင်းတွင် အဆုံးသတ်ခဲ့ပြီး Shan 999 မှာ ဘိုးလင်းကွင်းရှိ ရှားရှားပါးပါး အုတ်အုတ်ကျက်ကျက် ဖြစ်ခဲ့သည့် ညတစ်ညတွင် ချန်ပီယံဖြစ်လာခဲ့သည်။

နောက်နေ့နံနက်တွင် စင်ကာပူနှင့် မလေးရှားမှ ဘိုးလင်းကစားသမားများနှင့် ယှဉ်ပြိုင်ရန် မြန်မာအသင်း ပြင်ဆင်နေသောကြောင့် လှုပ်ရှားမှုပုံရိပ်များမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သို့သော် ထိုနေ့၏ ညနေခင်းတွင် ဘီယာများ၊ ပီဇာများ၊ ဒိုးလုံးကြမ်းပေါ်ပစ်ကျသံများ၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုသံများ ကြားရပြီး ခြေပြောင်လျှောက်နေသူများကို တွေ့ရကာ ဒိုးတိုင်ထောင်စက် ပျက်သွားသည့်အခါ အခြားဒိုးလမ်းတစ်ခုသို့ ကစားသမားများ သွားရောက်ရောနှောရန် အကောင်းဆုံး အကြောင်းပြချက် ဖြစ်လာခဲ့ပေတော့သည်။

ဤသတင်းဆောင်းပါးအတွက် ဗစ်တိုးရီးယား မီလ်ကိုက ပါဝင်အားဖြည့်ခဲ့သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.