ခါကာဘိုရာဇီ ဘယ်လောက်မြင့်လဲဆိုတာ ဖော်ထုတ်ကြမယ့် တောင်တက်သမားတွေ

မတ်စောက်ပြီး ခက်ခဲမှုတွေပြည့်နေတဲ့ ခါကာဘိုရာဇီတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်ပြီး အမြင့်တိုင်းတာကာ တိုင်းပြည်အတွက် မှတ်တမ်းသစ်တင်ပေးဖို့ မြန်မာတောင်တက်သမားတွေ စီစဉ်နေကြပါတယ်

ထွန်းခိုင် ရေးသားသည်။

ခါကာဘိုရာဇီဟာ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်လား။

ယျေဘူယျအားဖြင့် “ဟုတ်တယ်” လို့ လက်ခံကြပေမယ့် သိပ္ပံနည်းအရ တိကျတဲ့အဖြေ ဘယ်သူမှမပေးနိုင်သေးပါဘူး။

မြန်မာနိုင်ငံမြောက်ဖျားက တစ်နှစ်ပတ်လုံးအေးခဲနေတဲ့ ခါကာဘိုရာဇီရေခဲတောင်ကြီးဟာ အမြင့် ၅,၈၈၁ မီတာ  (၁၉,၂၉၅ ပေ) ရှိတယ်လို့ သတ်မှတ်ထားပြီး အရှေ့တောင်အာရှမှာ သူ့ထက်မြင့်တဲ့တောင်မရှိဘူးလို့လည်း ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမယ့် ဒီအမြင့်ဖော်ပြချက်ဟာ ခန့်မှန်းတွက်ချက်မှု (ဒါမှမဟုတ်) ခေတ်မမှီတော့တဲ့ တိုင်းတာနည်းတွေနဲ့ တိုင်းတာထားတဲ့ ရလာဒ်အပေါ်အခြေခံပြီး ဖော်ပြနေတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ ခါကာဘိုရာဇီလိုပဲ ဟိမဝန္တာတာင်တန်းကြီးနဲ့ ဆက်စပ်နေတဲ့ ဂန်လန်ရာဇီတောင်က ပိုမြင့်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ ခါကာဘိုရာဇီဟာ အမှန်တကယ် ဘယ်လောက်မြင့်သလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။

အခုတော့ ခါကာဘိုရာဇီ ဘယ်လောက်မြင့်သလဲဆိုတာ အတည်ပြုဖို့အတွက် မြန်မာတောင်တက်သမားသုံးယောက်က ခါကာဘိုရာဇီတောင်ထိပ်ကို လာမယ့်နှစ်ထဲမှာ တက်ရောက်ဖို့ ပြင်ဆင်နေပါပြီ။

အနည်းဆုံး ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်မယ့် ဒီခရီးစဉ်ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လနှောင်းပိုင်းမှာစတင်မှာဖြစ်ပြီး ခါကာဘိုရာဇီဘယ်လောက်မြင့်သလဲဆိုတာ အဖြေရှာဖို့ ခေတ်မှီတိုင်းတာရေးစက်တွေ ယူဆောင်သွားကြမှာဖြစ်ပါတယ်။

ခါကာဘိုရာဇီနဲ့အပြိုင် ဘယ်တောင်က ပိုမြင့်သလဲဆိုတာ အငြင်းအခုန်ဖြစ်နေတဲ့ ဂန်လန်ရာဇီတောင်ရဲ့အမြင့်ကို မြန်မာနဲ့ အမေရိကန် တောင်တက်သမားငါးယောက်က ၂၀၁၃ ခုနှစ်မှာ အောင်အောင်မြင်မြင် တိုင်းတာနိုင်ခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ်မတိုင်မီ လူသူတစ်ကြိမ်တစ်ခါမှ မရောက်ဖူးတဲ့အတွက် ဂန်လန်လာဇီအမြင့်ကို အရင်က အိန္ဒိယမြေပုံတွေမှာ ၅,၈၈၁ မီတာ၊ ဒုတိယကမ္ဘာစစ်အပြီး ရုရှားနဲ့ တရုတ်မြေပုံတွေမှာ ၅,၆၉၁ မီတာ၊ ဟားဗတ်မြေပုံစာကြည့်တိုက်မှာ ၅,၇၅၈ မီတာနဲ့ Google မြေပုံတွေမှာ ၅,၇၈ဝ မီတာ စသဖြင့် မှတ်သားထားကြပါတယ်။

တိကျသေချာတဲ့ နည်းစနစ်တွေနဲ့ တိုင်းတာချက်အရ ဂန်လန်ရာဇီဟာ ၅၈၇၀ ဒသမ ၀၂၅ မီတာ မြင့်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့တဲ့အတွက် အရင်က ခန့်မှန်းပြောဆို မှတ်သားထားတဲ့ အမြင့်ပေတွေ မမှန်ဘူးဆိုတာ သိလိုက်ရပါတယ်။

ဒါဟာ အရှေ့တောင်အာရှမှာအမြင့်ဆုံးလို့ သတ်မှတ်ထားတဲ့ ခါကာဘိုရာဇီရဲ့ ခန့်မှန်းအမြင့်ထက် ၁၁ မီတာပဲ လျှော့နည်းတာ ဖြစ်ပါတယ်။

ဧဝရတ်တောင်တက် ခရီးစဉ်တွင် တွေ့ရသည့် ကိုပြည့်ဖြိုးအောင်(ဝဲဘက်)။ ဓာတ်ပုံ-ညီညီအောင်

ဧဝရတ်တောင်တက် ခရီးစဉ်တွင် တွေ့ရသည့် ကိုပြည့်ဖြိုးအောင်(ဝဲဘက်)။ ဓာတ်ပုံ-ညီညီအောင်

ဂန်လန်လာဇီကို အရင်က ခန့်မှန်းတွက်ချက်ထားတာတွေနဲ့ လက်တွေ့တိုင်းတာတဲ့အဖြေ ကွာခြားပြီးတဲ့နောက်မှာ ခါကာဘိုရာဇီကကော ခန့်မှန်းထားတဲ့အမြင့်အတိုင်း ဟုတ်မဟုတ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

“(ဂန်လန်လာဇီက)ခါကာဘိုရာဇီတောင်ရဲ့ (ခန့်မှန်းအမြင့်) ၅,၈၈၁ မီတာထက် ပိုပြီးနိမ့်နေပါသေးတယ်။ ဒါပေမယ့်လည်း အဲဒါက ခါကာဘိုရာဇီတောင်ထိပ်ကို တက်ပြီးတိုင်းမှပဲ (ဘယ်သူက အမြင့်ဆုံးလဲဆိုတာ) အတိအကျ သိမှာပါ” လို့ ဂန်လန်လာဇီနဲ့ ခါကာဘိုရာဇီတောင်တက်သမားတွေကို ထောက်ပံ့ပေးတဲ့  ထူးဖောင်ဒေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ် ဦးပေါ်မြင့်ဦးက ပြောပါတယ်။

ဒါပေမယ့် ခါကာဘိုရာဇီတောင်ထိပ်ကိုတက်ပြီး တိုင်းတာဖို့ဆိုတာ ထင်သလောက် လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

လူသားတွေရဲ့သမိုင်းတလျှောက် ခါကာဘိုရာဇီတောင်ထိပ်ကို တက်နိုင်ခဲ့တာဆိုလို့ လေးဦးပဲ ရှိပါသေးတယ်။ အဲဒီထဲက နှစ်ဦးကတော့ အပြန်ခရီးမှာ လမ်းပျောက်နေပြီး သေဆုံးသွားပြီလို့ သတ်မှတ်ခံထားရပါတယ်။ ကျန်နှစ်ဦးအနက် တစ်ဦးကလဲ ဧဝရတ်တောင်တက်ရင်း သေဆုံးသွားခဲ့ရပြီး တစ်ဦးသာ အသက်ရှင်သန်ဆဲဖြစ်ပါတယ်။

ရေခဲမြစ်တွေ၊ မတ်စောက်တဲ့ ကျောက်တောင်တွေနဲ့ပြင်းထန်လှတဲ့ ရာသီဥတုတွေရှိတဲ့ ခါကာဘိုရာဇီတောင်ထိပ်ကို ၁၉၉၆ ခုနှစ်မှာ မြန်မာနိုင်ငံသား တိဘက်နွယ်ဝင် နမားဂျွန်ဆင်နဲ့ ဂျပန်တောင်တက်သမား တာကာရှီအိုဇာကီတို့ ပထမဆုံးအကြိမ် တက်ရောက်အောင်မြင်ခဲ့ပါတယ်။

ဒါဟာ ဂျပန်တောင်တက်သမားအိုဇာကီအတွက် ခါကာဘိုရာဇီတောင်ထိပ်ကို နောက်ဆုံးအကြိမ် ရောက်ဖူးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ၂၀၁၁ ပြည့်နှစ်မှာတော့ ဧဝရတ်တောင်ကိုတက်ပြီး ပြန်ဆင်းတဲ့ လမ်းခရီးမှာ မတော်တဆမှုဖြစ်ပြီး သူသေဆုံး သွားခဲ့ရပါတယ်။

ခါကာဘိုရာဇီတောင်ထိပ်ကို လူသားတွေ ပထမဆုံးရောက်ခဲ့ပြီး ၁၈ နှစ်အကြာမှာတော့ မြန်မာတောင်တက်သမားနှစ်ယောက်က တောင်ထိပ်ကို တက်ဖို့ ထပ်မံကြိုးစားခဲ့ကြပါတယ်။

typeof=

မြန်မာတောင်တက်သမားနှစ်ယောက်ဖြစ်တဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမိုးသူတို့ဟာ ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှာ  ခါကာဘိုရာဇီတောင်ထိပ်ကို တက်ရောက်ခဲ့ကြပါတယ်။

အဲဒီတောင်တက်သမားနှစ်ယောက်ဟာ ၂၀၁၄ ခုနှစ်၊ သြဂုတ် ၃၁ ရက်မှာ တောင်ထိပ်ကိုရောက်ခဲ့တယ်လို့ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)က ကြေညာခဲ့ပြီး တစ်ချိန်တည်းမှာပဲ သူတို့နဲ့ အဆက်အသွယ်လည်း ပြတ်တောက်သွားခဲ့ပါတယ်။

ရက်သတ္တပတ်ပေါင်းများစွာ ရှာဖွေရေးလုပ်ငန်းတွေလုပ်ခဲ့ပေမယ့် သူတို့နှစ်ယောက်ရဲ့ သတင်းကို အစအနတောင်မရခဲ့ကြပါဘူး။ သူတို့ကို သွားရောက်ရှာဖွေဖို့ ထူးဖောင်ဒေးရှင်းက ငှားရမ်းထားတဲ့ ထိုင်းက ရဟတ်ယာဉ်ဟာလည်း ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့မှာ ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်မောင်းတဲ့ ပိုင်းလော့နှစ်ဦးအနက် တစ်ဦး သေဆုံသွားခဲ့ရပါတယ်။

နောက်ပိုင်းလော့တစ်ဦးကိုလည်း ပျက်ကျပြီး ၁၁ ရက်လောက်ကြာမှ ပြန်လည်ရှာဖွေတွေ့ရှိပြီး ကယ်တင်နိုင်ခဲ့ပါတယ်။

စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ခါကာဘိုရာဇီတောင်တက်ခရီးကြမ်းမှာ ရှေ့ကလူတွေဖြစ်ခဲ့တဲ့ သင်ခန်းစာတွေကို အတုယူပြီး အောင်မြင်အောင် တက်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ တောင်တက်သမားတစ်ယောက်ဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်က ပြောပါတယ်။

“ကျွန်တော်တို့က safety ကိုဦးစားပေးမှာ။ မလိုအပ်ဘဲ စွန့်စားမှု မယူဘူး” လို့ ကိုပြည့်ဖြိုးအောင်က ပြောပါတယ်။ သူကတော့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ပြီးခဲ့တဲ့နှစ်က အောင်မြင်အောင်တတ်ရောက်ခဲ့ပြီး ဧဝရတ်တောင်ထိပ် ရောက် ပထမဆုံးမြန်မာနိုင်ငံသားအဖြစ် စာရင်းဝင်ခဲ့သူဖြစ်ပါတယ်။

ဧဝရတ်တောင်တက် ခရီးစဉ်တွင် တွေ့ရသည့် ကိုပြည့်ဖြိုးအောင်(ဝဲဘက်)။ ဓာတ်ပုံ-ညီညီအောင်

ဧဝရတ်တောင်တက် ခရီးစဉ်တွင် တွေ့ရသည့် ကိုပြည့်ဖြိုးအောင်(ဝဲဘက်)။ ဓာတ်ပုံ-ညီညီအောင်

ခါကာဘိုရာဇီကို တက်ခဲ့တဲ့သူတွေဟာ တောင်ဘက်၊ မြောက်ဘက်နဲ့ အနောက်ဘက်တောင်ကြောတွေကနေ တတ်ခဲ့ကြတဲ့ သမိုင်းကြောင်းတွေရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတတ်မယ့် မြန်မာတောင်တက်သမားတွေကတော့ ၁၉၉၆ ခုနှစ်က အိုဇာကီနဲ့ နမားဂျွန်ဆင်တို့ အောင်မြင်စွာ တတ်ရောက်ခဲ့ကြတဲ့ တောင်ဘက်တောင်ကြောကို ရွေးချယ်ပြီးတက်ဖို့ ပြင်ဆင်နေကြပါတယ်။

ဒါပေမယ့် သူတို့ဆုံးဖြတ်ချက်ဟာ ရုတ်တရက် ပြောင်းလဲကောင်း ပြောင်းလဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တောင်တက်သမားတွေကြားမှာ ခါကာဘိုရာဇီက နာမည်ကြီးတဲ့အကြောင်းတွေထဲကတစ်ခုကတော့ ရာသီဥတုဖြစ်ပါတယ်။ ခန့်မှန်းဖို့ ခက်ခဲပြီး ရာသီဥတုက ရုတ်တရက် မကြာခဏ ပြောင်းလဲတတ်လို့ပဲ ဖြစ်ပါတယ်။

“ခါကာဘိုရာဇီဟာ အမြင့်ပေ မမြင့်ပေမယ့် တက်ဖို့ ခက်ခဲတဲ့တောင်ထဲမှာ ပါပါတယ်။ သူ့ရာသီဥတုအခြေအနေဟာ မကြာခဏ ပြောင်းလဲနေတတ်တယ်” လို့ ခါကာဘိုရာဇီအဖွဲ့ထဲမှာပါမယ့် တောင်တက်သမား ကိုအောင်ခိုင်မြင့်က ပြောပါတယ်။

ခါကာဘိုရာဇီတောင်မတက်ခင် တောင်တက်သမားတွေရင်ဆိုင်ရမယ့် ပြဿနာတွေကလည်း ရှိနေပါသေးတယ်။

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်တက်ခရီးစဉ်ထက် စွန့်စားမှုတွေ ပိုကောင်းပိုနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ထိပ်မရောက်ခင် တောင်ခြေရောက်ဖို့ကို တောနက်ထဲမှာ နှစ်ပတ်ကျော်ကြာ ဝန်စည်စလွယ်တွေနဲ့ လမ်းလျှောက်ရမှာမို့ပါ။

အိုဇာကီနဲ့ နမားဂျွန်ဆင်တို့ ၁၉၉၆ ခုနှစ်က တောင်တက်ခရီးစဉ်မှာ ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေအရ တောင်ခြေကို ရောက်ဖို့အတွက် လူကိုအန္တရာယ်ပြုနိုင်တဲ့ မြွေလိုသားကောင်တွေအကြား လူသူအရောက် အပေါက်နဲတဲ့ တောလမ်းခရီးကို ဝန်စည်စလွယ်တွေယူဆောင်ပြီး ရက်ပေါင်းများစွာ ခက်ခက်ခဲခဲသွားခဲ့ရပါတယ်။

တောင်ခြေကို အောင်အောင်မြင်မြင်နဲ့ ရောက်ခဲ့ရင် ခက်ခဲတဲ့ တောင်တက်ခရီးစဉ်က စောင့်ကြိုနေမှာ ဖြစ်ပါတယ်။ ဧဝရတ်လို တောင်တက်အားကစားဖွံ့ဖြိုးတဲ့ ရေခဲတောင်တွေမှာ တောင်ပေါ်က ရေခဲမြစ်တွေ၊ ချောက်ကမ်းပါးတွေကို ဖြတ်သန်းဖို့ လိုအပ်တဲ့ပစ္စည်းကရိယာတွေ အသင့်ရှိနေမှာဖြစ်ပေမဲ့ ခါကာဘိုရာဇီတောင်တက်သမားတွေအတွက်တော့ ကိုယ်တိုင်ယူဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒီအခက်အခဲတွေ အောင်မြင်ခဲ့ပြီး တောင်ထပ်ရောက်ခဲ့ရင် သူတို့အတွက် အဓိကလုပ်ဆောင်ရမယ့် တောင်ရဲ့အမြင့် တိုင်းတာရေး စတင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ခါကာဘိုရာဇီအမြင့်ကို ခေတ်မှီတိုင်းတာရေးကရိယာတွေနဲ့ အတည်ပြုပြီးရင်တော့ မြန်မာနဲ့ အရှေ့တောင်အာရှမှာ ဘယ်တောင်ဟာ အမြင့်ဆုံးလဲ၊ ဘယ်လောက်မြင့်သလဲဆိုတာ သမိုင်းသစ်တစ်ခု စတင်နိုင်တော့မှာဖြစ်ပါတယ်။

ကိုဝင်းကိုကိုနဲ့ ကိုပြည့်ဖြိုးအောင်တို့ဟာ ဧဝရတ်တောင်ပေါ်ကို ရောက်ခဲ့တဲ့ ပထဆုံးသော မြန်မာတွေဖြစ်ကြပါတယ်။ ဓာတ်ပုံ-ညီညီအောင်

ကိုဝင်းကိုကိုနဲ့ ကိုပြည့်ဖြိုးအောင်တို့ဟာ ဧဝရတ်တောင်ပေါ်ကို ရောက်ခဲ့တဲ့ ပထဆုံးသော မြန်မာတွေဖြစ်ကြပါတယ်။ ဓာတ်ပုံ-ညီညီအောင်

ဒါပေမယ့် တောင်တက်သမားတွေအတွက်ကတော့ တောင်တက်ခရီးစဉ် မပြီးဆုံးသေးပါဘူး။ သူတို့ကိုစောင့်နေတဲ့ တောင်ခြေစခန်းက အဖွဲ့ဝင်တွေနဲ့ ပြန်လည်ပူးပေါင်းပြီးမှ သူတို့ခရီးစဉ် အောင်အောင်မြင်မြင်ပြီးဆုံးတယ်လို့ သတ်မှတ်လို့ရမှာဖြစ်ပါတယ်။

တောင်တက်သမားတွေအဆိုအရ တောင်တက်ခရီးစဉ်မှာ မတော်တဆမှု ကြုံကြရတာ အတက်ခရီးထက် အဆင်းခရီးက ပို များတယ်လို့ ဆိုပါတယ်။

ခါကာဘိုရာဇီတောင်တက်ခဲ့တဲ့ အိုဇာကီဟာလည်း ဧဝရတ်တောင်အဆင်းခရီးမှာ မတော်တဆမှုကြောင့် သေဆုံးသွားခဲ့သလို ၂၀၁၄ ခုနှစ်တုန်းက တောင်ထိပ်ရောက်ခဲ့တယ်ဆိုတဲ့ မြန်မာတောင်တက်သမားနှစ်ဦး ဟာလည်း အဆင်းခရီးမှာ ပျောက်ဆုံးသွားတာဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာတောင်တက်သမားတွေကတော့ မတ်စောက်ပြီး ခက်ခဲမှုတွေပြည့်နေတဲ့ ခါကာဘိုရာဇီတောင်ထိပ်ကို အောင်အောင်မြင်မြင် တက်ရောက်ပြီး အမြင့်တိုင်းတာပေးကာ တိုင်းပြည်အတွက် မှတ်တမ်းသစ်တင်ပေးဖို့ စိတ်ပိုင်းဖြတ်ထားကြပုံပေါ်ပါတယ်။

“ခါကာဘိုရာဇီ အမြင့်ပေ အတိအကျသိရရင် မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်ဆိုတာ ကျွန်တော်တို့ သတ်မှတ်လို့ရရင် ကျွန်တော်တို့ နိုင်ငံအတွက် မှတ်တိုင်တစ်ခုပါ”လို့ ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင်ထဲက ကိုဇော်ဇင်ခိုင် ကပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ- ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ကိုအောင်ခိုင်မြင့် ရန်ကုန်မြို့၌ လေ့ကျင့်နေစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.