အမြတ်တနိုး တန်ဖိုးထားရမည့် မွန်ပြည်နယ်မှ ရုပ်ရှင်ရုံ

မြန်မာနိုင်ငံ၏ ဗိသုကာရတနာများအနက် ကျွန်းသားအပြောက်အမွှန်းတို့ဖြင့် တန်ဆာဆင်ထားသော မုဒုံမြို့နယ်မှ ရုပ်ရှင်ရုံတစ်ရုံလည်း ပါဝင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ နီးပါးက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းဒေသတွင် တစ်မူထူးခြားသည့် လက်ရာအဖြစ် ယူဆနိုင်သော ရုပ်ရှင်ရုံ ဖြစ်သည်။

စာသားနှင့် ဓာတ်ပုံ – ဖိလစ် ဂျက်ဘလွန်

အရှေ့တောင်အာရှဒေသ၏ ဗိသုကာအမွေအနှစ် ရတနာသိုက်အဖြစ် တည်ရှိနေသော မြန်မာနိုင်ငံ၏ ကျော်ဇောသတင်းမှာ ကောင်းစွာသင်းပျံ့ပြီးဖြစ်သည်။ ကိုလိုနီခေတ်၏ စံနမူနာလက်ရာများနှင့် အပူပိုင်းဒေသ အနုပညာအဆင်တန်ဆာ(Tropical Art Deco) များမှအစ ခေတ်အဆက်ဆက် ထွန်းကားခဲ့သည့် ရိုးစင်းသော ဗိသုကာလက်ရာများအဆုံး အရှေ့တောင်အာရှဒေသရှိ ဂန္ထဝင်မြောက် အဆောက်အအုံများကို မြန်မာနိုင်ငံက ကောင်းစွာစုစည်းထားဟန်ရှိသည်။

ရရှိထားသော အဆင့်အတန်းအတွက် အန္တရာယ်များကလည်း အတော်ကြီး အခြေခိုင်ခိုင်ဖြင့် ကောင်းစွာ တည်ရှိနေကြသည်။ ဇုန်နယ်အလိုက် စည်းမျဉ်းစည်းကမ်း ထိန်းကွပ်မှုမရှိခြင်းနှင့် ယဉ်ကျေးမှုအမွေအနှစ် ဥပဒေများကို လိုက်နာအောင် အရေးယူစည်းကြပ်မှု အားနည်းခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ သမိုင်းဝင် အဆောက်အအုံများ၏ အခြေအနေမှာ မရေမရာ ဖြစ်နေပြီး သူတို့၏ ကံကြမ္မာကို ဈေးကွက်အင်အားစုများက အကြီးအကျယ် လွှမ်းမိုးထားလျက်ရှိသည်။

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် နယူးယောက်အခြေစိုက် ကမ္ဘာ့အထိမ်းအမှတ် ရန်ပုံငွေအဖွဲ့တို့ကဲ့သို့သော ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းကို အားပေးသူအုပ်စုများက ရန်ကုန်မြို့တွင်းရှိ ထိန်းသိမ်းစောင့်ရှောက်ရန် အထူးလိုအပ်နေသော သမိုင်းဝင်အဆောက်အအုံများကို အလေးထား ဆောင်ရွက်ရန် ကူညီလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်နေသော လုပ်ငန်းစဉ်အတွင်း အဓိကကျသော ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ၌ အောင်မြင်မှုများ ရရှိနေပြီး နိုင်ငံအနှံ့အပြားတွင်မူ ခေတ်သစ်အကြိုကာလမတိုင်မီက တည်ဆောက်ခဲ့သည့် နေရာများတွင်သာ အကန့်အသတ်ဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။

ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲတစ်ခုမှာ မြန်မာနိုင်ငံ၏ ဗိသုကာဆိုင်ရာ ကြွယ်ဝမှုကို အပြည့်အဝ မသိရှိခြင်းပင်ဖြစ်သည်။ လူမသိ သူမသိ ဖြစ်နေသည့်တိုင် အလေးပေး၍ ဆောင်ရွက်ထိုက်သော အဖိုးတန်ရတနာများအနက် တစ်ခုမှာ အောင်နန်းမင်္ဂလာရုပ်ရှင်ရုံ ဖြစ်သည်။

မွန်ပြည်နယ်တွင်ရှိပြီး မော်လမြိုင်မြို့တောင်ဘက် ၂၅ ကီလိုမီတာအကွာရှိ မုဒုံမြို့၏ အရောင်းအဝယ် ထွန်းကားရာ ရပ်ကွက်အတွင်း တိမ်မြုပ်ပျောက်ကွယ်နေသည့် ကျွန်းဖြင့်ဆောက်လုပ်ထားသော ရုပ်ရှင်ရုံတစ်ရုံ ဖြစ်သည်။ သက်တမ်းအားဖြင့် ၉၇ နှစ်ရှိပြီဖြစ်သည်။

တည်ဆောက်မှုပုံစံနှင့် လုပ်ငန်းဆောင်ရွက်မှုပုံစံအရ သက်တမ်းရင့်နေပြီဖြစ်သော ရုပ်ရှင်ရုံများမှာ မြန်မာနိုင်ငံအနှံအပြား၌ ရှိနေကြသည်။ ဟိုတစ်ခေတ်က မြန်မာနိုင်ငံ၏ အထိုက်အလျောက် ကြွယ်ဝချမ်းသာမှုနှင့် ထိုအချိန်က ရုပ်ရှင်လုပ်ငန်း အောင်မြင်ထွန်းကားမှု နှစ်ခုစလုံးကို ယင်းတု့ိက သက်သေပြလျက်ရှိသည်။

သို့သော် အောင်နန်းမင်္ဂလာရုပ်ရှင်ရုံ၏ ထူးခြားပေါ်လွင်မှုမှာ အခြားအခြေခံအကြောင်းတချို့ကြောင့်ဖြစ်သည်။

“ရုပ်ရှင်ရုံကို ၁၉၂၀ ပြည့်နှစ်က ဆောက်ခဲ့တာပါ။ ခင်ဗျားမြင်တွေ့သမျှ အားလုံးက နဂိုအတိုင်းချည်းပဲ” ဟု အဆောက်အအုံပိုင်ရှင် တတိယမျိုးဆက်ဖြစ်သူ အသက် ၇၁ နှစ်ရှိ ဦးနီက ပြောသည်။

မိုးရာသီမတိုင်မီ နေသာသော တစ်နေ့တွင် ရှည်လျားလှသော သူ့မိသားစု၏ အမွေအနှစ်အကြောင်း ရှင်းလင်းပြောကြားရင်း လိုက်လံပြသပေးသည်။

မုဒုံမြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ၏ ဝင်ပေါက်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဖိလစ် ဂျက်ဘလွန်

မုဒုံမြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ၏ ဝင်ပေါက်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ဖိလစ် ဂျက်ဘလွန်

အောင်နန်းမင်္ဂလာရုံ စတင်ဖွင့်လှစ်ချိန်က အနောက်နိုင်ငံများတွင် Roaring 20s ဟုခေါ်သော ၁၉၂၀ နှင့် ၁၉၃၀ ပြည့်နှစ်များအကြား သုံးနိုင်ဖြုန်းနိုင်သောကာလ၏ ရှေ့ပြေးအရုဏ်ဦးကာလဖြစ်သည်။ မြန်မာနိုင်ငံမှာလည်း ကမ္ဘာတွင် ဆန်စပါးအများဆုံး တင်ပို့နိုင်သော နိုင်ငံတစ်နိုင်ငံအဖြစ်ဖြင့် စန်းပွင့်ကာ ကမ္ဘာ့စီးပွားရေးတွင် အရေးပါသည့် အစိတ်အပိုင်း တစ်ခုသဖွယ် ပါဝင်ခဲ့သည်။ မုဒုံမြို့မှာလည်း ထိုအချိန်က ယနေ့ခေတ်ကဲ့သို့ပင် ဆန်နှင့်ရော်ဘာတို့က ဒေသစီးပွားရေး၏ ကျောရိုးသဖွယ် ဖြစ်ခဲ့သည်။

မြို့ဝန်းကျင်ရှိ သိုလှောင်ရုံများနှင့် ရောင်းဝယ်ဖောက်ကားရေးပွဲရုံများမှ ကုန်စည်များကို မော်လမြိုင်သို့ သယ်ယူကာ ဝေးလံသော ဈေးကွက်များသို့ တင်ပို့ခဲ့သည်။ ဆန်နှင့်ရော်ဘာကို ရောင်းဝယ်ဖောက်ကားရာမှ မုဒုံမြို့သည် စည်ပင်ဖွံ့ဖြိုးလာပြီး အိန္ဒိယနိုင်ငံဇာတိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မြို့၏ပထမဆုံးသော ရုပ်ရှင်ရုံကို တည်ဆောက်ခဲ့သည်။

၁၉၃၀ ပြည့်လွန်နှစ်များအတွင်း လက်ရှိရုပ်ရှင်ရုံပိုင်ရှင်၏ အဖိုးသည် မုဒုံမြို့သို့ ပြောင်းရွှေ့လာပြီး ယခုဗိုလ်ချုပ်လမ်းဟုခေါ်သည့်နေရာရှိ အိမ်ခြံမြေတို့ကို ဝယ်ယူခဲ့ရာ ယင်းတို့အထဲတွင် အောင်နန်းမင်္ဂလာ ရုပ်ရှင်ရုံလည်း ပါဝင်ခဲ့သည်။

“ရုပ်ရှင်ရုံကို လုပ်ကိုင်ခဲ့တဲ့ ကျွန်တော့်မိသားစုထဲမှာ ကျွန်တော်က တတိယမျိုးဆက်ပါ” ဟု ရုပ်ရှင်ရုံရှေ့ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် နို့များများပါသော လက်ဖက်ရည်ကို သောက်ရင်း ဦးနီက ပြောသည်။ (မြန်မာနိုင်ငံတွင် လက်ဖက်ရည်ဆိုင်နှင့် ရုပ်ရှင်ရုံတို့သည် သမိုင်းကြောင်းရှည်ကြာစွာ အတွဲအဖက် ညီခဲ့ကြသော အရာများ ဖြစ်ခဲ့သည်။)

သူ့အစ်ကိုနှင့်အတူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုကို ဆောင်ရွက်လျက်ရှိသော အသက် ၇၀ ကျော် ၈၀ နှစ်ကြား ဦးနီသည် ငယ်စဉ်ကတည်းကပင် ရုပ်ရှင်ရုံတွင် အလုပ်လုပ်ခဲ့ပြီး စီးပွားရေးလုပ်ငန်း၏ အသေးစိတ်ကို လေ့လာခဲ့သည့်နည်းတူ ရုပ်ရှင်ကားများမှ နာမည်ကြီး သရုပ်ဆောင်အားလုံး၏ အမည်များကို လေ့လာသိရှိထားခဲ့သည်။

“မုဒုံမှာ အော်ဒီမာဖီကို လူကြိုက်အရမ်းများတယ်” ဟု ၁၉၅၅ ခုနှစ်က ပြသခဲ့သည့် To Hell and Back ရုပ်ရှင်ကားတွင် စစ်ပြန်တစ်ဖြစ်လဲ ဟောလိဝုဒ် စူပါစတား၏ စစ်တွင်းကိုယ်ရေးအထုပ္ပတ္တိကို ပြန်ပြောပြရင်း သူ့တစ်ဦးချင်းအရ အကြိုက်ဆုံးမင်းသားအဖြစ် ဦးနီက ဇာတ်ကြောင်းပြန်သည်။

“ဒီမှာ ဒေါက်တာနိုး ရုပ်ရှင်ကားတောင် ပြဖူးတယ်။ အကြီးအကျယ် ဝင်ငွေကောင်းခဲ့တာပေါ့” ဟု ၁၉၆၂ ခုနှစ်က ပြသသော ပထမဆုံး ဂျိမ်းစဘွန်းရုပ်ရှင်ကားကို ရည်ညွှန်း၍ သူက ပြောသည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း အောင်နန်းမင်္ဂလာသည် မြန်မာနိုင်ငံရှိ အခြားရုပ်ရှင်ရုံများကဲ့သို့ ပြည်သူပိုင် အသိမ်းမခံရဘဲ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်သို့ ရောက်ဖူးခြင်းလည်း မရှိခဲ့ပေ။

“ကျွန်တော့အဖေက မွန်ပြည်နယ်အရာရှိကြီးတစ်ယောက်နဲ့ အဆက်အသွယ် ကောင်းကောင်းရှိတယ်” ဟု သူ့မိသားစုက ရုပ်ရှင်ရုံကို ကာလအပြတ်အတောက်မရှိ ပိုင်ဆိုင်ခဲ့ရသည့်အကြောင်း ဦးနီက ရှင်းပြသည်။

ဦးနေဝင်းနှင့် စစ်အစိုးရအဆက်ဆက်က မိမိသဘောနှင့်မိမိ ဆယ်စုနှစ်ပေါင်းများစွာ ဧကစာကျင့်သုံးခဲ့မှုနှင့် ပြည်တွင်းရုပ်ရှင်လုပ်ငန်းကို အကြီးအကျယ် ဆင်ဆာဖြတ်တောက်မှုစသည်တို့ကြောင့် ရုပ်ရှင်ရုံလုပ်ငန်းကို ကြီးမားစွာ ဒုက္ခတွေ့စေခဲ့သည်။

“၁၉၈၀ ပြည့်လွန်နှစ်တွေက မြန်မာနိုင်ငံမှာ တစ်နှစ်ကို ရုပ်ရှင် ၁၀ ကားလောက်ပဲ ထုတ်လုပ်ခဲ့တာဆိုတော့ တစ်လကို ရုပ်ရှင်တစ်ကားတောင် မရှိပါဘူး။ တစ်လကို ရုပ်ရှင်တစ်ကားပဲပြပြီး ဝန်ထမ်းတွေကို ဘယ်လိုလုပ် ထိန်းမလဲ”ဟု ဦးနီက ဝမ်းပန်းတနည်းပြောသည်။

စီးပွားရေးလုပ်ငန်းများ မှန်မှန်ကျဆင်းနေခဲ့သည် မှန်သော်လည်း အောင်နန်းမင်္ဂလာကို ၁၉၈၈ ခုနှစ်တွင် နောက်ဆုံးပိတ်လိုက်ရသည်မှာမူ နည်းပညာဆိုင်ရာ ပြဿနာကြောင့်သာ ဖြစ်သည်။

“ရုပ်ရှင်ပြစက်တွေက ဟောင်းနွမ်းပျက်စီးလာပြီး ရုပ်ရှင်ကားက ဖလင်တွေကို ဖြတ်ဖြတ်ပစ်နေတယ်” ဟု ဦးနီက ပြောသည်။ နိုင်ငံခြားဖြစ် ရုပ်ရှင်ပြစက် အစိတ်အပိုင်းတွေကိုလည်း ဝယ်ပြီးအစားမထိုးနိုင်တော့ကြောင်း ထပ်လောင်းပြောကြားသည်။

“အဖြစ်ကတော့ အဲဒီအတိုင်းပါပဲ။ ‘Gone with the wind’ ပေါ့ဗျာ” ဟု (လေနှင့်အတူ လွင့်မျောခဲ့ပြီဟူသော အဓိပ္ပာယ်ဖြင့် အင်္ဂလိပ်ဇာတ်ကား တစ်ကား၏အမည်တစ်ခုကို ရည်ညွှန်း၍) သူက ပြောသည်။

မြန်မာနိုင်ငံတွင် ဆက်လက်ကျန်ရှိနေသော ရုပ်ရှင်ရုံအများစုမှာ ၁၉၄၈ နှင့် ၁၉၆၂ ခုနှစ် ဒီမိုကရေစီခေတ်တွင် တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ဗိသုကာသဘောအရ ထူးခြားသည့် ဒေသန္တရ အငွေ့အသက်များ ပါရှိနေသော်လည်း ယင်းတို့မှာ အပူပိုင်းဒေသ အနုပညာအဆင်တန်ဆာ (Tropical Art Deco) နှင့် အပြည်ပြည်ဆိုင်ရာ ဟန်မူကွဲများ (Variations of the International Style) အဖြစ် အမျိုးမျိုးပါရှိနေသည်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ရန်ကုန်မြို့၏ ဂန္ထဝင်မြောက် လူသိအများဆုံး ဝဇီရာရုပ်ရှင်ရုံကဲ့သို့ ဒုတိယကမ္ဘာစစ်ကြိုကာလက တည်ဆောက်ခဲ့သော ရုပ်ရှင်ရုံများမှာ မြန်မာပြည်အနှံ အနည်းအကျဉ်း ရှိသော်လည်း ၁၉၂၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည့် အောင်နန်းမင်္ဂလာ ရုပ်ရှင်ရုံသည် ယခုကျန်ရှိနေဆဲ ရုပ်ရှင်ရုံများအနက် သက်တမ်းအရင့်ဆုံးဖြစ်သည်။

အောင်နန်းမင်္ဂလာ ရုပ်ရှင်ရုံ၏ ကိုလိုနီခေတ် ဗိသုကာလက်ရာမှာ အထိုက်အလျောက် အဆင့်မီကြောင်း ရန်ကုန်အခြေစိုက် ဗိသုကာလက်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင် ဦးအောင်စိုးမြင့်က ပြောသည်။

“ဒီဗိသုကာဟန်မျိုးကို အထူးသဖြင့် ရန်ကုန်၊ ပြည်နဲ့ ဧရာဝတီတိုင်းဒေသကြီးစတဲ့ အောက်မြန်မာနိုင်ငံရဲ့ အဆောက်အအုံတွေမှာ တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ အားလုံးက လူနေအဆောက်အအုံတွေ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံတွေထဲမှာတော့ဒီလိုဟန်မျိုးကို အရင်က တစ်ခါမှ မတွေ့ဖူးပါဘူး” ဟု သူက ပြောသည်။

လျှပ်တပြက်ကြည့်ပါက အောင်နန်းမင်္ဂလာသည် ကိုလိုနီခေတ် အရာရှိအရာခံတစ်ဦး၊ သို့မဟုတ် လူချမ်းသာ ကုန်သည်တစ်ဦး၏ နေအိမ်နှင့်တူသည်။ ထည်ဝါခန့်ညားပြီး ပင်မခန်းမကြီးမှ ထိုးထွက်ကာ မြင်းမိုရ်ပိတ်ပါ ဝရန်တာနှင့် နှစ်ထပ် ဆင်ဝင်သည် နောက်ဆုံးရာစုနှစ်က ပေါ်ထွန်းခဲ့သော ဇိမ်ခံအိမ်ကြီးတစ်အိမ်၏ အသွင်ကို ဆောင်လျက်ရှိသည်။ သို့သော်လည်း အနီးကပ် လေ့လာကြည့်မည်ဆိုပါက မြင်းမိုရ်ပိတ် မျက်နှာစာတွင် ပန်းခက်ပန်းနွယ်များအကြား၌ ရုပ်ရှင်ရုံ၏အမည်ကို ဖော်ပြထားပြီး အောက်ဘက်တွင် မြို့၏အမည်ကို ရေးထိုးထားသည်။

သို့သော်လည်း အတွင်းဘက်သို့ ဝင်လိုက်သည်နှင့်တပြိုင်နက် ရုပ်ရှင်ရုံတစ်ရုံ ဖြစ်သည်ကို အငြင်းပွားဖွယ် မရှိနိုင်တော့ပေ။

အောင်မင်္ဂလာရုပ်ရှင်ရုံပိုင်ရှင် တတိယမျိုးဆက် အသက် ၇၁ နှစ်ရှိ ဦးနီကို ရုပ်ရှင်ရုံအပြင်ဘက်၌ တွေ့ရစဉ်။ ဓာတ်ပုံ - ဖိလစ် ဂျက်ဘလွန်

အောင်မင်္ဂလာရုပ်ရှင်ရုံပိုင်ရှင် တတိယမျိုးဆက် အသက် ၇၁ နှစ်ရှိ ဦးနီကို ရုပ်ရှင်ရုံအပြင်ဘက်၌ တွေ့ရစဉ်။ ဓာတ်ပုံ – ဖိလစ် ဂျက်ဘလွန်

ကန့်လန့်ကာရှေ့မှ ဘဲဥပုံသစ်သားအပြောက်အမွှန်းကို ရှုပ်ထွေးစွာ ထွင်းထုထားသည့် အင်္ဂလိပ် နှုတ်ဆက်စကားလုံး “Welcome” ပါ အမိုးခုံးမျက်နှာစာမှာ ရိုးရှင်းသော ရုပ်ရှင်ပိတ်ကားချပ်အတွက် ထည်ဝါခန့်ညားသော အနားကွပ်သဖွယ် တည်ရှိနေသည်။ နံရံအပေါ်ဘက်၌ ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံကို မြန်မာဘာသာဖြင့် ရေးထိုးထားသည်။

အပေါ်တွင် သစ်သားဒိုင်းတန်းများဖြင့် အတန်းလိုက် စီကပ်ထားသော ဝါးထရံ မျက်နှာကြက်ရှိသည်။

အားလုံးသစ်သားထည်ချည်းသုံး၍ ဆောက်လုပ်ထားခြင်းသည် အောင်နန်းမင်္ဂလာ၏ သီးခြားသွင်ပြင်လက္ခဏာ ဖြစ်သည်။ သစ်သားဖြင့် မဆောက်လုပ်သည့် တစ်ခုတည်းသော နေရာမှာ အုတ်အင်္ဂတေတို့ဖြင့် ဆောက်ထားသော ရုပ်ရှင်ပြစက်ခန်းဖြစ်ပြီး ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ထားသော အစီအမံတစ်ခုဖြစ်သည်။ အကယ်၍ စောစောပိုင်းခေတ်က သုံးစွဲသော မီးလောင်လွယ်သည့် ဆယ်လျူလွိုက် ဖလင်ပြားကြောင့် မီးထလောင်ပါက ရုပ်ရှင်ရုံကို မီးမကူးစေရန်ဖြစ်သည်။

ရာစုနှစ်တစ်စု သက်တမ်းရှိ ရုပ်ရှင်ရုံမှာ ကမ္ဘာပေါ်တွင် ရှားရှားပါးပါးဖြစ်သည်။ အရှေ့တောင်အာရှမှ မြို့ကြီးများတွင် ကျွန်းဖြင့်အပြောက်အမွှန်းဖော်ထားသော ရုပ်ရှင်ရုံဆိုသည်မှာ ပို၍ပင်ရှားပါးသည်။

“ဒီရုပ်ရှင်ရုံက မြန်မာနိုင်ငံအတွက်သာ မကပါဘူး၊ အာရှတိုက်တစ်ခုလုံးအတွက် အရေးပါပါတယ်။ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြုပြင်ထိန်းသိမ်းရေးအတွက် စီမံကိန်းတစ်ခု ချမှတ်ပြီး အကောင်အထည်ဖော်သင့်ပါတယ်” ဟု ဦးအောင်စိုးမြင့်က ပြောသည်။

အကယ်၍ မြန်မာနိုင်ငံမှာ ရှေးဟောင်းအမွေအနှစ် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် ရည်ရွက်ချက် တစ်စုံတစ်ရာ ရှိမည်ဆိုပါက အောင်နန်းမင်္ဂလာကို ကယ်တင်ရေးက ခက်ခဲသော တိုက်ပွဲတစ်ပွဲသဖွယ် ဖြစ်နိုင်သော်လည်း ဆင်နွှဲသင့်သောတိုက်ပွဲ ဖြစ်ပေသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.