အင်းတော်ကြီးမှာ ဖွံ့ဖြိုးလာမယ့် ဂေဟ ခရီးသွားလုပ်ငန်း

ကချင်ပြည်နယ် အင်းတော်ကြီးကန်တွင် ပြန်လည်ပြည့်ဖြိုးမြဲ ခရီးသွားလုပ်ငန်းကို အားပေး လုပ်ဆောင်ရန်အတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်အတူ အင်းတော်ကြီး မျက်နှာ (Face of Indawgyi)က ပူးပေါင်းလုပ်ကိုင်နေသည်။

ဗစ်တိုးရီးယား မီလ်ကို ရေးသားသည်။

ကချင်ပြည်နယ် အင်းတော်ကြီးကန်ပေါ်ရှိ ကယက်လှေနှစ်စီးပေါ်တွင် ထိုင်ရင်း ၎င်းတို့၏ ဂေဟအခြေပြု ခရီးသွားလုပ်ငန်း စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် တွဲဖက်လုပ်ကိုင်ရသော အတွေ့အကြုံများကို Mr Stephen Traina- Dorge နှင့် Mr Patrick Compton တို့နှစ်ဦးသား အားပါးတရ ပြောကြားနေကြသည်။ သူတို့နှစ်ဦးသည် “အင်းတော်ကြီး မျက်နှာ” ဟုခေါ်သည့် Face of Indawgyi ကို တည်ထောင်သူများ ဖြစ်ကြသည်။

“ကျွန်တော်တို့ ပြောနေတဲ့ အကြောင်းတွေကတော့ ဒေသခံ လူ့အဖွဲ့အစည်းတွေထံက လေ့လာသင်ယူခဲ့ရတာတွေနဲ့ သူတို့ရဲ့ ပူးပေါင်းကူညီမှုတွေ အကြောင်းပါ” ဟု Traina- Dorge က ပြောသည်။ “ဒီဒေသရဲ့ ယဉ်ကျေးမှုနဲ့ လူမှုဘဝကို ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့ လူအများအပြားနဲ့ ကျွန်တော်တို့ စကားပြောခဲ့ရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အင်းတော်ကြီးကန် ဒေသတစ်ဝိုက်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ပညာရေး အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်သော စီးပွားရေး ဖွံ့ဖြိုးမှုများ လုပ်ဆောင်ပေးရေးအတွက် ရည်ရွယ်ထားသော ဂေဟအခြေပြု ခရီးသွားလုပ်ငန်းဖြစ်သည့် Face of Indawgyi ကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

အင်းတော်ကြီးဒေသ၌ ဂေဟတည်းခိုရိပ်သာ ဖွင့်လှစ်ရန်သာ စီမံကိန်း၌ ပါဝင်ခဲ့သော်လည်း ထိုဒေသတွင် အခြားလိုအပ်ချက် များစွာရှိနေသည်ကို တွေ့ရှိခဲ့ရသည်ဟု Traina-Dorge ကပြောသည်။

“ကျွန်တော်တို့နဲ့ စကားပြောခဲ့တဲ့ အဖွဲ့အစည်းတွေက ဒီဒေသမှာ ကျွန်တော်တို့ လုပ်ဆောင်ရမှာ ပညာရေးနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပေးဖို့ပဲလို့ ဆိုကြတယ်။ ဒါမှသာ သဘာဝပတ်ဝန်းကျင် မထိခိုက်ဘဲ စီးပွားရေး ဖွံ့ဖြိုးအောင် ဆောင်ရွက်လာနိုင်မှာဖြစ်ပြီး ဒေသခံလူ့အဖွဲ့အစည်းရဲ့ ကူညီထောက်ပံ့မှုလည်း ရရှိလာမယ်လို့ဆိုပါတယ်” ဟု Traina- Dorge က ဆိုသည်။

အင်းတော်ကြီးအိုင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးရေအိုင်ဖြစ်ပြီး အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး ဖြစ်သော်လည်း လာရောက်လည်ပတ်သော ခရီးသွားအရေအတွက်မှာ အလွန်ပင် နည်းပါးလှသည်။ အင်းတော်ကြီးအိုင်သို့ တစ်နှစ် လာရောက်သည့် နိုင်ငံခြားကမ္ဘာလှည့် ခရီးသွားအရေအတွက်မှာ အင်းလေးကန်သို့ တစ်ရက်လာရောက်သည့် အရေအတွက်နှင့် တူညီနေသည်။ အင်းလေးကန်သို့ တစ်ရက်လျှင် နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွား ၅၀၀ ခန့် လာရောက်ကြသည်။

Stephen Traina- Dorge နှင့် Mr Patrick Compton တို့နှစ်ဦးသည် အင်းတော်ကြီး မျက်နှာ ဟုခေါ်သည့် Face of Indawgyi ကို ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့ကြသည်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မိလ်ကို

Stephen Traina- Dorge နှင့် Mr Patrick Compton တို့နှစ်ဦးသည် အင်းတော်ကြီး မျက်နှာ ဟုခေါ်သည့် Face of Indawgyi ကို ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့ကြသည်။ ဓာတ်ပုံ-ဗစ်တိုးရီးယား မိလ်ကို

မြန်မာနိုင်ငံသို့ ရက်သတ္တပတ် နှစ်ပတ်ခန့်သာ လာရောက်လည်ပတ်သော နိုင်ငံခြားခရီးသွားများအတွက် အင်းတော်ကြီးအိုင်သို့ သွားရောက် လည်ပတ်ရန် အချိန်မလုံလောက်နိုင်ပေ။ အင်းတော်ကြီးအိုင်သည် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့မှ ကားဖြင့် သွားရောက်လျှင် လေးနာရီခန့်ကြာမြင့်သည်။ ဟိုပင်မှတစ်ဆင့် မီးရထားတစ်တန်၊  ကားတစ်တန်ဖြင့်လည်း သွားရောက်နိုင်သည်။

“အဲဒီတော့ အင်းတော်ကြီးကန်ကို လာရောက်လည်ပတ်သူ နည်းတာပေါ့။ လာရောက်လည်ပတ်တဲ့လူ အနည်းငယ်က စွန့်စားချင်တဲ့ ခရီးသွားတွေဖြစ်တယ်” ဟု Traina- Dorge ကဆိုသည်။

ပြီးခဲ့သောနှစ်၊ ဇွန်လတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ဗံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က အင်းတော်ကြီးအိုင်အား ဘေးမဲ့ဇီဝရပ်ဝန်းဒေသအဖြစ် သတ်မှတ်ပေးခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် အင်းတော်ကြီးဒေသ၏ ခရီးသွားလုပ်ငန်းများ တိုးတက်လာမည်ဟု ခန့်မှန်းထားကြသည်။

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ခရီးသွားလုပ်ငန်းသည် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်နိုင်သည်။ တစ်ချိန်တည်းမှာပင် ဒေသခံယဉ်ကျေးမှုကို အလျင်မြန်ဆုံး ဖျက်ဆီးနိုင်သောအရာလည်း ဖြစ်သည်ဟု အသက် ၂၄ နှစ်အရွယ် ကိုဆွေဇော်ဇော်ဟိန်းက ပြောသည်။ ကိုဆွေဇော်ဇော်ဟိန်းသည် ဒေသတွင်း ခရီးသွားလုပ်ငန်းဖြစ်သော အင်းချစ်သူ (Inn Chit Thu) ၏ ဒါရိုက်တာလည်း ဖြစ်သည်။ “ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ဖွံ့ဖြိုးအောင် လုပ်ချင်တာပါ။ ဒါမှ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းနိုင်မယ်” ဟု သူကဆိုသည်။

၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သော အင်းချစ်သူ ခရီးသွားလုပ်ငန်းသည် အင်းတော်ကြီးအိုင်၌ ဂေဟအခြေပြု ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လာရောက်လည်ပတ်သူများအား သတင်း အချက်အလက်များနှင့် မြေပုံများ မျှဝေပေးခြင်း၊ ကယက်လှေများ ငှားရမ်းခြင်း၊ စက်ဘီးများ ငှားရမ်းခြင်းတို့ကို အင်းချစ်သူက လုပ်ဆောင်ပေးနေသည်။ အင်းချစ်သူ မပေါ်မီကမူ ကန်ထဲ လှည့်လည်ကြည့်ရှှုလိုသည့် ဧည့်သည်များသည် ဈေးကြီးသော မော်တော်ဘုတ်များကို ငှားရမ်းခဲ့ရသည်။ ထိုသို့ဖြင့် လောင်စာဆီများ ဖိတ်ယိုခြင်းနှင့် မီးခိုးငွေ့များကြောင့် ကန်လည်း ညစ်ညမ်းခဲ့ရသည်။

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

အင်းချစ်သူက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းကြီးဖြစ်သော Flora and Fauna International အဖွဲ့နှင့် တွဲဖက် လုပ်ကိုင်နေသည်။ Flora and Fauna International အဖွဲ့သည် ၂၀၀၈ ခုနှစ်ကတည်းက အင်းတော်ကြီးအိုင်ကို လာရောက် ထိန်းသိမ်းပေးနေခြင်းဖြစ်သည်။

“ကျွန်တော်တို့က ဒေသခံကျောင်းတွေနဲ့ ရွာတွေမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး အစီအစဉ်တွေ လုပ်ကိုင်လာတာ လေးနှစ်လောက်ရှိပါပြီ။ ယခုလက်ရှိမှာတော့ ကန်ရဲ့ဘေးမှာရှိတဲ့ လုံးတုံရွာလေးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ခရီးသွားစင်တာတစ်ခုကို တည်ဆောက်နေပါတယ်” ဟု FFI ၏ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ် ဒါရိုက်တာဖြစ်သူ Mr Frank Momberg က ပြောသည်။

“အင်းတော်ကြီးဒေသမှာ ဂေဟဧည့်ရိပ်သာတည်ဆောက်ဖို့ Face of Indawgyi ရဲ့ အစီအစဉ်အကြောင်း မကြာသေးမီက ကျွန်တော်တို့ ကြားသိခဲ့ရပါတယ်။ အင်းတော်ကြီးကန်ဒေသမှာ အရည်အသွေးမြင့် နေရာထိုင်ခင်းတွေ နည်းပါးလွန်းတဲ့အတွက် ဒီအစီအစဉ်ကို ကြိုဆိုပါတယ်။ ဒီအစီအစဉ်က အင်းတော်ကြီးဒေသကို ထိန်းသိမ်းဖို့နဲ့ ဒေသခံတွေရဲ့ အသက်မွေးမှုအတွက် အကျိုးရလဒ်ကောင်းတွေ ရမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

Face of Indawgyi ၏ ပထမဆုံး အစီအစဉ်တစ်ခုမှာ ကန်ပတ်လည်ရှိ ရွာများတွင် အမှိုက်ပုံးများ ထားရှိပေးခြင်း ဖြစ်သည်။

“သြင်္ကန်တွင်းတုံးကတော့ အမှိုက်တွေကို အမှိုက်ပုံးထဲ ထည့်ပါလို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ကန်ပတ်လည်မှာ တွေ့ခဲ့ရတယ်။ ဒါပေမဲ့ အမှိုက်ပုံးကို ရှာမတွေ့ဘူး။ အမှိုက်ပုံး မရှိဘူး။ ဒီလိုလွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ စတင်ကူညီဖို့ စီစဉ်ခဲ့တာပါ” ဟု Traina-Dorge ကပြောသည်။

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ကန်၏အရှေ့ဘက်ကမ်းတွင်ရှိသော လုံးဆန်ရွာသားများနှင့်အတူ ပူးပေါင်းပြီး Face of  Indawgyi က သယ်ဆောင်ရလွယ်ကူသော အမှိုက်ပုံးများကို ငါးဖမ်းပိုက်ကွန်အဟောင်းများဖြင့် ပြုလုပ်ခဲ့သည်။ ထို့နောက် အမှိုက်ပုံးများကို ရွာများထံသို့ ဝေမျှပေးပြီး အမှိုက်ပုံးထဲသို့ အမှိုက်များ စနစ်တကျ စွန့်ပစ်ကြရန် ဆိုင်းဘုတ်ထောင် ပေးထားလိုက်သည်။

“ရွာသားတွေက အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ကြပါတယ်။ ဒါက ကြီးမားတဲ့အကျိုးရလဒ်ကို ရရှိစေနိုင်တယ်” ဟု Traina-Dorge က ပြောသည်။

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

Face of Indawgyi က မြစ်ကြီးနားမှ ပညာတံခါး အကယ်ဒမီနှင့်လည်း ပူးပေါင်းလုပ်ကိုင်နေသည်။ အဆိုပါအကယ်ဒမီသည် အထက်တန်းကျောင်း အောင်မြင်ပြီးသူများကို ထပ်ဆင့်ပညာရေးများ သင်ကြားပေးနေသည်။

၎င်းတို့က Face of Indawgyi တွင် အလုပ်လုပ်ကိုင်ရန် အလုပ်သင်များကို မွေးထုတ်ပေးလျက်ရှိသည်။

“ကျွန်တော်တို့ကျောင်းက ကျောင်းသားတွေကို မိမိတို့ဒေသအတွက် ပြန်လည်အကျိုးပြုနိုင်အောင် ပျိုးထောင်ပေးထားတယ်” ဟု ကျောင်း၏ ဒါရိုက်တာ Mr Thomas Zauring က ပြောကြားသည်။ “သူတို့ကို ရန်ကုန်၊ သို့မဟုတ် မန္တလေးစတဲ့ မြို့ကြီးတွေမှာ သွားရောက် လုပ်ကိုင်စေခြင်းထက် မိမိတို့ဒေသမှာပဲ အလုပ်လုပ်ကိုင်နိုင်အောင် ဖန်တီးပေးထားတော့ ကျေးရွာတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ ရစေပါတယ်” ဟု သူကဆိုသည်။

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ထိုစီမံကိန်းတွင် စိန်ခေါ်မှုများလည်း ရှိနေသည်။ စစ်တပ်၏ စစ်ဆေးရေးဂိတ်များနှင့် ဒေသခံများ၏ ယုံကြည်မှုကို ရရှိအောင် လုပ်ဆောင်ခြင်းမှသည် အမှိုက်များ သယ်ယူပို့ဆောင်ခြင်းအထိ စိန်ခေါ်မှုများရှိသည်ဟု Traina Dorge ကဆိုသည်။

အင်းတော်ကြီးအိုင်သို့သွားသော ပထမဆုံးလမ်းကို ၂၀၁၄ ခုနှစ်တွင် ဖောက်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခင်ကဆိုလျှင် ကန်ပတ်လည်မှ ရွာများသို့ ဝင်ထွက်နိုင်ရန် ခက်ခဲခဲ့သည်ဟု Traina-Dorge က ဆိုသည်။ အင်းတော်ကြီးဒေသအတွက် အရင်းအမြစ်များ နည်းပါးသဖြင့် တခြားဖွံ့ဖြိုးပြီးဒေသများကဲ့သို့ လွယ်ကူချောမွေ့လာစေရန် လုပ်ဆောင်ရမည်ဟု ဆိုသည်။

ခရီးသွားများတည်းခိုနိုင်ရန် ဂေဟဧည့်ရိပ်သာတစ်ခုထဲဖြင့် ခရီးသွားလုပ်ငန်း၏ အသီးအပွင့်များကို ညီမျှစွာ မျှဝေနိုင်မည် မဟုတ်ပေ။

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ဓာတ်ပုံ- ဗစ်တိုးရီးယား မီလ်ကို

ခရီးသွားလုပ်ငန်းရရှိသည့် ဝင်ငွေများကို မျှဝေနိုင်ရန်အတွက် တခြားသော ကျေးရွာများတွင်လည်း ခရီးသွားများ ညအိပ်တည်းခိုနိုင်ရန် ဧည့်ရိပ်သာများ ဖွင့်လှစ်နိုင်ရမည်ဟု Momberg ကဆိုသည်။ လုံးစိန်း၊ တောင်စံခနှင့် ဟဲပု ရွာများတွင်လည်း နေအိမ်များ၌ ခရီးသွားများတည်းခိုနိုင်ရန် လုပ်ဆောင်သွားခြင်းဖြင့် ကယက်လှေများ စက်ဘီးများစီးရန် သုံးလေးရက် အချိန်ရနိုင်မည်ဖြစ်သည်။ ယခုလက်ရှိတွင် လုံးတုံရွာတွင်သာ တည်းခိုနိုင်သဖြင့် သုံးလေးရက် တည်းခိုနိုင်ခြင်း မရှိကြောင်း Momberg ကဆိုသည်။

Face of Indawgyi သည် ယခုနှစ်အတောအတွင်းတွင် အင်းတော်ကြီးကန်၌ ဂေဟဧည့်ရိပ်သာ ဖွင့်လှစ်နိုင်မည်ဖြစ်သည်။ ထိုအချိန်မတိုင်ခင်တွင် ကြိုတင်လုပ်ဆောင်ထားစရာ အများအပြား ရှိနေသေးသည်ဟု Train-Dorge ကဆိုသည်။

အင်းတော်ကြီးကန်အနီးတဝိုက်ရှိ လူများအားလုံးတွင် ကန်ကြီးကို ထိန်းသိမ်းစောင့်ရှောက်လိုစိတ် ရှိကြသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် တွန်းအားများလည်း အများအပြား ရှိနေသည်ဟု Traina-Dorge ကဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.