ဖလင်ဓာတ်ပုံပညာနဲ့ ပုံရိပ်တွေပြန်ဖမ်းမယ်

ဘဝက ဒစ်ဂျစ်တယ်ပိုဆန်ပြီး သွက်လက်လာချိန်မှာ ရန်ကုန်ကလူငယ်တချို့ဟာ ဖလင်နဲ့ရိုက်တဲ့ အင်နလော့ခ်ဓာတ်ပုံတွေရဲ့ပုံထွက်ကနှေး၊ သေချာရေရာမှုက အားနည်းပေတဲ့ ဘဝအတွက် အပြုသဘောဆောင်တဲ့ အရည်အသွေးပိုင်းဘက်ကို ရှာဖွေစူးစမ်းနေကြပါတယ်။

တန်ဗီရီးစ် ရေးသားသည်။
ပြီးခဲ့တဲ့နှစ် ကျွန်မမွေးနေ့အတွက် မွေးသမိခင်က အိုလံပတ်စ် ဖလင်ကင်မရာဟောင်းလေး တစ်လုံး ပေးလာပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်များက ကျွန်မရဲ့ကလေးဘဝကို မှတ်တမ်းတင်ပေးလာခဲ့တဲ့ ကင်မရာလေးပါပဲ။ ကျွန်မဘဝရဲ့တဒင်္ဂပဟန်ဖြစ်ရပ်လေးတွေကို အမှတ်တရဖြစ်ကျန်ရစ်အောင် ပုံဖမ်းထားချက်တွေက နှစ်သက်မှုရသနဲ့ခံစားချက်တွေ ဆောင်ကျဉ်းလာနိုင်တာကို ကျွန်မ ရင်ဖိုစိတ်လှုပ်ရှားမိရပါတယ်။
လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာကတည်းက နောက်ကျပေါ်ပေမဲ့ ပေါက်ကွဲထွက်သလို ထွန်းကားလာတဲ့ ဒစ်ဂျစ်တယ်နည်းပညာသုံးနေတဲ့ ရန်ကုန်မြို့တော်ကြီးမှာ ဖလင်လိပ်ဝယ်ဖို့ ဘယ့်ကလောက် ခက်ခဲခဲ့မယ်ဆိုတာ တွေးတောင်မတွေးမိခဲ့ပါဘူး။ အဲသလို အင်နလော့ခ်ပစ္စည်းတွေရှာနေတုန်းမှာ မမျှော်လင့်ပါဘဲ ဖလင်ဓာတ်ပုံလောက ပြန်ရှင်သန်လာစေရမယ်လို့ ကြွေးကြော်ပေါ်ထွန်းလာတဲ့ မြန်မာလူငယ်မျိုးဆက်သစ်ကို ကျွန်မတွေ့မိတာပါပဲ။
မိသားစု ရိုးရာစဉ်လာ
ဖလင်ဓာတ်ပုံပညာဟာ မြန်မာနိုင်ငံမှာ သမိုင်းကြောင်းရှည်လျားစွာရှိခဲ့တဲ့တိုင်အောင် ၂၀၁၃ ခုနှစ်မှာ သြစတြီးယားပညာရှင် မစ္စတာ လုကပ်စ်ဘာ့ခ် Lucas Birk အနေနဲ့ ရန်ကုန်မြို့ ရှေးဟောင်းပစ္စည်းဆိုင်တွေနဲ့ ဓာတ်ပုံစတူဒီယိုဟောင်းတွေကို သွားရောက်မွှေနှောက်ပြီး မြန်မာ့ဓာတ်ပုံမော်ကွန်းတိုက် မထူထောင်ခင်ထိ စနစ်တကျ ထိန်းသိမ်းမှတ်တမ်းတင်ထားတာ မရှိသလောက်ပါ။
ရှေးဦးပထမ နာမည်အကျော်ကြားဆုံး ဓာတ်ပုံတွေကို ဥရောပဈေးကွက်အကြိုက် ထူးခြားစွဲလန်းဖွယ် မြန်မာ့သရုပ်သကန်ကိုဖော်ကျူးဖို့ နိုင်ငံခြားပညာရှင်တွေ ရိုက်ခဲ့ကြတာမှန်ပေမဲ့ မြန်မာပညာရှင်တွေကလည်း သူတို့ရဲ့ယဉ်ကျေးမှုရှုထောင့်နဲ့ နေ့စဉ်ဘဝမှတ်တမ်းတွေကို ဓာတ်ပုံပညာနဲ့ ၁၉၁၀ ပြည့်နှစ်ကတည်းက ရိုက်ကူးတင်ဆက်လာတာကို မစ္စတာဘာ့ခ်တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားတဲ့နောက်ပိုင်းနှစ်တွေမှာ ဓာတ်ပုံပစ္စည်းတွေ ဈေးပေါလာပြီး လူလတ်တန်းစား မိသားစုတွေ သုံးနိုင်လာချိန်မတိုင်မီထိတော့ မြန်မာတို့ရဲ့ဓာတ်ပုံပညာက ကန့်သတ်မှုရှိတဲ့ အကြောင်းအရာဘောင်ထဲမှာပဲ ကျန်ရှိနေခဲ့ပါတယ်။ အပျော်တမ်းဓာတ်ပုံလောကရဲ့ဈေးကွက်က ၁၉၅၀ နဲ့ ၆၀ ပြည့်လွန်နှစ်တွေမှာ တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့အမျှ ပွဲတွေလမ်းတွေ၊ မိသားစုဆုံစည်းခိုက်တွေမှာ စတူဒီယိုထဲက ပုံစံကျလူပုံရိုက်နည်းတွေကနေခွဲထွက်ပြီး သူတို့နေ့စဉ်ဘဝကို ရိုက်နည်းသစ်နဲ့ မှတ်တမ်းတင်လာကြပါတယ်။
တိုင်းပြည်က ပိုအထီးကျန်ဆန်ကာ ကမ္ဘာနဲ့ကင်းကွာလာပြီး စစ်အစိုးရက ဓာတ်ပုံလုပ်ငန်းကို ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ပြည်သူပိုင်သိမ်းတော့ နောက်ပိုင်းကာလမှာ အပျော်တမ်းဓာတ်ပုံရိုက်တာဟာ ဓာတ်ပုံပစ္စည်းရှားပါးမှုနဲ့အတူ ခက်ခက်ခဲခဲ လိုက်စားရတဲ့အရာဖြစ်လာပါတယ်။ ၂၀၁၈ ဖေဖော်ဝါရီမှာ မြန်မာတိုင်းမ်နဲ့ အင်တာဗျူးလုပ်တော့ မစ္စတာဘာ့ခ်က အနောက်တိုင်း ဒစ္စကိုအဝတ်အစား ဝတ်ပြီးရိုက်ထားတဲ့ ကျောင်းသား/သူတွေရဲ့ပုံတွေအပါအဝင် အဲဒီခေတ်ကဓာတ်ပုံတွေဟာ ကျဆင်းနေတဲ့တိုင်းပြည်ပုံရိပ်ကို ဖော်ပြနေတယ်လို့ မှတ်ချက်ချခဲ့ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံတွေကတော့ ပျော်ရွှင်မှုခံစားချက်ကို ဆက်ပြီးဖော်ကျူးနေခဲ့ပါတယ်။
ရန်ကုန်မြို့နေမိသားစု တစ်စုက အသက် ၅၉ နှစ်အရွယ် ဦးအေးမြင့်ဆီမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေက ကင်မရာတစ်လုံးရှိခဲ့ပါတယ်။ သူ့အသက် ၁၄ နှစ် ၁၉၇၄ မှာ ရခဲ့တဲ့ ‘စပိုင်ကင်မရာ’ လို့ခေါ်တဲ့ ဦးဆုံးကင်မရာအကြောင်း ဦးအေးမြင့်မှတ်မိနေပါသေးတယ်။ ဓာတ်ပုံဝါသနာရှင်ဖြစ်နေတဲ့ သူ့အဖေက အဲဒီကင်မရာ ဘယ်လိုရိုက်ရတယ်ဆိုတာ သင်ပေးခဲ့ပါတယ်။ သူ့နောက်ကင်မရာက နိကွန်အက်ဖ်အမ် ၂ Nikon FM2 ဖြစ်ပါတယ်။ အဲဒါက သူအကြိုက်ဆုံးကင်မရာဖြစ်ပြီး ဓာတ်ပုံပညာအပေါ်ချစ်တဲ့သူ့စိတ်ကို ပိုလို့ထက်သန်အောင် ဖန်တီးပေးပါတယ်။ ရခိုင်ပြည်နယ် ငပလီကမ်းခြေက အားလပ်ရက်အမှတ်တရတွေအပါအဝင် ခရီးသွားအတွေ့အကြုံ၊ မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်း ဓာတ်ပုံအကုန်လုံးကို သူသိမ်းဆည်းထားပါတယ်။
ဦးအေးမြင့်သား သူ့နာမည် ဖရက်ဒရစ်လီလို့ခေါ်တဲ့ ၂၃ နှစ်အရွယ် ကိုသိန်းထိုက်ဇော်က မကြာသေးခင်က အဲဒီပုံတွေပြန်ကြည့်ဖြစ်ပါတယ်။
“အဖေရိုက်ထားတဲ့ပုံတွေကနေ ၈၀ ခုနှစ်တွေတုန်းက မြန်မာနိုင်ငံရဲ့လူနေမှုဘဝနဲ့ ယဉ်ကျေးမှုတို့အကြောင်း သိရတာ စိတ်ဝင်စားစရာသိပ်ကောင်းတယ်” လို့ ရန်ကုန်မြို့တွင်းက သူ့ဖခင်ဆေးခန်းမှာ Frontier ကိုပြောပြပါတယ်။
မိသားစုအစဉ်အလာကို ဖဝါခြေထပ်လိုက်ပြီး သူဖခင်ရဲ့အပျော်ရိုက်ကင်မရာ point-and-shoot camera နဲ့ ခြောက်နှစ်သားကနေ စရိုက်လာလိုက်တာ ခုဆိုသူ့မှာ ကိုယ်ပိုင်နိကွန် အက်ဖ်အမ် တစ်လုံးရှိနေပါပြီ။
၂၀၁၁ ခုနှစ်မှာ ဒစ်ဂျစ်တယ်ဓာတ်ပုံပညာ ထွန်းကားလာပေမဲ့ ဖရက်ဒရစ်ကတော့ ဖလင်ဓာတ်ပုံကို ဖက်တွယ်ဆုပ်ကိုင်ထားဆဲပါပဲ။ စီးပွားရေးချုပ်ကိုင်မှုတွေ လျော့ပါးလာတာနဲ့အမျှ ဒစ်ဂျစ်တယ်ကင်မရာတွေ၊ စမတ်ဖုန်းတွေ ဈေးကျလာပြီး တဘက်မှာလည်း ဖလင်ဆေးတဲ့လုပ်ငန်းတွေက ပြုတ်လုတဲတဲဖြစ်လာပါတယ်။
ရန်ကုန်မှာ လွန်ခဲ့တဲ့ လေးနှစ်လောက်က နောက်ဆုံးတင်းခံနေတဲ့ ဖလင်ဆေးကူးလုပ်ငန်း ပိတ်သွားတဲ့နောက် စင်ကာပူတို့၊ ဘန်ကောက်တို့ကနေ မှာယူနိုင်တာကလွဲလို့ ဖလင်လိပ်ဆိုတာ လုံးဝနီးပါး ဝယ်မရတော့ပါဘူး။
ဖလင်အသုံးက နည်းသထက်နည်းနည်းလာပေမဲ့ လူငယ်တွေ၊ ဒါမှမဟုတ် သူတို့မိဘဘိုးဘွားတွေအနေနဲ့ အင်နလော့ခ်ဓာတ်ပုံရဲ့ဖမ်းစားနိုင်စွမ်းကို သတိရနေကြဆဲပါ။ မြို့တော်တနံတလျားမှာ သူတို့ဓာတ်ပုံတွေ၊ နေအိမ်ရှိ စင်ပေါ်က၊ သေတ္တာထဲက ကင်မရာတွေကို တွေ့နေရပါသေးတယ်။

အင်နလော့ခ်ဓာတ်ပုံဝါသနာအိုး ကိုသိန်းထိုက်ဇော် (ခ) ဖရက်ဒရစ်လီ(ဝဲ)၊ ဖခင်ဖြစ်သူ ဝါသနာရှင် ဦးအေးမြင့်(လယ်) နှင့် သားငယ် အဲလက်စ်လီ။ ဓာတ်ပုံ - တန်ဗီရီးစ်

အင်နလော့ခ်ဓာတ်ပုံဝါသနာအိုး ကိုသိန်းထိုက်ဇော် (ခ) ဖရက်ဒရစ်လီ(ဝဲ)၊ ဖခင်ဖြစ်သူ ဝါသနာရှင် ဦးအေးမြင့်(လယ်) နှင့် သားငယ် အဲလက်စ်လီ။ ဓာတ်ပုံ – တန်ဗီရီးစ်

ဖလင်ဆေးကူးခန်း

အဲဒီကင်မရာတချို့ဟာ လွန်ခဲ့တဲ့ ရှစ်လလောက်က ဓာတ်ပုံဆရာနဲ့ ရုပ်ရှင်ဖန်တီးသူ ကိုထူးတေဇာ (၃၀ နှစ်) ရဲ့ နောက်လုပ်ငန်းပရောဂျက်အဖြစ် ရန်ကုန်မှာထူထောင်လိုက်တဲ့ Film Lake ဆိုတဲ့ ဖလင်ဆေးကူးခန်းကျေးဇူးကြောင့် ပေါ်ထွက်လာကြပါတယ်။ လွန်ခဲ့တဲ့ ကိုးနှစ်လောက်ကတည်းက ဖလင်ဓာတ်ပုံပိုင်းကို သူစိတ်ဝင်စားလာပါတယ်။
နိုင်ငံခြားကဖလင်မှာရ၊ ပို့ပြီးဆေးခိုင်းရနဲ့ ကယိကထတွေကို ရှောင်နိုင်စေဖို့ ဖလင်ဆေးတတ်အောင် ကိုယ့်ဖာသာ ဖြည်းဖြည်းချင်းသင်ယူလာခဲ့ပါတယ်။ ယူကျု YouTube မှာ ဗီဒီယိုကြည့်ပြီးလေ့လာပါတယ်။ နိုင်ငံခြားကနေ ဖလင်ပုံဖော်ဓာတုဆေးပစ္စည်းတွေ မှာယူပါတယ်။ ရန်ကုန်လာတဲ့ နိုင်ငံခြားသား ဓာတ်ပုံဆရာတွေနဲ့ အသိချင်းဖလှယ်ပါတယ်။ ကိုယ့်ဖလင်တွေ ကိုယ်တိုင်စမ်းဆေးကြည့်ပါတယ်။
နည်းလမ်းအမျိုးမျိုးကို ခြောက်လလောက် လက်တွေ့လေ့ကျင့်လုပ်ကိုင်ကြည့်ပြီးတဲ့နောက်မှာတော့ သူ့အနေနဲ့ ဖလင်ပုံဖော်တဲ့ ဓာတုဆေးတွေကို အမှားအယွင်းမရှိ ဖော်စပ်နိုင်ပြီး အတိအကျ အပိုအလိုမရှိ ဖလင်မျိုးစုံ ဆေးနိုင်လောက်အောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရလာပါတယ်။ အဆုံးမတော့ သူ့သူငယ်ချင်းတွေက သူ့ကို တာမွေမြို့နယ် သြဘာလမ်းက သူ့စတူဒီယိုမှာ ဖလင်ခန်းတစ်ခုဖွင့်ဖြစ်အောင်နဲ့ သူတို့ဝယ်ရိုက်နိုင်ဖို့ ဘန်ကောက်ကနေ ဖလင်လိပ်တွေ မှာယူတင်သွင်းဖြစ်အောင် တိုက်တွန်းစည်းရုံးနိုင်ခဲ့ပါတယ်။
ကိုထူးတေဇာရဲ့လည်မှာ ကင်မရာလွယ်ထားတာကို သူတို့နှစ်ဦးရဲ့သူငယ်ချင်းမင်္ဂလာဆောင်မှာ ဆုံတွေ့လိုက်တော့ ဖရက်ဒရစ်က ဖလင်ဝါသနာအိုးလူငယ်အဖွဲ့မှာ ဝင်လိုက်ပါတော့တယ်။ အင်နလော့ခ်ဓာတ်ပုံပညာရပ်မှာ သူတို့တွေရဲ့စိတ်ဝင်စားမှုက အရှိန်အတော်ကောင်းနေပါပြီ။
ကျွန်မအနေနဲ့ Film Lake နဲ့ ကိုထူးတေဇာတို့ကို ၃၅ မမ ကိုဒတ်ဖလင် နှစ်လိပ်ဆေးချင်လို့ မိတ်ဆွေဓာတ်ပုံဆရာ တစ်ယောက်ကတဆင့်လိုက်ရှာရင်း တွေ့ခဲ့တာပါ။ ကိုထူးတေဇာက ဖလင်လိပ်တွေကို သူ့မီးဖိုဆောင်စတူဒီယိုထဲမှာ ဆေးပါတယ်။ ဖလင်ဆေးတဲ့ အလင်းလုံဘူးထဲကို စနစ်တကျ အပူပေးထားတဲ့ ဖလင်ဆေးတဲ့ ဓာတုဆေးပုလင်းနှစ်လုံးကအရည်တွေ လောင်းထည့်လိုက်ပါတယ်။ တွက်ချက်ထားတဲ့အတိုင်း အကြိမ်ရေအတိအကျနဲ့ နားချိန်မှာနား၊ လှုပ်ချိန်မှာ လှုပ်ပေးနဲ့ ဘူးထဲကဖလင်ကို ပုံဖော်ပေးနေပါတယ်။ သူလုပ်နေပုံက အဆင့်မြင့်ဟင်းပွဲပြင်ဆင်ပုံနဲ့ တူလှချည့်လို့ ကျွန်မတွေးမိပါသေးတယ်။ တစ်ရက်တာ လေနဲ့အခြောက်ခံထားပြီးချိန်မတော့ ပုံဖော်ထားတဲ့ ကျွန်မဖလင်လိပ်ကို စကင်ဖတ် ပုံကူးဖို့ အသင့်ဖြစ်ပါပြီ။
“ဖလင်ဆေးပြီး ဒစ်ဂျစ်တယ်စကင်နာ ကျွန်တော်သုံးရတာက နည်းစဉ်အနေနဲ့ ရန်ကုန်ကဓာတ်ပုံစတူဒီယိုတွေ သုံးကြတဲ့အတိုင်းပါပဲ။ သူတို့က အနောက်တိုင်းကလို စီးပွားဖြစ်အဆင့်ရောက်အောင် မလုပ်ကြတာပဲ” ဟု ကိုထူးတေဇာကပြောပါတယ်။

မြန်မာနိုင်ငံ၌ရိုက်ထားသည့် ဖလင်ဓာတ်ပုံများ။ ဓာတ်ပုံ - တန်ဗီရီးစ်

မြန်မာနိုင်ငံ၌ရိုက်ထားသည့် ဖလင်ဓာတ်ပုံများ။ ဓာတ်ပုံ – တန်ဗီရီးစ်

ပုံရိပ်ဝါးတားတား အစင်းအခြစ်တွေနဲ့

ကိုထူးတေဇာရဲ့ဝါသနာအရလုပ်တဲ့ပရောဂျက်က ၁၀ ဦးလောက်ရှိတဲ့ မိတ်ဆွေဓာတ်ပုံဆရာတွေ လိုအပ်တဲ့ အင်နလော့ခ်ဓာတ်ပုံပစ္စည်းတွေ ကူပံ့ပေးရင်း အရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။
“လစဉ်လိုလို လူတွေ တိုး တိုး ဝင်လာကြတယ်။ ခုဆို ဖလင်နဲ့ရိုက်တဲ့သူ ရန်ကုန်မှာ ၄၀ ဝန်းကျင်ရှိလာပါပြီ။ သူတို့တွေ တစ်လကို ဖလင် နှစ်လိပ်စီလောက် ရိုက်လာကြတယ်” လို့ သူကပြောပါတယ်။
အများစုက ဖလင်ကင်မရာကို မိဘဘိုးဘွားတွေပိုင်တဲ့ အလုံးကိုမတွေ့ခင်ထိ တခါမှမသုံးဖူးကြဘူး။ အဲဒါတွေကို ကိုထူးတေဇာဆီယူလာကြပြီး သုံးလို့ရသေးရဲ့လား လာမေးတတ်ကြတယ်။
“သူတို့ကင်မရာကို ဘယ်လိုရိုက်ရမလဲ၊ ဘယ်လိုဖလင်ကို ရွေးရမလဲ၊ ဖလင်ကို ဘယ်လိုဆေးမလဲဆိုတာတွေ နေ့တိုင်းပဲ အနည်းဆုံး နှစ်ယောက်သုံးယောက်တော့ ကျွန်တော်ရှင်းပြနေရပါတယ်။ သူတို့မိဘတွေသုံးခဲ့တဲ့ ကင်မရာကိုကိုင်ရတဲ့အရသာ သူတို့ကြိုက်နေပုံရတယ်” လို့သူကပြောပါတယ်။
ဖလင်ဓာတ်ပုံရဲ့အနုသုခုမ အရည်အသွေးကို လူငယ်တွေ သိရှိလက်ခံလာပါတယ်။ ဘာလို့လဲဆိုတော့ ဒစ်ဂျစ်တယ်ကင်မရာ၊ ဖုန်းကင်မရာတွေနဲ့ရိုက်ခဲ့တဲ့ မူရင်းပုံကောင်းတွေကို ဗြုတ်တွေ၊ ဆေးခြစ်မင်ခြစ်တွေ၊ ကာလာဖလင်က ဆေးရောင်မျိုးတွေကို digital filters ဆိုတဲ့ ဒစ်ဂျစ်တယ်နည်းနဲ့ ပြုပြင်ဖြည့်သွင်းတာတွေဟာ လူကြိုက်များတဲ့ခေတ်ရေစီးဖြစ်လာနေလို့ပါပဲ။
ပုံဝါးတာတို့၊ အလင်းယိုစိမ့်တာတို့၊ ခြစ်ရာစင်းရာပါတာတို့ဆိုတဲ့ အင်နလော့ခ်ဓာတ်ပုံတွေရဲ့မှန်းမထားနိုင်တဲ့ မသေချာမတိကျမှုတွေဟာ ဖရက်ဒရစ်အဖို့တော့ မျက်စိအာရုံလွှာကို လာထိတာထက်ပိုသာတဲ့ ပုံရိပ်အနေနဲ့ ဓာတ်ပုံကို အရည်အသွေးမြှင့်ပေးလိုက်တာပါပဲတဲ့။
“လူတွေက အနုစိတ်ပေါ်လွင်တာ၊ ပြတ်ပြတ်ထင်ထင်ရှိတာတွေဟာ ဓာတ်ပုံကောင်းတွေအတွက် အရေးကြီးတယ်လို့ အမြဲပြောကြတယ်။ ဒါပေမဲ့ ခင်ဗျာ့ပကတိမျက်လုံးရဲ့ပြတ်သားမှုနဲ့ သဘာဝအရာအားလုံးကို မြင်နေရတာ၊ အခုဒစ်ဂျစ်တယ်ကင်မရာတွေက ပုံရိပ်တွေလိုတွေ့ရတာ ရိုးအီလာတယ်လို့ ကျွန်တော် ထင်မိတယ်။ ကျွန်တော်တို့မျက်လုံးနဲ့ တွေ့နေရတဲ့အရာနဲ့ ကွဲပြားတာမျိုး ဖန်တီးပေးမယ့်ဓာတ်ပုံ လိုချင်လာမိတယ်။ တခါတခါ သိပ်မပြတ်သားတာက ဓာတ်ပုံတစ်ပုံကို လှုပ်သွားစေ၊ တန်ဖိုးတက်သွားစေသလိုပဲ ”

ဖလင်ခန်း၌ ကိုထူးတေဇာကို တွေ့ရစဉ်။ ဓာတ်ပုံ - သူရဇော်

ဖလင်ခန်း၌ ကိုထူးတေဇာကို တွေ့ရစဉ်။ ဓာတ်ပုံ – သူရဇော်

အကောင်းဆုံးအချိန် အမိအရရိုက်ချက်

ဘယ်လိုပဲဆိုစေ မျိုးဆက်အသစ်အဟောင်းကြား ဆက်သွယ်ဖလှယ်မှုနဲ့ အနုသုခုမအရည်အသွေးဆိုင်ရာ အကျိုးအမြတ်များအပြင် အင်နလော့ခ်ဓာတ်ပုံကဏ္ဍကို ဓာတ်ပုံဆရာတို့တောင်းဆိုမှုက မြင့်မားလာပါတယ်။ ဒါက အကောင်းအဆိုးနှစ်ထွေရောနေတာမို့ လုံးဝကို အဆင်မပြေတာတွေလည်း ရှိနေပါတယ်။ ဖလင်တစ်လိပ်မှာ ၃၆ ပုံပဲရိုက်နိုင်တယ်၊ ပုံထွက်ရလဒ်တွေ့ရဖို့ တစ်ပတ်စောင့်ရမယ်။ ရိုက်ပြီးတိုင်း အကဲဖြတ်ဆန်းစစ်ဖို့ ခက်တယ်၊ ပြီးတော့ အင်တာနက်နဲ့ တိုက်ရိုက်မချိတ်ဆက်နိုင်တာတို့ပါပဲ။
သို့ပေသည့် ကိုထူးတေဇာကော၊ ဖရက်ဒရစ်ကပါ ဒီလိုသိသာတဲ့ကန့်သတ်မှုတွေက ဓာတ်ပုံဆရာတွေရဲ့ အရည်အသွေးကို တက်သွားစေပါသတဲ့။ ပုံရိုက်ရတဲ့ တန်ဖိုးကကြီးလေ၊ ဘယ်အခိုက်အတန့်မှာ ပုံကို အမိအရ ဖမ်းရမယ်ဆိုတာ ဓာတ်ပုံဆရာက သတိကြီးကြီးထားရလေဖြစ်ပါတယ်။ တစ်ပုံတည်းကို တနင့်တပိုးနဲ့ ထပ်ခါထပ်ခါ မဂ္ဂါဘိုက်တွေတိုးလာရုံ ခလုပ်ဆက်တိုက်နှိပ်မယ့်အစား အနေအထားတစ်ခုကို ကွက်တိဖမ်းယူနိုင်အောင် လျင်မြန်ဖျတ်လတ် ရွေးချယ်တတ်စေပါတယ်တဲ့။
“တကယ့်အကွက်ကောင်းလေး လွတ်သွားလို့ကတော့ ပုံကောင်းမရတော့ဘူး” လို့ ကိုထူးတေဇာကဆိုပါတယ်။
ဖရက်ဒရစ်အဖို့ ဖလင်ရဲ့ကန့်သတ်ချက်တွေက ယုံကြည်မှုကို လုံးဝတိုးတက်ခိုင်မာစေပါတယ်တဲ့။
“ခင်ဗျား ဖလင်ကင်မရာနဲ့ရိုက်တဲ့အခါ ခင်ဗျားပုံကောင်းရလိုက်ပြီဆိုတာ သေချာပေါက်သိလိုက်တယ်။ ဘာကြောင့်လဲတော့ ရှင်းမပြတတ်ဘူး၊ ခင်ဗျားကိုယ်တိုင်ပဲသိတယ်။ အဲဒီအခိုက်အတန့်လေးရဲ့သေချာမှု၊ အလိုလိုသိမှုပဲ။ ဒစ်ဂျစ်တယ်ဓာတ်ပုံကဏ္ဍမှာ တိကျသေချာမှုကို သိပ်မခံစားရတော့ဘူး။ တစ်ကွက်တည်းကို ပုံပေါင်း ရာချီရိုက်ထားတာတွေထဲက ခင်ဗျားကောင်းတဲ့တစ်ပုံကို ရွေးနေရပြီ” လို့ သူကဆိုပါတယ်။
ဒါတွေအပြင် ဒစ်ဂျစ်တယ်ဓာတ်ပုံကဏ္ဍရဲ့ အပိုစွမ်းရည်တွေက အကောင်းဆုံးရိုက်ချက် ရအောင်ကြိုးစားတဲ့ အခိုက်အတန့်မျိုးကို သူတို့တွေလက်လွတ်ဆုံးရှုံးကြရတာပါပဲ။
“ဒစ်ဂျစ်တယ်အရွေ့က အကောင်းဆုံးအကွက်ကို လူတွေလွတ်သွားအောင် လုပ်နေတာလို့ ကျွန်တော်ထင်တယ်” လို့ ကိုထူးတေဇာကဆိုပါတယ်။
“ခင်ဗျားတို့ မိသားစုနဲ့ သာယာတဲ့နေဝင်ချိန်လေးမျိုး တွေ့ဖူးကြမှာပဲ။ ဒါပေမဲ့ အဲဒါကို ခင်ဗျား ပုံ ၅၀ လောက် တဖြောင်းဖြောင်းနဲ့ရိုက်နေတယ်။ အဲဒီပုံ ၅၀ ထဲက အကောင်းဆုံးပုံကို ပုံဖော်မှန်ပြင်မှာ ခင်ဗျားပြန်ရွေးနေတယ်။ ကိုယ့်နားကလူတွေကို မေ့လျော့နေတယ်။ ၃၆ ပုံပဲရမယ်ဆိုတဲ့ ကန့်သတ်ချက်ကျတော့ ခင်ဗျားချစ်တဲ့သူတွေနဲ့ သာယာဖွယ်အခိုက်အတန့်လေးကို ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်မယ်။ ဒါ detox လို အဆိပ်ထုတ်တာမျိုးလို့ ထင်မိတယ်” လို့ သူကပြောပါတယ်။
ရန်ကုန်လမ်းမကြီးတွေဘေးက မိုးထိုးနေတဲ့ နောက်ဆုံးပေါ်ကင်မရာတပ် စမတ်ဖုန်းကြော်ငြာ ဘီလ်ဘုတ်တွေကြည့်ရင်း ဓာတ်ပုံတစ်ပုံရဲ့ရိုက်ချက်အခိုက်အတန့်လေးနဲ့ အကြောင်းအရာက ကင်မရာရဲ့နည်းပညာအရည်အသွေးကောင်းချက်တွေထက် ပိုအရေးကြီးတယ်၊ ဒါမှ ဒစ်ဂျစ်တယ်နည်းပညာမှာ ပါလာတဲ့ အမြန်နှုန်းတွေ၊ အပိုအရည်အသွေးတွေရဲ့တနေ့တခြားလွှမ်းမိုးလာမှုတွေကနေ လွတ်မြောက်နိုင်မယ်လို့ တွေးမိပါတယ်။
ဖြည်းဖြည်းနှေးနှေးနဲ့ ကြိုတင်မခန့်မှန်းနိုင်တဲ့ ဖလင်ဓာတ်ပုံပညာရဲ့တန်ဖိုးကို လူအများ ပို ပိုသိရှိလာတာနဲ့အမျှ တကိုယ်ရေဖြစ်ရပ်လေးတွေကို နင့်နင့်နဲနဲခံစားနိုင်မယ့် အနေအထားတွေနဲ့ ဆက်တိုက်ရှင်သန်သွားနိုင်တာမို့ ဖလင်ကဏ္ဍက မြန်မာ့သမိုင်းမှာ လူသားကြေးမုံပြင် ပိုထင်အောင် စွမ်းဆောင်သွားနိုင်ပါလိမ့်မယ်။
မြင့်စိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – တာမွေရှိ Film Lake ဓာတ်ပုံခန်း၌ ကိုထူးတေဇာအား ဆေးထားသည့်ဖလင်များ စစ်ဆေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – သူရဇော်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.