ကရင်ပြည်နယ် တောင်တန်းတွေကြားက ဆွဲဆောင်မှုအပြည့်နဲ့ မြို့ကလေး

ကရင်ပြည်နယ် တောင်တန်းများကြားရှိ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည့် မြို့လေးရှိ ဒေသခံများက ၎င်းတို့မြို့လေးကို ခရီးသွားနေရာတစ်ခု ဖြစ်လာစေရန် အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းဆောင်ရွက်နေကြသည်။

အိုလီဗာဆလိုး ရေးသားသည်။

“ဧည့်သည်တွေနဲ့ တွေ့ရတာ အဖွား အရမ်းပျော်တယ်။ အဖွားက အိုမင်းနေပေမယ့် ဧည့်သည်တွေကို ဧည့်ခံနိုင်ပါသေးတယ်။ အဖွားသာ ဒီဟိုတယ်ကို မပိုင်ဘူးဆိုရင် ဒီလို အခွင့်အရေး ရမှာမဟုတ်ဘူးလေ” ဟု ကရင်ပြည်နယ်၊ သံတောင်ကြီးရှိ Kaing’s Villa ဟိုတယ်ကို ပိုင်ဆိုင်သည့် အသက် ၉၀ ကျော်အရွယ် အန်တီနန်စီက က ပြောသည်။

အန်တီနန်စီသည် သူမ၏ သက်တမ်း ၉၆ နှစ်လုံးလုံး သံတောင်ကြီးမြို့တွင် နေထိုင်ခဲ့သူ ဖြစ်သည်။ သံတောင်ကြီးမြို့သည် ကိုလိုနီခေတ်က တောင်ပေါ် အပန်းဖြေစခန်းတစ်ခု ဖြစ်ခဲ့သည်။ ကရင်ပြည်နယ်ရှိ သစ်တောများ ထူထပ်စွာ ဝိုင်းရံနေသည့် တောင်တန်းများပေါ်တွင် တည်ရှိနေသည့် မြို့လေးလည်း ဖြစ်သည်။ ကိုလိုနီခေတ် ကလေးဘဝတွင် အဖွားနန်စီ၏ ပျော်ရွှင်စရာ အမှတ်တရများလည်း ထိုမြို့လေး၌ ရှိခဲ့သည်။

“မြန်မာကလေးတွေနဲ့ ဗြိတိသျှကလေးတွေ အားလုံးက လမ်းထဲမှာ အတူကစားကြတာ။ အဲဒီအချိန်တွေက အရမ်းပျော်ဖို့ကောင်းတယ်” ဟု သူမက ဆိုသည်။

ကွယ်လွန်သွားပြီဖြစ်သော သူမ၏ ခင်ပွန်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှ တော်ဝင်လေတပ်တွင် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့နောက် သံတောင်ကြီးမှ ၂၃ ကီလိုမီတာခန့် ကွာဝေးသော တောင်ငူမြို့သို့ ခရီးသည်များ ပို့ဆောင်ပေးသည့် လုပ်ငန်းငယ်တစ်ခုကို သူမနှင့် ခင်ပွန်းဖြစ်သူတို့ အတူလုပ်ကိုင်ခဲ့ကြသည်။

“အဲဒီအချိန်တုန်းက လမ်းတစ်လျှောက် သစ်တောတွေချည်းပဲ။ အခုလို မဟုတ်ဘူး” ဟု အန်တီနန်စီက ပြောကြားသည်။

oliver_trip_4.jpg

အန်တီနန်စီ။ ဓာတ်ပုံ-အိုလီဗာဆလိုး

သံတောင်ကြီးမြို့၏ ဖွံ့ဖြိုးတိုးတက်မှုက နှေးကွေးနေခဲ့သော်လည်း မကြာသေးမီ နှစ်များအတွင်း ပြောင်းလဲမှုများ ဆက်တိုက် ဖြစ်လာခဲ့သည်။ ဆယ်စုနှစ်အတော်ကြာအောင် နိုင်ငံခြားခရီးသွားများ မရောက်ရှိနိုင်ခဲ့ကြသော်လည်း ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် ညအိပ်ခရီးသွား ဧည့်သည်များ လက်ခံနိုင်လာခဲ့သည်။

သံတောင်ကြီးမြို့ကို ခရီးသွားနေရာတစ်ခုအဖြစ် မြှင့်တင်ပေးမှုသည် ၂၀၁၆ ခုနှစ်တွင် ပိုမို ဖွံ့ဖြိုးလာခဲ့သည်။ သံတောင်ကြီးမြို့တွင် အိပ်ယာနှင့် မနက်စာ ရရှိနိုင်သော Bed and Breakfast ဧည့်ရိပ်သာလိုင်စင် ရှစ်ခုကို အစိုးရက ခွင့်ပြုပေးခဲ့သည်။ ထိုသို့ဖြင့် သံတောင်ကြီးမြို့သည် bed and breakfast ဝန်ဆောင်မှု လုပ်ကိုင်ခွင့်ရသော မြို့အနည်းငယ်တွင် ပါဝင်လာခဲ့သည်။

ထိုလိုင်စင်များထဲမှ တစ်ခုကို Kaing’s Villa က ရရှိခဲ့သည်။ အန်တီနန်စီက ဧည့်သည်များကို လက်ခံပြီး သမီးဖြစ်သူ နော်ဆိုနီယာက ဧည့်ရိပ်သာကို စီမံခန့်ခွဲနေသည်။ ဆိုနီယာသည် ယခင်က ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်မှာ နှစ်နှစ်ရှိပြီဖြစ်သည်။ နော်ဆိုနီယာက ဧည့်ရိပ်သာ ခြံဝန်းရှေ့တွင် စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ရန် စီစဉ်လျှက်နေသည်။

အန်တီနန်စီကို ကြည့်ခြင်းအားဖြင့် သံတောင်ကြီး ဒေသခံများ၏ ဧည့်ဝတ်ကျေပွန်မှုကို သိမြင်နိုင်မည်ဖြစ်သည်။ သံတောင်ကြီးမြို့တွင် ကရင်ရိုးရာ အမွေအနှစ်များကို ဂုဏ်ယူဝင့်ကြွားကြသော ကရင်လူမျိုးစုများ နေထိုင်ကြသည်။ ၎င်းတို့က ဒေသအတွင်းရှိ ဆွဲဆောင်မှုရှိသော နေရာများကို ခရီးသွားများအား ပြသရန်အတွက် စိတ်အားထက်သန်နေကြသည်။

ထိုအထဲတွင် သံတောင်ကြီးမြို့ကို အုပ်မိုးထားသော နော်ဘူဘော်တောင်လည်း ပါဝင်သည်။ အဆိုပါတောင်သည် ဒေါ်ပါခိုတောင်တန်း၏ အမြင့်ဆုံးနေရာဖြစ်သည့် ကီလိုမီတာ ၁၄၆၂ တွင် တည်ရှိသည်။ တောင်၏ အမြင့်ဆုံး နေရာတွင် ခရစ်ယာန် လက်ဝါးကပ်တိုင်ကြီးတစ်ခုရှိပြီး မြန်မာတစ်နိုင်ငံလုံးမှ ခရစ်ယာန်များ လာရောက်ကြသော အရေးကြီး နေရာတစ်ခု ဖြစ်သည်။ သံတောင်ကြီးမြို့တွင် ဆွဲဆောင်နေသော အခြားနေရာများမှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၊ ဗုဒ္ဓဘာသာ ဘုရားစေတီများ၊ ဟိန္ဒူဘုရားရှိခိုးကျောင်းများနှင့် ဗြိတိသျှတို့ အသုံးပြုခဲ့သော ခံတပ်ဟောင်းအပြင် လက်ဖက်စိုက်ခင်းများနှင့် စက်ရုံများလည်း တည်ရှိသည်။

တပ်မတော်သားအတွက် လက်ဖက်ခြောက်များ ထုတ်လုပ်ပေးနေသည့် တပ်မတော်ပိုင် ထိုစက်ရုံသည် ယခင်က အစိုးရ စာသင်ကျောင်းတစ်ခု ဖြစ်ခဲ့သည်ဟု အန်တီနန်စီက ပြောပြသည်။ ထိုလက်ဖက်စက်ရုံသည် မြို့လယ်တွင် တည်ရှိပြီး မြင်မြင်ချင်းတွင် ဆွဲဆောင်မှု မရှိသည့် နေရာတစ်ခုကဲ့သို့ပင် ဖြစ်သည်။ ခြံစည်းရိုးအမြင့်ကြီးများဖြင့် ကာရံထားပြီး အစောင့်အကြပ်များ ချထားသည်။ စက်ရုံခြံဝင်းတွင်းသို့ ဝင်လိုက်သောအခါတွင်မူ သေချာစွာ လိုက်လံရှင်းလင်းပြသသော စက်ရုံမန်နေဂျာကြောင့် နှစ်သက်သွားမိသည်။

“ကျွန်တော်တို့က ခရီးသွားတွေအတွက် အမြဲတမ်း ဖွင့်ထားပါတယ်” ဟု သူက ဆိုသည်။

မြို့၏ အပြင်ဘက်တွင် တပ်မတော် အခြေစိုက်စခန်းတစ်ခု တည်ရှိသော်လည်း တပ်စခန်းကြောင့် ၎င်းတို့၏ နေ့စဉ်ဘဝတွင် မည်သို့မှ သက်ရောက်မှု မရှိဟု ဒေသခံများက ဆိုသည်။ သံတောင်ကြီးမြို့ပတ်လည်မှ တောအုပ်များသည် ယခင်က တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် နေရာများ ဖြစ်ခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင်မူ နှစ်ဖက် အပစ်အခတ် ရပ်ဆဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ဆယ်စုနှစ်များစွာ တပ်မတော်၏ အဓိက ရန်သူဖြစ်ခဲ့သော ကေအင်န်ယူသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (Nationwide Ceasefire Agreement) ကို လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနက် အကြီးဆုံးအဖွဲ့ ဖြစ်လာသည်။ NCA စာချုပ်သည် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိကကျသည့် သဘောတူညီချက် ဖြစ်သည်။

Oliver Slow | Frontier

ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေးနှင့် တည်ငြိမ်ရေးတို့အတွက် ပံ့ပိုးပေးနိုင်ရန် သံတောင်ကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ငန်းအဖွဲ့ (Thandaunggyi Tourism Development Working Group) ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အဓိကအားဖြင့် လာရောက်ကြသည့် ခရီးသွားများက ဒေသခံများအတွက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ထားသည်။

ထိုအဖွဲ့၏ စာရင်းများအရ သံတောင်ကြီးမြို့ကို လာရောက်လည်ပတ်သူ အရေအတွက်သည် ပြီးခဲ့သောနှစ်တွင် နှစ်ဆခန့် တိုးလာခဲ့သည်။ ၂၀၁၆ ခုနှစ်က ၇၆၁ ဦးသာ ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၁,၇၈၄ ဦးအထိ တိုးလာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံခြားသား ခရီးသွားအရေအတွက်မှာမူ ၂၀၁၆ ခုနှစ်က ၈၉ ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၁၁၀ အထိ တိုးလာခဲ့သည်။

“ထိုလုပ်ငန်းက ကေအင်န်ယူနဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယုံကြည်မှု ရှိလာစေရန်နဲ့ ကရင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ထိခိုက်မှုရှိတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ လူမှုဘဝ တိုးတက်စေဖို့ ရည်ရွယ်ပါတယ်” ဟု TTDWG နှင့် ပူးပေါင်းလုပ်ကိုင်နေသော Business Innovation Facility အဖွဲ့၏ ခေါင်းဆောင် Mr Sebastian Moineau က ပြောကြားသည်။ ထိုစီမံကိန်းတွင် ပါဝင်ပူးပေါင်း လုပ်ကိုင်နေသည့် အခြားအဖွဲ့အစည်းများမှာ Myanmar Responsible Tourism Institute၊ the Hans Siedel Foundation နှင့် Peace Nexus အဖွဲ့တို့ ဖြစ်ကြသည်။

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် BIF က သံတောင်ကြီးဒေသကို ရွေးချယ်ခဲ့ခြင်းမှာ ၎င်းတို့၏ “ထိခိုက်မှုမရှိရေး” မူဝါဒနှင့် ကိုက်ညီသောကြောင့် ဖြစ်သည်ဟု Moineau က ပြောကြားသည်။ Do No Harm ဟုခေါ်သည့်  ထိခိုက်မှုမရှိရေး မူဝါဒသည် BIF က ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းများ၊ အကျိုးအမြတ် မယူသော အဖွဲ့အစည်းများနှင့် အစိုးရ အဖွဲ့အစည်းများအတွက် ချမှတ်ထားသည့် လုပ်ငန်းစဉ် ဖြစ်သည်။

သံတောင်ကြီးမြို့တွင် စိတ်ဝင်စားစရာကောင်းသော နေရာများကို လူသိအောင် လုပ်ဆောင်ပေးခြင်းအပြင် သံတောင်ကြီး အနီးတဝိုက်ရှိ လှပသော နေရာများကိုလည်း ခရီးသွားလုပ်ငန်းနေရာများအဖြစ် မြှင့်တင်ပေးရန် အဖွဲ့က ကြိုးပမ်းနေသည်။ ထို့ပြင် နေ့ချင်းပြန်နှင့် နေ့ဝက် ခြေလျင်တောင်တက် ခရီးစဉ်များကိုလည်း လုပ်ဆောင်ပေးရန် ကြိုးပမ်းနေသည်။

သို့သော် စိန်ခေါ်မှုများလည်း ကျန်ရှိနေသေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းက သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း Frontier က လိပ်ပါကြီးကျေးရွာသို့  ခြေလျင်တောင်တက် နေ့ဝက်ခရီးစဉ် သွားရောက်ရန် စီစဉ်ထားခဲ့သည်။ TTDWG ၏ လက်ကမ်းစာစောင်အရ အဆိုပါရွာသို့ သွားရောက်ရန် လက်ဖက်စိုက်ခင်းများ၊ ကော်ဖီစိုက်ခင်းများ ဖြတ်သွားရပြီး နွေးထွေးပျူငှာသော ရွာသားများ လယ်သမားများကိုလည်း တွေ့ဆုံရမည်ဟု ပါရှိသည်။

ထို့ကြောင့် Frontier က Star of the East ဧည့်ဂေဟာတွင် ဖွင့်လှစ်ထားသော Tourism Information Center သို့ သွားရောက် စုံစမ်းခဲ့သည်။ သို့သော် ထိုခရီးမှာ မရရှိနိုင်သေးကြောင်း ပြောကြားပြီး Kaing Villa မှ ဝန်ထမ်းတစ်ယောက်က အနီးအနားရှိ ရေပူစမ်းနှင့် စမ်းချောင်းသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားရောက်ရမည့် ခရီးကို ကမ်းလှမ်းခဲ့သည်။ ၎င်းစခရီးစဉ်ကလည်း ပျော်ရွှင်ဖွယ်ရာ ကောင်းလှသည်။ သို့သော် Frontier က သွားရောက်ရန် ရည်ရွယ်ခဲ့သော နေရာတော့ မဟုတ်ပေ။

Oliver Slow | Frontier

လွန်ခဲ့သော နှစ်နှစ်ခန့်အထိ ခရီးသွားတစ်ဦး တစ်ယောက်မျှ မလာရောက်နိုင်သော နေရာတစ်ခု၌ ခရီးသွားလုပ်ငန်း ဖြည်းဖြည်းသာ တိုးတက်လာခြင်းက နားလည်နိုင်စရာ ဖြစ်သည်။ MRTI ၏ လူ့အဖွဲ့အစည်း ခရီးသွားလုပ်ငန်း အကြံပေးများဖြစ်ကြသော Moineau နှင့် Ishwar Persad တို့က ခရီးသွားလုပ်ငန်းအား မြှင့်တင်ရန် လုပ်ဆောင်စရာ အများကြီး ကျန်နေသေးကြောင်း နားလည်ထားကြသည်။

“မြို့ပြင်ဘက်က နေရာတွေကိုလည်း ခရီးသွားလုပ်ငန်းအတွက် မြှင့်တင်ချင်တယ်။ ဒါပေမဲ့ လုပ်ဆောင်စရာတွေ ကျန်သေးတယ်။ ခရီးစဉ်တွေကို လွယ်ကူစွာ စီစဉ်နိုင်တဲ့ အခြေအနေအထိ ရောက်ဖို့လိုတယ်” ဟု Persad က ပြောသည်။ Moineau ကမူ BIF အနေဖြင့် နိုင်ငံတစ်ဝန်းတွင် အင်္ဂလိပ်ဘာသာစကားပြောဆိုနိုင်သော ဧည့်လမ်းညွှန်များ ပျိုးထောင်ပေးမည်ဟု ဆိုသည်။

NCA ကို လက်မှတ်ရေးထိုးပြီးကတည်းက တပ်မတော်နှင့် ကေအင်န်ယူတို့အကြား ထိပ်တိုက်တွေ့ဆုံမှု မရှိတော့သော်လည်း ကရင်ပြည်နယ်၏ တောင်တန်းများတွင် မြေမြုပ်မိုင်းအန္တရာယ် ရှိနေဆဲဖြစ်သည်။ သို့သော် Persad က သံတောင်ကြီးဒေသမှာမူ ဘေးကင်းသည်ဟု ဆိုသည်။

“နိုင်ငံခြားသားတွေ သွားရောက်နိုင်တဲ့ နေရာတွေက အန္တရာယ် ကင်းပါတယ်။ မြို့ပြင်ကို သွားမယ်ဆိုရင်တော့ ဧည့်လမ်းညွှန်တစ်ယောက် ခေါ်သွားဖို့ အကြံပေးပါတယ်” ဟု သူက ဆိုသည်။

သံတောင်ကြီးနှင့် ပတ်ဝန်းကျင်နေရာများသည် ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းများ ရှိနေသည့် နေရာများဖြစ်သည်။

လာရောက်လည်ပတ်သူများမှာ အကြောင်းအမျိုးမျိုးဖြင့် လာကြခြင်းဖြစ်သည်။ လူအတော်များများက သံတောင်ကြီးမြို့ကို မြင်ဖူးချင်ကြတာဟု Persad က ဆိုသည်။

လာရောက်လည်ပတ်သူများအနေဖြင့် Kaing Villa သို့ ဝင်လည်ပြီး အန်တီနန်စီကို တွေ့ဆုံနှုတ်ဆက်ရန် တိုက်တွန်းလိုသည်။

“အဖွားက အိုနေပါပြီ။ သိပ်မကြာခင်မှာ ဘုရားသခင်ဆီကို သွားရတော့မယ်” ဟု ခရစ်ယာန် ဘာသာဝင်ဖြစ်သော အဖွားနန်စီက နေအိမ်ရှိ ယေရှုခရစ်တော် ရုပ်ပုံတော်အောက်ရှိ ထိုင်ခုံပေါ်တွင် ထိုင်နေရင်း ပြောကြားသည်။ “ဧည့်သည်တွေကို တွေ့ရတာ ပျော်စရာ ကောင်းတယ်။ အဖွားက မျက်စိမှုန်ချင် မှုန်မယ်။ ဒါပေမဲ့ အသိစိတ်တော့ ကောင်းပါသေးတယ်” ဟုလည်း အန်တီနန်စီက ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.