နယ်နိမိတ်များကို ကျော်လွှားချဲ့ထွင်ခြင်း

နာမည်ကျော်ကြားလာသော ကြယ်ပွင့်တစ်ဦးဖြစ်သည့် အမွန်းသည် သူ၏ ပုရိသပရိသတ်များကို ဆွဲဆောင် နိုင်သောဟန်ပန်ဖြင့် ရှေးရိုးစွဲမြန်မာများကို တုန်လှုပ်စေခဲ့သည်။ သူ၏ နောက်ဆုံးထွက် တေးအယ်ဘမ်သစ် သည် သူ့ကို နိုင်ငံတကာတွင် ကျော်ကြားလာစေနိုင်လိမ့်မည်ဟု သူကိုယ်တိုင်က မျှော်လင့်လျက်ရှိသည်။

ဟန်းစ် ဟာ့စ် ရေးသားသည်။

ဓာတ်ပုံ – အန်းဝမ်

အမွန်းကို သူ၏ ပုရိသပရိသတ်များအား ဆွဲဆောင်နိုင်သော ဟန်ပန်များဖြင့် လူသိများသည်။ သူ၏ မပေါ့်တပေါ် ဝတ်စားဆင်ယင်မှုများကို ယဉ်ကျေးမှုအရ ရှေးရိုးစွဲနေသော မြန်မာများက လက်မခံကြပေ။ “ဒါပေမဲ့ ကျွန်မနယ်နိမိတ်တွေကို ကျော်လွှားချဲ့ထွင်သွားမှာပါ” ဟု အမွန်းက ပြောသည်။

သူသည် ၁၉၉၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ လောင်စစ်ဂျာမွန်း(Lung Sitt Ja Moon) ဖြစ်သည်။ သူ၏ ဇာတိမြို့ဖြစ်သော မြစ်ကြီးနားမြို့မှ သူ ထွက်ခွာလာခဲ့ပြီး ခရီးရှည်ကြီးတစ်ခုကို လျှောက်လှမ်းလာခဲ့သည်။ သူသည် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ကချင် နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် နှစ်စဉ်ကျင်းပသော လူငယ်ပွဲတော်များ၌ ပါဝင်ကာ ယခုအခါတွင် အပြည့်ဝဆုံးသော အောင်မြင်မှု ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

“ ဒီက လူတွေက ကျွန်မရဲ့ မိတ်ဆွေတွေပါ။ ကျွန်မ သူတို့နဲ့အတူ ကြီးပြင်းခဲ့ရတာပါ။ တစ်ခါတစ်ရံမှာ ကျွန်မက ပွဲမစခင် ကြောက်တတ်တဲ့စိတ် ရှိတယ်။ ဒါပေမဲ့ သူတို့နဲ့ ရှိနေတဲ့အခါ မတူပါဘူး။ သူတို့ကို ဖျော်ဖြေရရင် အားလုံးပျော်စရာတွေ ဖြစ်သွားတယ်” ဟု အမွန်းက ပြောပြသည်။

သူ၏ နာမည်သည် ဂျိန်းဖောဘာသာစကားအရ ကျောက်စိမ်းနှင့် ရွှေတို့ဖြင့် ဖျန်းပက်သည်ဟု အဓိပ္ပာယ်ရ သည်။ ထိုနာမည်ကို ခရစ်ယာန် သင်းအုပ်ဆရာတစ်ဦးလည်း ဖြစ်ပြီး တေးသီဆိုသူတစ်ဦးလည်းဖြစ်သော သူ၏ ဖခင်ကိုယ်တိုင်က ရွေးချယ်ပေးခဲ့ခြင်း ဖြစ်သည်။

သူ၏ဖခင်သည် အမွန်းကို မွေးဖွားချိန်၌ ဖားကန့်မြို့နယ်ရှိ သတ္တုတွင်းတစ်ခုတွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ယင်းနေရာမှာ ကြီးပျင်းလာခဲ့သော်ငြား အမွန်း၏ ကိုယ်ရည်ကိုယ်သွေးနှင့် အသက်မွေးဝမ်းကျောင်းအလုပ် အတွက် ထောက်ကူသည့်နေရာတစ်ခု ဖြစ်ခဲ့ပြီး အမွန်းကို အလွန်ဆွဲဆောင်မှုရှိစေကာ ကမ္ဘာကြီးကို ကိုင်လှုပ် ရန် အဆင်သင့်ဖြစ်စေခဲ့သည်။

သူသည် ရန်ကုန်မြို့တွင် ကျင်းပသော beauty and talent pageants ပြိုင်ပွဲဖြင့် ၂၀၀၉ ခုနှစ်၌  အနုပညာ လောကထဲသို့ စတင်ခြေချ ဝင်ရောက်လာခဲ့သည်။ ပြိုင်ပွဲဝင်ပေါင်း ၁၀၀ ကျော်ထဲမှ သူ ရွေးချယ်ခံရပြီး Tiger Girls ဟုခေါ်တွင်သော မိန်းကလေးများသာ ပါဝင်သည့် ပေါ့တေးဂီတအဖွဲ့၌ ပါဝင်ခွင့်ရခဲ့သည်။ Tiger Girls အဖွဲ့ကို နောက်ပိုင်းတွင် Me N Ma Girls ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သော ဦးမိုးကျော်နှင့် သြစတြေးလျ အကသမားတစ်ဦးတို့က မွေးဖွားပေးလိုက်သော ကြယ်ပွင့်လေး များ၏ အောင်မြင်မှုများမှာ တဟုန်ထိုး ကြီးထွားလာခဲ့သည်။ 

ရန်ကုန်မြို့ စတူဒီယိုတစ်ခုတွင် အဖော်များနှင့်အတူ လေ့ကျင့်နေစဉ်။ ဓာတ်ပုံ – အန်းဝမ်

သို့ရာတွင် ကယ်လီဖိုးနီးယားမှ ဒင်န် ဟာ့ဘတ်(Dan Hubbard) ဆိုသော ပရိုဂျူဆာတစ်ယောက် ဝင်ရောက် လာချိန်တွင် ပြည်တွင်းမှ မန်နေဂျာဖြစ်သူက နေရာဖယ်ပေးလိုက်ရသည်။ ထို့နောက်တွင် လေးဦးပါဝင်သော အဖွဲ့မှာ နှစ်ဦးသာ ကျန်တော့သည်။ အမွန်းသည် ဟာ့ဘတ်နှင့် ဆက်လက် လက်တွဲလုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် တစ်ကိုယ်တော်သာ သီဆိုတော့သည်။

“ အောင်မြင်ဖို့ဆိုတာ ၁၀၀ ရာခိုင်နှုန်း ဆုံးဖြတ်ချက် ခိုင်မာရတယ်။ တခြားလူတွေက ကျွန်မလောက် ဆုံးဖြတ် ချက် မခိုင်မာလို့ နေမှာပါ။ ကျွန်မက ကိုယ့်စိတ်ကြိုက်ပဲ ဖန်တီးချင်ခဲ့တယ်။ ကျွန်မတို့ ပြိုကွဲသွားပုံက တည်တည်ငြိမ်ငြိမ်ပါပဲ။ အဲဒီအဖွဲ့ထဲမှာ ပါဝင်ခဲ့လို့ ရခဲ့တဲ့ အခွင့်အလမ်းတွေအတွက် ကျွန်မကျေးဇူးတင်နေဆဲပါ”  ဟု အမွန်းက ပြောပါသည်။

“ ဒါပေမဲ့လည်း ကျွန်မအခုတော့ ကျွန်မရဲ့ အိပ်မက်အတိုင်း နေထိုင်နေရပါတယ်။ တစ်ကိုယ်တော် အနုပညာ ရှင် တစ်ယောက်အဖြစ်ပေါ့” ဟု ပြုံးလျက် ပြောပြသည်။

“ ကျွန်မက ကံကောင်းပါတယ်။ ကျွန်မ ဖြစ်ချင်တာကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်ခွင့် ရခဲ့တယ်။ ကျွန်မက နိုင်ငံတကာ ကြယ်ပွင့်တစ်ပွင့် ဖြစ်ချင်တာပါ။ ဒီလိုဖြစ်နိုင်ဖို့ ကျွန်မဟာ အနှောင်အဖွဲ့ကင်းတဲ့ ဘဝတစ်ခုမှာ နေထိုင်နေရမယ်” ဟု သူက ပရဟိတပွဲတစ်ခုသို့အသွား လမ်းတွင် ပြောပြသည်။

သူသည် Me N Ma Girls အဖွဲ့တွင် ရှိနေစဉ်ကတည်းက တစ်ကိုယ်တော် တေးဂီတများကို ထုတ်လုပ်နေပြီး ဖြစ်သည်။ သို့သော် သူ၏ ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်သော တေးအယ်ဘမ်ဖြစ်သည့် “မင်းပေးတဲ့အချစ်” ဆိုသောအယ်ဘမ်ကိုသာ သူ၏ ပွဲဦးထွက် တေးအယ်ဘမ်အဖြစ် သတ်မှတ်ခဲ့သည်။

ထိုတေးအယ်ဘမ်သည် ရောင်းအားလွန်စွာကောင်းခဲ့ပြီး နာမည်ကျော်ကြားခဲ့သည်။ သို့သော် ထိုအောင်မြင်မှု များသည် လွယ်ကူစွာ ရရှိခဲ့ခြင်းတော့ မဟုတ်ပေ။ “ကျွန်မရဲ့ မန်နေဂျာက မြန်မာနိုင်ငံမှာ အမြဲတမ်း ရှိမနေနိုင် ခဲ့ဘူး။ ဒီတော့ ကျွန်မအလုပ်အများကြီး လုပ်ခဲ့ရတယ်။ စာရင်းပြုစုတာတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေ၊ သတင်း ထုတ်ပြန်တာတွေ အားလုံးကို ကျွန်မကိုယ်တိုင် လုပ်ဆောင်ရပါတယ်။ အလုပ်တွေ များလွန်းလို့ ရူးမတတ်ပါပဲ” ဟု သူက ပြောပြသည်။

နောက်ဆုံးမှာတော့ မြန်မာနိုင်ငံမှ နာမည်ကြီး တေးထုတ်လုပ်သူဖြစ်သော Bo Bo Entertainment က ဖြန့်ချိရေးအတွက် တာဝန်ယူပေးခဲ့ပါသည်။ မြန်မာပရိသတ်သည် တေးဂီတကို ချစ်မြတ်နိုးပါသည်။ သို့သော် ထိုက်ထိုက်တန်တန်ငွေကြေးဖြင့် ဝယ်ယူနားထောင်သော အလေ့အထ နည်းပါးသည်။

“ခိုးကူးခွေတွေက မြန်မာနိုင်ငံမှာ ပေါများပါတယ်။ တေးအယ်ဘမ် စီဒီတစ်ချပ်ကို သုံးဒေါ်လာလောက် ပေးရတာ က မြန်မာပြည်သူတွေအတွက် များပြားလှတဲ့ ပိုက်ဆံပါ။ သူတို့ဟာ အိမ်မှာ ထမင်းနပ်မှန်အောင် စားရဖို့ကိုသာ ဦးစားပေး စဉ်းစားနေရတာပါ။ သူတို့ရဲ့ ဝယ်ယူနိုင်စွမ်းက နည်းပါးလွန်းပါတယ်” ဟု အမွန်းက ပြောပြသည်။

ရန်ပုံငွေရှာဖွေရေး ဂီတဖျော်ဖြေပွဲတစ်ပွဲသို့ ကားဖြင့် သွားနေစဉ်။ ဓာတ်ပုံ – အန်းဝမ်

အမွန်းသည် သူ၏ တေးဂီတကို ကာကွယ်လိုပါသည်။ သို့သော် သူသည် ခိုးကူးခွေများနှင့် ပတ်သက်ပြီး အတော်ကို သည်းခံနိုင်စွမ်း ရှိပါသည်။

“ ကျွန်မက ကျွန်မရဲ့ သီချင်းတွေကို လူများနိုင်သမျှ များများကို နားထောင်စေချင်တယ်။ ခိုးကူးခွေကိစ္စကို အစိုးရကပဲ ဆောင်ရွက်ပါလိမ့်မယ်” ဟု ပြောကြားသည်။

အစိုးရ၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး ထိရောက်မှုမှာ အားနည်းလျက် ရှိသည်။ ခိုးကူးခွေများမှာ ပေါများဆဲ ပေါများလျက်ပင် ရှိနေသည်။

သို့ဖြင့် သူ၏ အနုပညာဖြင့် ဝင်ငွေရှာရခြင်းမှာ ခက်ခဲလာသည်။ iTunes Music Store သည် မြန်မာနိုင်ငံ ဈေးကွက်ကို ထိုးဖောက်နိုင်ရန် အများကြီး ကြိုးစားရဦးမည် ဖြစ်သည်။ သို့သော် အမွန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော အွန်လိုင်းတေးဂီတ အရောင်းလုပ်ငန်းဖြစ်သည့် Myanmar Music Store နှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိသည်။ Myanmar Music Store သည် တေးသီချင်းတစ်ပုဒ်လျှင် ကျပ်ငွေ ၃၀၀ ဖြင့်သာ ရောင်းချပါသည်။ ယင်းငွေမှာ မများပြားလှသော်လည်း မူးစု ပဲစုစုခြင်းသည်ပင် အရေးပါလျက် ရှိသည်။

“ အသံသွင်းတေးဂီတတွေက အကျိုးအမြတ် မများလှပါဘူး။ ဒီဘက်ခေတ်မှာ ဝင်ငွေ အများစုက တေးဂီတ ဖျော်ဖြေပွဲတွေကနေ ရတာများပါတယ်။ ကျွန်မကတော့ တေးဂီတဖျော်ဖြေပွဲတွေက ရရှိတဲ့ ဝင်ငွေတွေကို ကျွန်မရဲ့ အလုပ်အတွက် ပြန်လည် ရင်းနှီးမြုပ်နှံပါတယ်။ လော့စ်အိန်ဂျလိစ်မှာ ထိပ်တန်းဂီတပညာရှင်တွေနဲ့ တန်းတူ တေးအယ်ဘမ်တစ်ခုကို အသံသွင်းရတာက အကုန်အကျ များပါတယ်” ဟု အမွန်းက ရှင်းပြသည်။

ယခုနှစ် အစောပိုင်းတွင် သူ၏ တေးအယ်ဘမ်သစ်တစ်ခုကို အသံသွင်းရန် အမေရိကန်ပြည်ထောင်စုသို့ ထပ်မံသွားရောက်ခဲ့ရသည်။ ယင်းတေးအယ်ဘမ်မှာ အော်တိုမက်တစ်(Automatic) ဟု အမည်ရပြီး အောက်တိုဘာ ၂၂ ရက်တွင် ထွက်ရှိနိုင်ရန် ကြိုးစားခဲ့သည်။ တေးသီချင်းများမှာ မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာ နှစ်မျိုးစလုံး ပါဝင်ပြီး ပေါ့ပ်တေးဂီတဆန်ဆန် တေးသီချင်းများဖြစ်ကြကာ trap နှင့် EDM တေးဂီတ ဟန်ပန်များ လွှမ်းမိုးမည် ဖြစ်သည်။

ဓာတ်ပုံ – အန်းဝမ်

“ကျွန်မက အင်္ဂလိပ်ဘာသာနဲ့လည်း သီဆိုရပါတယ်။ ကျွန်မက နိုင်ငံတကာ အနုပညာရှင်တစ်ယောက် ဖြစ်ချင် လို့ပါ။ ကျွန်မက လတ်ဆတ်ပြီး လူငယ်တွေကို ထင်ဟပ်နိုင်တဲ့ တေးဂီတမျိုးကို ဖန်တီးချင်တာပါ။ ကျွန်မက ဂန္ထဝင်တွေ ဂျက်ဇ်တေးဂီတတွေအပြင် ပေါ့ပ်တေးဂီတတွေကိုလည်း ကြိုက်နှစ်သက်ပါတယ်။ မိုက်ကယ် ဂျက်ဆင်နဲ့ နိုရာ ဂျုံးစ်က ကျွန်မရဲ့ အနှစ်သက်ဆုံးတွေပါ။ ဟုတ်ပါတယ်။ ကျွန်မရဲ့ တေးဂီတတွေက ကချင်ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှု များစွာရှိပါတယ်။ ဒီတေးအယ်ဘမ်သစ်မှာလည်း ကချင်တေးဂီတတွေရဲ့ အငွေ့အသက်တွေ ပါဝင်နေပါတယ်” ဟု အမွန်းက ပြောပြသည်။

ကချင် နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ကျင်းပသောလူငယ်ပွဲတော် တစ်ခု၌ အမွန်းသည် ကချင်ရိုးရာ တေးသီချင်းတစ်ပုဒ်ကို သီဆိုရန် ပြင်ဆင်နေသည်။ သူ၏ ကိုယ်ပိုင်ဟန်သည် ယဉ်ကျေးမှုအရ လက်ခံနိုင်ခြေ နည်းပါးသည်။ မပေါ့်တပေါ် ဝတ်စားဆင်ယင်တတ်သော အမွန်း၏ ဖျော်ဖြေဟန်သည် အနောက်တိုင်းတေးဂီတမှ ဘီယွန်းဆေးကို မြင်ယောင်လာစေနိုင်သည်။ သူသည် လိင်ဆွဲဆောင်မှုရှိပြီး သူကိုယ်တိုင်ကလည်း ယင်းအချက်ကို ဂုဏ်ယူသည်။ သို့သော် သူ၏ ဟန်ပန်ကိုမူ ရှေးရိုးစွဲ မြန်မာများကြားတွင် လက်ခံနိုင်မှု နည်းပါးသည်။

“အောက်တိုဘာလ ၄ ရက်နေ့မှာ ကျွန်မက ဂီတပွဲတော်တစ်ခုမှာ ရှောင် ကင်စတန်စတဲ့ နိုင်ငံတကာအနုပညာ ကြယ်ပွင့်တွေနဲ့အတူ ဖျော်ဖြေခဲ့ရပါတယ်။ ကျွန်မက သီချင်းငါးပုဒ် ဖျော်ဖြေခဲ့တယ်။ ဒီဖျော်ဖြေပွဲကို တီဗီပေါ်မှာ ထုတ်လွှင့်တဲ့အခါ ကျွန်မရဲ့ ဖျော်ဖြေမှုတွေက တည်းဖြတ်ခန်းထဲမှာပဲ ပျောက်ကွယ်သွားခဲ့တယ်။

“ကျွန်မက ပုရိသတွေစိတ်ကို နှိုးဆွတဲ့ ဟန်ပန်တွေနဲ့ ဖျော်ဖြေတယ်ဆိုပြီး သူတို့က ဖြတ်တောက်ပစ်ခဲ့တာပါ။ ဒါ မတရားပါဘူး။ ကျွန်မတို့ရဲ့ လူငယ်တွေက အနောက်တိုင်း ပေါ့ပ်ကြယ်ပွင့်တွေကို ကြည့်ဖူးနေကျပါ။ သူတို့ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ကျွန်မကိုကျတော့ စံနှုန်းတစ်ခုနဲ့ ကန့်သတ်ခဲ့ကြပါတယ်” ဟု အမွန်းက ပြောသည်။

“ကျွန်မက ဒါတွေကို အမြဲရင်ဆိုင်နေရတာပါ။ ကျွန်မက မတူညီကွဲပြားတဲ့ အယူအဆတွေကို လက်ခံလေးစား ပါတယ်။ ဒီတော့ ကျွန်မရဲ့အမြင်တွေကိုလည်း လေးစားလက်ခံစေလိုတယ်။ ကျွန်မက ဖျော်ဖြေတဲ့အခါကျရင် ပရိသတ်တွေကို အကောင်းဆုံးတွေပဲ ပေးချင်ပါတယ်။ ကျွန်မက ဘာအကြောင်းနဲ့မှ နောက်တွန့်နေမှာ မဟုတ် ပါဘူး။ ကျွန်မ ဝတ်စားဆင်ယင်ပုံ တစ်ခုတည်းကြည့်ပြီး ကျွန်မကို မဆုံးဖြတ်စေချင်ပါဘူး” ဟု သူက ပြောသည်။

ဓာတ်ပုံ – အန်းဝမ်

အမွန်းသည် အနာဂတ်အတွက် ရည်မှန်းချက် ကြီးမားသူ ဖြစ်သည်။ သူ၏ တေးအယ်ဘမ်သစ်ဖြင့် နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်ရန် သူ ကြံရွယ်နေသည်။ သို့သော် ထုတ်လုပ်ရေး အခြေခံအဆောက်အအုံများမှာ နိုင်ငံတကာနှင့် ဆယ်စုနှစ်များစွာ နောက်ကျကျန်နေသော မြန်မာနိုင်ငံမှ ထိုးဖောက်လာသူအတွက် ယင်းကိစ္စမှာ လွယ်ကူမည်တော့ မဟုတ်ပေ။

သို့သော် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ သူသည်လည်း ထိုအထဲ၌ စီးမျော ပါဝင်လျက်ရှိသည်။ “ဟိုမှာက ယှဉ်ပြိုင်မှုတွေ အရမ်းများမှာပါ။ ကျွန်မက အင်္ဂလိပ်လို သီဆိုရလိမ့်မယ်။ အရည်အသွေးရှိအောင် ဆိုနိုင်ဖို့က ခက်နေတာပါ။ ကျွန်မ လေ့လာနေပါတယ်” ဟု အမွန်းက ပြောသည်။

Me N Ma Girls အဖွဲ့က ပြန်လည်ပေါင်းစည်းဖို့ ရှိပါသလားဟူသောမေးခွန်းကိုမူ သူက “မရှိသေးပါဘူး။ ကျွန်မ တို့က ကိုယ်ပိုင်လမ်းကို ရွေးချယ်ခဲ့ကြတာပါ။ ကျွန်မက နိုင်ငံတကာ ကြယ်ပွင့်တစ်ပွင့် ဖြစ်နိုင်မယ့်လမ်းကို ရွေးချယ်ခဲ့တာပါ။ ကျွန်မ ကိုယ့်အတွက်ပဲ ကိုယ်အာရုံစိုက်သင့်တယ်။ ကျွန်မရဲ့ သီဆိုမှုတွေ၊ ကခုန်မှုတွေပေါ့” ဟု ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.