ကျိုက်ထီးရိုး စေတီတော်မြတ်နှင့် ဥပဒေပြင်ပ စီးပွားရေးလုပ်ငန်း

ကျိုက်ထီးရိုး ဆံတော်ရှင်စေတီမှာ မြန်မာနိုင်ငံ၏ ကြည်ညိုဖွယ် အကောင်းဆုံး ဗုဒ္ဓဘာသာ ဘုရားဖူးနေရာများအနက် တစ်နေရာ ဖြစ်ပြီး ဤအထွတ်အမြတ် နေရာအနီးရှိ ဈေးတစ်ခုမှာ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကုန်သွယ်ရာ ထွက်ပေါက်တစ်ခုအဖြစ် ကြီးထွားရှင်သန်လျက်ရှိသည်။

ဆောင်းပါးနှင့်ဓာတ်ပုံ – ကေတီ အာနိုး

မသင်းသင်းတွင် မြန်မာနိုင်ငံရှိ အားကျဖွယ် အကောင်းဆုံး ခရီးလမ်းကြောင်းတစ်ခု ရှိသည်။ ထူးဆန်းအံ့ဖွယ်ရာ တည်ရှိနေသော ရွှေကျောက်တုံးတော်ကို အရုဏ်ဦးရောင်ခြည် ဦးခိုက်ကျရောက်ချိန် နံနက်ခင်းတိုင်း ကျိုက်ထီးရိုးစေတီအား သူ ဖြတ်သွားလေ့ရှိသည်။

ဤလမ်းကို သူ ဖြတ်သွားခဲ့သည်မှာလည်း နှစ် ၂၀ ရှိခဲ့ပြီဖြစ်ကာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်တွင် ရပ်တန့်မနေတော့ဘဲ ကျိုက်ထီးရိုး၏ အဓိကဆွဲဆောင်ရာ အခြားတစ်နေရာသို့ တန်းတန်းမတ်မတ် သွားရသည်ကိုသာ နှစ်သက်သဘောကျနေပြီ ဖြစ်သည်။

ကျိုက်ထီးရိုး ဆံတော်ရှင်မြတ် အောက်ဘက်ရှိ ကျောက်ကမ်းပါးအတိုင်း ကပ်သွားလျှင် စေတီအောက်ခြေ အစွန်းတစ်ဖက်မှ အခြားတစ်ဖက်သို့ ကျဉ်းမြောင်းစွာ ရှိနေသော ဈေးတန်းလေးတစ်ခု ရှိနေသည်။ ရှည်လျားကွေ့ကောက်ပြီး မတ်စောက်သော လှေကားထစ်လမ်းနှင့် ကပိုကရို ခင်းကျင်းထားသော ဆိုင်ခန်းများရှိသည့် ဈေးတန်းလေး ဖြစ်တော့သည်။

ကလေးငယ်များက လှေကားထစ်တိုင်းကို ခြေရောလက်ပါ အကုန်သုံး၍ ကုတ်ကပ်တက်နေကြသည်။ သင်္ကန်းရုံထားသည့် သံဃာတော်များကမူ ခြေလှမ်းစိပ်စိပ် လှမ်းကာ ဆင်းတက်လျက်ရှိစဉ် အသက်ကြီးရင့်သူများက သစ်သားလှေကားလက်ရန်းကို တင်းတင်းဆုပ်ကိုင်သွားလာပြီး အရောင်အသွေးစုံသော ဆေးဝါးများနှင့် ရှားပါးတိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းချနေသည့် တိုင်းရင်းဆေးဆိုင်များကို စူးစမ်းလျက်ရှိသည့် မြင်ကွင်းအားလုံးမှာ ပင်ပန်းခံလာရကျိုး နပ်လှပေသည်။

ယင်းဈေးတန်းမှာ မသင်းသင်း၏ လူကြိုက်အများဆုံး ထုတ်ကုန် ဖြစ်သည့် တိရစ္ဆာန်ပေါင်းစုံ၏ အဆီဖြင့် ပြုလုပ်ထားပြီး နာကျင်ကိုက်ခဲသော ကြွက်သားများ သက်သာအောင် ကုသရာတွင် အသုံးပြုသည့် လိမ်းဆေးရောင်းချရာနှင့် တိရစ္ဆာန်အရှင်များ ရောင်းချရာဈေး ဖြစ်သည်။

“ဒါလေးကို အသားထဲဝင်အောင် လိမ်းပေးလိုက်ရင် သုံးမိနစ်အတွင်းမှာ နာကျင်ကိုက်ခဲတာတွေ ပျောက်သွားပါလိမ့်မယ်” ဟု ခြေကုန်လက်ပမ်း ကျနေသော အမျိုးသမီးတစ်ဦး၏ပေါင်ကို ဆေးလိမ်းနှိပ်နယ်ပေးစဉ် မသင်းသင်းက ပြောလိုက်သည်။

ဤလိမ်းဆေးကို သူ့ ဆိုင်အလယ်ခေါင်ရှိ အနက်ရောင် စဉ့်အိုးထဲ၌ ရောစိမ်ထားသော သမင်၊ မျောက်၊ တောဝက်နှင့် အခြားတောရိုင်း နို့တိုက်သတ္တဝါများ၏ ဆွေးမြေ့နေသော အင်္ဂါအစိတ်အပိုင်းတို့ဖြင့် ဖော်စပ်ထားခြင်း ဖြစ်သည်။ ဤအဆီအနှစ်များမှာ တိရစ္ဆာန်တို့မှ ထွက်လာသောအဆီများ၊ ဆေးဖက်ဝင် သစ်ဖုသစ်ဥများ ပေါင်းစပ်ကာ သင်းပျံ့သည့် ရနံ့တစ်မျိုးကို ထွက်လာစေသည်။

လိမ်းဆေးဘေးမှ ခေါင်းခွံမှာ မသင်းသင်း၏ ပြောပြချက်အရ ကျားအရိုးခေါင်းဟု သိရသည်။ စပါးအုံးမြွေ အရေခွံများကိုလည်း တိုးလိုးတွဲလဲ ချိတ်ဆွဲပြသထားပြီး ဆိုင်ရှေ့ရှိ သေတ္တာတစ်လုံးထဲတွင် ဦးနှောက်အမှေးရောင် ရောဂါသည်များ အသုံးပြုနိုင်သည့် ဆင်ရိုးများကို ထည့်ပြထားသည်။

 “ဒီဈေးနားမှာ ကျွန်မရဲ့တိရစ္ဆာန်ပစ္စည်းတွေ သွားဝယ်ရတဲ့ ကရင်ရွာ ၅၄ ရွာ ရှိပါတယ်” ဟု မသင်းသင်းက ဆိုသည်။ “သူတို့က မြန်မာနိုင်ငံရဲ့ အတော်ဆုံး မုဆိုးတွေဆိုတာ လူတိုင်းသိကြပါတယ်” ဟုလည်း ဆက်ပြောပြသည်။

တောရိုင်းတိရစ္ဆာန်များ ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေအရ ဘေးမဲ့ပေးထားသော တောရိုင်းတိရစ္ဆာန်များကို “သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ လက်ဝယ်ပိုင်ဆိုင်ခြင်း၊ ရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဒဏ်ရာအနာတရဖြစ်စေခြင်း၊ သို့တည်းမဟုတ် တင်ပို့ရောင်းချခြင်း”ကို တားမြစ်ပိတ်ပင်ထားသည်။

ထိုဥပဒေအရ အကာအကွယ် ပေးထားသော တိရစ္ဆာန်မျိုးစိပ်ပေါင်း ၁၇၄ မျိုးရှိပြီး ယင်းတို့အနက် ၁၀၃ မျိုးကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ နိုင်ငံတကာအသင်းချုပ် International Union for Conservation of Nature က ပြုစုထားသော IUCN အနီရောင်စာရင်းတွင် မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသော မျိုးစိပ်များအဖြစ် သတ်မှတ်ထားသည်။

ဤဥပဒေကို ချိုးဖောက်ခြင်းအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၇ နှစ်၊ သို့မဟုတ် ငွေဒဏ်ကျပ် ၅၀,၀၀၀ (ကန် ၄၂ ဒေါ်လာ) ပေးဆောင်စေခြင်းပင် ဖြစ်သည်။ စပါးအုံးမြွေ အရေခွံတစ်ခုကို ကျပ်ငွေ ၇၀,၀၀၀ ဖြင့် ရောင်းဝယ်ဖောက်ကားနိုင်သော ဤနေရာတွင် ယင်းပြစ်ဒဏ်ချမှတ် အရေးယူရန် လက်လှမ်းမမီ ဖြစ်နေရသည်။

သစ်တောဌာန အာဏာပိုင်များက ကျိုက်ထီးရိုးဈေးတန်းကို သီတင်းပတ် သုံးလေးပတ်တစ်ကြိမ် စစ်ဆေးသော်လည်း ပြစ်မှုမြောက်သော အရေးယူမှု တစုံတရာ ဆောင်ရွက်နိုင်ခြင်းမျိုး မတွေ့ရှိခဲ့ချေ။

 “ကျိုက်ထီးရိုးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ရုံးခန်းကနေ ၉ ဒသမ ၅ မိုင်အကွာမှာ ရှိတဲ့ ကျိုက်ထီးရိုးဈေးတန်းကို သွားတဲ့အချိန်မှာ သူတို့က သူတို့ရဲ့ကုန်ပစ္စည်းတွေကို ဝှက်ထားပြီးပါပြီ။ အဲဒီကိုသွားတဲ့ လမ်းပေါ်မှာ စောင်ကြည့်သတင်းပို့ ကွန်ရက်တစ်ခု ရှိနေလို့ပါ” ဟု ထိန်းသိမ်းစောင့်ရှောက်ရေး ဦးစီးတစ်ဦးဖြစ်သူ ဦးညွန့်အောင်က ဆိုသည်။

“သူတို့ ရောင်းနေတယ်ဆိုတာကို ကျွန်တော်တို့ သိပေမဲ့ အဲဒီကို ကျွန်တော်တို့ သွားတဲ့အခါမှာ ဘာမှမတွေ့ရတဲ့အတွက် ကျွန်တော်တို့ကဘာမှလုပ်လို့မရပါဘူး” ဟုလည်း ထပ်လောင်းရှင်းပြသည်။

မြန်မာနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုကို တိုက်ဖျက်ရန် ကျိုက်ထီးရိုးနှင့် အခြားနေရာများတွင် အာဏာပိုင်များ ရင်ဆိုင်နေရသော စိန်ခေါ်ချက်များ၏ အတိမ်အနက် အညွှန်းကိန်း တစ်ရပ်ကို သစ်တောဌာနမှ ကိန်းဂဏန်းများက ဖော်ပြလျက်ရှိသည်။ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတစ်လွှားရှိ တောရိုင်းတိရစ္ဆာန်မှုခင်းပေါင်း ၃၃ မှုကို သစ်တောဌာနက ဖော်ထုတ် တွေ့ရှိခဲ့သည်။

ကျိုက်ထီးရိုးဈေးတန်းရှိ ဆိုင်တစ်ဆိုင်၏နံရံပေါ်တွင် ချိတ်ဆွဲထားသောကျားသစ်သားရေကို တွေ့ရစဉ်။ ဓာတ်ပုံ - ကေတီ အာနိုး

ကျိုက်ထီးရိုးဈေးတန်းရှိ ဆိုင်တစ်ဆိုင်၏နံရံပေါ်တွင် ချိတ်ဆွဲထားသောကျားသစ်သားရေကို တွေ့ရစဉ်။ ဓာတ်ပုံ – ကေတီ အာနိုး

ကျိုက်ထီးရိုးဘုရားကို စီမံခန့်ခွဲနေသော အာဏာပိုင်အဖွဲ့သည် သစ်တောဌာန အာဏာပိုင်များအား ကျိုက်ထီးရိုးတွင် ဥပဒေအရ ဆောင်ရွက်ခြင်းကို ဟန့်တားလေ့ရှိသည်ဟုလည်း ဦးညွန့်အောင်က ဆိုသည်။

“အဓိက ပြဿနာကတော့ စီမံခန့်ခွဲရေးအဖွဲ့ပါပဲ။ တရားမဝင် စီးပွားရေးလုပ်ငန်းတိုင်းကို ဖယ်ရှားရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် သူတို့က ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေသင့်တယ် ဆိုတာကို သူတို့ ယုံကြည်လက်ခံလာအောင် လုပ်ဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။

ဘုရားဂေါပကအဖွဲ့တွင် ဘုရားပိုင်နက်အတွင်း ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ဆောင်ရွက်မှုများအားလုံးကို မှတ်ပုံတင်ပေးရန်နှင့် စောင့်ကြည့်စစ်ဆေးရန် တာဝန်ရှိသည်။

“ခင်ဗျားမြင်ခဲ့ရတဲ့ ရောင်းချဖို့ ပရဆေးတွေနဲ့ တိုင်းရင်းဆေးတွေကို ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင် လက်ထက်ကတည်းက အသုံးပြုခဲ့တာ ဖြစ်သလို စီမံခန့်ခွဲရေးကလည်း ခွင့်ပြုထားပါတယ်”ဟု ဘုရားဂေါပကအဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဦးဌေးဝင်းက ဆိုသည်။

ကျိုက်ထီးရိုးတွင် တိုင်းရင်းဆေး ရောင်းချနေသော ဆိုင်အရေအတွက်မှာ ၁၀ ဆိုင်မျှသာ ရှိသည်ဟု ၎င်းက ပြောသော်လည်း ဈေးတန်းတစ်လျှောက် လျှပ်တပြက် ရေတွက်ချက်အရပင် ဆိုင်ပေါင်း ၃၅ ဆိုင်ထက်မနည်း ရှိနေသည်ကို သိရှိခဲ့ရသည်။

တိုင်းရင်းဆေး လုပ်ငန်းကဏ္ဍကို ၁၉၉၆ ခုနှစ်နှင့် ၂၀၀၀ ပြည့်နှစ်တို့တွင် စစ်အစိုးရက အသီးသီး ပြဋ္ဌာန်းခဲ့သည့် တိုင်းရင်းဆေးဝါး ဥပဒေနှင့် တိုင်းရင်းဆေးဝါးကောင်စီ ဥပဒေတို့ဖြင့် ထိန်းချုပ်ထားသည်။ “စစ်မှန်၍ အရည်အသွေးပြည့်ဝ ဘေးကင်းပြီး ဆေးစွမ်းလည်းထက်သော တိုင်းရင်းဆေးများကို အများပြည်သူ သုံးစွဲနိုင်စေရန်” ပြဋ္ဌာန်းပေးထားခြင်း ဖြစ်သည်။

တိုင်းရင်းဆေးကဏ္ဍ လိုင်စင်များကို တိုင်းရင်းဆေး ပညာရပ်တွင် ဒီပလိုမာ၊ သို့မဟုတ် ရိုးရိုးဘွဲ့ ရရှိထားသော ပညာရှင်များကိုသာ ပေးအပ်သည်။ တိုင်းရင်းဆေးအားလုံးကို မှတ်ပုံတင်ရမည် ဖြစ်သကဲ့သို့ လိုင်စင်ရ ထုတ်လုပ်သူကသာ ထုတ်လုပ်ရမည် ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ် ကိုကျော်ဇောမှာ ကျိုက်ထီးရိုးဈေးရှိ အသက်အငယ်ဆုံးသော ကုန်သည်ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ဘွဲ့ရပြီးနောက် နေပြည်တော်မှ ထုတ်ပေးသည့် တရားဝင်လိုင်စင်တစ်ခုဖြင့် တိုင်းရင်းဆေးကိုင်ကာ ကုသနေသူ ဖြစ်သည်။

သို့သော် ၎င်း၏ဆေးများမှာ တရားဝင် ပြဋ္ဌာန်းစာအုပ်မှ ကန့်သတ်ချက်များနှင့် ကွဲလွဲခဲ့ပြီ ဖြစ်သည်။ ၎င်း၏ အဝယ်အလိုက်ဆုံး ဆေးတစ်မည်မှာ ဗမာ့စပါးအုံးမြွေ တစ်ကောင်၏ အလွန်ခါးသော သည်းခြေအိတ် ဖြစ်ကာ လေသင်တုန်း ထိခြင်း၊ နှလုံးရောဂါ ဖိစီးခြင်းများတွင် အစိမ်းအတိုင်း မြိုချရသည်။

“သစ်တောဥပဒေအရ ကျွန်တော်တို့က ဒီလို တောရိုင်းတိရစ္ဆာန်တွေကို သတ်ဖြတ်တာ၊ ဒါမှမဟုတ် ရောင်းချတာမျိုး ပြုလုပ်ခွင့် မရှိပါဘူး” ဟု ကိုကျော်ဇောက ဆိုသည်။ “ကျွန်တော်တို့က တိုင်းရင်းဆေးမြစ် ဆေးဥနဲ့ ဖော်စပ်တဲ့ ရိုးရာဆေးဝါးတွေကိုပဲ ရောင်းချရမှာ ဖြစ်ပေမဲ့ အာဏာပိုင်တွေနဲ့ ကျွန်တော်တို့အကြားမှာ နားလည်မှု ယူထားလို့ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းတွေနဲ့ ဆေးဝါးတွေကိုလည်း ရောင်းချနိုင်ပါတယ်” ဟု ဆက်လက်ရှင်းပြသည်။

မြန်မာ့တိုင်းရင်းဆေးဆရာများ အစည်းအရုံးက မြန်မာနိုင်ငံတစ်လွှားတွင် တိုင်းရင်းဆေးဆရာပေါင်း ၁၀,၀၀၀ ကျော် ရှိနေသည်ဟု ခန့်မှန်းသည်။ သို့သော် ဤတိုင်းရင်းဆေးကဏ္ဍ၏ တောရိုင်းတိရစ္ဆာန်ထုအပေါ် ဆိုးကျိုးသက်ရောက်မှု အနေအထားကိုမူ အနည်းငယ်မျှပင် မသိရှိသေးပေ။

ကျိုက်ထီးရိုးဈေးတန်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တစ်ဖွဲ့တည်းကသာ စစ်တမ်းကောက်ယူခဲ့ဖူးပြီး ထိုစစ်တမ်းမှာလည်း လွန်ခဲ့သော ၁၅ နှစ်ခန့်က ကောက်ယူခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုဆိုင်ရာ အခြား သုတေသနလုပ်ငန်းများမှာ ရေမြေပထဝီ အနေအထားအရ အကန့်အသတ် များလွန်းလှသည်။

“မျိုးသုဉ်းမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိပ်တွေကို ပြည်တွင်းဈေးကွက်အတွင်းမှာ အလုံးအရင်းနဲ့ ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖောက်ကားနေပေမဲ့ ဒီတောရိုင်းတိရစ္ဆာန်တွေကို ဘာအတွက် ရောင်းနေသလဲ၊ ဒါမှမဟုတ် ဒါတွေကို ဘယ်လိုလူမျိုးတွေက ဝယ်နေသလဲ ဆိုတာကို သေသေချာချာ မသိရသေးပါဘူး” ဟု ကမ္ဘာ့တောရိုင်း တိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုများကို စောင့်ကြည့်လေ့လာနေသည့် အင်န်ဂျီအိုတစ်ခုဖြစ်သော TRAFFIC ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒါရိုက်တာတစ်ဦးဖြစ်သူ မစ္စတာခရစ္စ ရှက်ဖတ်က ဆိုသည်။

 “တောရိုင်းတိရစ္ဆာန်တွေကို ဒေသတွင်းမှာ စားသုံးနေခြင်းက တောရိုင်းတိရစ္ဆာန်ထုအတွက်  အဓိက အန္တရာယ်တစ်ခု ဖြစ်နိုင်ပေမဲ့လည်း ဒီလိုအခြေအနေပေါ်မှာ လုံလောက်တဲ့ အာရုံစိုက်မှုမျိုး မရှိသေးပါဘူး” ဟုလည်း ၎င်းက ဆိုသည်။

ကျိုက်ထီးရိုးတွင် ရောင်းချလျက်ရှိသော တောရိုင်းတိရစ္ဆာန် အများစုကို မြန်မာနိုင်ငံတွင် အသုံးပြုခြင်း ဖြစ်သည်ဟု ကိုကျော်ဇောက ဆိုသည်။

“အဓိကအားဖြင့်တော့ ပြည်ပဈေးကွက်တွေကို ရောင်းချဖို့အတွက် မဟုတ်ပါဘူး။ ဒီလိုမျိုးရောင်းရင်တော့ တရားမဝင် ဖြစ်သွားပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

သမင်များ၊ မျောက်များ၊ တောဝက်များနှင့် ဆိတ်များအပါအဝင် တိရစ္ဆာန်ကိုယ်အင်္ဂါများဖြင့် ဖော်စပ်ထားသော ရိုးရာဆေးများကို ခင်းကျင်းပြသထားစဉ်။ ဓာတ်ပုံ - ကေတီ အာနိုး

သမင်များ၊ မျောက်များ၊ တောဝက်များနှင့် ဆိတ်များအပါအဝင် တိရစ္ဆာန်ကိုယ်အင်္ဂါများဖြင့် ဖော်စပ်ထားသော ရိုးရာဆေးများကို ခင်းကျင်းပြသထားစဉ်။ ဓာတ်ပုံ – ကေတီ အာနိုး

သို့သော် ကျိုက်ထီးရိုးဈေးတန်းအတွင်း စွန့်စွန့်စားစား လေ့လာကြည့်လေ ဈေးတက်လာလေလေပင် ဖြစ်တတ်သေးသည်။ ဦးဝင်းအောင်၏ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းချသော ဆိုင်ကြီးကို ဈေးတန်း၏ အောက်ခြေတွင် အလွယ်တကူ တွေ့ရှိနိုင်ပြီး လှေကားထစ်ပေါင်းများစွာ ဆင်းသက်ပြီးမှသာ ရောက်ရှိနိုင်သော နေရာဖြစ်သည်။

၎င်း၏ ရှားပါးပစ္စည်းများမှာ ကျိုက်ထီးရိုးတွင် ရှိနေသည်ဟုပင် မထင်ရပေ။ မကောင်းသတင်းဖြင့် ကျော်ကြားသော မြောက်ပိုင်းနယ်စပ်မြို့ဖြစ်သည့် မိုင်းလားမှ အိမ်တစ်အိမ်ဟုပင် ထင်ရလောက်ပေသည်။ ကျားသစ်နှင့် ဝက်ဝံသားရေများကို နံရံများပေါ်တွင် အလှဆင် ချိတ်ဆွဲထားပြီး ဆိုင်အလယ်ခေါင်သို့  ခုန်ချတော့မလိုလို ဖြစ်နေသည့် အဖြစ်ဆိုးလှသည့် အရေခွံဆုပ်၊ အသားထုတ်ထားသော အစင်းကြောင်းနှင့် အကွက်များ ရှိသည့် ကြောင်ဖြူတစ်ကောင်ကိုလည်း ပြသထားသေးသည်။

ကမ္ဘာလှည့် ခရီးသွားများမှာ ကွေးကောက်နေသော ကြောင်ဆီသို့ ကင်မရာ ထိုးချိန်လိုက်သောအခါတွင် “ဓာတ်ပုံရိုက်လို့မရဘူး” ဟု ဦးဝင်းအောင်က အော်လိုက်သည်။ “အာဏာပိုင်တွေကသာ အွန်လိုင်းပေါ်မှာ ပုံတွေကို တွေ့သွားရင် ကျွန်တော်တို့ကို ရုံးခန်းခေါ်ပြီး ပိတ်ပစ်ဖို့ ပြောလိမ့်မယ်” ဟု စောဒက တက်လိုက်သေးသည်။

ကျိုက်ထီးရိုး ဈေးတန်းအတွင်းရှိ ၎င်း၏ ပြိုင်ဘက်များနှင့် မတူသည့်အချက်မှာ ဦးဝင်းအောင်သည် မြန်မာဘုရားဖူးများအား ရောင်းချမပေးခြင်းပင်ဖြစ်သည်။ ပြည်ပဈေးဝယ်သူတစ်ဦးသည် မကြာသေးမီက ကျားသစ်ရေ တစ်ချပ်ကို ကျပ်ငွေ ၈၀၀,၀၀၀ ဖြင့် ဝယ်ယူသွားခဲ့သေးသည်။

ဆိုင်အမိုးပေါ်တွင်လည်း ကာမအားတိုးဆေးအဖြစ် ယုံကြည်သည့် တရုတ်နိုင်ငံတွင် ဝယ်လိုအား မြင့်မားသော ကျားလိင်တန်ခြောက် တစ်ချောင်းကို ချိတ်ဆွဲထားသည်။ ကျိုက်ထီးရိုးမှာ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားသော အဖွဲ့များအတွက် ထင်ရှားသည့်နေရာ တစ်ခုပင် ဖြစ်ဟန်ရှိတော့သည်။

ကျိုက်ထီးရိုးရှိ စီးပွားရေးလုပ်ငန်းများမှာလည်း တောရိုင်းတိရစ္ဆာန်များ ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေကို လက်တွေ့ဖော်ဆောင်ချိန်အထိ ဆက်လက်ကြီးထွားနေပေလိမ့်မည်။ သို့သော် လတ်တလော လုပ်ဆောင်ချက်များအရမူ အချိန်မနှောင်းခင် ပျောက်ပျက်သွားဖွယ်ရာ ရှိနေသည်။

“လာဝယ်တဲ့ ဦးရေက အမြဲလိုလို ဒီအတိုင်းပဲ ရှိနေပါတယ်” ဟု မသင်းသင်းက အရောင်းအဝယ်ကောင်းသော နေ့တစ်နေ့အဆုံးတွင် သူ့ ဆိုင်ကို ပိတ်သိမ်းခိုက် လှမ်းပြောလိုက်သည်။

“ဒါပေမဲ့ တိရစ္ဆာန်တွေ ရရှိဖို့အတွက် ခက်ခဲလာနေပါပြီ။ တခါတလေ ပစ္စည်းအသစ် တစ်ခုမှ မရဘဲနဲ့ အချိန်အကြာကြီး လက်ထဲရှိတာ ချရောင်းနေရတာမျိုးတွေလည်း ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

(ဆောင်းပါးပါ အမည်များမှာ နာမည်ရင်းများ မဟုတ်ဘဲ အမည်လွှဲများသာ ဖြစ်သည်။)

အောင်မင်း ဘာသာပြန်သည်။

တိုင်းရင်းဆေး ထည့်သွင်းဖော်စပ်ရန် စပါးအုံးမြွေ အရေခွံနှင့် အရိုးများကို ဓာတ်ပုံ မရိုက်ရန် တားမြစ်သည့် သတိပေးချက်ဆိုင်းဘုတ်နှင့်အတူ တွေ့ရှိရစဉ်။ ဓာတ်ပုံ – ကေတီ အာနိုး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.