စတိုးဆိုင်တစ်ခုအတွင်း ရောင်းချနေသော ဘီယာအမှတ်တံဆိပ်အမျိုးမျိုးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

စစ်တပ်ထုတ်ကုန်များသပိတ်မှောက်ခံရမှုကို ပြိုင်ဘက်ဘီယာများ အခွင့်ကောင်းမယူနိုင်သေး

စစ်တပ်ပိုင်ကုန်ပစ္စည်းများ သပိတ်မှောက်သည့်လှုပ်ရှားမှုကြောင့် စစ်တပ်ထုတ်ဘီယာများ ရောင်းအားကျဆင်းသွားပြီး ၎င်း၏ပြိုင်ဘက်ဘီယာများ ရောင်းအားမြင့်တက်လာသည်။ သို့တိုင် ယင်းပြိုင်ဘက်ဘီယာကုမ္ပဏီများသည် မြင့်တက်လာသည့် ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် ရုန်းကန်နေရပြီး သံဘူးပြတ်လပ်မှု ကြုံတွေ့နေရသည်။

ဖရွန်းတီးယားမြန်မာ

Chang ဘီယာအဖို့ ဖေဖော်ဝါရီ၁ရက် စစ်အာဏာသိမ်းမှုသည် ဈေးကွက်အတွင်း သွက်သွက်လပ်လပ် လှုပ်ရှားနိုင်ဖို့ မဟာအခွင့်အရေးတစ်ရပ် ဖြစ်ခဲ့သည်။

မကြာသေးမီက မြန်မာပြည်သို့ဝင်ရောက်လာပြီး မျက်နှာသစ်ကုန်ပစ္စည်းဖြစ်သည့်အလျောက် Chang ဘီယာသည် ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ပြည်တွင်းတွင်နေရာရရန် ဈေးကွက်ကိုကြီးစိုးထားသော အခြားဘီယာများနှင့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေရသည်။

ဖေဖော်ဝါရီ၁ရက်က စစ်အာဏာသိမ်းမှုကို တုံ့ပြန်သောအနေဖြင့် တက်ကြွလှုပ်ရှားသူများက ဘီယာ၊ ယမကာအပါအဝင် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရန် လှုပ်ရှားမှုတစ်ခု စတင်ခဲ့သည်။ ယင်းလှုပ်ရှားမှုက ဘီယာဈေးကွက်ကို အကြီးအကျယ်လှုပ်ခတ်စေခဲ့ပြီး မြန်မာဘီယာ၊ Andaman Gold နှင့် Black Shield စသည်တို့အပါအဝင် စစ်တပ်ထုတ်ကုန်အများအပြား၏ ရောင်းအားကို တစ်ဟုန်ထိုးကျဆင်းစေခဲ့သည်။ ထို့ပြင် ၎င်းတို့ကိုထုတ်လုပ်သည့် မြန်မာဘရူဝါရီလီမိတက်၏ ကုမ္ပဏီတန်ဖိုးကိုလည်း အမေရိကန်ဒေါ်လာ၁ဘီလျံခန့် ကျဆင်းစေခဲ့သည်။ မြန်မာဘရူဝါရီလီမိတက်သည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဂျပန်ဘီယာကုမ္ပဏီ Kirin တို့အကြား ဖက်စပ်လုပ်ငန်းလည်းဖြစ်သည်။

ဈေးကွက်ကျွမ်းကျင်သတင်းရင်းမြစ်များ၏အဆိုအရ အာဏာသိမ်းမှုမတိုင်ခင်က ၇၀ရာခိုင်နှုန်းခန့်ရှိခဲ့သော စစ်တပ်၏ရှယ်ယာတန်ဖိုးသည် ယခုအခါ ၃၀ရာခိုင်နှုန်းခန့်သာ တန်ကြေးရှိတော့သည်။ အချို့ဈေးကွက်လေ့လာသုံးသပ်သူများကမူ စစ်တပ်ထုတ်ကုန်များအနက် လူကြိုက်အများဆုံး ယမကာဖြစ်သည့် မြန်မာဘီယာ၏ရောင်းအားသည် စစ်အာဏာသိမ်းမှုအလွန်တွင် ၈၀မှ ၉၀ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။

ယင်းသို့ စစ်တပ်ပိုင်ယမကာထုတ်ကုန်များ ရောင်းအားကျဆင်းခြင်းမှာ အခြားစစ်တပ်ပိုင်မဟုတ်သော ဘီယာအမှတ်တံဆိပ်များဖြစ်သည့် Emerald Brewery (Chaing ဘီယာကိုထုတ်လုပ်သည့် ကုမ္ပဏီ)၊ Heineken Myanmar နှင့် Myanmar Carlsberg တို့အတွက် အခွင့်ကောင်းပင်ဖြစ်သည်။ သို့တိုင် ယင်းဘီယာများသည် မြင့်တက်လာသည့်ဝယ်လိုအားကို အမီလိုက်၍ ထုတ်လုပ်မှုမတိုးမြှင့်နိုင်ခြင်းနှင့် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်သော ကုန်ကြမ်းပစ္စည်းများ တင်သွင်းရေးစသည့် ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများကြောင့် လက်ရှိအခြေအနေကို အခွင့်ကောင်းယူရမည့်အစား ရုန်းကန်နေရသည်။

“မြန်မာဘီယာနဲ့ Andaman Gold တွေရဲ့ ဈေးကွက်ဝေစုက အရမ်းကြီးတယ်။ လူတွေက အဲဒီဘီယာတွေကို သပိတ်မှောက်ပြီး (တခြားဘီယာတွေကို ပြောင်းသောက်ကြတော့) ကျနော်တို့က အဲဒီလောက်ပမာဏကြီးကို မထုတ်လုပ်နိုင်ဘူး”ဟု Chang ဘီယာကို ထုတ်လုပ်သည့်ကုမ္ပဏီက ဖြန့်ဖြူးရေးမန်နေဂျာတစ်ဦးက ပြောသည်။ “(Chang) ဘီယာကို ဘယ်လောက်ထိ ဝယ်သောက်လာကြသလဲဆိုရင် ကျနော်တို့ရဲ့ နှစ်ကုန်ခန့်မှန်းရောင်းအား (annual sales target) က ခြောက်လနဲ့တင်ကို ပြည့်မီနေပြီ”ဟု ၎င်းက ဆက်ပြောသည်။

ယခုဆောင်းပါးအတွက် Heineken Myanmar နှင့် Emerald Brewery ကုမ္ပဏီတာဝန်ရှိသူများထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ Carlsberg က ကိုယ်စားလှယ်တစ်ဦးကမူ လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

သို့တိုင် ယင်းကုမ္ပဏီသုံးခုလုံးက သတင်းရင်းမြစ်များ၏ အဆိုအရ ၎င်းတို့အားလုံးသည် ဘီယာထုတ်ပိုးရာတွင် အသုံးပြုသည့်သံဘူးများ ရန်ကုန်ဆိပ်ကမ်းကတစ်ဆင့် တင်သွင်းရာတွင် (အာဏာသိမ်းမှုနောက်ပိုင်း) ကြုံတွေ့ရသည့် အခက်အခဲများကြောင့် သံဘူးပြတ်လပ်မှု ဖြစ်ပေါ်ခဲ့သည်။

“ဧပြီလကုန်မှာ ကျနော်တို့ဆီမှာ ၅၀၀မီလီလီတာဆံ့တဲ့ (ဘီယာဘူးကြီး) သံဘူးတွေကုန်သွားတယ်။ အဲဒါကြောင့် ကျနော်တို့ ၃၀၀မီလီလီတာဆံ့ သံဘူး (ပုံမှန်ဘီယာဘူးသေး)နဲ့ ၇၀၀မီလီလီတာဆံ့ပုလင်းတွေပဲ ရောင်းနိုင်တော့တယ်။ ၅၀၀မီလီလီတာဘူးတွေရဲ့ ဈေးကလုံးဝထိုးတက်သွားတယ်”ဟု Chang ဘီယာကုမ္ပဏီက ဖြန့်ဖြူးရေးမန်နေဂျာက ပြောသည်။

မေလတွင် သံဘူးပြတ်လပ်မှုပိုမိုဆိုးရွားလာသောအခါ လက်ကားရောင်းချသူအချို့က ဘီယာများကို ဈေးတင်ရောင်းလာကြသည်။ ယခင်က ၁၂၀၀ကျပ်သာပေးဝယ်ရသော ၅၀၀မီလီဆန့် Chang ဘီယာဘူးကြီးများသည် နောက်ပိုင်းတွင် ကျပ်၁၅၀၀အထိ ဈေးတက်လာသည်။

အခြား စစ်တပ်နှင့်ဆက်နွှယ်ခြင်းမရှိသော ဘီယာအမှတ်တံဆိပ်များလည်း ဈေးနှုန်းကျပ်၂၀၀ခန့် (မူရင်းဈေး၏ ၁၀မှ ၂၀ရာခိုင်နှုန်း)အထိ မြင့်တက်ခဲ့သည်။ ၎င်းစစ်တပ်ထုတ်ကုန်မဟုတ်သော ဘီယာအမျိုးအစားများတွင် Heineken Myanmar နှင့် Carlsberg တို့ ထုတ်လုပ်သည့် Heineken၊ Tiger ၊ Regal Seven တို့အပြင် Carlsberg က သီးသန့်ထုတ်လုပ်သည့် တူးပို့ (Tuborg)နှင့် ရိုးမ (Yoma) ဘီယာတို့လည်း ပါဝင်သည်။

Myanmar Carlsberg ကုမ္ပဏီက အရောင်းမန်နေဂျာတစ်ဦးကလည်း ၎င်းတို့ကုမ္ပဏီထုတ် ဘီယာအမှတ်တံဆိပ်များ၏ ရောင်းအားသည် Chang ဘီယာကဲ့သို့ပင် အချိန်အနည်းငယ်အတွင်း နှစ်ဆခုန်တက်သွားကြောင်း ဆိုသည်။ (အာဏာသိမ်းမှု နောက်ပိုင်း) များမကြာမီတွင် လူအများ တွင်တွင်ကျယ်ကျယ်သောက်သုံးနိုင်ရန် ထုတ်လုပ်ထားသော ရိုးမ (Yoma) ဘီယာမှာ ရောင်းအားမြင့်တက်လာပြီး သံဘူးပြတ်လပ်သွားသဖြင့် နောက်ပိုင်းတွင် ပုလင်းခွံများဖြင့်သာ ထုတ်လုပ်နိုင်တော့ကြောင်း ၎င်းကဆိုသည်။

“သံဘူးတွေပြတ်ကုန်တော့ ကျနော်တို့ ရိုးမဘီယာ အနီရော၊ အဝါရောကို ပုလင်းတွေနဲ့ပဲ ထုတ်တော့တယ်။ မြန်မာဘီယာရဲ့ ဈေးကွက်ဝေစုက အရမ်းကြီးလွန်းတဲ့ခါကျတော့ (မြန်မာဘီယာကိုသပိတ်မှောက်သည့်အခါ) ကာစတမ်မာတွေက တံဆိပ်ပြောင်းသောက်တဲ့အခါမှာ ကျနော်တို့က သူတို့ဝယ်လိုအားကို အမီမထုတ်နိုင်ဘူး”ဟု Myanmar Carlsberg မန်နေဂျာကပြောသည်။

အလားတူပင် ဧပြီလတွင် Heineken Myanmar ကုမ္ပဏီသည် သံဘူးပြတ်လပ်မှုကြုံတွေ့ခဲ့ရပြီး ဘီယာထုတ်လုပ်ရာတွင် နှောင့်နှေးမှုများ၊ ဈေးကွက်အတွင်း သံဘူးဖြင့်ရောင်းချသော ဘီယာပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ အမည်မဖော်ပြရန် မေတ္တာရပ်ခံထားသည့် အရောင်းမန်နေဂျာတစ်ဦးက ပြောသည်။

“ကျနော်တို့က လက်ကားသမားတွေ၊ နောက်ပြီး ဆိုင်တွေကနေ မှာသလောက်ကို အလုံအလောက်မထုတ်ပေးနိုင်တဲ့အတွက် ဈေးကွက်ထဲမှာ ဘီယာပြတ်လပ်ခဲ့တယ်။ ကျနော်တို့ဆီမှာ ထုတ်လုပ်မှုတိုးမြှင့်ဖို့အတွက် လှောင်ကန်အလုံအလောက်မရှိဘူး။ ပြီးခဲ့တဲ့လတွေမှာဆိုရင် ကျနော်တို့ဆီမှာ သံဘူးတွေပြတ်လပ်တာမျိုးလည်း ဖြစ်ခဲ့တယ်”ဟု ၎င်းက ပြောသည်။

ဆိပ်ကမ်းတွင်ဖြစ်ပေါ်နေသော ပြဿနာအချို့မှာ လက်ရှိအချိန်တွင် အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပြီးဖြစ်သည်ဟု သိရှိရသည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတွင် ပါဝင်ခဲ့ကြသော ကွန်တိန်နာယာဉ်မောင်းများနှင့် ဆိပ်ကမ်းအကောက်အခွန်ဝန်ထမ်းအများစုမှာ မေလတွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာကြပြီဖြစ်ကြောင်း လုပ်သက်နှစ်၃၀ခန့်ရှိပြီဖြစ်သည့် ဆိပ်ကမ်းအကောက်အခွန် ဝန်ထမ်းတစ်ဦးက ပြောသည်။

ထို့ပြင် ဘဏ်လုပ်ငန်းတွင် ဖြစ်ပေါ်ခဲ့သောအကျပ်အတည်းကြောင့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းရှင်များ ကြုံတွေ့ခဲ့ရသည့် ငွေပေးချေမှု၊ ငွေလွှဲပြောင်းမှု ပြဿနာများမှာလည်း အတန်အသင့်ပြေလည်သွားပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့တိုင် ဘီယာပြတ်လပ်မှုက ဆက်ရှိနေသေးကြောင်း ယမကာ လက်လီနှင့် လက်ကားအရောင်းဆိုင်ပိုင်ရှင်များက ဖရွန်းတီးယားမြန်မာကို ပြောသည်။

စတိုးဆိုင်တစ်ခုတွင် ရောင်းချနေသော ဘီယာအမှတ်တံဆိပ်အမျိုးမျိုးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

“အခုချိန်မှာတော့ ကျနော်တို့ရောင်းလို့ရတဲ့ ဘီယာအမျိုးအစားက နှစ်မျိုးသို့မဟုတ် သုံးမျိုးလောက်ပဲရှိတယ်။ ကျန်တဲ့ဘီယာတွေက အားလုံးပြတ်နေတယ်”ဟု သန်လျင်မြို့နယ်က ဘီယာလက်ကားရောင်းချသူတစ်ဦးက ဇွန်လကုန်တွင် ဖရွန်းတီးယားမြန်မာကို ပြောသည်။ “လက်ကားသမားတွေဆီက အော်ဒါတွေတက်တယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ ရောင်းဖို့မှမရှိတာ။​ ဘီယာကုမ္ပဏီတွေဆီက ဘီယာတွေမရောက်လာတော့ အခုလိုတွေဖြစ်ကုန်တာပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သာကေတမြို့နယ်က အခြားဘီယာလက်ကားရောင်းချသူတစ်ဦးကလည်း လက်ရှိအချိန်တွင် ၎င်းရောင်းချနေသော စစ်တပ်ထုတ်ကုန်မဟုတ်သော ဘီယာမှာ Chang ဘီယာ၊ ရိုးမနှင့် Tiger ၃၃၀မီလီလီတာ သံဘူးများဖြစ်ကြောင်း ပြောသည်။

“ABC လား၊ Heineken လား၊ Tiger ပြောမလား၊ Regal Seven ပဲဆိုမလား …. အားလုံး ပစ္စည်းပြတ်နေတယ်။ ဘီယာစက်ရုံတွေဆီကနေ ထပ်မှာလို့မရတဲ့အခါကျတော့ လက်လီသမားတွေကိုရောင်းဖို့ လှောင်ထားတဲ့ဟာတွေကို လက်လီသမားတွေအချင်းချင်း ပြန်ဝယ်ကြရတယ်။ အဲဒါကြောင့် ဘီယာက ဈေးတက်သွားတာ”ဟု ၎င်းက ပြောသည်။

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ဘီယာပြတ်လပ်မှုဆက်လက်ဖြစ်ပေါ်နိုင်ပြီး ဘီယာဈေးနှုန်းလည်း ထပ်မံမြင့်တက်နိုင်ကြောင်း ဈေးကွက်လေ့လာသူများက ခန့်မှန်းသည်။ ကိုဗစ်-၁၉ကပ်ရောဂါကြောင့်ပင် လက်ကားသမားများအချို့က လက်လီအရောင်းဆိုင်များကို ဆိုင်တိုင်ရာအရောက် ဘီယာဖြန့်ဖြူးမှုများ ရပ်တန့်လိုက်သည်။ လက်ကားသမားများထံတွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဝယ်ယူသည့် လက်လီဆိုင်သမားများအဖို့ သယ်ယူပို့ဆောင်ရေးစရိတ်က ထည့်တွက်ရမည်ဖြစ်သည်။

ပမာဏအနည်းငယ်ဖြင့် ရောင်းချနေသည့် လက်လီနှင့်လက်ကားဆိုင်များနှင့်ယှဉ်လျှင် ကုန်စုံဆိုင်လုပ်ငန်းကြီးများဖြစ်သော City Mart၊​ 1-Stop Market နှင့် G&G စတိုးဆိုင်များမှာ ကုန်ပစ္စည်းပြတ်လပ်သည့်ဒဏ်ကို သိပ်ခံရပုံမပေါ်ပေ။ သတင်းရင်းမြစ်များ၏အဆိုအရ အဆိုပါကုမ္ပဏီများသည် ဘီယာကုမ္ပဏီများနှင့် လက်ကားသမားများကဲ့သို့ အရောင်းအဝယ် ညှိနှိုင်းခွင့်ရရှိသောကြောင့်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

“သူတို့က ဘီယာကုမ္ပဏီတွေနဲ့ တိုက်ရိုက်စကားပြောပြီး ဘီယာဘူးတွေ လိုသလောက်မှာနိုင်လို့ပဲ”ဟု အရောင်းမန်နေဂျာတစ်ဦးက ပြောသည်။

ရှိရင်းစွဲဖောက်သည်များကို ဆုံးရှုံးမသွားစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာဘရူဝါရီက မြန်မာဘီယာဘူးများတွင် ကံစမ်းမဲများထည့်သွင်းသည့် အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပြီး ဖြုန်းအားကောင်းသည့်ဆိုင်များအား ခံစားခွင့်ပိုမိုပေးအပ်သော အစီအစဉ်တစ်ခုကိုလည်း ရက်တိုးချဲ့ပြုလုပ်ခဲ့ကြောင်း မြန်မာဘီယာကို ရန်ကုန်တွင် မြို့နယ်အလိုက် လိုက်လံဖြန့်ဖြူးနေသည့် လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ပုံမှန်ဆိုရင် ဘီယာဘူးအဖုံးမှာပါတဲ့ ကံစမ်းမဲက မေလဆို ပြီးပြီ။ ဒါပေမဲ့ သူတို့မှာ မရောင်းရတဲ့လက်ကျန်ဘီယာတွေ အတော်များများကျန်နေလို့ အဲဒီကံစမ်းမဲကာလကို ထပ်တိုးလိုက်တယ်”ဟု ၎င်းက ပြောသည်။ “မြန်မာဘီယာရဲ့ ရောင်းအားက ဆိုးဆိုးဝါးဝါးကျသွားတယ်။ အဲဒါကြောင့် အခုချိန်မှာ ကျနော်တို့အာရုံစိုက်နေတာက ရောင်းအားပြန်တက်လာဖို့ပဲ။ ဇူလိုင်လမှာလည်း သံဘူးတွေမှာ ကံစမ်းမဲထည့်တဲ့ အစီအစဉ်တွေလာဦးမယ်ထင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

ကံစမ်းမဲများထည့်သွင်းသည့်တိုင် ယခင်က ရောင်းအားအကောင်းဆုံးဖြစ်သော မြန်မာဘီယာ၏ရောင်းအားက အနည်းငယ်မျှပင် တက်မလာခဲ့ဟု သာကေတမြို့နယ်က ဘီယာလက်ကားရောင်းချသူက ဆိုသည်။

“မြန်မာရောင်းအားကတော့ အတော်ဆိုးတယ်။ ကံစမ်းမဲပါလည်း မရောင်းရတော့ဘူး”ဟု ၎င်းက ပြောသည်။

ဘီယာသောက်သုံးသူများသည် မြန်မာနှင့် စစ်တပ်ထုတ်ကုန်ဘီယာများသပိတ်မှောက်မှုကို တော်ရုံနှင့်ရပ်တန့်ရန်မရှိရာ ၎င်းတို့သည် ဘီယာထုတ်လုပ်မှုကို တိုးမြှင့်ရန် ပြင်ဆင်နေကြောင်း Heineken ကုမ္ပဏီ၏ အရောင်းမန်နေဂျာက ပြောသည်။

“ကျနော်တို့ ထုတ်လုပ်မှုတိုးမြှင့်နိုင်ဖို့ လိုအပ်တဲ့အပြောင်းအလဲတွေ လုပ်နေတယ်”ဟု ၎င်းက ပြောသည်။

စစ်တပ်ထုတ်ကုန်များအပေါ် သပိတ်မှောက်ခြင်းသည် အခြားဘီယာအမှတ်တံဆိပ်များအတွက် အခွင့်အရေးတစ်ရပ် ဖြစ်ပေါ်စေခဲ့သည်။ သို့တိုင် ယမကာအရောင်းဆိုင်များကမူ ယင်းအခြေအနေသည် အကောင်းဆုံးမဟုတ်ဟု ဆိုကြသည်။ အဓိကအားဖြင့် ဘီယာသံဘူးပြတ်လပ်မှုနှင့် ယင်းကြောင့်ဖြစ်ပေါ်သည့် (များများစားစားမထုတ်နိုင်သဖြင့်) ဈေးနှုန်းမြင့်တက်လာမှုတို့ကြောင့် ဘီယာများ တဖန်အရောင်းထိုင်းလာပြီး ဆိုင်များအတွက် အမြတ်အစွန်းနည်းပါးလာသည်ဟု ၎င်းတို့ကဆိုသည်။ အချို့ယမကာ အရောင်းဆိုင်များဆိုလျှင် ဈေးကြီးပေးဝယ်ရသည့် ၎င်းတို့၏ ယစ်မျိုးရောင်းချခွင့်လိုင်စင်ကို ပြန်ထုတ်ရောင်းပြီး လုပ်ငန်းရပ်နားရန်အထိပင် စဉ်းစားလာကြသည်။

“မြန်မာဘီယာနဲ့ Andaman Gold ကို ဘယ်သူမှမသောက်ဘူး။ အဲဒီတော့ ဒီဘီယာလက်ကျန်တွေက အများကြီးပဲ။ ဘယ်လိုမှလဲ​ အစွံထုတ်လို့မရဘူး။ အရမ်းရောင်းရတဲ့ဘီယာတွေကျ ပစ္စည်းပြတ်နေတယ်။ ပြီးတော့ ဈေးကလည်းကြီးတယ်။ အဲဒါကြောင့် လူတွေက ဝယ်မသောက်နိုင်ကြပြန်ဘူး”ဟု ဘီယာအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယင်းအခြေအနေတွင် Leo၊ Singha၊ Corona၊ Diablo၊ Hemper နှင့် Maximum ကဲ့သို့ စသည့်ဘီယာအမျိုးအစားများ နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ တရားမဝင်လမ်းကြောင်းများကတစ်ဆင့် အလုံးအရင်းတင်သွင်းမှုများ ရှိနေသည်ဟု ဘီယာဖြန့်ဖြူးရေးတာဝန်ခံများက ဆိုသည်။

“ဒီခေတ်ကြီးမှာ မှောင်ခိုဈေးကွက်က ဝင်လာတဲ့ ဘီယာတွေက အများကြီးပဲ။ တိုင်းပြည်က နိုင်ငံရေးအကျပ်အတည်း ကြုံနေရတဲ့အချိန်မှာ အာဏာပိုင်တွေက တရားမဝင်သွင်းကုန်တွေကို မစိစစ်နိုင်ဘူး။ မကြပ်မတ်နိုင်ဘူး။​ အဲဒီတော့ မှောင်ခိုဈေးကွက်သမားတွေက ကြိုက်သလိုလုပ်လို့ရနေတဲ့ အခြေအနေပါပဲ”ဟု Chang ဘီယာ၏ အရောင်းမန်နေဂျာက ပြောသည်။

“ကျနော်တို့က ကိုယ့်ဈေးကွက်ကိုယ်ချဲ့ဖို့ လုပ်တုန်းရှိသေးတယ်၊ မှောင်ခိုဈေးကွက်က ဘီယာတွေက ကျနော်တို့ဆီကနေ ဈေးကွက်ကိုဝင်လုနေသလိုဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.