မသော်သော်နှင့် ၎င်း၏မိခင်ဖြစ်သူ ဒေါ်သန္တာအေးတို့ အတူတွဲ၍ ရိုက်ကူးထားသော ဓာတ်ပုံတစ်ခုကို မြင်တွေ့ရစဉ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မသော်သော်ကို မဖမ်းမိသောအခါ ၎င်း၏မိခင်ဖြစ်သူ ဒေါ်သန္တာအေးကို ဖမ်းဆီး၍ အမှုမဖွင့်ဘဲ​ ဆက်လက်ထိန်းသိမ်းထားသည်။ (ဓာတ်ပုံ | ပေးပို့)

တက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေကို ဓားစားခံဖမ်းဆီးမှု

စစ်ကောင်စီသည် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန် ကြိုးပမ်းသော်လည်း မဖမ်းမိသောအခါ ၎င်းတို့၏ မိသားစုဝင်များကို ဖမ်းဆီးလေ့ရှိသည်။ အချို့ကိစ္စများတွင် မိသားစုဝင်များကို တရားစွဲဆိုသော်လည်း အချို့ကိစ္စများတွင်မူ တရားစွဲဆိုခြင်းမပြုဘဲ ကာလရှည်ကြာ ထိန်းသိမ်းထားလေ့ရှိသည်။

ဖရွန်းတီးယားမြန်မာ

စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းမျှ၌ပင် အသက် ၂၁နှစ်အရွယ်ရှိ မခိုင်ဇင်သော်သည် မိုးကုတ်မြို့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွလှုပ်ရှားစွာပါဝင်လာခဲ့သည်။  သော်သော်ဟု လူသိများသည့် ၎င်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှာလည်း ဒီမိုကရေစီအရေးအတွက် တက်ကြွလှုပ်ရှားမှုပုံရိပ်များနှင့် ရေးသားချက်များပြည့်နှက်နေသည့် စာမျက်နှာတစ်ခုဖြစ်လာသည်။

မသော်သော်သည် လူမှုကွန်ရက်တွင် မိခင်ဖြစ်သူနှင့် အပျော်တမ်းရုပ်သံများရိုက်တင်ရာမှ နာမည်ကျော်ကြားလာသည့် အွန်လိုင်းဆယ်လီတစ်ဦးဖြစ်ပြီး ၎င်း၏ တရားဝင်စာမျက်နှာ Thaw Thaw with Mom သည် Like သိန်းချီရရှိထားသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်သည့် မြောက်မြားစွာသော ထင်ရှားကျော်ကြားသူများနည်းတူ မသော်သော်ကို အာဏာသိမ်းစစ်ကောင်စီက ဧပြီလအတွင်း ရာဇသတ်ကြီး၊ ပုဒ်မ ၅၀၅- က ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။

ဖမ်းဝရမ်းအထုတ်ခံရပြီးနောက်တွင် အခြားတက်ကြွလှုပ်ရှားသူများနည်းတူ မသော်သော်သည် နေအိမ်စွန့်ခွာ၍ အဖမ်းမဆီးခံရအောင် ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည်။ သို့သော်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးကုတ်မြို့ရှိ ၎င်း၏နေအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး မိဘနှစ်ပါးဖြစ်သော အသက် ၅၀အရွယ်ရှိ ဦးကျော်မြင့်နိုင်၊ အသက် ၄၇နှစ်အရွယ်ရှိ ဒေါ်သန္တာအေးနှင့် ယောင်းမဖြစ်သူတို့ကို မိုးကုတ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားတော့သည်။

“အိမ်မှာရှိတဲ့သူ အကုန်ဖမ်းသွားတယ်။ ပြီးတော့ ပြန်မလွွှတ်တော့ဘူး”ဟု မသော်သော်က ဝမ်းနည်းစွာပြောသည်။ စစ်ကောင်စီတပ်များက ၎င်း၏မိဘနှစ်ပါးကို ဖမ်းဆီးလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ကြောင်း ၎င်းကဆိုသည်။

လွန်ခဲ့သော လများတွင် မသော်သော်၏မိဘနှစ်ပါးအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတို့၏ မိသားစုဝင်များမှာ   အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းမှု ခံလာရသည်။ ယင်းသို့ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ၎င်းတို့ကို ဓားစာခံအဖြစ် ခေါ်ဆောင်ထားသကဲ့သို့ဖြစ်ပြီး မိသားစုဝင်များအား ဖမ်းဆီးခြင်းအားဖြင့် တက်ကြွလှုပ်ရှားသူများသည် မိမိတို့ကိုယ်ကိုယ် ပြန်အဖမ်းခံလာလိမ့်မည်ဟု ယူဆချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်နိုင်ပေသည်။ သို့တိုင် ယင်းနည်းလမ်းဖြင့် ဖမ်းဆီးခံရသည့် တက်ကြွလှုပ်ရှားသူအများအပြား၏ မိသားစုဝင်များမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် လားလားမျှ သက်ဆိုင်သူများ မဟုတ်ကြချေ။

နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ကူညီရေးအဖွဲ့ (AAPP)က ပြုစုသည့် ဇူလိုင်လဆန်းပိုင်းအထိ စာရင်းဇယားများအရ တက်ကြွလှုပ်ရှားသူများကို မမိသဖြင့် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသော ၎င်းတို့၏ မိသားစုဝင်ဦးရေ (အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီကဆိုလျှင်) ၈၅ဦးခန့် ရှိကြောင်း၊ ၎င်းတို့အနက် ၆၅ဦးမှာ ဆက်လက်ထိန်းသိမ်းခံထားရ ဆဲဖြစ်သည်။

အဖမ်းဆီးခံရသူများတွင် အသက်မပြည့်သည့်ကလေးငယ်များ၊ ဆန္ဒပြလှုပ်ရှားမှုများတွင်ပါဝင်ခြင်းမရှိသည့် သက်ကြီးရွယ်အိုများပါဝင်ခဲ့သည်။ အချို့မှာ လက်ရှိအချိန်ထိ ကျန်မိသားစုဝင်၊ ဆွေမျိုးများနှင့် အဆက်အသွယ် ပြတ်တောက်လျက်ရှိပြီး အချို့ကိုမူ စစ်ကောင်စီက ရာဇသတ်ကြီး၊ ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲဆိုထားသည်။

“အာဏာသိမ်း စစ်အုပ်စုက သူတို့ဖမ်းချင်တဲ့သူကိုမရရင်  မိသားစုတွေကို ဓားစာခံလုပ်ပြီး ဖမ်းဆီးတာပါ။ ဒါဆိုရင် တက်ကြွလှုပ်ရှားသူတွေ လာအဖမ်းဆီးခံမလားပေါ့”ဟု မန္တလေးအထွေထွေသပိတ်တပ်ပေါင်းစုတွင် ပါဝင်သော စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ကိုကျော်သီဟက ပြောသည်။

အသက် ၂၁နှစ်ရှိပြီဖြစ်သည့် ကိုကျော်သီဟသည် စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဖြစ်သည်။ ဇွန်လအတွင်း ကိုကျော်သီဟကို ဖမ်းဆီးရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ နေအိမ်သို့ရောက်ရှိလာပြီး ၎င်းကို မတွေ့သောအခါ ဖခင်ဖြစ်သူနှင့် ဦးလေးတော်စပ်သူ အမျိုးသားသုံးဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

“တကယ်တော့ စစ်တပ်က ပြန်ပေးစွဲတာပါ”ဟု သူက ပြောသည်။

အသက်ငယ်ဆုံး နိုင်ငံရေးအကျဉ်းသား

မိုးကုတ်မြို့က အခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော ကိုစိုးဌေးသည်လည်း ရာဇသတ်ကြီး၊ ပုဒ်မ၅၀၅-ကဖြင့် အမှုဖွင့်ခံရပြီးနောက်ပိုင်းတွင် အာဏာပိုင်များ ဖမ်းဆီးမှုမှ ရှောင်လွှဲရန် ဖေဖော်ဝါရီတွင် နေအိမ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဇွန်၁၅ရက်၊ နံနက်ပိုင်း ၁၀နာရီဝန်းကျင်တွင် ကိုစိုးဌေးထံသို့ ဇနီးဖြစ်သူက ဖုန်းဖြင့် ဆက်သွယ်လာပြီး နေအိမ်တွင် ရဲများက သူ့ကို လာရောက်ရှာဖွေကြောင်း ပြောဆိုသည်။ ယင်းမှာ ကိုစိုးဌေးအဖို့ ဇနီးဖြစ်သူနှင့် နောက်ဆုံးအကြိမ် စကားပြောခွင့်ရခဲ့ခြင်း ဖြစ်သည်။

“ကျနော့်ကို အိမ်မှာ ရဲတွေလေးကြိမ်မြောက် လာရှာတာကို မိန်းမက ဖုန်းဆက်လှမ်းပြောတာပါ။ ပြီးတော့ သူတို့ကို စိတ်မပူနဲ့ဆိုပြီး ပြောတယ်။ ကျနော့်အမျိုးသမီးနဲ့ စကားပြောရတာအဲဒါနောက်ဆုံးပဲ”ဟု ကိုစိုးဌေးက ပြောသည်။

ဖုန်းချပြီးနောက် တစ်နာရီခန့်အကြာတွင် အခြေအနေမှာ ရုတ်ချည်းပြောင်းလဲသွားသည်။

ရဲနှင့် စစ်သား အင်အား ၂၀ခန့်သည် ၎င်းတို့နေအိမ်သို့ ထပ်မံရောက်ရှိလာပြီး ကိုစိုးဌေး၏ အမျိုးသမီး၊ သမီးနှစ်ယောက်နှင့် အိမ်သို့ ထိုစဉ်အလည်အပတ်ရောက်ရှိနေသည့် အိမ်နီးချင်းအမျိုးသမီးတစ်ဦးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ကိုစိုးဌေး၏ သမီးနှစ်ယောက်အနက် သမီးကြီးမှာ တက္ကသိုလ်ကျောင်းသူဖြစ်ပြီး သမီးငယ်မှာ အသက်လေးနှစ်အရွယ်သာ ရှိသေးသည်။

သို့ဖြစ်ရာ အသက်လေးနှစ်သာရှိသေးသော်လည်း စစ်ကောင်စီက ဖမ်းဆီးခဲ့သော မဆုထက်ဝင်းသည် နိုင်ငံရေးကြောင့် စစ်ကောင်စီက ဖမ်းဆီးသူများအနက် အသက်အငယ်ဆုံး နိုင်ငံရေးအကျဉ်းသားဖြစ်လာသည်။ မဆုထက်ဝင်းသည် ထောင်ထဲမှာပင် အသက်ငါးနှစ်အရွယ်မွေးနေ့ကို ဖြတ်သန်းခဲ့သည်။

“တက္ကသိုလ်ကျောင်းသူ ကျနော့်သမီးကြီးကို အရင်ဆုံးလက်ထိတ်ခတ်တယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်ကုန်တယ်။ ပြီးတော့ လေးနှစ်အရွယ် ကျနော့်သမီးကိုပါ ခေါ်သွားတယ်”ဟု ကိုစိုးဌေးက စိတ်ပျက်လက်ပျက် ပြောဆိုသည်။  

“သမီးကြီးက သွေးလေးဘက်နာရောဂါရှိတယ်။ အေးရင် ခြေဆစ်၊ လက်ဆစ်တွေကိုက်တယ်။ သူတို့ ဖမ်းသွားတဲ့ အချိန်မှာ ဘာမှ မပါသွားဘူး။ ဆေးတွေဘာတွေလည်းမပါဘူး။ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုပဲပါသွားတယ်”ဟု ၎င်းက ပြောသည်။

ကိုစိုးဌေးသည် ဖမ်းဆီးခံရထားရသော ဇနီးနှင့်များအကြောင်း သတင်းအစ၊​ အန လုံးဝမရရှိခဲ့ပေ။ ၎င်းတို့၏ ဆွေမျိုးနီးစပ်သူများက မိုးကုတ်ရှိ ရဲစခန်းများသို့ သွားရောက်စုံစမ်းခဲ့သော်လည်း ကိုစိုးဌေး၏ ဇနီးသည်နှင့် သမီးဖြစ်သူတို့အကြောင်း တစ်စုံတစ်ရာ မသိရှိခဲ့ရပေ။

“တွေ့ခွင့်လည်း မရဘူး။ မေးခွင့်လည်း မရဘူး။ ဘယ်မှာဆိုတာကို မသိရဘူး။ ဘာမှကို အကြောင်းမကြားဘူး။ ဘာမှကို ဆက်သွယ်လို့မရဘူး။ မိုးကုတ်ရဲစခန်းမှာ တာဝန်ရှိသူတွေကို တခြားဆွေမျိုးတွေကို သွားမေးတယ်။ မေးရင် အဝမှာပဲ နာမည်ပြောလိုက်တာနဲ့ မောင်းထုတ်တယ်”ဟု ကိုစိုးဌေးက ပြောသည်။

ကိုစိုးဌေး၏ သမီးငယ် မဆုထက်ဝိုင်းကိုမူ ဖမ်းဆီးပြီး ၁၅ရက်ခန့်အကြာ ဇွန်၃၀ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဇနီးသည်ဖြစ်သူ မကြည်ကြည်ခိုင်နှင့် သမီးကြီး မသိမ့်စန္ဒီစိုးတို့ကိုမူ စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားသည်။ ပြန်လည် လွတ်မြောက်လာသော သမီးငယ်ကို ဖခင်ဖြစ်သူ တိမ်းရှောင်ရာနေရာသို့ အသိမိတ်ဆွေများက ပို့ဆောင်ပေးခဲ့သည်။

ချုပ်နှောင်ခံရမှုမှ ပြန်လွတ်မြောက်လာခဲ့သည့်တိုင် ငယ်ရွယ်နုနယ်ချိန်တွင် အဖမ်းအဆီးများကို မျက်မြင်ကြုံတွေ့ခဲ့ရသော ကလေးငယ်မှာ စိတ်ဒဏ်ရာရရှိနေသည်။ ကိုစိုးဌေး၏ ဇနီးသည် မကြည်ကြည်ခိုင်နှင့် သမီးကြီး မသိမ့်စန္ဒီစိုးတို့ကိုမူ စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားသည်။

“ပထမနေ့က ညအိပ်ရာဝင်ခါနီးမှာ မေမေနဲ့ မမဒီအချိန်ဆို အိပ်ပြီလားမသိဘူးဆိုပြီး မေးတယ်” ဟု ကိုစိုးဌေးက ပြောဆိုသည်။ 

“ပြီးတော့ ထောင်ထဲမှာ ပုံစံထိုင်ခိုင်းတဲ့သူတွေကို မုန်းတယ်လို့လည်း သူကပြောတယ်။ ကလေးရဲ့ အခြေအနေက လူကတော့ ထောင်ကပြန်လွတ်လာတယ်။ စိတ်ကတော့ မလွတ်မြောက်သေးဘူး”ဟု ၎င်းက စိတ်မသက်မသာပြောသည်။

အသက်၅နှစ်သာရှိသေးသည့် မဆုထက်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပိုစတာတစ်ခုကို ကိုင်ဆောင်၍ မိုးကုတ်မြို့၊ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။ (ဓာတ်ပုံ | ပေးပို့)

စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခြင်း

ဖမ်းဆီးထိန်းသိမ်းခံရစဉ်တွင် အချို့တက်ကြွလှုပ်ရှားသူများ၏ ဆွေမျိုးများမှာ နှိပ်စက်စစ်ဆေးခံခဲ့ရသည်။

မန္တလေးက ကိုကျော်သီဟ၏ ဖခင်သည် ရက်ပေါင်းသုံးရက်သာ အဖမ်းခံရသော်လည်း လေးမျက်နှာစစ်ကြောရေးစခန်းတွင် ဖမ်းဆီးခံရစဉ်အတွင်း အာဏာပိုင်များက ၎င်းကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်။

“အဖေ့ကို ကျင်စက်နဲ့ တို့တယ်။ တုတ်နဲ့ရိုက်တယ်။ ဒူးထောက်ထိုင်ခိုင်းတယ်။ ရေပေးမချိုးဘူး။ ထမင်းကို ကျွေးချင်တဲ့ အချိန်မှ ကျွေးတယ်။ နောက်တော့ တရားခံမဟုတ်ဘူးဆိုပြီး ပြောင်ပြောင်ပဲပြန်လွှတ်လိုက်တယ်”ဟု ကိုကျော်သီဟက ဒေါသ တကြီး ပြောဆိုသည်။

“ကျောကုန်းတွေမှာ ဒဏ်ရာတွေရကုန်တယ်။ တစ်ပတ်လောက် ဆေးကုသမှုခံယူခဲ့ရတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ရက်သတ္တပတ်ခန့် ဆေးကုသမှုခံယူပြီးနောက် ၎င်း၏မိသားစုဝင်များသည် နေအိမ်ကို စွန့်ခွာ၍ နေရာတစ်ခုတွင် ထွက်ပြေးတိမ်းရှောင်လိုက်ကြသည်။

ထိုသို့ စစ်ကြောရေးစခန်းပို့ဆောင်ခံရသူများတွင် ကွမ်းခြံကုန်းမြို့နယ်၊ တော်ကူးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် အသက်၂၃နှစ်အရွယ် မသဇင်ဆန်နီလည်း ပါဝင်သည်။ ၎င်းသည် အင်ဂျင်နီယာဘွဲ့ရ ကျောင်းသူတစ်ဦးလည်းဖြစ်သည်။

ဧပြီ၂၅ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်သော ဖခင်ဖြစ်သူဦးဆန်နီကို နေအိမ်တွင် လာရောက်ရှာဖွေစဉ် မတွေ့ရှိခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အိမ်တွင်ရှိနေသော မသဇင်ဆန်နီကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

“ဖမ်းခေါ်သွားချင်းချင်း လိုက်ထုတ်ဖို့ ကြိုးစားတယ်။ မြို့နယ်စခန်းမှူးကိုလည်း သွားပြောတယ်။ ဒါပေမဲ့ မရခဲ့ဘူး”ဟု အမည်မဖော်လိုသည့် မသဇင်ဆန်နီ၏ မိသားစုဝင်တစ်ဦးက ပြောပြသည်။

ဖမ်းဆီးပြီးခေါ်ဆောင်ပြီးနောက် ညတွင်းချင်းပင် ၎င်းကို ရန်ကုန်မြို့ရှိ၊ ရွှေပြည်သာစစ်ကြောရေးစခန်းသို့ ပို့ဆောင်လိုက်သည်။

“စစ်ကြောရေးမှာ ၁၀ရက်ကြာတယ်။ သူ့ကို စကားနဲ့ ခြိမ်းခြောက်တယ်။ တုတ်နဲ့ ရိုက်တယ်လို့ ရှေ့နေက တစ်ဆင့် ပြန်သိရတယ်”ဟု အဆိုပါမိသားစုဝင်က စိတ်မသက်မသာဖြင့် ပြောသည်။

“သူက ဘာအမှုမှ မကျူးလွန်ဘူး။ အဲဒါကို  စစ်ကြောရေးမှာ ရိုက်နှက်စစ်ဆေးတာက တော်တော်မတရားသဖြင့် အနိုင်ကျင့်ခံရတာပဲ”ဟု ၎င်းက ဆက်ပြောသည်။

ယင်းနောက် မေ၊ ပထမပတ်တွင် စစ်ကောင်စီက မသဇင်ဆန်နီကို အင်းစိန်ထောင်သို့ပို့လိုက်ပြီး ရာဇသတ်ကြီး၊ ပုဒ်မ၅၀၅-ကဖြင့် အမှုဖွင့်တရားစွဲဆိုလိုက်သည်။

“ဖြစ်နိုင်ရင် ကျမတို့အစ်မကို အမြန်ပြန်လွတ်စေချင်ပြီ။ သူ့မှာ ဘာအပြစ်မှလည်း မရှိဘူး။ သူ့အဖေဘာလုပ်လဲတောင် သူက သေသေချာချာမသိဘူး”ဟု အဆိုပါမိသားစုဝင်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းက စစ်ကောင်စီသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ မိမိကိုယ်ကိုယ် လာရောက်အဖမ်းခံရန် မိသားစုဝင်များအား ဓားစာခံလုပ်ဖမ်းဆီးခြင်းပင်ဖြစ်ကြောင်း သုံးသပ်သည်။

“သူတို့က အဲဒီလိုလုပ်ရင် အောင်မြင်မယ်လို့ထင်ပုံရတယ်။ ဒါပေမဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ဒီမိုကရေစီရရှိဖို့အတွက် မိသားစုတွေ အဖမ်းခံရသည့်တိုင်အောင် နောက်ပြန်လှည့်မှာမဟုတ်ဘူး။ အဲဒါကြောင့် စစ်အုပ်စုရဲ့ အားထုတ်မှုဟာ အရာမထင်ဘူး”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရသည် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ်အင်ဒရူးအပါအဝင် ကုလသမဂ္ဂကို တိုင်ကြားထားကြောင်း ၎င်းက ဆိုသည်။

အကြောက်တရားဖြင့် ဖိနှိပ်ခြင်း

မိသားစုဝင်များကို ဖမ်းဆီးခြင်းနှင့်နှိပ်စက်ခြင်းများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများအပေါ်လည်း စိတ်ပိုင်းဆိုင်ရာအရ ရိုက်ခတ်မှုများရှိနေသည်။ အဖမ်းဆီးမခံရသည့်တိုင် တက်ကြွလှုပ်ရှားသူအများအပြားသည် ၎င်းတို့၏ မိသားစုဝင်များ ဖမ်းဆီးနှိပ်စက်ခံလာရသောအခါတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ဆက်လက်ပါဝင်ရေးသည် ပို၍ခက်ခဲလာစေသည်။

စစ်ကောင်စီသည် ယခုကဲ့သို့ တက်ကြွလှုပ်ရှားသူများ၏မိသားစုဝင်များကို ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးအရေးယူနေကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုအောင်ဝင်း(အမည်လွှဲ) က ပြောသည်။

“လူထုကို အကြောက်တရား ရိုက်သွင်းတာပါ။ ကျနော်တို့ မိသားစုဝင်တွေက စစ်အာဏာရှင် လှုပ်ရှားမှုမှာမပါဘူး။ ဒါပေမဲ့ သူတို့ပါ အန္တရာယ်ရှိနေတယ်။ ဒါက မြန်မာ စစ်တပ်မှာရှိတဲ့ ဖက်ဆစ် လက္ခဏာတစ်ရပ်ပဲ။ သူတို့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကို အကြောက်တရားနဲ့ ထိန်းချုပ်နိုင်အောင် ကြိုးပမ်းတာပါ”ဟု ကိုအောင်ဝင်းက ပြောသည်။

ကျောင်းသားသမဂ္ဂများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အဓိကကျသောကဏ္ဍက ပါဝင်လေ့ရှိရာ ၎င်းတို့ကို စစ်တပ်က ပစ်မှတ်ထားဖမ်းဆီးလေ့ရှိသည်။ မိသားစုဝင် တစ်ဦးဦး အဖမ်းခံရမည် စိုးရိမ်သဖြင့် ၎င်းတို့မိသားစုသည် နေအိမ်နှင့် မိသားစုပိုင်လုပ်ငန်းကို ဇွန်၁၀ရက်က ပိတ်သိမ်းလိုက်ပြီး အခြားနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌကိုမင်းဟန်ထက်က ဆိုသည်။

အသက်၁၃နှစ်သာရှိသေးသည့် ညီငယ်ဖြစ်သူမှာ ၎င်းကိုဝင်ရောက်ဖမ်းဆီးမှုအတွင်း ဓားဖြင့်ထောက်၍ မေးမြန်းခံရခြင်း၊ ဖခင်ဖြစ်သူ ရိုက်နှက်ခံရသည်ကို ထိတ်လန့်ခြောက်ခြားဖွယ် မြင်တွေ့ခဲ့ရကြောင်း ကိုကျော်သီဟက ပြောသည်။

“ကလေးတွေရှေ့မှာ အော်ဟစ်စစ်ဆေးတာတွေ လုပ်တယ်။  အဲဒီတော့ ကလေးတွေအတွက်လည်း စိတ်ဒဏ်ရာရတယ်။ ကျနော့်ညီက ညဘက်အိပ်လို့ ကားစက်သံကြားရင် အထိတ်တလန့်နဲ့ လန့်နိုးတာတွေဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

“ဒါက ဘာကိုပြနေတာလဲဆို စစ်အုပ်စုက ငါတို့ကို ဆန့်ကျင်ရင် မင်းတင်မဟုတ်ဘူး။ မိသားစုပါ ထိခိုက်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့ သဘောပါ”ဟု ၎င်းက ဆက်ပြောသည်။

စစ်တပ်အုပ်ချုပ်မှုအောက်တွင် ထို့ထက် ပို၍ဆိုးဝါးသည့် အခြေအနေများ များမကြာမီ ကြုံတွေ့လာရနိုင်သည်ဟု ယုံကြည်ကြောင်း ဖရွန်းတီးယားမြန်မာက ဆက်သွယ်မေးမြန်းသည့် တက်ကြွလှုပ်ရှားသူများက တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။

မိသားစုဝင်များ ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့်တိုင် စစ်အာဏာရှင်ကို အရှုံးမပေးရန် အရေးကြီးသည်ဟု ကိုကျော်သီဟက ဆိုသည်။

“စစ်အာဏာရှင်စနစ်အောက်မှာ ဒီလိုအဖြစ်အပျက်တွေ၊ ဒီထက်လူမဆန်တာတွေ ဖြစ်နေဦးမှာပဲ။ ဒီထက်ဆိုးတဲ့ ဖိနှိပ်မှုတွေ လာနိုင်တယ်။ ဒါတွေကို ကျနော်တို့ ကြံ့ကြံ့ခံနိုင်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

မိုးကုတ်မြို့မှတက်ကြွလှုပ်ရှားသူ ကိုစိုးဌေးအတွက်မူ ဇနီးဖြစ်သူနှင့် သမီးနှစ်ဦးကို ဖမ်းဆီးခံခဲ့ရခြင်းကပင် ၎င်း၏ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်များကို ပို၍ခိုင်မာလာစေသည်ဟု ပြောသည်။

“အဲဒီဖြစ်ရပ်က ကျနော့်အတွက် တော်လှန်ရေးမှာ တွန်းအားဖြစ်စေတယ်။ ကျနော့်မိသားစုရဲ့အဖြစ်က ဒီစစ်အာဏာရှင်စနစ်ကို အမြတ်ဖြတ်၊ ဖြုတ်ချဖို့ အရေးကြီးတယ်ဆိုတာကို မီးမောင်းထိုးပြနေတယ်”ဟု ကိုစိုးဌေးက ပြောသည်။

“ဒါကြောင့် အကြမ်းဖက်စစ်အုပ်စု ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမယ်။ အရှုံးပေးလို့မရဘူး”

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.