မူဆယ်မြို့အနီး မြင်တွေ့ရသော ဖရဲသီးတင်ကုန်တင်ကားအချို့။ (ဓာတ်ပုံ | ပေးပို့)

တရုတ်နယ်စပ်ပိတ်ချမှုကြောင့် အခက်ကြုံနေရတဲ့ မြန်မာ့ပို့ကုန်များ

တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေးဂိတ်တွေအားလုံးကို ပိတ်လိုက်တဲ့အတွက် မြန်မာရဲ့ ပို့ကုန်စျေးကွက်အပေါ် အကြီးအကျယ်ရိုက်ခတ်မှု ရှိနေပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးနဲ့အတူ တင်းကျပ်လာတဲ့စည်းမျဉ်းစည်းကမ်းတွေကြောင့် လွန်ခဲ့တဲ့တစ်နှစ်ကျော်ကာလကတည်းက မြန်မာ့ပို့ကုန်ကဏ္ဍဟာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဖရွန်းတီးယားမြန်မာ

တရုတ်က မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့နယ်စပ်ဂိတ်အားလုံးကို ဇူလိုင် ၈ရက်၊ နေ့လယ်ပိုင်းက ရုတ်တရတ် ပိတ်ချလိုက်တာကြောင့် ကုန်တင်ယာဉ်မောင်း စိုင်းလှဖုန်းတစ်ယောက် မူဆယ်နယ်စပ်မှာ ပိတ်မိနေခဲ့ပါတယ်။

အချိန်ကြာကြာ ပိတ်မိမယ်ဆိုတော တကယ်တော့ သူကြိုတင်ခန့်မှန်းပြီးသားပါ။ ဒါကြောင့် ဒီအခြေအနေအပေါ် ကိုစိုင်းလှဖုန်းကတော့ စိုးရိမ်ကြောင့်ကြမှု သိပ်မရှိလှပါဘူး။ သူ့ကုန်ကားမှာတင်လာတဲ့ ပဲတီစိမ်းတွေက အထားခံတာကြောင့်လည်း စိတ်မပူတာဖြစ်ပါတယ်။

“အခုလိုအခြေအနေက ကားသမားတွေအတွက်တော့ သိပ်မနစ်နာဘူး ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားသမားတွေက ဒီမှာ တစ်နေ့ပိုနေရင် တစ်နေ့စာအတွက် နေ့စားခပိုရကြတယ်”လို့ စိုင်းလှဖုန်းက ပြောပါတယ်။

“အဓိကနစ်နာတာကတော့ အထားမခံတဲ့ ပုပ်သိုးလွယ်တဲ့ကုန်ပစ္စည်းတွေရဲ့ ပိုင်ရှင်တွေပေါ့။ ကျနော့်ဘေးက ကြက်သွန်နီတင်လာတဲ့ကားဆို အခြေအနေသိပ်မကောင်းနိုင်ဘူး”လို့ သူက ပြောပါတယ်။

နယ်စပ်ဂိတ်တွေကို ရုတ်တရက်ပိတ်ချလိုက်တာကြောင့် ကိုစိုင်းလှဖုန်းလိုပဲ မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်မှာပဲ သောင်တင်နေတဲ့ ကုန်တင်ယာဉ်မောင်း အယောက် ၁,၀၀၀ ကျော်လောက်ရှိနိုင်တယ်လို့ မန္တလေနဲ့ မူဆယ်အကြား ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။

ဇုန်ထဲအထိ မရောက်နိုင်သေးဘဲ မန္တလေးနဲ့မူဆယ်ဆက်သွယ်ထားတဲ့ အဓိက ကားလမ်မကြီးပေါ်မှာတင် ပိတ်မိနေတဲ့ ကုန်တင်ကားအရေအတွက်ပါဆိုရင် ခန့်မှန်းချေ ၂,၀၀၀ ကျော်ရှိနိုင်တယ်လို့လည်း သူတို့က ဆိုကြပါတယ်။

လက်ရှိမှာတော့ ယာဉ်မောင်းတွေဟာ ဘာမှမတတ်နိုင်ဘဲ အခြေအနေကို စောင့်ကြည့်နေရတယ်လို့ စိုင်းလှဖုန်းက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ကူးစက်ပျံ့နှံ့နေတဲ့ပုံစံနဲ့ဆိုရင်တော့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ လွယ်လွယ်နဲ့ ပြန်မဖွင့်နိုင်လောက်ဘူးလို့ ကိုစိုင်းလှဖုန်းက မှတ်ချက်ပြုပါတယ်။

“အခုအချိန်အထိ ပြန်လှည့်တဲ့ကားတွေတော့ မရှိသေးဘူး။ ဒါပေမဲ့ ဂိတ်​တွေကတော့ လွယ်လွယ်ဖွင့်မယ်လို့ မမျှော်လင့်ပါဘူး”လို့ သူကပြောပါတယ်။

အခုလို နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာဟာ နိုင်ငံရဲ့စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေပါတယ်။ တကယ်တော့ မူဆယ်နယ်စပ်ကနေတဆင့် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုပမာဏဟာ မြန်မာနိုင်ငံ၊ နယ်စပ်ကုန်သွယ်မှုပမာဏအားလုံးရဲ့ ၇၀ရာခိုင်နှုန်းလောက် ရှိပါတယ်။

ကပ်ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ကုန်စည်စီးဆင်းမှုထိခိုက်နေတာက အခုမှစတာတော့ မဟုတ်ပါဘူး။ ​မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစတင်တွေ့ရှိခဲ့ချိန် ပြီးခဲ့တဲ့နှစ်၊ ဧပြီလကစပြီး တရုတ်ဘက်ကနေ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဆောင်ရွက်ရာမှာ လိုက်နာရမယ့် ကိုဗစ်စည်းကမ်းချက်တချို့ကို စတင် သတ်မှတ်လိုက်ကတည်းကလို့ ဆိုရမှာဖြစ်ပါတယ်။

ကိုဗစ်-၁၉ကာကွယ်ရေးစည်းမျဉ်းနဲ့ ကန့်သတ်ချက်တွေအရ မြန်မာဘက်က ကုန်တင်ကားတွေကိုသာမက ယာဉ်မောင်းတွေကိုပါ ကိုဗစ်-၁၉ပိုးကူးစက်ခံရမှုရှိ၊ မရှိ အသေအချာ စစ်ဆေးဖို့ဖြစ်ပါတယ်။ ဒါ့ပြင် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်နိုင်ငံထဲဝင်ဖို့အတွက် မြန်မာယာဉ်မောင်းတွေအစား တရုတ်ယာဉ်မောင်းတွေက အစားထိုးဝင်ရောက်မောင်းနှင်တဲ့ စနစ်ကိုလည်း ကျင့်သုံးခဲ့ပါတယ်။ အဲဒီစနစ်က အလုပ်ဖြစ်ပေမဲ့ အချိန်အတော်ကြာတယ်လို့ ယာဉ်မောင်းတွေက ဆိုပါတယ်။

ကင်းလွတ်ခွင့်ရ ဆေးနှင့်ဆေးပစ္စည်းများ

ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အယောက်၂၀ကိုရွှေလီမှာ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တရုတ်အစိုးရက ရွှေလီတစ်မြို့လုံးရဲ့ နေအိမ်အပြင်လုံးဝမထွက်စေဘဲ လော့ဒေါင်းပြုလုပ်လိုက်ပါတယ်။ နောက်ပိုင်း မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်က အလုပ်သမားတွေနဲ့ ကုန်သည်တွေမှာလည်း ရောဂါပိုးကူးစက်မှုတွေ ရှိလာပါတယ်။ ရွှေလီကို လော့ဒေါင်းချပြီး နောက်တစ်ရက်၊ ဇူလိုင် ၈ရက်မှာတော့ မူဆယ်မှာရှိတဲ့ ကျင်စမ်းကျော့နဲ့ ပန်ဆိုင်းကုန်သွယ်ရေးဂိတ်နှစ်ခုကို ပိတ်ချလိုက်တာပါ။

မူဆယ်မှာရှိတဲ့ မန့်ဝိန်းဂိတ်ကိုတော့ ပြီးခဲ့တဲ့ မတ် ၃၀ရက်က ပိတ်ခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်မှာရှိတဲ့ နယ်စပ်ဂိတ်နှစ်ခု၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ဂိတ်နှစ်ခု နဲ့ မူဆယ်မြို့၊ အရှေ့မြောက်ဘက်မှာရှိတဲ့ ဂိတ်ကိုတော့ ဇူလိုင်လဆန်းပိုင်းကတည်းက ပိတ်ထားခဲ့တာပါ။

အခုလိုနယ်စပ်ကုန်သွယ်မှုကို ယာယီရပ်ဆိုင်းလိုက်ပေမဲ့ တရုတ်နယ်စပ်ကနေ ဆေးနဲ့ဆေးပစ္စည်းတွေကို တရုတ်အစိုးရက ဆက်လက်တင်သွင်းခွင့်ပေးထားတယ်လို့ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းက ဇူလိုင်၁၁ရက်မှာ ဆေးဝါးကုန်သည်တွေကို အသိပေးထားပါတယ်။

“နယ်စပ်ဂိတ်တွေ အကုန်ပိတ်လိုက်ကတည်းက အရောင်းအဝယ်မှလည်း ဘာမှမရှိတော့ဘူး”လို့ မူဆယ် ၁၀၅မိုင် သစ်သီးကုန်စည်ဒိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်ကပြောပါတယ်။

မူဆယ်မြို့က သစ်သီးကုန်သည်တစ်ဦးကတော့ တရုတ်အစိုးရက အခုလိုကိုဗစ်-၁၉နဲ့ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်လိုက်တာဟာ (သူတို့နိုင်ငံအနေနဲ့) ကုန်သွယ်ရေးထက် ကျန်းမာရေးကို ပိုအလေးထားတဲ့ သဘောဖြစ်တယ်လို့ ဆိုပါတယ်။ 

တရုတ်က နယ်စပ်ဂိတ်တွေအပေါ် စည်းကမ်းတင်းကျပ်မှုတွေ စတင်ပြုလုပ်ခဲ့တဲ့အချိန်က မြန်မာနိုင်ငံက တောင်သူတွေ၊ ကုန်သည်တွေနဲ့ နိုင်ငံရပ်ခြားတင်ပို့တဲ့သူတွေကို အထိနာစေခဲ့တဲ့ကာလတွေပါပဲ။ အဓိကအကြောင်းရင်းကတော့ မတ်နဲ့ဧပြီလတွေက ကောက်ပဲသီးနှံတွေ ရိတ်သိမ်းရတဲ့ အချိန်နဲ့တိုက်ဆိုင်ခဲ့လို့ပါပဲ။ 

ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးနှောင့်နှေးကြန့်ကြာမှုတွေကြောင့် တစ်ဘက်နိုင်ငံကို ရောက်တဲ့အခါ ကုန်ပစ္စည်း အရည်အသွေးကျဆင်းပြီး စျေးနှုန်းရရှိမှုကိုလည်း ထိခိုက်စေပါတယ်။ ဒါ့ပြင် ပို့ကုန်တင်ပို့မှုပမာဏကိုလည်း လျော့ကျစေပါတယ်။

“ကျပြီးရင်း ကျလာသည့်စျေးနှုန်းများ” 

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ တရုတ်ရဲ့ယူနန်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး စတွေ့တဲ့ လွန်ခဲ့တဲ့နှစ်မတ်လကစပြီး တရုတ်နိုင်ငံဟာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာ စည်းမျဉ်းစည်းကမ်းသစ်တွေ ထပ်မံချမှတ်ခဲ့ပါတယ်။ အကျိုးဆက်ကတော့ ပုပ်သိုးလွယ်တဲ့ ဖရဲသီးနဲ့ ဖရဲသခွားတင်ပို့မှုကို အတော်လေး အထိနာစေခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ကဆိုရင် ဖရဲသီးပေါ်တဲ့ရာသီမှာ တရုတ်ဘက်ကိုတင်ပို့ရင် ဖရဲသီးတစ်တန်ကို ယွမ် ၆,၀၀၀ (မြန်မာကျပ် ၁၅သိန်းခန့်) လောက်အထိ အမြင့်ဆုံးပေါက်ဈေးရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ပြည်ပကို မတင်ပို့နိုင်တာကြောင့် ပြည်တွင်းစျေးကွက်မှာ ဖရဲသီးတွေပုံနေပြီး တစ်တန်ကို ယွမ် ၃,၀၀၀ နဲ့ ယွမ် ၄,၀၀၀ ကြားမှာသာရှိခဲ့တယ်လို့ မူဆယ်အခြေစိုက် သစ်သီးကုန်သည်အချို့က ဆိုပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ စာရင်းတွေအရ မြန်မာနိုင်ငံက ဖရဲသီးကို နယ်စပ်ကနေ ပြည်ပသို့ အများဆုံးတင်ပို့နေပြီး လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်တဲ့ အောက်တိုဘာလကနေ ဇွန်လကုန်အထိ ဖရဲတန်ချိန် ၄၆၀,၀၀၀ ကျော်တင်ပို့ထားပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ကာလတူရောင်းရတဲ့တန်ချိန်က ၅၉၀,၀၀၀ အထိ ရှိခဲ့တာပါ။ အလားတူ အရင်နှစ်က တန်ချိန်၂၉၀,၀၀၀ဝန်းကျင် တင်ပို့ခဲ့ရတဲ့ သရက်သီးဟာလည်း အခုနှစ်မှာတော့ တန်ချိန် ၁၉,၀၀၀ သာတင်ပို့နိုင်ခဲ့ပါတယ်။

မြန်မာ့သရက်စျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ အတွင်းရေးမှူး ဦးကျော်စိုးနိုင်ကတော့ ဒီနှစ် မေလနှောင်းပိုင်းမှာ ကျင်စန်းကျော့ဂိတ်ကတစ်ဆင့် တင်ပို့လိုက်တဲ့ သရက်သီးကုန်တင်ကား အစီး၁,၀၀၀ကျော်ဟာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းမှာ ပိတ်မိနေတုန်းပဲလို့ ပြောပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေ ထပ်ဆင့်တိုးလာပြီး ကုန်သွယ်ရေးအခြေအနေက တိုးတက်လာမယ့်အခြေအနေမရှိသေးဘူးလို့ သူကဆိုပါတယ်။

“စျေးတွေက ကျပြီးရင်း ကျနေတာပဲ။ တရုတ်ကိုတင်ပို့တဲ့ စိန်တလုံးသရက်သီးဆို အရင်နှစ်ကစျေးနှုန်းထက် ထက်ဝက်လောက်ကို ကျသွားတယ်”လို့ ဦးကျော်စိုးနိုင်က ပြောပါတယ်။

စိန်တလုံးသရက်သီးဟာ ပြည်တွင်းမှာလူကြိုက်များတဲ့ သရက်သီးအမျိုးအစားတစ်ခုဖြစ်ပြီး တရုတ်ပြည်မှာလည်း ရောင်းအားအကောင်းဆုံး သရက်သီးအမျိုးအစားဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်ပတင်ပို့ရတဲ့ ဈေးနှုန်းဟာ အရင်က တစ်ခြင်းကို ယွမ်၁၂၀ (ကျပ်၃၀,၀၀၀ ဝန်းကျင်)သာ ရှိခဲ့ပေမဲ့ အခုချိန်မှာတော့ တစ်ခြင်းကို ယွမ်၁၀၀အောက် (ကျပ် ၂၅,၀၀၀ခွဲအောက်) ရောက်ရှိနေတယ်လို့ သူက ပြောပါတယ်။

အခုလို နယ်စပ်ဂိတ်တွေ ယာယီပိတ်ထားတဲ့အတွက် တရုတ်သို့တင်ပို့မယ့် ကြက်သွန်နီစျေးကွက်ကိုလည်း ထိခိုက်လာနိုင်ခြေရှိနေပါတယ်။

လက်ရှိ ဘဏ္ဍာနှစ်ဇွန်လကုန်အထိ ပြည်ပကို ကြက်သွန်နီ တန်ချိန် ၂၀၀,၀၀၀ ကျော်တင်ပို့ထားပြီး အများစုကို နယ်စပ်ဂိတ်ကတစ်ဆင့် တင်ပို့တာပဲဖြစ်ပါတယ်။ လက်ရှိတရုတ်ကို တင်ပို့နေတဲ့ ကြက်သွန်နီတွေကတော့ နွေကြက်သွန်ဖြစ်ပြီး ပုံမှန်အားဖြင့် နိုဝင်ဘာလလောက်အထိ တင်ပို့မှုရှိတယ်လို့ ကြက်သွန်စိုက်တောင်သူ တချို့က ဆိုပါတယ်။ အခုလို တရုတ်-​မြန်မာနယ်စပ်ဂိတ်တွေပိတ်ထားတာဟာလည်း ကြက်သွန်ကုန်သည်တွေအတွက်တော့ အဆင်မပြေနိုင်ပါဘူး။

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်က ကြက်သွန်စိုက်တောင်သူလည်းဖြစ်သလို ကုန်သည်တစ်ဦးလည်းဖြစ်တဲ့ ဦးအေးဆွေကတော့ ကိုဗစ်ကြောင့် တရုတ်ဘက်ကို ကြက်သွန်နီတင်ပို့နိုင်မှု လျော့နည်းနိုင်တယ်လို့ပြောပါတယ်။ ဒါ့ပြင် ပုံမှန်ဆိုရင် ကြက်သွန်နီဝယ်လိုအားများတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း လက်ရှိအချိန်မှာ ဝယ်လိုအား ကျဆင်းနေပါတယ်။

ဦးအေးဆွေရဲ့ပြောဆိုချက်အရ ပြည်ပတင်ပို့မှု ကျဆင်းလာတဲ့အတွက် ကြက်သွန်နီစျေးနှုန်းတွေဟာ ပြည်တွင်း စျေးကွက်မှာလည်း ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့နှစ်က ကြက်သွန်နီတစ်ပိဿာကို ၁,၀၀၀ကျပ်သာ ရှိခဲ့ပြီး ဒီနှစ်မှာတော့ ၅၀၀ကျပ်နဲ့ ထက်ဝက်ဈေးကျသွားပါတယ်။

ကုန်ပစ္စည်းများတင်ဆောင်ထားသော ကုန်တင်ကားတစ်စီး မူဆယ်မှ တရုတ်ဘက်သို့ ကူးနေစဉ်။ (ဓာတ်ပုံ | ပေးပို့)

နှစ်ဆတက်လာတဲ့ သယ်ယူပို့ဆောင်ရေးစရိတ်

နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမပိတ်ခင်ကတည်းက ကုန်သည်တွေဟာ ကပ်ဘေးနဲ့ အာဏာသိမ်းမှုကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေမြင့်တက်လာတဲ့ဒဏ်ကို ရင်ဆိုင်ဖြေရှင်းနေရတာပါ။ မန္တလေးကနေ မူဆယ်အထိ ၁၂ဘီးကုန်တင်ကားတစ်စီးငှားရမ်းခက ပြီးခဲ့တဲ့လက ငွေကျပ်၁၀သိန်းကနေ သိန်း၂၀အထိ နှစ်ဆ မြင့်တက်လာတယ်လို့ ဖရဲသီးတင်ပို့တဲ့ ကုန်သည်တွေက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

အလားတူ ရေလမ်းကြောင်းကတစ်ဆင့် သင်္ဘောနဲ့ ကုန်ပစ္စည်းတင်ပို့ရာမှာလည်း သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် ဆန်တင်ပို့သူတွေအတွက် အထိနာခဲ့ပါတယ်။ ဒီဘဏ္ဍာနှစ်မှာ ဆန်တင်ပို့မှုအားလုံးပေါင်း တန်ချိန် ၉၀၀,၀၀၀ဝန်းကျင်သာရှိခဲ့ပြီး ယခင်နှစ်တင်ပို့မှုပမဏထက် တန်ချိန်၄၀၀,၀၀၀နီးပါးလျော့ကျခဲ့ပါတယ်။ အာဏာသိမ်းမှုအလွန် ကာလတွေမှာ ကုန်တင်သင်္ဘောတွေဟာ မြန်မာဆိပ်ကမ်းတွေကို ရှောင်ကွင်းကပ်ရတဲ့အတွက် ဥရောပစျေးကွက်ကိုတင်ပို့ဖို့ သယ်ယူပို့ဆောင်ရေးနဲ့ အခြားကုန်ကျစရိတ်တွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

မန္တလေးကနေ မူဆယ်ကို ကုန်စည်ပို့ဆောင်စရိတ်ကလည်း သိသိသာသာ မြင့်တက်လာပါတယ်။ အရင်နှစ်က သရက်သီး ၁၆ကီလိုဂရမ် တစ်ခြင်း၊ မန္တလေးကနေ မူဆယ်ကို သယ်မယ်ဆိုရင် ၁၂၀၀ကျပ်ကနေ ၁,၄၀၀ကျပ်အထိသာ ကုန်ကျခဲ့ပေမဲ့ ခုချိန်မှာတော့ တစ်ခြင်းကို ကျပ်၂၀၀၀အထိ ပေးနေရပါတယ်။ 

တရုတ်နိုင်ငံက ဧပြီ၁၉ရက်ကစပြီး မန့်ဝိန်းဂိတ်မှာ မူဆယ်​နယ်စပ်ကနေ တရုတ်နိုင်ငံကိုဝင်မယ့် ယာဉ်မောင်းနဲ့ ကုန်စည်တွေအားလုံးကို ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ပြီး အဲဒီအတွက် ကုန်တင်ကားတစ်စီးကို စစ်ဆေးခ ယွမ်၂,၁၀၀ (မြန်မာငွေ ငါးသိန်းကျပ်ခန့်) တောင်းခံခဲ့ပါတယ်။ နောက်ပိုင်း ဧပြီ ၂၂ရက်မှာတော့ ကိုဗစ်-၁၉စစ်ဆေးခကို ယွမ် ၂၆၀(ကျပ် ၆၅,၀၀၀)အထိ တရုတ်အာဏာပိုင်တွေက လျှော့ပေါ့ပြီး ပြောင်းလဲကောက်ခံခဲ့တယ်လို့ မူဆယ်မြို့က သစ်သီးကုန်သည်တစ်ချို့က ဆိုပါတယ်။

မြန်မာ့သရက်စျေးကွက်နဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ ဥက္ကဋ္ဌဦးကိုကိုနိုင်ကတော့ ဒီနှစ်မှာ ပြည်ပကို တင်ပို့ဖို့ ကုန်သွယ်မှုစရိတ်တွေ မြင့်လာတာ၊ နယ်စပ်မှာ နှောင့်နှေးကြန့်ကြာတာတွေကြောင့် သရက်ကုန်သည်တွေအနေနဲ့ ပြည်ပတင်ပို့မှုအပေါ် မှီခိုလို့မရကြောင်း ဆိုပါတယ်။

“သရက်သီးတွေကတော့ ပြည်တွင်းမှာပဲ ရောင်းဖို့ရှိတယ်။ တရုတ်ဘက်ကို(များများ)ပို့ဖို့က မဖြစ်နိုင်ဘူး”လို့ သူက ပြောပါတယ်။

တင်းကျပ်သည့် ပို့ကုန်ကန့်သတ်ချက်များ 

လက်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အောက်တိုဘာကနေ ဇွန်လကုန်အထိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု  ပမာဏဟာ အမေရိကန်ဒေါ်လာ ၃ဒသမ၈ဘီလျံရှိခဲ့ပြီး လွန်ခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူပမာဏထက် ကန်ဒေါ်လာသန်း ၆၀၀ ကျော် လျော့နည်းနေပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ လက်ရှိဘဏ္ဍာနှစ်ကိုးလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၂၂ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူ ကုန်သွယ်မှုပမာဏက အမေရိကန်ဒေါ်လာ ၂၇ဘီလျံ ရှိခဲ့ပါတယ်။

“ကိုဗစ်ရောဂါ ရှိ၊ မရှိ ဂိတ်မှာစစ်ဆေးဖို့အတွက် အချိန်အများကြီးယူရတယ်။ စစ်ဆေးဖို့ လူဦးရေကန့်သတ်ချက်ကလည်း ရှိနေတော့ ဖရဲအပါအဝင်လယ်ယာ ထွက်ကုန်တွေရဲ့ အရည်အသွေး လတ်ဆတ်မှုက ကျသွားတယ်။ ဒီတော့ စျေးကောင်းလည်း မရတော့ဘူး”လို့ နယ်စပ်ဂိတ်တွေမပိတ်ခင်အချိန်က မူဆယ်မြို့ခံ သစ်သီးကုန်သည်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာဘက်ကနေ တရုတ်ကို ပို့ကုန်တွေရဲ့ အခြေအနေ ပြန်ကောင်းလာဖို့ဆိုရင် တရုတ်နိုင်ငံကနေ သူတို့သတ်မှတ်ထားတဲ့ တားမြစ်ချက်တွေ၊ စည်းကမ်းတွေကို ဖြေ​လျှော့ပေးမယ့်အချိန်ကိုပဲ စောင့်နေရဖို့ရှိပါတယ်။ ဒီလိုဖြေလျှော့မှုတွေရှိလာရင်တော့ လယ်ယာထွက် ကောက်ပဲသီးနှံတွေကလွဲရင် ကျန်တဲ့ ပို့ကုန်ပစ္စည်းတွေဖြစ်တဲ့ သတ္တုတွင်းထွက်၊ သစ်တောထွက်ပစ္စည်းတွေ၊ ရေထွက်ကုန်နဲ့ ကုန်ချောပစ္စည်းတွေ တင်ပို့မှုအလားအလာ ပြန်ကောင်းလာနိုင်ပါတယ်။ မြန်မာနိုင်ငံက တရုတ်ကနေ စက်မှုကုန်ကြမ်းသုံးပစ္စည်းတွေ၊ အထည်ချုပ်လုပ်ငန်းလို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းနဲ့ တခြားကုန်စည်တွေကို တင်သွင်းနေပါတယ်။

“ကိုဗစ်ရောဂါအခြေအနေ ကောင်းသွားရင် တရုတ်ဘက်က ဖြေလျှော့ပေးမယ်လို့ မျှော်လင့်ပါတယ်”လို့ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကြည့်ကန်ရွာက ပဲနဲ့နှမ်းစိုက်ပျိုးတဲ့တောင်သူ ဦးတင်ဦးက ပြောပါတယ်။

“ကောက်ပဲသီးနှံအများစုက တရုတ်ကိုပဲပို့ရတာ။ ဒါပေမဲ့ မိုးသီးနှံတွေ ရိတ်သိမ်းချိန်အမှီ တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့လိုတယ်။ ဒီလိုပြန်ဖွင့်နိုင်မှပဲ သီးနှံတွေစျေးကောင်းကောင်းရဖို့မျှော်လင့်ချက်ရှိနိုင်မယ်”လို့ သူကပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.