မတ်၁၂ရက်၊ ရန်ကုန်ရှိ ညသပိတ်မြင်ကွင်းတစ်ခုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

စစ်အာဏာသိမ်းမှုခြောက်လကြာ ဝရုန်းသုန်းကား အခြေအနေ

အေအက်ဖ်ပီ

ဖေဖော်ဝါရီ၁ရက် မြန်မာစစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချ၍ အာဏာသိမ်းခဲ့ပြီး အစိုးရခေါင်းဆောင်များကို ဖမ်းဆီး၊​ တရားစွဲဆိုခဲ့သည်။

စစ်အစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်သော လူထုဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းဖြိုခွင်းခဲ့သောကြောင့် လူအယောက် ၉၀၀ကျော် သေဆုံးပြီး ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရသည်။

စစ်တပ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို ရုတ်တရက် အဆုံးသတ်စေခဲ့သော ထိုခြောက်လတာ ကာလကို အေအက်ဖ်ပီက အကျဉ်းချုံး တင်ဆက်လိုက်ပါသည်။

အရုဏ်ဦး အာဏာသိမ်းမှု

လွှတ်တော်သက်တမ်း အသစ်စတင်မည့် ဖေဖော်ဝါရီ၁ရက်၊ နံနက်အရုဏ်မတက်ခင်အချိန်တွင် စစ်သားများသည် အရပ်သားအစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းမှုတစ်ရပ်ကို ဆင်နွှဲလိုက်သည်။ ဤတွင် မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း၅၀ကျော်တိုင် သက်ဆိုးရှည်ခဲ့သည့် စစ်အုပ်ချုပ်ရေးနောက်ပိုင်း ဆယ်စုနှစ်တစ်ခု ကြာမြင့်ခဲ့သော ဒီမိုကရေစီစမ်းသပ်ကာလကို နိဂုံးချုပ်လိုက်ခြင်းလည်းဖြစ်သည်။

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့သော်လည်း စစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲတွင် မဲမသမာမှုရှိကြောင်း စွပ်စွဲချက်ဖြင့် အာဏာသိမ်းခဲ့ခြင်းလည်းဖြစ်သည်။

သို့တိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကအစ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အဆုံး ကမ္ဘာတစ်ဝန်းက နိုင်ငံခေါင်းဆောင်အများအပြားက စစ်တပ်၏ အာဏာသိမ်းသည့်လုပ်ရပ်ကို ပြစ်တင်ရှုံ့ချခဲ့ကြသည်။

အင်တာနက်များ ပိတ်ပင်ခြင်း

စစ်တပ်အာဏာသိမ်းခြင်းကို လက်မခံကြောင်း ပြသသည့်အနေဖြင့် ပြည်သူအများအပြားသည် အာဏာသိမ်းမှုနောက်ပိုင်း ညများတွင် ယခင်ရှေးရိုးအစဉ်အလာတစ်ခုဖြစ်သော မကောင်းဆိုးဝါးများကို နှင်ထုတ်ရန် သံပုံးတီးခြင်းကို စတင်ခဲ့ကြသည်။

ထို့နောက် စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း အလွန်လူသုံးများသည့် လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်ကို စတင်ပိတ်ဆို့ခဲ့ပြီး အင်တာနက်လိုင်းများကို ညစဉ်အချိန်တစ်ခုသတ်မှတ်၍ ဖြတ်တောက်ခဲ့သည်။

ရဲရင့်စွာအာဏာဖီဆန်ခြင်း

ဖေဖော်ဝါရီ ၆ရက်နှင့် ၇ရက်များတွင် ပြည်သူထောင်သောင်းများစွာ လမ်းမပေါ်ထွက်၍ စစ်အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသော အရပ်သားခေါင်းဆောင်များအား ပြန်လွှတ်ပေးရန် လမ်းမများပေါ်တွင် စုဝေးဆန္ဒပြခဲ့ကြသည်။

နောင်ရက်သတ္တပတ်များတွင် နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဆန္ဒပြပွဲများ ပျံ့နှံ့သွားပြီး တောရောမြို့ပါမကျန် လူပေါင်းသိန်းချီပါဝင်သည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ ပေါ်ပေါက်လာသည်။

အလုပ်သမားများသည်လည်း ဖေဖော်ဝါရီ၈ရက်ကစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြပွဲများတွင် ပါဝင်လာကြသည်။

နောက်တစ်ရက်တွင် နေပြည်တော်ရှိ ဆန္ဒပြလူအုပ်ထဲသို့ ရဲတပ်ဖွဲ့က သေနတ်ကျည်အစစ်သုံး၍​ ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် အသက်၁၉နှစ်အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းသို့ သေနတ်ထိမှန်ခဲ့သည်။ (မမြသွဲ့သွဲ့ခိုင်ကို ဆရာဝန်များက ဆေးပညာအရ သေဆုံးပြီးဖြစ်သည်ဟု ထိုစဉ်က ကောက်ချက်ချခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ၎င်းကွယ်လွန်ခဲ့သည်)

နိုင်ငံတကာပိတ်ဆို့မှု

မကြာခင်မီတွင် စစ်ကောင်စီခေါင်းဆောင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်အရာရှိအချို့ကို စီးပွားရေးအရ အရေးယူပိတ်ဆို့ကြောင်း အမေရိကန်အစိုးရက ကြေညာသည်။

မကြာမီအချိန်တွင် ဗြိတိန်အစိုးရနှင့် ဥရောပသမဂ္ဂတို့ကလည်း အလားတူ ပိတ်ဆို့မှုများ ချမှတ်လာခဲ့သည်။ 

ပြင်းထန်လာတဲ့ ပစ်ခတ်နှိမ်နင်းမှု

ယင်းမတိုင်ခင်က သေနတ်ဖြင့်ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဦးခေါင်းဒဏ်ရာရသွားသည့် မမြသွဲ့သွဲ့ခိုင်သည် ၁၀ရက်အကြာ ဖေဖော်ဝါရီ၁၉ရက်တွင် သေဆုံးသွားပြီး ၎င်း၏သေဆုံးမှုကြောင့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများ အားကောင်းလာသည်။

မတ်၁၁ရက်တွင်လမ်းပေါ်ထွက် ဆန္ဒပြမှုများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများ ပိုမိုအရှိန်မြင့်တက်လာပြီး လက်နက်မပါသော ဆန္ဒပြသူများကို စစ်တပ်က စစ်မြေပြင်သုံးလက်နက်များအသုံးပြုပြီး ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ဖြိုခွင်းခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ Amnesty International က ထုတ်ပြန်သည်။

နောက်တစ်ရက်အကြာတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူတစ်ဦးက စစ်တပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှု ကျူးလွန်နေကြောင်း ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်တပ်၏ ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းမှုဖြစ်စဉ်အား ရည်ညွှန်း၍ စွပ်စွဲလိုက်သည်။

အသေအပျောက်အများဆုံးနေ့

တပ်မတော်နေ့သည် နှစ်စဉ်စစ်တပ်၏ အင်အားပြပွဲနေ့ဖြစ်ပြီး မတ်၂၇ရက်တွင် ကျရောက်သော (၇၆)နှစ်မြောက် တပ်မတော်နေ့တွင် စစ်တပ်က အရပ်သား၁၀၀ကျော်ကို သေသည်အထိ ပစ်ခတ်သတ်ဖြတ်၍ ဆန္ဒပြပွဲများကို အပြင်းအထန် ဖြိုခွင်းပြလိုက်သည်။ ယင်းနေ့သည် အာဏာသိမ်းမှုနောက်ပိုင်း အသေအပျောက်အများဆုံး နေ့တစ်နေ့ဖြစ်သည်။

နောက်လတွင် အရပ်သားလွှတ်တော်အမတ်များသည် “အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ”ဟူသည့် စင်ပြိုင်အစိုးရတစ်ရပ် ဖွဲ့စည်းလိုက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှုစတင်

အဖမ်းခံရပြီးလေးလအကြာတွင် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို စတင်တရားစွဲဆိုခဲ့သည်။

၎င်းကို စကားပြောဆက် ဝေါ်ကီတော်ကီ တရားမဝင်တင်သွင်းခြင်းနှင့် ၂၀၂၀ရွေးကောက်ပွဲကာလတွင် ကိုဗစ်-၁၉ စည်းမျဉ်းချိုးဖောက်သည်ဟုဆိုကာ စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်သတင်းထောက်ကို ဖမ်းဆီး

ရန်ကုန်အခြေစိုက်မီဒီယာတစ်ခုဖြစ်သည့် ဖရွန်းတီးယားမြန်မာ၏ သတင်းခန်းစီမံအုပ်ချုပ်မှုအယ်ဒီတာဖြစ်သူ ဒန်နီဖန်စတာ သည် မေ၂၄ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာရန်ကြိုးပမ်းစဉ် ရန်ကုန်လေဆိပ်၌ ဖမ်းဆီးခံခဲ့ရသည်။

၎င်းကို ဇွန်၁၇ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာပုဒ်မတစ်ခုဖြင့်စွဲ အမှုဖွင့်ထားသည်။

အမေရိကန်နိုင်ငံသားနှင့်သတင်းစာဆရာ ကိုနေသန်မောင်သည် လပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရပြီးနောက် စစ်အစိုးရကပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးခံရစဉ်အတွင်း ၎င်းကို စစ်ကြောရေးတွင် ရိုက်နှက်၊ ဆဲဆို ခြိမ်းခြောက်ခဲ့ပြီး အစာရေစာမကျွေးဘဲ ထားရှိခဲ့ကြောင်း ၎င်းက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ တတိယလှိုင်း

ဇွန်လနှောင်းပိုင်းမှစ၍ ကိုဗစ်-၁၉ရောဂါကူးစက်မှုသည် မြန်မာနိုင်ငံတစ်ဝန်းတွင် မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ကျန်းမာရေးဝန်ထမ်းများစွာသည် သပိတ်မှောက်မှုတွင် ပါဝင်ကြပြီး လုပ်ငန်းခွင်ဝင်ရန် ငြင်းဆန်ခဲ့ကြသည်။​ ဆေးရုံအများအပြားမှာ ကျန်းမာရေးဝန်ထမ်းများ ကင်းမဲ့နေသည်။

ပြည်သူများသည် စစ်တပ်၏ ညမထွက်ရအမိန့်ကို ဆန့်ကျင်ပြီး ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများအတွက် လိုအပ်သော အောက်ဆီဂျင်ရရှိရန် နေ့နေ့ညည တန်းစီစောင့်ဆိုင်းကြရသည်။ ကိုဗစ်-၁၉တတိယလှိုင်းအတွင်း သေဆုံးသူဦးရေ အလွန်များပြားလာခဲ့သဖြင့် သေဆုံးသူများကို မီးသဂြိုဟ်ရာတွင် ကူညီသည့် ပရဟိတသမားများလည်း အလုပ်ဝန်ပိကြရသည်။

စီးပွားကပ်ဘေး

အာဏာသိမ်းမှုနှင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုတို့ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံ၏စီးပွားရေးသည် ၁၈ ရာခိုင်နှုန်း ကျုံ့ဝင်သွားပြီး ဆင်းရဲမွဲတေမှုရာခိုင်နှုန်းသည် လာမည့်နှစ်တွင် ၂၀၁၉ကပမာဏထက် နှစ်ဆတိုးလာနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းခြင်း

မဲမသမာမှုပေါင်း၁၁သန်းကျော်ရှိသည်ဟုဆိုကာ ၂၀၂၀ရွေးကောက်ပွဲရလဒ်များကို စစ်ကောင်စီက ဇူလိုင်လနှောင်းပိုင်းတွင် ပယ်ဖျက်ခဲ့သည်။ သို့သော် ရွေးကောက်ပွဲအသစ်ကျင်းပခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမရှိပေ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.