၂၀၁၈၊ ဒီဇင်ဘာတွင် ရန်ကုန် အင်တာနက်ကဖေးတစ်ခုတွင် အွန်လိုင်းအသုံးပြုနေသော လူငယ်တစ်ချို့ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

MPT နှင့် Mytel အကူအညီဖြင့် စစ်ကောင်စီက တယ်လီဖုန်းနှင့် အင်တာနက်စောင့်ကြည့်မှုများ တိုးမြှင့်နေ

ဆိုက်ဘာလုံခြုံရေးရဲတပ်ဖွဲ့က နိုင်ငံပိုင်နှင့်စစ်တပ်ပိုင် မိုဘိုင်းအော်ပရေတာများနှင့် ပူးပေါင်းကာ မိုဘိုင်းဖုန်းအသုံးပြုသူများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်နေပြီး စစ်တပ်ဆန့်ကျင်သူများကို ခြေရာခံနေသည်။

ဖရွန်းတီးယားမြန်မာ

ဖေဖော်ဝါရီ ၁ရက် မတိုင်မီက တက်ကြွလှုပ်ရှားသူ မမြတ်စုမွန်သည် ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် စိုးရိမ်ပူပန်ခဲ့ခြင်းမရှိပေ။ သူသည် စစ်တပ်နှင့် ဆက်စပ်နေသော မိုဘိုင်းအော်ပရေတာ Mytel ကို အသုံးပြုပြီး ဖုန်းခေါ် ဆိုမှုများကို ပေါ်ပေါ်ထင်ထင်ပင် ပြန်လည်ဖြေကြားနေခဲ့သည်။ လူမှုကွန်ရက်စာမျက်နှာ Facebook Messenger ကိုအသုံးပြုပြီး သတင်းစကားများကို ပေးပို့ခဲ့သည်။ Facebook messenger သည် အင်တာနက်စာတိုပို့စနစ်များတွင် လျှို့ဝှက်ကုဒ် Encryption မပြုလုပ်ထားသော ဆက်သွယ်ရေးဆော့ဖ်ဝဲလ်အဖြစ် လူသိများသည်။

အာဏာသိမ်းပြီးနောက်တွင် မမြတ်စုမွန်သည် စစ်တပ်အုပ်ချုပ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သော စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဆန္ဒပြခေါင်းဆောင် ဖြစ်လာခဲ့သည်။ စစ်တပ်က ဆန္ဒပြမှုများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နှင်း၍ ပုန်းရှောင်ထွက်ပြေးရသောအခါ ဒစ်ဂျစ်တယ်လုံခြုံရေးသည် သူ့အတွက် သေရေးရှင်ရေးတမျှ အရေးကြီးလာခဲ့သည်။

“ကျမ Mytel ကဒ်ကို လုံးဝမသုံးတော့ဘူး။ သူတို့ကို မယုံလို့။ အခု Telenor နဲ့ Ooredoo ပြောင်းသုံးတယ်။ ပိုလုံခြုံသလို ခံစားရတယ်”ဟု မြတ်စုမွန်က ဖရွန်းတီးယားမြန်မာနှင့် အင်တာဗျူးတွင် ပြောသည်။ Telenor နှင့် Ooredoo သည် မြန်မာနိုင်ငံရှိ ပြည်ပပိုင်မိုဘိုင်းအော်ပရေတာနှစ်ခု ဖြစ်သည်။ (တယ်လီနောက မကြာသေးမီက မြန်မာနိုင်ငံက ၎င်း၏ဆက်သွယ်ရေးအခြေခံအဆောက်အအုံများကို အခြားကုမ္ပဏီတစ်ခုသို့ ရောင်းချခဲ့ပြီဖြစ်သည်။) ထိုအော်ပရေတာများနှင့်ပင် သူသည်ပွင့်လင်းစွာ တယ်လီဖုန်းမပြောတော့ပေ။

အခြားသူ အများစုကဲ့သို့ပင် အာဏာပိုင်များက သူ၏ဖုန်းခေါ်ဆိုမှုများကို စောင့်ကြည့်နေမည်ဟု သံသယရှိလာသည်။ သူ၏လုပ်ဖော်ကိုင်ဖက် တက်ကြွလှုပ်ရှားသူများနှင့် ဆက်သွယ်ရန် လိုအပ်သောအခါ လျှို့ဝှက်ကုဒ်စနစ်အသုံးပြုသော encrypted messaging app စာတိုပို့စနစ်သုံး ဆော့ဖ်ဝဲတစ်ခုဖြစ်သည့် Telegram ကိုသုံးသည်။ ထို့ပြင် အသုံးပြုသူ၏ တည်နေရာကို အလွယ်တကူ ခြေရာခံမရနိုင်သည့် နည်းပညာသုံး VPN ဆော့ဖ်ဝဲများလည်း အမြဲအသုံးပြုတော့သည်။

“ဘယ်သူမှ စစ်တပ်ကိုမယုံဘူး။ ကျမတို့က လုံခြုံရေးအတွက် အမြဲသတိရှိနေရမယ်” ဟု မမြတ်စုမွန်က ပြောသည်။ “ကျမတို့က အင်တာနက်လိုင်းရနေသရွေ့ တယ်လီဖုန်းနဲ့စကားမပြောဘူး။ တယ်လီဖုန်းနဲ့ပြောရမယ်ဆိုလည်း Telenor ဒါမှမဟုတ် Ooredoo နဲ့ပြောတယ်။ နေရာတို့ အစီအစဉ်တို့ နာမည်အစစ်တို့ကို မပြောဘူး”

ဖုန်းခေါ်ဆိုမှုကို စောင့်ကြည့်ခြင်း

ဖုန်းခေါ်ဆိုမှုများကို ခြေရာခံစောင့်ကြည့်သည့်ပြဿနာက ယခင်ကတည်းက ရှိနှင့်ပြီးသားဖြစ်သည်။ လွန်ခဲ့သည့်နှစ်ကုန်ပိုင်း အာဏာမသိမ်းခင်က ဖုန်းခေါ်ဆိုမှုများနှင့် လူမှုကွန်ရက်အသုံးပြုမှုကို စောင့်ကြည့်ရေးအတွက် ဆိုက်ဘာလုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ညွှန်ကြားခဲ့ကြောင်း အဆိုပါအဖွဲ့ဝင် ပါဝင်သော အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

အဆိုပါအဖွဲ့သည် အက်စ်ဘီဟု လူသိများသော သတင်းရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၎င်းတို့သည် ပြည်သူလူထုအတွင်း သတင်းအချက်အလက်များကို ထိထိရောက်ရောက် စုံစမ်းနိုင်သော အရပ်ဝတ် ရဲဝန်ထမ်းများအဖြစ် နာမည်ကြီးသည်။ ထိုအဖွဲ့၏ လုပ်ငန်းဆောင်တာများသည် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနရှိ ဆိုင်ဘာတပ်ဖွဲ့၏အမှုများကို ဖြည့်စွက်လုပ်ဆောင်ပေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ) အစိုးရလက်ထက်တွင် စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ၎င်းအဖွဲ့သည် စစ်ကောင်စီအတွက် ပြည်သူများကို စောင့်ကြည့်ထောက်လှမ်းရာတွင် အရေးပါလာခဲ့သည်။ ယင်းအဖွဲ့ဖြင့် အာဏာပိုင်များသည် တယ်လီဖုန်းနှင့်အင်တာနက် အသုံးပြုမှုကို စောင့်ကြည့်လာနိုင်ပြီး ရာဇဝတ်သက်သေခံပစ္စည်း မရခင်မှာပင် ပြည်သူများထံမှ ဖုန်းများကို သိမ်းယူစစ်ဆေးတတ်ကြသည်။

ထိုအဖွဲ့သည် စစ်တပ်အာဏာသိမ်းအပြီး တစ်လခန့်အကြာတွင် ဝန်ကြီးဌာနကမိတ်ဆက်ပေးသော AI စနစ်ဟု ခေါ်ဆိုသော ဉာဏ်ရည်တုနည်းပညာကို အသုံးပြုကာစတင်အလုပ်လုပ်သည်။ ထိုသို့ဖြင့် ဖုန်းခေါ်ဆိုမှုများ၊ စာတိုပို့စနစ်များအသုံးပြုမှုနှင့် ပြောဆိုသူ၏နေရာများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်လာနိုင်သည်။

ဖုန်းခေါ်ဆိုမှုအတွင်း “ဆန္ဒပြပွဲ၊ တော်လှန်ရေး”စသော စကားလုံးများပါဝင်လာပါက ထို AI စနစ်က ခေါ်ဆိုမှုကို အလိုအလျောက်အသံကူးယူထားသည်။ ထို့ပြင် စောင့်ကြည့်သောရဲသားအတွက် အချက်ပေးအသံ မြည်လာကာလိုအပ်ပါက စကားပြောဆိုမှုကို စိစစ်နိုင်သည်။ လိုအပ်လျှင် ထိုသူကို အထူးသတိထား ပိုမိုစောင့်ကြည့်မှုခံရနိုင်သည်။ ထို့ပြင် စကားပြောဆိုမှုကို မှုခင်းသက်သေအဖြစ် သိမ်းဆည်းထားသည်။

ထိုသို့ လုပ်ဆောင်မှုကို “ဥပဒေနှင့် ညီညွတ်သော ကြားဖြတ်နားထောင်မှု”အဖြစ် ပြောဆိုသော်လည်း ယင်းသို့ ကြားဖြတ်နားထောင်မှု အကြိမ်အရေအတွက်သည် အဆမတန် များပြားလာသည်။ ယင်းအခြေအနေသည် တရားဥပဒေ အကာအကွယ်ကောင်းစွာမရရှိသော မြန်မာပြည်သူများအတွက် စိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ကျွမ်းကျင်သူများက ထောက်ပြကြသည်။

ယခင်က လုံခြုံရေးတပ်ဖွဲ့များသည် ဖုန်းအသုံးပြုသူများ၏ မှတ်တမ်းဟောင်းများကိုသာ ရယူနိုင်ခဲ့သည်။ ဥပမာ မည်သူ့ထံသို့ မည်သည့်ဒေသတွင်ရှိသော တယ်လီဖုန်းတာဝါတိုင်ဖြင့် ချိတ်ဆက်ပြီး ဖုန်းခေါ်ခဲ့သည် စသည့်သတင်းအချက်အလက်များကိုသာ အော်ပရေတာများထံသို့ တောင်းခံမေးမြန်းခဲ့ရသည်။

ဖုန်းအသုံးပြုသူဘယ်လောက်များများကို စစ်ကောင်စီက စောင့်ကြည့်နေသည်ကို အတိအကျ မသိရသော်လည်း စောင့်ကြည့်ခံရသူအရေအတွက်သည် အတော်အတန်များနိုင်သည်ဟု ရဲအရာရှိက ပြောသည်။

“ကျနော်တို့က ခေါ်ဆိုမှုအားလုံးကို စောင့်နားမထောင်နေနိုင်ဘူးလေ။ ဒီတော့ AI စနစ်က အချက်ပြတဲ့ခေါ်ဆိုမှုတွေကိုပဲ စိစစ်ရတာ။ ဒါက အဆင့်မြင့်တဲ့ နည်းပညာမျိုးတော့ မဟုတ်ပေမဲ့ အခုလောလောဆယ်တော့ အလုပ်ဖြစ်ပါတယ်”ဟု ထိုရဲအရာရှိကပြောသည်။

“ဖုန်းထဲမှာစကားပြောရတာ မလုံခြုံတော့ဘူး”

ရဲအရာရှိက ပြောကြားရာတွင် အသုံးပြုသူများကို စောင့်ကြည့်သည့် အစီအစဉ်ကို ပြည်ပပိုင် Telenor နှင့် Ooredoo အပါအဝင် မိုဘိုင်းအော်ပရေတာနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ အားလုံးက အကောင်အထည်မဖော်ကြသေးပေ။

မိုဘိုင်းအော်ပရေတာများတွင် Mytel နှင့် MPT ဆက်သွယ်ရေးကုမ္ပဏီနှစ်ခုကသာ အသုံးပြုသူများကို စောင့်ကြည့်သည့် နည်းပညာများ စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။ Mytel သည် တပ်မတော်၊ မြန်မာကုမ္ပဏီလုပ်ငန်းစုများနှင့် ဗီယက်နမ်စစ်တပ်ပိုင် Viettel ကုမ္ပဏီတို့ အစုရှယ်ယာ ထည့်ဝင်ထားသော ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည်။ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ကို ဂျပန် Sumitomo ၊ KDDI ကုမ္ပဏီတို့နှင့် အစိုးရက ဖက်စပ်လည်ပတ်နေသော လုပ်ငန်းဖြစ်သည်။

ဆက်သွယ်ရေးကုမ္ပဏီကြီးများ၏ နိုင်ငံခြားသားနှင့် မြန်မာနိုင်ငံသား အမှုဆောင်အရာရှိများကို ခွင့်ပြုချက်မရှိဘဲ ပြည်ပထွက်ခွာမှုကို စစ်ကောင်စီက တားမြစ်ထားကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြခြင်းမပြုမီအချိန်တွင် အဆိုပါရဲအရာရှိက ယင်းစောင့်ကြည့်စနစ်များအကြောင်း ဖရွန်းတီးယားမြန်မာကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဇွန်လလယ်က ခရီးသွားလာခွင့်တားမြစ်ချက်ကို ကြေညာပြီးနောက် တစ်ပတ်အကြာတွင် အော်ပရေတာများသည် စစ်ကောင်စီထံမှ နောက်ထပ်ညွှန်ကြားချက်တစ်ခုကို လက်ခံရရှိခဲ့သည်။ အဆိုပါညွှန်ကြားချက်မှာ မိုဘိုင်းအော်ပရေတာ အသုံးပြုသူများကို ခြေရာခံစောင့်ကြည့်မည့် နည်းပညာကို ဇူလိုင်၅ရက် နောက်ဆုံးထား၍ အသီးသီးတပ်ဆင်ကြရန် ညွှန်ကြားချက်ဖြစ်သည်။ အော်ပရေတာများက လုပ်ဆောင်ပေးရန် သဘောတူ၊ မတူ မသိရှိရသေးပေ။

ပြည်ပ မိုဘိုင်းအော်ပရေတာတစ်ခုမှ အကြီးတန်းအမှုဆောင် အရာရှိတစ်ဦးက “နည်းပညာအရ သူတို့ခေါ်ဆိုတာကတော့ တရားဥပဒေနဲ့အညီ ကြားဖြတ်နားထောင်တာပေါ့။ အာဏာပိုင်တွေက ဒါကိုလုပ်ချင်နေတာ ကြာပြီ။ ဒါက အင်န်အယ်လ်ဒီအစိုးရ လက်ထက်ကတည်းက လုပ်ခဲ့တာ။ ကျနော်တို့ကတော့ မလုပ်ရသေးဘူး။ တခြားအော်ပရေတာတွေကတော့ လုပ်ဆောင်နေပြီ ထင်ပါတယ်”ဟု ပြောသည်။

မကြာသေးမီက ပြင်ဆင်လိုက်သော အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပြဋ္ဌာန်းချက် အသစ်အရ အာဏာပိုင်များသည် အသုံးပြုသူများ၏ အချက်အလက်များ အားလုံးနီးပါးကို အကန့်အသတ်မရှိ ရယူပိုင်ခွင့် ရရှိပြီဖြစ်သည်။

Free Expression Myanmar အဖွဲ့၏အဆိုအရ ဖေဖော်ဝါရီ ၁၅ရက်က ကြေညာခဲ့သည့် ဥပဒေပြင်ဆင်ချက်အရ အသုံးပြုသူများ၏ အချက်အလက်များကို လုံးဝဥဿုံ အကန့်အသတ်မရှိ ကြားဖြတ်ရယူခွင့်ပေးထားသည်။ ကြားဖြတ်ရယူထားသော အချက်အလက်များကို မည်သို့အသုံးချမည် ဆိုသည်နှင့် မည်မျှကြာအောင် ရယူအသုံးပြုမည်ဆိုသည့် အချက်များနှင့် ပတ်သက်၍လည်း ရှင်းလင်းစွာ ဖော်ပြထားခြင်းမရှိပေ။

ယင်းသို့ဥပဒေပြောင်းလဲလိုက်ခြင်းသည် ပြည်သူလူထု၏ ပုဂ္ဂလိကလုံခြုံရေးအတွက် အလွန်အန္တရာယ် ကြီးမားကြောင်းနှင့် အလွဲသုံးမှုကိုပင် အခြေခံကျကျ ကာကွယ်နိုင်စွမ်းမရှိတော့လောက်အောင် စစ်ကောင်စီက ကြားဖြတ်နားထောင်နိုင်သည့် ကြီးစွာသောအခွင့်အရေး ရရှိသွားခြင်းဖြစ်ကြောင်း FEM အဖွဲ့က ထုတ်ပြန်သည်။

MPTက အကြီးတန်းအရာရှိတစ်ဦးက ၎င်းတို့ကုမ္ပဏီသည် အသုံးပြုသူများ၏ အချက်အလက်များကို ဆိုက်ဘာလုံခြုံရေးရဲတပ်ဖွဲ့သို့ ပို့ပေးနေရုံသာမက အာဏာသိမ်းပြီးချိန်မှစ၍ အသုံးပြုသူများကို ကြားဖြတ်စောင့်ကြည့်မှု တဟုန်ထိုးလုပ်ဆောင်နေသည်ဟု ဆိုသည်။

MPT၏ အရာရှိက ပြောကြားရာတွင် လွန်ခဲ့သောနှစ်လခန့်က MPT သည် ဖုန်းခေါ်ဆိုမှုများကို စောင့်ကြည့်ရန် အဖွဲ့တစ်ခုဖွဲ့စည်းခဲ့သည်။ အသက်သွင်းထားသော စောင့်ကြည့်သည့်နည်းပညာက သံသယဖြစ်ဖွယ်ရာစကားလုံးများကို သတိပြုမိသောအခါ ထိုအဖွဲ့ကိုအချက်ပြ သတိပေးသည်။

“ဒီအသံကူးယူထားတဲ့ ဖုန်းခေါ်ဆိုမှုတွေကို အာဏာပိုင်တွေကို ပေးသလား၊ မပေးဘူးလားတော့ ကျနော် သေချာမသိဘူး။ ဒါပေမဲ့ ဖုန်းပေါ်မှာ စကားပြောရတာတော့ လုံခြုံမှုမရှိတော့ဘူး”ဟု အဆိုပါ MPT၏ အရာရှိကပြောသည်။

ဆိုက်ဘာရဲအရာရှိနှင့် MPTတာဝန်ရှိသူနှစ်ဦးစလုံးက ပြည်သူများကို လတ်တလောတွင် မိမိလုံခြုံရေးအတွက် ပြည်ပပိုင်အော်ပရေတာများကိုသာ အသုံးပြုရန် အကြံပေး ထားသည်။

“စစ်တပ်က ပြည်ပပိုင် အော်ပရေတာတွေကို တစ်မျိုးဆက်ဆံနိုင်တယ်။ သူတို့က ပြည်ပနိုင်ငံကလာပြီး အများကြီးရင်းနှီးမြုပ်နှံ ထားတာလေ။ သူတို့ကိုတော့ ဂရုတစိုက်ကိုင်တွယ်လိမ့်မယ်”ဟု MPT အရာရှိက ပြောသည်။

Mytel ကုမ္ပဏီကမူ ယခုဆောင်းပါးအတွက် မှတ်ချက်ပေးရန်ငြင်းဆန်ခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူကမူ  ကြားဖြတ်စောင့်ကြည့်ရေးအစီအစဉ်ကို ၎င်းတို့မသိရှိကြောင်း ပြောသည်။

ရန်ကုန်မြို့ရှိ MPT ရုံးတစ်ခုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အင်တာနက်သုံးစွဲမှုကို ခြေရာခံခြင်း

“အာဏာပိုင်တွေဟာ ဖုန်းခေါ်ဆိုမှုတွေလောက် အင်တာနက်အသုံးပြုမှုတွေကို ထောက်လှမ်းနိုင်စွမ်းမရှိကြပါဘူး ’’ဟု MPT တာဝန်ရှိသူက ပြောသည်။ ယင်းကို ဆိုက်ဘာရဲအရာရှိကလည်း သဘောတူသည်။

ဘယ် IP လိပ်စာတွေက ဘယ်ဝက်ဆိုဒ်တွေကို ကြည့်နေတယ်ဆိုတာလောက်ပဲ ကျနော်တို့ သိနိုင်တာပါ။ ကျနော်တို့မှာ နည်းပညာမရှိလို့ ဒါထက်ပိုပြီး အသေးစိတ်ကိုတော့မသိနိုင်ဘူး “ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မတ်လလယ်တွင် စစ်ကောင်စီသည် မိုဘိုင်းအင်တာနက်လိုင်းများအားလုံးကို ပိတ်ချလိုက်သည်။ နောက်ပိုင်းတွင် ဝက်ဘ်ဆိုက်နှင့် အွန်လိုင်းချိတ်ဆက်အသုံးပြုရသည့် application ၁,၀၀၀ခန့်ကို အကန့်အသတ်ဖြင့် ပြန်လည်အသုံးပြုခွင့်ပေးခဲ့သည်။ ခွင့်ပြုထားသော အင်တာနက်စာမျက်နှာများနှင့် အင်တာနက်ဖြင့်ချိတ်ဆက်အသုံးပြုရသည့် ဆော့ဖ်ဝဲများကိုသာ အသုံးပြုခွင့်ရပြီး ကျန်စာမျက်နှာများ၊ ဆော့ဖ်ဝဲများ အသုံးပြုခွင့် ဆက်လက်ပိတ်ပင်ထားခြင်းကို နည်းပညာစကားအရ စောင့်ကြည့်စာရင်း သွင်းခြင်း (Whitelisting) ဟု ခေါ်ဆိုသည်။

“မိုဘိုင်းဒေတာ အင်တာနက်အသုံးပြုသူတွေကို ထောက်လှမ်းရာမှာ အဓိကသူတို့ စောင့်ကြည့်နေတာက ဘယ်ဝက်ဘ်ဆိုက်တွေဟာ whitelisting ယိုပေါက်တွေကတဆင့် သုံးလို့ရနိုင်သလဲ ဆိုတာကိုပါပဲ”ဟု MPT အရာရှိက ပြောသည်။

ဖိုက်ဘာဆက်ကြောင်းသုံး အင်တာနက်လိုင်းများမှာ မိုဘိုင်းဒေတာ အင်တာနက်လိုင်းများနှင့် သဘောသဘာဝ မတူပေ။ ဖိုက်ဘာအင်တာနက်လိုင်းများတွင် အချို့ဝက်ဆိုက်များနှင့် အင်တာနက်သုံး ဝန်ဆောင်မှုများကို အသုံးပြုမှု ပိတ်ပင်ထားသော်လည်း အင်တာနက်စာမျက်နှာအတော်များများကို အသုံးပြုလို့ရနေသည်။

“ဝန်ဆောင်မှုတွေဟာ နေရာတစ်ခုခုမှာ အထိုင်ချထားတာဖြစ်လို့ ဆက်သွယ်ဖို့လျှောက်ထားတဲ့အခါ အသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးရပါတယ်။ ဒီတော့ တစ်ယောက်ယောက်က အင်တာနက်အသုံးပြုနေမှုကို ခြေရာခံလိုက်လို့မရအောင် VPN ကို အမြဲသုံးနေဖို့ လိုအပ်တယ်”ဟု MPT၏ အရာရှိကပြောသည်။

“ Mobile Banking လိုဟာမျိုးတွေကို အသုံးပြုတာကလွဲလို့ VPN ကိုအသုံးပြုဖို့ လိုအပ်တာချည်းပါပဲ။ ခင်ဗျား VPN မသုံးရင်တော့ ခင်ဗျားဘာတွေကြည့်နေတယ်ဆိုတာကို သူတို့ကထောက်လှမ်းလို့ရမှာပဲ။ တခါတလေ အာဏာပိုင်တွေက FTTH အသုံးပြုနေတဲ့ လူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မေးတာတွေရှိတယ်။ ဒီလိုပေးလိုက်တဲ့သူတွေ အဖမ်းခံလိုက်ရတယ်ဆိုတာလည်း ကြားရလေ့ရှိတယ် ’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဆိုက်ဘာလုံခြုံရေးအဖွဲ့က အင်တာနက်အသုံးပြုမှုကိုလည်း စောင့်ကြည့်နေကြောင်း အဖွဲ့ဝင်ရဲအရာရှိက ပြောသည်။ ဆိုရှယ်မီဒီယာစောင့်ကြည့်မှုတွင် ဖေ့စ်ဘွတ်ခ်ကိုသာ အထူးအာရုံစိုက်၍ စောင့်ကြည့်ကြောင်း၊ အထူးသဖြင့် ပေါ်ပေါ်ထင်ထင်ရှိသော ဖေ့စ်ဘွတ်ခ် group များနှင့် သိုသိုသိပ်သိပ်ဖွဲ့ထားသော group များကို စောင့်ကြည့်ရကြောင်း ၎င်းက ဆိုသည်။ မတ်နှင့်ဧပြီလများတွင် အစိုးရထုတ်သတင်းစာများတွင် နေ့စဉ်ထုတ်ပြန်ကြေညာခဲ့သော ရာဇသတ်ကြီး၊ ပုဒ်မ ၅၀၅−ကဖြင့် တရားစွဲဆိုခံရသူများစာရင်းကို အဆိုပါအဖွဲ့က စောင့်ကြည့်၍ စာရင်းပြုစုရကြောင်း ၎င်းကဆိုသည်။

“ ဖေ့စ်ဘွတ်ခ် ဂရုတွေကို ဘယ်လိုစောင့်ကြည့်နေတယ်ဆိုတာကိုတော့ ပြောမပြနိုင်ဘူး။ ဒီအုပ်စုထဲက လူတွေအနေနဲ့ ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာတွေကို မဆွေးနွေးကြပါနဲ့လို့ပဲ ပြောချင်ပါတယ် ’’ ဟု သူကပြောသည်။

ကိုယ့်ရှုးကိုယ်ပတ်ခြင်း

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် အင်န်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက ဖုန်းခေါ်ဆိုမှုများနှင့် အင်တာနက်အသုံးပြုမှုအပေါ် စနစ်တကျစောင့်ကြည့်ထောက်လှမ်းမှုများကို အင်န်အယ်လ်ဒီအစိုးရလက်ထက်ကတည်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စတင်ခဲ့သော်လည်း ယင်းဌာနက အကြီးတန်းအရာရှိများမှာ ယခင်တပ်မတော်အရာရှိဟောင်းများ အများအပြားရှိနေသည်။

“ဒီလိုတွန်းအားပေးမှုတွေဟာ တပ်မတော်ဘက်ကပဲ လာတာလား၊ အရပ်သားအစိုးရဘက်ကပဲ လာတာလားဆိုတာ ပြောဖို့တော့ခက်တယ်ဗျ”ဟု MPT အရာရှိက ပြောသည်။

အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် ပို့/ဆက်ဝန်ကြီးဌာန၏လုပ်ဆောင်ချက်များအနက်တစ်ခုမှာ ဆိုင်ဘာလုံခြုံရေးဥပဒေ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေကို စစ်ကောင်စီက ဆက်ခံပြီး ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်းတွင် အများပြည်သူသို့ ချပြခဲ့သည်။

သို့သော် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့ များ၏ အကြီးအကျယ် ကန့်ကွက်မှုကြောင့် စစ်ကောင်စီသည် ထိုဥပဒေ ပြဋ္ဌာန်းခြင်းမပြုခဲ့ပေ။ ယင်းအစား အဆိုပါဥပဒေနှင့် အလားတူအကျိုးသက်ရောက်မှုများပါဝင်သော ပြင်ဆင်ချက်များကို အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေသို့ ထည့်သွင်းပြဋ္ဌာန်းခဲ့သည်။

အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင်ပင် ပို့/ဆက်ဝန်ကြီးဌာနသည် မိုဘိုင်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီများ၊ ISPs များထံမှ အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို တရားဝင်ကြားဖြတ်ရယူခွင့် တိုက်ရိုက်ရရှိစေမည့် အစီအစဉ်တစ်ခုကိုလည်း စတင်လုပ်ဆောင်ခဲ့သည်။ Open Technology Fund အဖွဲ့က ထုတ်ပြန်သော စာရင်းဇယားများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထိုစီမံကိန်းအတွက် လိုအပ်သောပစ္စည်းများဝယ်ယူရန် အမေရိကန်ဒေါ်လာ လေးသန်းကို ဝန်ကြီးဌာနက အသုံးစရိတ်အဖြစ် ခွဲတမ်းရရှိခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်၍​ တယ်လီနောကုမ္ပဏီက ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာတွင် ပြုလုပ်သော ပြင်ပသို့ရှင်းလင်းပွဲတစ်ခုတွင် သတိပေးခဲ့ပြီး လုံလောက်သော အကာအကွယ်များ ပြုလုပ်မထားပါက ဤဥပဒေသည် သုံးစွဲသူများ၏ လူ့အခွင့်အရေးကိုချိုးဖောက်ရန် အခွင့်အလန်းတစ်ခုကို ဖန်တီးစေနိုင်ကြောင်းဖြင့် ၎င်းတို့၏စိုးရိမ်မှုကို ထုတ်ဖော်ပြောကြားခဲ့သည်။

ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စစ်တပ်ထိန်းချူပ်မှုအောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနနှစ်ခုစလုံး၏ ဒစ်ဂျစ်တယ်နည်းပညာဝယ်ယူတပ်ဆင်ရေးအတွက် လိုအပ်သော ဘတ်ဂျက်အသုံးစရိတ် တောင်းခံမှုများကို အင်န်အယ်လ်ဒီ အမတ်များက သဘောတူခွင့်ပြုခဲ့သည်။ ထိုခွင့်ပြုငွေနှင့်ပင် လိုအပ်သော ဒီဂျစ်တယ်ကိရိယာပစ္စည်းနှင့် နည်းပညာများကို အနောက်နိုင်ငံကုမ္ပဏီများထံမှ ဝယ်ယူခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုပစ္စည်းကိရိယာနှင့် နည်းပညာများဖြင့်ပင် အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သော လူထုအပေါ် စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

လုံလောက်သော အကာအကွယ်များ မထားရှိဘဲ ထိုဒီဂျစ်တယ်ကိရိယာနှင့် နည်းပညာများကို စစ်တပ်လက်ထဲသာ ရောက်ရှိသွားပါက အလွန်အန္တရယ်ရှိနိုင်ကြောင်း အင်န်အယ်လ်ဒီအစိုးရနှင့် အမတ်များထံ တင်ပြခဲ့ကြသော်လည်း ထိုသို့သတိပေးပြောကြားသူများမှာ လစ်လျူရှုခံခဲ့ရသည်ဟု ဘရပ်ဆဲလ်အခြေစိုက် International Crisis Group−ICG က မကြာသေးမီက ထုတ်ပြန်ခဲ့သည့်  “Myanmar’s Military Struggles to Control the Virtual Battlefield” အစီရင်ခံစာတွင် ဖော်ပြထားသည်။

အင်န်အယ်လ်ဒီအစိုးရလက်ထက်က ထိုခြေလှမ်းအမှားများကို ပြင်ဆင်ရန် အမျိုးသားညီညွှတ်ရေးအစိုးရ(အင်န်ယူဂျီ)အနေနှင့် ပြည်သူတို့၏လွတ်လပ်ခွင့်နှင့် လွတ်လပ်၍ပွင့်လင်းသော အင်တာနက်စနစ်ကိုတာဝန်ခံသည့်မူဝါဒ ထုတ်ပြန်ကြေညာပေးရန် ICG ၏စာတမ်းတွင် အကြံပြုထားသည်။ အင်န်ယူဂျီသည် ၎င်း၏ လူသိများမှုကို အသုံးပြုပြီး ပြည်သူလူထုအကြား ဒီဂျစ်တယ်လုံခြုံမှုဗဟုသုတမြှင့်တင်ရန် လိုအပ်သည်ဟု အစီရင်ခံစာက ဆိုသည်။ ဥပမာအားဖြင့် VPN များ အသုံးပြုမှုသည် မိမိလုံခြုံရေးအတွက် မည်မျှအရေးကြီးပုံကို လူထု သိရှိရန် လုပ်ဆောင်ခြင်းဖြစ်သည်။

သို့သော် ဖုန်းနှင့်အင်တာနက်သုံးစွဲသူများအား စစ်ကောင်စီ၏ ထောက်လှမ်းစောင့်ကြည့်နေမှုများအပေါ် အာရုံစိုက်နေလျှင် ထို့ထက်ပိုမိုအရေးကြီး၍ ကျယ်ပြန့်သော တော်လှမ်းရေးပန်းတိုင်အတွက် ကြိုးပမ်းမှုများကို အာရုံလွှဲပြောင်းသွားစေနိုင်သည်ဟု အင်န်ယူဂျီ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“ပြဿနာတစ်ခုချင်းကိုပြောနေမယ့်အစား ကျနော်တို့ရဲ့ အဓိကပန်းတိုင်ကတော့ စစ်အာဏာရှင်တွေကို ဖြုတ်ချပစ်ဖို့ပဲ။ အဲဒီတော့မှပဲ ပြဿနာတွေအားလုံး ပြေလည်သွားမှာ။ တရားဥပဒေအုပ်စိုးမှု ပြန်ရလာအောင် ဒီဘုံရန်သူကိုဝိုင်းတိုက်ကြဖို့ လူထုကို တိုက်တွန်းချင်တာပါပဲ”ဟု ၎င်းက ပြောသည်။

ဦးထင်လင်းအောင်ကို ဆက်သွယ်ရေး၊ ပြန်ကြားရေးနှင့် နည်းပညာဆိုင်ရာ ဝန်ကြီးအဖြစ် ဇွန် ၅ရက်က အင်န်ယူဂျီအစိုးရက ခန့်အပ်ခဲ့သည်။ သို့သော် ၎င်းကို ယခုဆောင်းပါးအတွက် ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.