ရန်ကုန်မြို့က ရွှေဆိုင်တစ်ခုကို ဇူလိုင်၃ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ပြန်နာလန်မထူပါက စီးပွား​ရေးလုပ်ငန်းအားလုံး ဒုက္ခ​တွေ့နိုင်သည်

​ဖေ​ဖော်ဝါရီ၁ရက် စစ်တပ်က အာဏာသိမ်းပြီး​နောက် နိုင်ငံရေးအခြေအနေ သောင်းကနင်းဖြစ်လာပြီး မြန်မာ့စီးပွား​ရေးမှာလည်း ဆိုးရွားစွာထိခိုက်ကျဆင်းလာသည်။ စီးပွား​ရေးလုပ်ငန်းကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့် ၎င်းတို့၏ အခက်အခဲများအ​ကြောင်း ​ဖရွန်းတီးယားမြန်မာက ဇူလိုင်လဆန်းပိုင်းတွင် ဆက်သွယ်မေးမြန်းခဲ့သည်။ 

အာဏာသိမ်းပြီး ငါးလအတွင်း ၎င်းတို့ အဓိကရင်ဆိုင်​နေရ​သော အခက်အခဲများမှာ အထူးသဖြင့် သွင်းကုန်များတွင် ကုန်ကျစရိတ်များလာခြင်း၊ ငွေသား ရှားပါးလာခြင်းနှင့် သယ်ယူပို့​ဆောင်​ရေး စသည့် အခက်အခဲများ ဖြစ်သည်။ မ​သေချာ၊ မ​ရေရာမှုများနှင့် မတည်ငြိမ်မှုများ​ကြောင့် စီးပွား​ရေးလုပ်ငန်းရှင်များသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများအတွက် အစီအစဉ်ဆွဲမရ ဖြစ်ကြရသည်။

ဖရွန်းတီးယားမြန်မာသည် လုပ်ငန်းနယ်ပယ် အသီးသီးမှလူပုဂ္ဂိုလ်ခြောက်ဦးနှင့် ​တွေ့ဆုံကာ ၎င်းတို့၏ အခက်အခဲများနှင့် အနာဂတ်အတွက် ခန့်မှန်းချက်များကို​မေးမြန်းခဲ့သည်။ အင်တာဗျူးများကို ပိုမိုရှင်းလင်း​​စေရန် တည်းဖြတ်ထားပါသည်။ 

 ကို​ပေါက် (Global အလူမီနီယမ်နှင့် မှန်၊ အိမ်တွင်းတပ်ဆင်​ရေးလုပ်ငန်းရှင်၊ ရန်ကုန်)

“ကျနော်လုပ်ငန်းအတွက် အကြီးမားဆုံး အခက်အခဲက​တော့ ကုန်ကြမ်းပစ္စည်း​တွေ ​စျေးတက်ကုန်တာပဲ။ အထူးသဖြင့် မှန်​ပေါ့။ ပြီးခဲ့တဲ့နှစ်က မှန် တစ်စတုရန်း​ပေကို ၈၅၀ကျပ်ပဲ ​ပေးရတယ်။ အခု (ကျပ်) ၂၀၀၀ ကျော်​​နေပြီ။

ကျနော်ကတော့ ဘဏ်​ကိစ္စ ပြဿနာမရှိဘူး။​ ဖောက်သည်က ဒစ်ဂျစ်တယ်စနစ်နဲ့ ​ငွေ​ချေချင်လည်း ရတယ်။ ကုန်ကြမ်း​ရောင်းတဲ့သူက ဒစ်ဂျစ်တယ်စနစ်နဲ့ ​ငွေ လက်မခံနိုင်ရင် ​ကျနော်ငွေသားနဲ့ ​ပေးလိုက်တယ်”

“ကုန်ကြမ်း​တွေရဲ့ ​စျေးက မတရားတက်လာတယ်။ နိုင်ငံခြားက တင်သွင်းတာ​တွေ ရပ်လိုက်လို့​လေ။ ဒါက အဓိကပြဿနာပဲ။ ဒါ​ပေမဲ့ လူ​တွေအိမ်​ဆောက်​နေသမျှ ကျနော့်အလုပ်ကရှိ​နေမှာပါ။

အနာဂတ်မှာ ဘာ​တွေ မျှော်မှန်းရမလဲမသိဘူး။ ဘာဖြစ်လာမယ် ဆိုတာလည်းမ​သေချာဘူး။ ဒီ​တော့ အရမ်းကြီး ​​မျှော်လင့်မထားဘဲ ကိုယ့်အလုပ်ကိုယ်လုပ်​နေတာပဲ​ကောင်းတယ်”

“အနာဂတ်မှာ ဘာ​တွေ မျှော်မှန်းရမလဲမသိဘူး။ ဘာဖြစ်လာမယ် ဆိုတာလည်းမ​သေချာဘူး။ ဒီ​တော့ အရမ်းကြီး ​​မျှော်လင့်မထားဘဲ ကိုယ့်အလုပ်ကိုယ်လုပ်​နေတာပဲ​ကောင်းတယ်”

 ကို​ပေါက် (Global အလူမီနီယမ်နှင့် မှန်၊ အိမ်တွင်းတပ်ဆင်​ရေးလုပ်ငန်းရှင်၊ ရန်ကုန်)

ကိုတာတာ (မိုဘိုင်းဖုန်း ပြုပြင်​ရေးဆိုင်ပိုင်ရှင်၊ သင်္ဃန်းကျွန်းမြို့နယ်၊​ ရန်ကုန်) 

“အခုအချိန်မှာ​တော့ ကျနော့်အလုပ်က ရပ်လုမတတ်ပဲ။ အရင်ကဆို ဖုန်းပြင်ဖို့ လာအပ်ရင် ဖုန်းက ဘာဖြစ်တာ ဘယ်​​လောက်ကြာမယ်၊ ဘယ်​လောက် ကုန်ကျမယ် စသည်ဖြင့်​ပြောရတယ်။ အခု​တော့ ကုန်ကျစရိတ်​တွေက ကြီး​နေ​တော့ ကျနော်ကလာပြင်သူကို ဖုန်းက အပြစ်အနာအဆာ ရှိ​နေလည်း ဒီအတိုင်းပဲ ဆက်သုံးဖို့​တောင်အကြံ​ပေးရတယ်။ ဘာလို့လဲဆို​တော့ ပြင်ရင်ကုန်ကျစရိတ်က ပိုများမယ်။ ပြီး​တော့ အခုအချိန်က ​ငွေသားရှားပါး​နေတယ်​လေ။ 

ကျနော်က ဒစ်ဂျစ်တယ်စနစ်နဲ့ ​ငွေ​ချေတာကို လက်မခံနိုင်ဘူး။ လာပြင်တဲ့ လူ​တွေကလည်း ​ငွေသားမ​ပေးချင်ဘူး။ ဟိုတ​လောက ဖုန်းပြင်တဲ့နေရာမှာသုံးတဲ့ software တစ်ချို့ဝယ်တာ ​စျေးက ၃၈၀,၀၀၀ (ကျပ်) လို့ ​ရေးထားတယ်။ ကျနော်က ဒစ်ဂျစ်တယ်စနစ်နဲ့ ​ငွေ​ချေလို့ရမလား​မေး​တော့ ဒစ်ဂျစ်တယ်စနစ်နဲ့ ​ငွေ​ချေမယ်ဆို ၄၂၀ ,၀၀၀ (ကျပ်) ​ပေးရမယ်တဲ့။ ကျနော်လည်း မတတ်နိုင်ဘူး။ ဝယ်လိုက်ရတယ်။ ကျနော်က ​ငွေသားကို လက်ထဲများများ ကိုင်ထားချင်တာကိုး”

“တခြား ကုန်ကြမ်း​တွေလည်း ​စျေးတက်ကုန်တယ်။ ကျနော် အရင်က ၃၅ ,၀၀၀ (ကျပ်)နဲ့ ဝန်​ဆောင်မှု​ပေးတဲ့ အလုပ်အခုမလုပ်နိုင်​တော့ဘူး။ လိုအပ်တဲ့ ကုန်ကြမ်းက ၄၀, ၀၀၀ ​ကျော် ​ပေး​​နေရတယ်။ အရင်က ၂၅ ,၀၀၀ (ကျပ်)က​နေ ​စျေးတက်လာတာ။ ဖုန်းပြင်တဲ့နေရာမှာ ကုန်ကြမ်းပစ္စည်း​တွေ ​စျေးတက်လာလို့ ဖုန်းပြင်ခ​တွေ ​စျေးကြီးလာ​ကြောင်း ​ဖောက်သည်​တွေကို ရှင်းပြရတယ်။

ပြီး​တော့ လာပြင်တဲ့ လူ​တွေလည်း နည်းသွားတယ်။ လူ​တွေက အပြစ်အနာအဆာရှိတဲ့ ဖုန်းကိုပဲ မပြင်ဘဲ ဆက်သုံး​နေကြတယ်။ ဒါမှမဟုတ် ​ရောင်းပြီး ​စျေး​ပေါတဲ့ ဖုန်းဝယ်ကိုင်ကြတယ်။ ဒါ​ကြောင့် second hand ဖုန်း အ​ရောင်း​စျေးကွက်က ပိုသွက်လာတယ်။

ပြီးခဲ့တဲ့နှစ်က ကျနော်ဆိုင်သစ်ထပ်ဖွင့်ဖို့ စီစဉ်ခဲ့တာ။ အခု​တော့ ဒီဆိုင်မပြုတ်​အောင်​တောင် မနည်းရပ်တည်​နေရတယ်။ ကျနော်က ဆိုင်ဝန်ထမ်း သုံး​ယောက်ကိုလည်း လစာ​ပေးရတယ်။ ဆိုင်ငှားခလည်း ​ပေးရတယ်။ ကျနော်ဆက်​တော့ ရပ်တည်နိုင်​ပေမဲ့ အမြတ်​တော့မရဘူး။ ကျနော်ဒီအလုပ်ကို ဆက်လုပ်​နေတာက ဒီလုပ်ငန်းကို မစွန့်လွှတ်ချင်လို့ပါ”

​နေမျိုးထက် (ရွှေဆိုင်ပိုင်ရှင်၊ ရန်ကုန်​ရွှေလုပ်ငန်းရှင်များအသင်းဗဟိုအမှု​ဆောင်​ကော်မတီဝင်)

“လက်ရှိ နိုင်ငံ​ရေး၊ စီးပွား​ရေး အ​ခြေအ​နေမှာ ​ရွှေဆိုင်​တွေက အဓိကအလုပ်နှစ်ခုပဲ လုပ်တယ်။ ​ရွှေလက်ဝတ်ရတနာ​တွေကို ဝယ်ပြီး အ​​ခေါက်​ရွှေ​တွေ ပြန်​ရောင်းတာပဲ။

ရွှေဆိုတာ မရှိ ဝမ်းစာ၊ ရှိ တန်ဆာဆိုတဲ့ မြန်မာစကားပုံနဲ့အညီ အခုအချိန်မှာ လူအများအပြားက အလုပ်မရှိကြ​တော့ ကျနော်တို့က သူတို့ရဲ့ ​ရွှေ​တွေကို ပြန်ဝယ်​ပေးရတယ်။ အခု ​ရွှေလာဝယ်တဲ့လူ တစ်​ယောက်မှ မရှိ​တော့​ပေမဲ့ ကျနော်တို့က ရွှေ​တွေကို ​နေ့တိုင်းပြန်ဝယ်​ပေး​နေရတယ်”

“ဒီလိုပဲ ​ငွေ​ကြေးတတ်နိုင်သူ​တွေက ၂၄ကာရက်ရှိတဲ့ အ​ခေါက်​ရွှေ​တွေကို အိမ်မှာငွေသားမထားချင်လို့ လာဝယ်​နေကြတယ်။ အ​ခေါက်​ရွှေတုံးက ပြန်​ရောင်းတဲ့အခါ လက်ခ အနုတ်မခံရဘူး။ ​စျေးတက်ရင် မြတ်​တောင် မြတ်နိုင်တယ်။ ဒါ​ကြောင့် တတ်နိုင်သူ​တွေက ​ရွှေလက်ဝတ်ရတနာ​တွေထက် အ​ခေါက်​ရွှေတုံးကို လိုက်ဝယ်​နေကြတယ်။ လူ​တွေက ​အ​ခေါက်ရွှေ​တွေကို လိုက်စု​နေတာက ​ငွေ​ကြေးစနစ်နဲ့ ဘဏ်စနစ် ပြိုလဲသွားမှာကို စိုးရိမ်လို့ပါ။

အခု အ​ခြေအ​နေ​တွေ​ကြောင့် ကျနော်တို့ရဲ့ လုပ်ငန်းလည်ပတ်ပုံ ထိခိုက်လာတယ်။ ​ရွှေဆိုင်ဖွင့်ချိန်က ပိုတို​တောင်းသွားတယ်။ လုံခြုံ​ရေးကို ပိုဂရုစိုက်ရတယ်။ဘဏ်​တွေ သိပ်အလုပ်မလုပ်​တော့ ကျနော်တို့က ငွေသားကိုပဲ အဓိက အားထားရတယ်။ ဒီ​တော့ လုံခြုံ​ရေး ပိုလိုအပ်တယ်။

ကျနော်တို့ လုပ်ငန်းကို အများကြီး မထိခိုက်​​ပေမဲ့ လုပ်ငန်းကတိုးတက်မှု​တော့ ​နှေးသွားတယ်။ ဒါ​ပေမဲ့ တခြား စီးပွား​ရေးကဏ္ဍ​တွေထက်​တော့ သာပါ​သေးတယ်”

“ကိုဗစ်-၁၉ တတိယလှိုင်းအတွက် စိုးရိမ်မိတယ်။ ပထမနဲ့ ဒုတိယလှိုင်းတုန်းက​တော့ အွန်လိုင်းက​နေ ​ရောင်းတာအဆင်​ပြေတယ်။ အခု အွန်လိုင်းက​နေ ​ရောင်းဖို့လည်း မဖြစ်နိုင်​တော့ဘူး။ အခုတတိယလှိုင်းမှာ ​ရွှေလုပ်ငန်းက ​နှေး​​ကွေးနေမှာပဲ။ 

ဒီလို မ​သေချာ မ​ရေရာတဲ့ အချိန်မျိုးမှာ ဘယ်သူမှ ဘာမှ မ​မျှော်လင့်နိုင်ဘူး။ ကျနော်တို့ ​ရွှေလုပ်ငန်း​ရော တခြားလုပ်ငန်း​တွေ အားလုံး​ရော ဒီလိုဆက်လည်ပတ်​နိုင်​အောင် ကြိုးစားဖို့ပဲ ရှိတယ်”

ဦးရဲမင်း​အောင် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်)

“ဒီအချိန်က​တော့ နိုင်ငံစီးပွား​ရေး ကဏ္ဍအားလုံးမှာ စိန်​ခေါ်မှုနဲ့ ရင်ဆိုင်ကြုံ​တွေ့​နေရတဲ့ အချိန်ပါပဲ။ အကြီးဆုံး စိန်​ခေါ်မှုက​တော့ ဘဏ္ဍာ​ရေးနဲ့ ဘဏ်လုပ်ငန်းကဏ္ဍပါပဲ။ အ​ကြောင်းက​တော့ ​ငွေ​ပေး​ချေရာမှာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ကြရလို့ပါပဲ။ တခြားစိန်​ခေါ်မှု​တွေမှာ​တော့ လုံခြုံ​ရေး၊ ​ထောက်ပို့နဲ့ သယ်ယူပို့​ဆောင်​ရေး လုပ်ငန်း​တွေ ပါဝင်ကြပါတယ်။

ဒီနှစ် ​နွေစပါး အထွက်ကျပါတယ်။ ဧပြီလကုန်ပိုင်းမှာ ပြည်ပတင်ပို့မှု အ​တော်​ကောင်းခဲ့​ပေမဲ့ ​ဖေ​ဖော်ဝါရီနဲ့ မတ်လ​တွေမှာ ပြည်ပ​ရောင်းချရမှု ထူးထူးခြားခြား မရှိခဲ့ပါဘူး”

“ပြည်တွင်းလိုအပ်ချက် ပြည့်မီ​​အောင် ဆန်စက်​တွေဆက်လက်လည်ပတ်​နေခဲ့ပါတယ်။ ကန့်ကွက်ဆန္ဒပြမှု​တွေ၊ နှိမ်နှင်းမှု​တွေ အမြင့်ဆုံးဖြစ်ခဲ့တဲ့ ​ဖေ​ဖော်ဝါရီနဲ့ မတ်လ​တွေမှာ​တောင် တခြားလုပ်ငန်း​တွေ ရပ်တန့်ပိတ်ထားရတဲ့ အချိန်မှာ လူထုဆီက ဝယ်ယူစားသုံးမှုက ရှိ​နေ​တော့ နိုင်ငံအနှံ့မှာ ဆန်​စျေးကွက်က​တော့ ဖွင့်ထားရတာပါပဲ။

ပြည်ပတင်ပို့မှုမှာ အကြီးဆုံး စိန်​ခေါ်မှုက​တော့ ပင်လယ်​ရေ​ကြောင်းပို့​ဆောင်​ရေးနဲ့ ​ထောက်ပို့စရိတ် မြင့်မားလာမှုပါပဲ။ အီးယူ​စျေးကွက်အတွက် ​ထောက်ပို့နဲ့ ပို့​ဆောင်​ရေးစရိတ်က အဆမတန်မြင့်တက်သွားပါတယ်။ တက်သွားတာက ၁၀ ရာနှုန်း၊ ၂၀ ရာနှုန်း ​ပြောတာမဟုတ်ဘူး။ သုံးဆ၊ လေးဆ ခုန်တက်သွားတာ။ ကျနော်တို့က နိုင်ငံ​ရေးအ​ခြေအ​နေအ​ပြောင်းအလဲကို တခြားကဏ္ဍ​တွေထက် ပိုပြီးခံရတယ်။ ဘာ​ကြောင့်လဲဆို​တော့ ပြည်ပ သင်္ဘောလိုင်း​တွေက မြန်မာပြည်ကိုမလာဖို့ ဆုံးဖြတ်ခဲ့ကြလို့ပါပဲ”

“စက်တင်ဘာလကုန်မှာ ကုန်ဆုံးမယ့် ဒီဘဏ္ဍာ​ရေးနှစ်မှာ ဆန်တန်ချိန် နှစ်သန်း ပြည်ပတင်ပို့နိုင်မယ်လို့ ​မျှော်လင့်ခဲ့တာ အခု​တော့ ဒီလျာထားချက် ပြည့်မီနိုင်​တော့မှာမဟုတ်ပါဘူး။ ဒီ​နေ့အထိ ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁ဒသမ၄သန်းပဲ တင်ပို့ရ​သေးတယ်။ အရင်ဘဏ္ဍာ​ရေးနှစ် အလားတူကာလ တင်ပို့နိုင်ခဲ့မှုနဲ့ ယှဉ်လိုက်ရင် ပြည်ပဆန်တင်ပို့မှု ၃၀ရာနှုန်း​လောက် ကျဆင်းသွားတာ ​တွေ့ရတယ်။

ပြည်ပဝယ်လိုအားက အ​ပြောင်းအလဲ သိပ်မရှိပါဘူး။ အီးယူနိုင်ငံ​တွေက ကျနော်တို့ဆန်ကို ဝယ်​နေဆဲပါပဲ။ အဓိက အခက်အခဲက သယ်ယူပို့​ဆောင်​ရေးနဲ့ ​ထောက်ပို့ ကုန်ကျစရိတ်​တွေပါ။

လယ်သမား​တွေအဖို့က​တော့ ဓာတ်​မြေသြဇာ​စျေး​တွေ မြင့်တက်လာတဲ့ ဒဏ်ခံကြရတယ်။ ဓာတ်​မြေသြဇာ​စျေးက မနှစ်ကထက် ၄၀ရာနှုန်း မြင့်တက်လာတယ်။ လယ်သမား​တွေ ဓာတ်​မြေသြဇာကို လုံ​လောက်​အောင် မသုံးနိုင်ကြရင် စပါးအထွက်ကို ထိခိုက်မှာပဲ”

“​နောက်တစ်ခုက ဆန်စက်ပိုင်ရှင်​တွေရဲ့ ပြဿနာ။ ဘဏ်က သူတို့​ငွေ​တွေ ထုတ်မရ​ဘူး။ သူတို့မှာ လယ်သမား​တွေဆီက စပါးဝယ်​တော့ ဘဏ်မိုဘိုင်း ​ငွေလွှဲစနစ်နဲ့ ​ပေး​ချေလို့ရတာမဟုတ်ဘူး။ ဆန်ကုန်သည်​တွေလည်း အလားတူပြဿနာနဲ့ ရင်ဆိုင်​နေကြရတာပါပဲ။

ကျနော်တို့ဘဏ်စနစ်ကို စဉ်းစားကြည့်ရင် လူ​တွေက ယုံကြည်မှု မရှိကြ​တော့တာပဲ။ ဒီ​တော့ အစိုးရအ​နေနဲ့ လူ​တွေရဲ့ယုံကြည်မှုနဲ့ ပါဝင်ပူး​ပေါင်း လုပ်​ဆောင်မှု ပြန်ရ​အောင်​တော့ လုပ်​ဆောင်နိုင်ဖို့ လို​နေပြီ။

ကျနော်ကတော့ အစိုးရကို ​ကောင်းမွန်တဲ့ စီးပွား​ရေး ​ပေါ်လစီနဲ့ အစီအစဉ်​တွေချမှတ်ပြီး အမြန်လုပ်​ဆောင်​စေချင်တယ်။ စတင် အ​ကောင်အထည်​ဖော်ဖို့ လို​နေပြီ။ ဒီလို အ​ကောင်အထည်​ဖော် လုပ်​ဆောင်ရာမှာ လူတိုင်းပါဝင်လာရင် စီးပွား​ရေး ပြန်​ကောင်းလာမှာပဲ။ ဒီလို ဖြစ်မလာရင်​တော့ မြန်မာလူထု​တွေ ​နောက်ထပ် အခက်အခဲ​တွေနဲ့ ရင်ဆိုင်​တွေ့ကြုံကြရဦးမှာပဲ”

အင်းစိန်ဈေးရှိ သားစိမ်း၊ ငါးစိမ်းတန်းတွင် ဈေးဝယ်နေသူအချို့ကို ဇူလိုင်၃ရက်တွင် မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဦး​ဇော်ထိုက်​အေး (ဥက္ကဋ္ဌ၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချသူများအသင်း)

“ကျနော်တို့က အမြတ်အစွန်း မရ​သ​လောက်ပါပဲ။ ​ဖောက်သည်​တွေက ​ငွေသား မ​ပေးနိုင်ဘူး။ ဒစ်ဂျစ်တယ် ​ငွေ​ပေး​ချေမှုကိုပဲ လက်ခံရတယ်။ နိုင်ငံခြားက​နေ ကား​တွေဝယ်​တော့ အ​မေရိကန်​ဒေါ်လာ ​ငွေသား​ပေးရတယ်။ ဒါကပြဿနာပဲ။

ဒစ်ဂျစ်တယ်​ငွေ​ပေး​ချေမှုနဲ့ ကား​ရောင်းရတာက လွယ်တယ်။ ဒါ​ပေမဲ့ ​ရောင်းဖို့ကားဝယ်တဲ့အခါ ဒစ်ဂျစ်တယ်စနစ်နဲ့ ​ငွေ​ချေဖို့ခက်တယ်။ ကားသစ်ဖြစ်ဖြစ်၊ used (တစ်ပတ်ရစ်) ကားဖြစ်ဖြစ် အတူတူပဲ။

ကားတံဆိပ်အသစ်​တွေ ထပ်ပြီး တင်သွင်း​နေတယ်။ ဒီ​တော့ ပြိုင်ဆိုင်မှုက ပိုများလာတယ်။ ​ရောင်းလိုအား များလာ​ပေမဲ့ ဝယ်လိုအားက တက်မလာဘူး။ ဒီ​တော့ ကားအ​ရောင်းအဝယ်လုပ်သူ​တွေ အခက်​တွေ့တယ်”

“ပြီးခဲ့တဲ့နှစ်ကနဲ့​တော့ လုံးဝမတူဘူး။ ကိုဗစ်-၁၉ စဖြစ်အပြီး အ​ရောင်းအေးသွားပြီး​နောက် ​ရောင်းအားက အလျင်အမြန် ပြန်နာလန်ထူနိုင်ခဲ့တယ်။ ဒီနှစ်​တော့ ပြန်နာလန်ထူနိုင်မယ့်ပုံမ​ပေါ်ဘူး။ အခု​ရောင်းအားက မနှစ်ကရောင်းအားရဲ့ ၅၀ရာနှုန်း​တောင် မရှိဘူး။ အ​ရောင်းအဝယ်သမား​တွေက ပြီးခဲ့တဲ့နှစ်​တွေက ဝယ်ထားတဲ့ကား​တွေကိုပဲ ပြန်​ရောင်း​နေရတယ်။ အ​ရောင်းအဝယ် ​အေး​နေတာရယ် ​ငွေသားအခက်အခဲရယ် စတာ​တွေ​ကြောင့် ထပ်ပြီးကား​​တွေ မတင်သွင်းနိုင်ဘူး

အ​ရောင်းအဝယ် ပြန်​ကောင်းလာပြီး ​ငွေသားအခက်အခဲ ​ပြေလည်သွားရင် အခက်အခဲအများစုကို ​ဖြေရှင်းသွားနိုင်မှာပါ။ ပြန်နလံမထူနိုင်ဘူးဆိုရင်​တော့ စီးပွား​ရေးလုပ်ငန်း​တွေအားလုံး ဒုက္ခ​ရောက်ကြမှာပဲ” 

 ဦးမြင့်စိုး (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း)

“ကျနော်တို့လုပ်ငန်းကဏ္ဍက နှစ်စဉ်လုပ်​ဆောင်ရတဲ့ အထည်ရာသီနှစ်ခုထဲက တစ်ခုကို လွတ်သွားပြီ။ ​ဖေ​ဖော်ဝါရီမှာ ​ဆောင်းတွင်းဝတ်ဖို့အဝတ်အထည်​တွေ ချုပ်ပြီး ပထမရာသီကို စတင်တယ်။ ​ဆောင်းရာသီမှာ ​နွေရာသီနဲ့ မိုးရာသီမှာဝတ်ဖို့ အထည်​တွေ ချုပ်ရတယ်။

​ဖေ​ဖော်ဝါရီမှာ နိုင်ငံရဲ့အ​ခြေအ​​နေ ရုတ်တရက်​ပြောင်းလဲသွား​တော့ ​ဆောင်းရာသီအဝတ်​တွေ ဝယ်မယ့်လူ​တွေက မဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘာလို့လဲဆို​တော့ နိုင်ငံတကာသင်္ဘော​တွေ မြန်မာဆိပ်ကမ်းမှာ ကပ်လို့မရလို့ပဲ။

ဒီ​နောက် မတ်လမှာ အထည်ချုပ်လုပ်ငန်း​တွေ အများကြီးရှိတဲ့ လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြပွဲ​တွေ အများကြီးဖြစ်လာတယ်။ ကျနော်တို့​​အော်ဒါ​တွေဖျက်သိမ်းခံရပြီး ဗီယက်နမ်၊ ကမ္ဘောဒီယား၊ တရုတ်နဲ့ တခြားနိုင်ငံ​တွေ ရောက်သွားတယ်”

“မေလ၊ ဇွန်လနဲ့ ဇူလိုင်လ​တွေက ကျနော်တို့ အလုပ်အများဆုံးလ​တွေပဲ။ ဒါ​ပေမဲ့ ဒီနှစ်မှာ ဘာ​အော်ဒါမှမရ​တော့ တစ်ချို့စက်ရုံ​တွေက ယာယီ သို့မဟုတ် အပြီးတိုင် ပိတ်သိမ်းလိုက်ကြတယ်။

ဒီ​တော့ အလုပ်အကိုင်​​ထောင်​ပေါင်းများစွာ ဆုံးရှုံးသွားရတယ်။ အထည်ချုပ်လုပ်ငန်းကဏ္ဍက အလုပ်အကိုင် ၅၀၀,၀၀၀ ​ကျော်ကို ​ပေးထားတာပါ။ ဒါ​ပေမဲ့ အခု​တော့ အလုပ်အကိုင် ၃၅၀,၀၀၀ ​လောက်ပဲ ကျန်​တော့တယ်။ ၂၀ ရာနှုန်း​လောက် ကျဆင်းသွားတာ​ပေါ့။

စက်တင်ဘာနဲ့ ​အောက်တိုဘာလ​တွေမှာ အ​ခြေအ​နေ​တွေ ပြန်လည်​ကောင်းမွန်လာမယ်လို့ ​မျှော်လင့်ပါတယ်။ ဒါ​ပေမဲ့လည်း တခြားလုပ်ငန်းကဏ္ဍ​တွေလိုပဲ ကျနော်တို့လည်း မ​သေချာမှုတွေ၊ စိန်​ခေါ်မှု​တွေနဲ့ ကြုံရဦးမှာပဲ”

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.