Yangon residents gather at the privately run Matesat oxygen factory in South Dagon Township on July 13. (Frontier)
ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ရှိ အောက်ဆီဂျင်ဖြည့်စက်ရုံတစ်ခုအနီး အောက်ဆီဂျင်အိုးဖြည့်ရန် ရောက်ရှိနေသော လူအချို့ကို ဇူလိုင်၁၃ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကပ်ဘေးနှင့်အတူ စျေးနှုန်းမြင့်တက်လာသည့် ဆေးဝါးထုတ်ကုန်များ

ဝယ်လိုအားမြင့်တက်လာခြင်း၊ နယ်စပ်ကုန်သွယ်ရေးပိတ်ဆို့မှုများနှင့် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းတို့ကြောင့် ဆေးဝါးစျေးနှုန်းများ မြင့်တက်လာခဲ့သည်။အလားတူ ဝန်ထမ်းများ ကိုဗစ်−၁၉ ကူးစက်ခံရသည်နှင့်အမျှ ဆေးဆိုင်အများအပြားလည်း ပိတ်သွားကြပြီဖြစ်သည်။ 

ဖရွန်းတီးယားမြန်မာ

လက်ကားဆိုင်ပေါင်း ၆၀၀ကျော်နှင့်အတူ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရှစ်ထပ်မြင့်ရွှေပြည်စုံစျေးကြီးသည် မြန်မာနိုင်ငံရှိဆေးဝါးများအတွက် အကြီးဆုံးစျေးကွက်ဖြစ်သည်။ ပုံမှန်အားဖြင့် လက်လီအရောင်းဆိုင်များ၏မှန်ကောင်တာများတွင် တွေ့မြင်ရလေ့ရှိသည့် ဆေးများသည် လက်ကားဆိုင်ငယ်များရှိ မြင့်မားစွာသိုလှောင်ထားသည့် စက္ကူဘူးများထဲတွင်သာရှိနေသည်။

ဇူလိုင် ၄ရက်က အဆိုပါစျေးအတွင်း ဝယ်ယူသူများနှင့်ပြည့်ကျပ်နေခဲ့ပြီး အများဆုံးဝယ်ယူကြသည်မှာ အအေးမိ၊ ဖျားနာပျောက်ဆေးများ၊ ဗီတာမင်အားဆေးများနှင့် အခြားတစ်ကို​ယ်ရည်သုံးကာကွယ်ရေးပစ္စည်းများဖြစ်ပြီး အထူးသဖြင့် နှာခေါင်းစည်းများသည် ရောင်အားအကောင်းဆုံးဖြစ်သည်။ 

“ဇူလိုင် ၁ ရက်နေ့ကစပြီး အခုလိုဖြစ်နေတာပါ”ဟု အမည်မဖော်လိုသူ ဆေးဆိုင်ပိုင်ရှင်တစ်ဦး ကပြောသည်။ “လူတိုင်းက ကိုဗစ်−၁၉ ကိုကြောက်ကြတယ်”ဟု သူကပြောသည်။

ဒယ်လ်တာဟု ဆေးပညာရှင်များအမည်ပေးထားသည့် ဗီဇပြောင်း ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းရိုက်ခတ်မှုဒဏ် ဆိုးရွားစွာ ခံစားနေရသည့် မြန်မာနိုင်ငံတွင် ကိုဗစ်−၁၉ရောဂါပိုး ကူးစက်မှုများနှင့် သေဆုံးမှုများသည် စံချိန်တင်မြင့်တက်နေပြီး ကိုဗစ်-၁၉ဒုတိယလှိုင်းကထက် သုံးဆကျော်မြင့်တက်ခဲ့သည်။ သို့သော် သံသယလူနာများအား ကိုဗစ်ရောဂါပိုးရှိ၊ မရှိ မစစ်ဆေးနိုင်သည်ဖြစ်ရာ မြေပြင်ရှိ ကိန်းဂဏန်းများသည် စစ်ကောင်စီကနေ့စဉ် ထုတ်ပြန်သည့် စာရင်းထက် အဆပေါင်းများစွာ မြင့်တက်နိုင်သည်။

နှာခေါင်းစည်းနှင့် အောက်စီဂျင်အပါအဝင် မရှိမဖြစ်လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ဆေးပစ္စည်းများပြတ်လပ်လာခြင်းသည် တတိယလှိုင်းတွင် ကပ်ရောဂါကူးစက်မှုကို ပိုမိုဆိုးရွားစေသည်။

“ကူးစက်မှုနှုန်း မြင့်တက်နေရင်တစ်လ၊ နှစ်လအတွင်းမှာ လက်ကားစျေးကွက်က အသုံးများတဲ့ဆေးတွေ ကုန်သွားနိုင်တယ်”ဟု ရွှေပြည့်စျေးမှ အခြားဆေးနှင့် ဆေးပစ္စည်းလက်ကားရောင်းသူတစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

စစ်ကောင်စီ၏ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မေ၂၅ရက်တွင် တတိယမြောက်လှိုင်းစတင်ခဲ့သည်ဟု ကြေညာခဲ့ပြီး ထိုအချိန်မှစ၍ ကိုဗစ်-၁၉ကူးစက်မှု တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ ဗီဇပြောင်း ဒယ်လ်တာ ကိုဗစ်ရောဂါပိုးသည် ပိုမိုဆိုးရွားသည့် လက္ခဏာများဖြစ်ပေါ်စေပြီး ကိုဗစ်ရောဂါကာကွယ်ဆေးများကို ပိုမိုခုခံနိုင်စွမ်းရှိသည်။

နှာခေါင်းစည်းနှင့် ဆေးဝါးထုတ်ကုန်များ ဝယ်လိုအားမြင့်တက်လာခြင်းနှင့်အတူ နိုင်ငံတစ်ဝန်းရှိ လက်ကားစျေးကွက်များတွင်လည်း ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းများမြင့်တက်လာခဲ့သည်။

“နှာခေါင်းစည်းစျေးတွေက လူတွေနေ့စဉ်သုံးနိုင်ဖို့ လက်လှမ်းမမှီတော့ဘူး။ ပြီးတော့ အအေးမိတာနဲ့ တုပ်ကွေးအတွက်အသုံးများတဲ့ ဆေးစျေးတွေကလည်း မြင့်တက်လာတယ်”ဟု ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်တွင် နေထိုင်သူ အသက် ၃၇နှစ်အရွယ် ဦးကျော်ထက်ကပြောသည်။

“ဒီအခြေအနေကို အာဏာပိုင်တွေကထိန်းချုပ်သင့်တယ်”ဟု သူကပြောသည်။ ဈေးနှုန်းတက်နေသည့်အခြေအနေကို အမြတ်ထုတ်နေသော လက်လီ၊ လက်ကားသမားများကို အရေးယူရန်လိုအပ်နေသည်ဟု ၎င်းကဆိုသည်။ 

မြင့်တက်နေသည့် စျေးနှုန်းများ

မြင့်တက်နေသည့် ဝယ်လိုအားကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရန်မှာ မကြာမီကြုံတွေ့လာရဖွယ်ရှိသည့် စိန်ခေါ်မှုတစ်ခုဖြစ်လာသည်။ မြန်မာနိုင်ငံတွင် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများလိုအပ်မှု၏ ၉၀ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများမှ တင်သွင်းနေရသည်ဟု မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုသည်။ တင်သွင်းမှုစုစုပေါင်း၏ ၄၀ရာခိုင်နှုန်းကျော်သည် အိမ်နီးချင်း အိန္ဒိယနိုင်ငံမှတင်သွင်းခြင်းဖြစ်ပြီး လက်တလောတွင် အိန္ဒိယနိုင်ငံသည်ပင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်မှုဒဏ်ကို အကြီးအကျယ်ခံနေရသည်။

နိုင်ငံအချို့ကလည်း လက်ရှိကပ်ရောဂါကာလတွင် ပြည်တွင်းဆေးနှင့် ဆေးပစ္စည်းလိုအပ်ချက်များကို ဦးစားပေးသည့်အနေဖြင့် ဆေးဝါးထုတ်ကုန်များ တင်ပို့မှုကို ကန့်သတ်ထားခြင်းက မြန်မာပြည်အတွင်း ဆေးဝါးပြတ်လပ်မှုအတွက် စိုးစိုးရိမ်စရာအခြေအနေဖြစ်လာပြီး ယင်းကြောင့်ပင် လူအချို့က ဆေးနှင့် ဆေးဝါးပစ္စည်းများကို သိုလှောင်သိမ်းဆည်းခဲ့ကြသည်။

ထို့ပြင် ရှမ်းပြည်နယ်တွင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုသည့် တရုတ်နယ်စပ်မြို့ ရွှေလီသို့ ပျံ့နှံ့သွားခြင်းကြောင့် ဇူလိုင်၈ရက်တွင် တရုတ်အာဏာပိုင်များက တရုတ်-မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်များအားလုံးကို ပိတ်ပစ်ခဲ့သည်။ ယင်းအခြေအနေသည် ဒေါ်လာဘီလျံနှင့်ချီ၍ တန်ကြေးရှိသည့် နှစ်နိုင်ငံကုန်သွယ်မှုကို ကြီးစွာထိခိုက်စေခဲ့သည်။ 

စစ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် ဈေးကွက်အတွင်း ဆေးပစ္စည်းပြတ်လပ်မှုကို ကုစားနိုင်ရန် အောက်ဆီဂျင်သုံး အသက်ရှူစက်များ တင်သွင်းရာတွင် စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့သည်။ ထို့ပြင် ယင်းပစ္စည်းများတင်သွင်းရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲမှု ဦးစီးဌာန၏ခွင့်ပြုချက်ယူရန်မလိုတော့ဟု ကြေညာခဲ့သည်။ သို့တိုင် ကိုဗစ်-၁၉ကူးစက် ပြန့်ပွားမှုကိုတားဆီးရန် ရည်ရွယ်၍ နယ်စပ်ဂိတ်များကို ပိတ်ပင်ခဲ့ခြင်းကြောင့် ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းမှုက အကန့်အသတ်ဖြင့်သာရှိနေခဲ့ပြီး ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ခဲ့ပေ။

ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင်ရှိ ဆေးဆိုင်ပိုင်ရှင် ၁၅ဦး၊ ရန်ကုန်ရှိ ရွှေပြည့်စုံစျေးမှ လက်ကားရောင်းချသူ ခြောက်ဦးနှင့် ဗိုလ်ချုပ်စျေးသစ်မှ လက်ကားစျေးဆိုင်များကို မေးမြန်းကြည့်ရာတွင် နိုင်ငံအနှံ့အပြားတွင် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုမြင့်တက်လာသည်နှင့်အမျှ ဆေးဝါးစျေးနှုန်းများ ဆက်လက်မြင့်တက်လိမ့်မည်ဟု ၎င်းတို့က ခန့်မှန်းပြောဆိုကြသည်။

“ဆေးတွေတင်သွင်းလို့မရဘူးဆိုရင် ပြတ်လပ်မှုတွေရှိနိုင်တယ်”ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ 

ဆေးဆိုင်များနှင့် လက်ကားရောင်းသူများက အအေးမိခြင်းနှင့် ရာသီတုပ်ကွေးကူးစက်မှုတို့အတွက် သုံးစွဲသည့် ဆေးများကအစ ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးသော ဓာတ်စာဆေးဝါးများနှင့် ဗီတာမင်ဖြည့်စွက်ဆေးဝါးများအထိ လက်ကားဈေးကွက်တွင် လိုအပ်ချက်ကြီးမားနေသဖြင့် ဆေးဝါးဈေးနှုန်းများ မြင့်တက်နေကြောင်း ဆေးဆိုင်ပိုင်ရှင်များကဆိုသည်။

“လူသုံးများတဲ့ဆေးတွေနဲ့ တီဗွီမှာကြော်ငြာတဲ့ဆေးတွေရဲ့ စျေးနှုန်းကမြင့်တက်နေတယ်”ဟု ရွှေပြည့်စုံစျေးရှိ လက်ကားဆေးဆိုင်ပိုင်ရှင် ဦးထွန်းထွန်းကပြောသည်။

အခြားနိုင်ငံများတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံခြားဆေးကုမ္ပဏီများ၏ ကုန်ထုတ်လုပ်မှုရပ်ဆိုင်းထားခြင်း၊ မကြာခဏ ပိတ်လိုက်၊ ပြန်ဖွင့်လိုက်ဖြစ်နေသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များကြောင့် ပစ္စည်းများတင်သွင်းရာတွင် အခက်အခဲများရှိနေခြင်းနှင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းတို့သည် ဆေးပစ္စည်းနှင့် ဆေးဝါးစျေးနှုန်းများ မြင့်တက်လာရသည့် အကြောင်းရင်းများဖြစ်သည်ဟု ဦးထွန်းထွန်းက ဆိုသည်။

ရန်ကုန်၊ မန္တလေးနှင့်ပြင်ဦးလွင်ရှိဆေးဆိုင်များက ဖရွန်းတီးယားမြန်မာသို့ ပြောကြားချက်အရ စျေးကွက်တွင် ဗီတာမင်ဆေးများ၏ လက်ကားဈေးသည် ၂၀ ရာခိုင်နှုန်းကျော်မြင့်တက်လာသည်။ အလားတူ အအေးမိခြင်း၊ တုပ်ကွေးရောဂါနှင့် အကိုက်အခဲသက်သာစေသည့် ဆေးဝါးများ၏ စျေးနှုန်းသည် ၂၅ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ကိုယ်ခံအားပိုကောင်းလာအောင် မြှင့်တင်ပေးသည့် ဆေးဝါးများ၏ စျေးနှုန်းမှာ ၅၀ရာခိုင်နှုန်းကျော်အထိ မြင့်တက်နေသည်။

“ကိုဗစ်နဲ့ သက်ဆိုင်တဲ့ ဆေးတွေအားလုံး လက်ကားစျေးကွက်မှာကို မြင့်တက်နေတာ”ဟု ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်ရှိ ဆေးဆိုင်ပိုင်ရှင် ကိုအောင်အောင်ဦးက ပြောသည်။

ဆေးဝါးကုမ္ပဏီများသည် ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းနိုင်ခြင်းမရှိသေးပါက လက်ကားစျေးကွက်ရှိ စျေးဆေးနှုန်းများသည်လည်း မြင့်တက်လာမည်ဟု ကိုအောင်အောင်ဦးက ခိုင်မာစွာပြောသည်။

အောက်စီဂျင်ပြတ်လပ်မှု

၂၀ရာခိုင်နှုန်းသော ကိုဗစ်-၁၉လူနာများကို ကုသရာတွင် အသုံးပြုသည့် အောက်ဆီဂျင်သည် ကိုဗစ်တတိယလှိုင်းတွင် အရေးပေါ်လိုအပ်ချက်တစ်ခုဖြစ်လာသည်။ ကူးစက်မှုမြင့်တက်လာချိန်တွင် ဆေးရုံများသည် လုံလောက်သည့် ကုသမှုမပေးနိုင်သည့်အခါတွင် လူနာများ၏ မိသားစုဝင်များသည် အောက်ဆီဂျင်ရရှိရန် ပုဂ္ဂလိကစက်ရုံများနှင့် ပရဟိတအဖွဲ့များထံသို့ ဆက်သွယ်ကာ အကူအညီတောင်းခံကြရသည်။

၁၀လီတာဆန့် အောက်ဆီဂျင်အိုးတစ်လုံး၏ စျေးနှုန်းသည် အချို့သောစျေးကွက်များ၌ ကျပ် ၁၅၀,၀၀၀ မှ ကျပ်သုံးသိန်းအထိ ပေါက်ဈေးရှိခဲ့ပြီး ယခုအချိန်တွင် လီတာ၄၀ဆန့် အောက်စီဂျင်အိုးတစ်လုံးလျှင် ကျပ်ငါးသိန်းထက်မနည်း တန်ကြေးရှိနေပြီဖြစ်သည်။ တစ်ချိန်တည်းတွင် ယခင်က ကျပ် ၁၀,၀၀၀ဝန်းကျင်သာ ပေးရသည့် သွေးတွင်းအောက်ဆီဂျင်ပါဝင်မှုတိုင်းသည့် oxymeters စက်များ၏ စျေးနှုန်းသည် ကျပ် ၃၀,၀၀၀ အထိ သုံးဆကျော်မြင့်တက်လာခဲ့သည်။

“ဆေးဆိုင်အများစုမှာ oxymeter နဲ့ oxygen concentrators တွေ ကုန်သွားတယ်။ အခုဆို စျေးကွက်မှာ ပြတ်လပ်နေလို့ ပြည်ပကမှာထားရတယ်”ဟု တာမွေမြို့နယ်ရှိ၊ လက်ကားဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင်၅ရက်တွင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ဆေးဝါးများနှင့်  အစားအသောက်ထုတ်ကုန်များ သိုလှောင်ခြင်း၊ အမြတ်အစွန်းရရန် သိုလှောင်ခြင်းတို့ပြုလုပ်ပါက အရေးယူမည်ဟု သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

ပြစ်မှုကျူးလွန်သူများသည် အဆိုပါဥပဒေ၊ ပုဒ်မ ၄အရ အမြင့်ဆုံးထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ် ကျပ်ငါးသိန်းအထိ ပြစ်ဒဏ်ချမှတ်ခံရသည်။ သို့သော် ယင်းသတိပေးချက်သည်  အောက်ဆီဂျင်နှင့် ဆေးဝါးများ၏ စျေးနှုန်းမြင့်တက်နေမှုကို မတားဆီးနိုင်ခဲ့ပေ။

“ဇူလိုင် ၅ရက်နေ့ကနေစပြီး ရန်ကုန်မြို့က စျေးတွေကို စစ်ဆေးခဲ့တယ်။ စျေးတွေအဆမတန်တင်ရောင်းရင် ဥပဒေအရ ရေးယူခံရမယ်ဆိုတာ လက်ကားနဲ့ လက်လီအရောင်းဆိုင်တွေကို သတိပေးခဲ့တယ်”ဟု အမည်မဖော်လိုသည့် စီးပွားကူးသန်းဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ပြင်ဦးလွင်မြို့ရှိ ဆေးဆိုင်ပိုင်ရှင် ကိုကျော်မြင့်ဝင်းက လက်ကားရောင်းဝယ်သူအများစုသည် ရောင်းအားမြင့်မားသည့် ဆေးဝါးများနှင့် ဆေးပစ္စည်းများကို ပမာဏများများ ဝယ်ယူသိုလှောင်ထားကြသည်ဟု ဆိုသည်။

“ဒါကြောင့် ဆေးဝါးစျေးတွေက တက်နေတာ”ဟု သူကပြောသည်။

တောင်ဒဂုံမြို့နယ်ရှိ စက်ရုံတစ်ခုတွင် အောက်ဆီဂျင်ဖြည့်ရန် တန်းစီစောင့်ဆိုင်းနေကြသူများကို ဇူလိုင်၁၃ရက်က မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

လက်မလည်အောင်ရောင်းနေရတယ်

ရန်ကုန်၊ မန္တလေးနှင့်ပြင်ဦးလွင်ရှိဆေးဆိုင်များက ရရှိသည့်အချက်အလက်များအရ ဆီးချို၊ သွေးတိုးရောဂါ၊ ကင်ဆာ၊ ကျောက်ကပ်နှင့် နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် သက်ဆိုင်သည့် ဆေးများ၏ စျေးနှုန်းများသည်လည်း လွန်ခဲ့သောလ အနည်းငယ်ကထက် ၆ဒသမ၅ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် နေထိုင်သောအသက် ၅၄နှစ်ရှိ ဆီးချိုရောဂါသည် ဒေါ်သူဇာဝင်းက နိုင်ငံရေးအခြေအနေနှင့် ကိုဗစ်-၁၉ရောဂါကူးစက်မှုများမြင့်တက်လာခြင်းကြောင့် ၎င်းနေ့စဉ်သောက်သုံးနေရသည့် ဆေးဝါးများ စျေးနှုန်းမြင့်တက်လာခဲ့သည်ဟု ဆိုသည်။ ယခုထက်ပိုမိုစျေးတက်လာမည်ကို မျှော်လင့်ထားသဖြင့် ဒေါ်သူဇာဝင်းက ယခင်ကတည်းက ၎င်းသောက်နေကျဆေးဝါးများကို နှစ်လစာအတွက် ကြိုတင်ဝယ်ယူစုဆောင်းခဲ့သည်။

အအေးမိခြင်း၊ ဆီးချိုရောဂါ၊ အာရုံကြောနှင့် အရေပြားရောဂါများအတွက် အသုံးအများဆုံး တိုင်းရင်းဆေးများပင် ကိုဗစ်-၁၉ တတိယလှိုင်းစတင်ချိန်ကတည်းက စျေးနှုန်းမြင့်တက်လာခဲ့သည်ဟု တိုင်းရင်းဆေး လက်လီ၊ လက်ကားအရောင်းဆိုင်များက ဖရွန်းတီးယားမြန်မာကို ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ တိုင်းရင်းဆေးများသည် မြန်မာနိုင်ငံတွင် ယခင်ကတည်းက လူသုံးများခဲ့သည်။ အထူးသဖြင့် အနောက်တိုင်းဆေးများကို ဝယ်ယူရန် လက်လှမ်းမမီသည့် လူဦးရေ၏ ၇၅ရာခိုင်နှုန်းခန့်နေထိုင်သည့် ကျေးလက်ဒေသများတွင် တိုင်းရင်းဆေးများကို အဓိက အားထားရသည်။

ရွှေပြည့်စုံစျေးရှိ တိုင်းရင်းဆေးဝါးလက်ကားရောင်းသူတစ်ဦးက ကုန်ကြမ်းများ၊ လုပ်အားခများနှင့် ထုပ်ပိုးမှုများအတွက် ကုန်ကျစရိတ်များမြင့်တက်ခြင်းကြောင့် တိုင်းရင်းဆေးတိုက်များကလည်း ဆေးဝါးများကို စျေးနှုန်းများမြင့်တင်ရောင်းချလာသည်ဟု ပြောကြားခဲ့သည်။

တိုင်းရင်းဆေးဝါးများကိုသာ လက်ကားရောင်းချသည့် ဆေးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကမူ အာဏာသိမ်းချိန်မှစ၍ တိုင်းရင်းဆေးထုတ်လုပ်သူများထံမှ စျေးနှုန်းတက်မည်ကို ကြိုတင်အကြောင်းကြားသည့် သတိပေးစာပေါင်း ၃၀၀ကျော်ခန့် လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

ဥပမာအားဖြင့် ဆီးချိုရောဂါကုသရန် အသုံးပြုသော တော်ကြီးပန်ခါးတစ်ထုပ်လျှင် ကျပ် ၈,၀၀၀ ကျပ်မှ ကျပ် ၁၁,၀၀၀ သို့ မြင့်တက်ခဲ့သည်။

“စျေးတက်တယ်သာပြောတာ တိုင်းရင်းဆေးတွေက လက်မလည်အောင်ရောင်းနေရတာပဲ”ဟု ရန်ကုန်မြို့၊ သာကေတမြို့နယ်တွင် ဆေးဆိုင်ဖွင့်လှစ်ထားသူ ဦးတင်ဦးကပြောသည်။

အလားတူ ဇွန်၁၅ရက်တွင် စစ်ကောင်စီက မြန်မာနိုင်ငံ၏ မြို့ကြီးငါးခုတွင် ကိုဗစ်−၁၉ရောဂါကူးစက်မှုရှိနေသည်ဟု ကြေညာလိုက်ချိန်မှစပြီး နှာခေါင်းစည်းစျေးများလည်း မြင့်တက်လာသည်။ တစ်ဗူးလျှင် အခု၅၀ပါ နှာခေါင်းစည်းစျေးနှုန်းများသည်လည်း ယခင်က ကျပ် ၉၀၀သာရှိခဲ့ရာမှ ယခုအခါ ကျပ် ၃,၀၀၀အထိ မြင့်တက်သွားခဲ့သည်ဟု ဆေးဆိုင်ပိုင်ရှင်များက ပြောသည်။

“ဈေးကွက်ထဲမှာ အများဆုံးဖြန့်နေတဲ့ နှာခေါင်းစည်းတွေက တရုတ်နဲ့ အိန္ဒိယက တင်သွင်းတာ။ လက်ရှိ နယ်စပ်ပိတ်ဆို့မှုကလည်း စျေးမြင့်တက်စေတယ်” ဟု ရွှေပြည့်စျေးက လက်ကားဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။  

ပြီးခဲ့သည့်နှစ်အစောပိုင်းက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ရောဂါပိုး ပထမဆုံးတွေ့ရှိပြီးနောက်ပိုင်းတွင် ရန်ကုန်မြို့တွင် နှာခေါင်းစည်းစျေးနှုန်းများသည် အခု ၅၀ပါ တစ်ထုပ်လျှင် ကျပ် ၃၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်ခဲ့ပြီးနောက် ကိုဗစ်-၁၉တတိယလှိုင်းမတိုင်မီတွင် ကျပ်၉၀၀အထိ ဈေးပြန်ကျခဲ့သည်။ 

 ပိတ်လိုက်ရသည့် ဆေးဆိုင်များ

မကြာသေးမီရက်များအတွင်း ဆေးဆိုင်များ ဖိအားပေးပိတ်ခံရသည်ဆိုသည့် သတင်းနှင့်အတူ ရန်ကုန်မြို့တွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းအဝယ်များ ခေတ္တရပ်ဆိုင်းခဲ့သည်။ သို့သော် ဆေးဆိုင်များအား စစ်တပ်က ဖိအားပေးပိတ်ခိုင်းသည်ဆိုသည်မှာ ကောလာဟလသာဖြစ်ခဲ့ပြီး ဝန်ထမ်းများတွင် ရောဂါပိုးကူးစက်ခံရသဖြင့် ဆေးဆိုင်အချို့ပိတ်လိုက်ရခြင်းသာဖြစ်သည်ဟု စျေးဆိုင်ပိုင်ရှင်များက ပြောသည်။

“ တချို့ကရောဂါကူးစက်ခံရမှာ ကြောက်တာကြောင့် ပိတ်ထားကြတာပါ”ဟု သာကေတမြို့နယ်ရှိ ဝင်းမေတ္တာဆေးဆိုင်ပိုင်ရှင် ဦးတင်ဦးက ပြောသည်။ “ဒါဟာစစ်ကောင်စီနဲ့ ဘာမှမဆိုင်ပါဘူး”ဟု သူကပြောသည်။ 

ဆေးဆိုင်အများစုတွင်လူသုံးများသည့် ပါရာစီတမောဆေးတစ်မျိုးဖြစ်သည့် ဘိုင်အိုဂျက်ဆစ်၊ ဒီကိုလ်ဂျင်နှင့် လူကြိုက်များသည့် နာမည်ကြီး ဗီတာမင်ဆေးများ၊ သွပ်ဓာတ်ပါဝင်သော အားဆေးများ၊ အင်နာဗွန်စီနှင့် ဘီကိုဇင့်စသည့် ဆေးများမှာ စျေးကွက်တွင် ပြတ်လပ်သည်အထိ ဝယ်လိုအားများခဲ့သည်။

ကိုယ်ခံစွမ်းအားစနစ်ကိုမြှင့်တင်ရန် သောက်သုံးလေ့ရှိကြသည့် ဘရန်းငှက်သိုက်ရည်နှင့် Imunactiv စသည့် ဆေးများလည်း ပြတ်လပ်သည်အထိ ဝယ်လိုအားမြင့်တက်ခဲ့သည်။ 

“အခုဆိုရင် လူမှုကွန်ရက်မှာ လူကြိုက်များတဲ့ကုန်ပစ္စည်းတွေ ဝယ်လိုအားတွေလာနေပြီ။ ဒါပေမဲ့ လက်လီဆိုင်တွေမှာတော့ ရှားပါးလာပြီ”ဟု ဦးတင်ဦးကပြောသည်။

ရွှေပြည့်စုံစျေးရှိ လက်ကားရောင်းသူများလည်း ထိခိုက်မှုရှိခဲ့သည်။ ဝယ်လိုအား မြင့်မားနေသော်လည်း အဆိုပါစျေးရှိ ဆိုင်ပေါင်း ၆၀၀၏ ထက်ဝက်ခန့်မှာ ဝန်ထမ်းများ ရောဂါကူးစက်ခံရမှု သို့မဟုတ် ကူးစက်ခံရမည်ကို စိုးရိမ်သောကြောင့် ဆိုင်ပိတ်လိုက်ကြသည်။

လူသုံးများသည့် ဆေးဝါးများအတွက် ဆေးဝါးကုမ္ပဏီများသည် လက်ကားရောင်းသူများအား ရောင်းချသည့်ပမာဏကို ကန့်သတ်ထားသည်။ လက်ကားရောင်းသူတစ်ဦး က “ဒီဆေး(လူသုံးများသည့် ဆေးဝါးများ)တွေကို ဈေးကွက်ထဲမှာရှာဖို့ အရမ်းခက်တယ်။ တစ်ကယ်လို့ ရရင်တောင် စျေးတွေကအရမ်းမြင့်တယ်”ဟု ၎င်းက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.