Workers wait at a shelter in Mae Sot, Thailand, for the chance to return home after Myanmar's military regime closed the border on June 1. (Supplied)
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ အဆောက်အဦးတစ်ခုတွင် ပြည်တော်ပြန်ရန် စောင့်ဆိုင်းနေသော မြန်မာရွှေ့ပြောင်းလုပ်သားများကို ဇွန်၁ရက်တွင် တွေ့ရစဉ်။ ထိုစဉ်က စစ်ကောင်စီက နယ်စပ်ဝင်ပေါက်ကို ပိတ်ပင်ထားခဲ့ချိန်လည်းဖြစ်သည်။ (ဓာတ်ပုံ | ပေးပို့)

ညံ့ဖျင်းသည့် ကိုဗစ်ထိန်းချုပ်ရေးအစီအမံကြောင့် ဒုက္ခရောက်နေသော ရွှေ့ပြောင်းမြန်မာများ

ကိုဗစ်-၁၉ကပ်ရောဂါကူးစက်မှုကို ကာကွယ်ရန်ဟုဆိုကာ မြန်မာနှင့် ထိုင်းနိုင်ငံကြားက မြဝတီနယ်စပ်ဂိတ်ကို ရုတ်တရတ်ပိတ်ပစ်လိုက်ခြင်းက စစ်အစိုးရ၏ ကိုဗစ်-၁၉ကိုင်တွယ်ပုံညံ့ဖျင်းမှုပေါ်လွင်စေသည်ဟု ရွှေ့ပြောင်းလုပ်သားအဖွဲ့များက ဆိုသည်။ ထိုင်းအစိုးရနှင့် အလုပ်ရှင်များ၏ ကိုဗစ်အစီအမံများကလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ဘဝကို ပို၍ခက်ခဲစေသည်။

ဖရွန်တီးယားမြန်မာ

ဘန်ကောက်မြို့အနီးက၊ စမွတ်စခွန်ခရိုင်အတွင်း ပင်လယ်စာထုတ်ပိုးရေးလုပ်ငန်းခွင်မှ ကိုဇော်မိုးတစ်ယောက် မေလကုန်ခါနီးတွင် အလုပ်ထွက်ခဲ့သည်။ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်မငြိမ်သက်မှုများ ဆက်တိုက်ဖြစ်လာခြင်းကြောင့် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့တွင် ကျန်ရစ်ခဲ့သော ဇနီးနှင့်သားဖြစ်သူတို့ကို စိတ်မချသဖြင့် အလုပ်ထွက်ပြီး အိမ်ပြန်ရန်ဆုံးဖြတ်ခဲ့သည်။

“ကျနော်တို့မြို့နားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေလည်းရှိတော့ ရဲတွေ၊ စစ်သားတွေက အမြဲလှည့်ပတ်နေတယ်။ ကျနော့်မိန်းမနဲ့ကလေးက နှစ်ယောက်ထဲနေတော့ စိတ်မချဘူး။ သူတို့ဆီ အမြန်ဆုံးပြန်ရောက်ချင်တယ်”ဟု ကိုဇော်မိုးက ပြောသည်။

စစ်ကောင်စီက မြဝတီနယ်စပ်ဂိတ်ကို ဇွန် ၁ရက်တွင် ပိတ်ချလိုက်ခြင်းကြောင့် အမြန်အိမ်ပြန်ရောက်ချင်နေသော ကိုဇော်မိုး၏မျှော်လင့်ချက်များ ပျက်ပြယ်ခဲ့ရသည်။ သူနှင့်အတူ နေရပ်ပြန်ရန် ပြင်ဆင်နေသူ မြန်မာ၄၀၀ကျော် ထိုင်းဘက်ခြမ်းတွင် သောင်တင်နေခဲ့သည်။

ကိုဗစ်-၁၉ ထိန်းချုပ်ရေးအတွက် ကွာရန်တင်းစင်တာများနှင့် ဆေးကိရိယာလိုအပ်ချက်များကို ကြိုတင်ပြင်ဆင်ရန်ဟုဆိုကာ ဇွန် ၁ရက်တွင် နယ်စပ်ဂိတ်ပိတ်မည်ကို မေ ၃၁ရက်တွင် အချိန်ကပ်၍ ကြေညာခဲ့သည်။ ယင်းအတွက်ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ ထိုင်းနယ်စပ်ဂိတ်အမိုးအောက်တွင် မိုးလေများအကြား နှစ်ပတ်ကြာ နေထိုင်ခဲ့ရသည်ဟု ကိုဇော်မိုးက ပြောသည်။

“တစ်ရက်ပဲ ကြိုကြေညာတယ်ဆို မဖြစ်သင့်ဘူး။ ကျနော်တို့ကတော့ တာဝန်ရှိသူတွေကို ဂိတ်ကို အမြန်ဆုံးပြန်ဖွင့်စေချင်တယ်။ မိုးရာသီလည်းဖြစ်တော့ ခြင်တွေလည်း အများကြီးပဲ။ ကျနော်တို့မှာ ခြုံစရာစောင်လည်း မရှိဘူး။ ဒီသောင်တင်နေတဲ့အထဲမှာ လသားကလေးနှစ်ယောက်အပါအဝင် ကလေးတွေအတော်များများပါတယ်”ဟု သူကပြောသည်။

ဇွန်လ ၁၅ရက်တွင် ယင်းဂိတ်ကိုပြန်လည်ဖွင့်လှစ်ခဲ့ပြီး သောင်တင်နေသော မြန်မာများကို နေရပ်ပြန်ရန် ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။ ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားများအတွက် ဥပဒေဆိုင်ရာအထောက်အပံ့များနှင့် အလုပ်သမားအခွင့်အရေးနှင့်သက်ဆိုင်သော ပညာပေးမှုများ လုပ်ဆောင်နေသော ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ၏အဆိုအရ ထိုင်းဘက်ခြမ်းတွင် သောင်တင်နေသူ အထောက်အထားမဲ့ အလုပ်သမား ၁၃၀ဦးခန့်နှင့် ထိုင်းနိုင်ငံတွင် ဖမ်းဆီးထောင်ချခံခဲ့ရသူ ၄၇၀ဦးခန့် ပါဝင်ကြောင်းသိရသည်။

MWRN ၏ မဲဆောက်အခြေစိုက်အဖွဲ့ဝင် ကိုနောင်နောင်က သောင်တင်နေခဲ့သော ရွေ့ပြောင်းအလုပ်သမားများအနေဖြင့် ခက်ခက်ခဲခဲအချိန်ကာလကို ဖြတ်ကျော်ခဲ့ရသည်ဟုဆိုသည်။

“မိုးက မဲဆောက်မှာ နေ့တိုင်းကို ရွာတယ်။ နေရပ်ပြန်တွေ နေရတဲ့နေရာက အမိုးပဲရှိတယ်။ ဘေးအကာတွေမရှိဘူး။ တချို့ဆို အထုပ်တွေက မြန်မာဘက်ပို့လိုက်ပြီ လူပဲ ဒီဘက်မှာကျန်ခဲ့တာဆိုတော့ အင်္ကျီအပိုတောင်မရှိဘူး။ မဲဆောက်မှာရှိနေတဲ့ ကူညီရေးအဖွဲ့တွေလည်း အစားအသောက်၊ ဆေးနဲ့ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေစတဲ့အခြားလိုအပ်တာတွေ ကူညီပေးနေပါတယ်”ဟု ၎င်းကပြောသည်။

ညံ့ဖျင်းလှတဲ့ ကိုဗစ်-၁၉ကာကွယ်ရေးအစီအမံ

ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ကာကွယ်ရန် နယ်စပ်ဂိတ်ကို အလျင်အမြန်ပိတ်ချလိုက်ခြင်းက စစ်ကောင်စီ၏ ကိုဗစ်-၁၉ကာကွယ်ရေးအစီအမံ ညံ့ဖျင်းကြောင်းပေါ်လွင်နေသည်ဟု ထိုင်းမြန်မာနယ်စပ်တွင် အခြေစိုက်အဖွဲ့များက ပြောသည်။

ဖေဖော်ဝါရီ ၁ရက်အာဏာသိမ်းပြီးပြီးချင်းတွင် မြဝတီနယ်စပ်ဂိတ်ကို ဖြတ်သန်းသော ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပြီး နေရပ်ပြန်များလက်ခံမှုကိုလည်း ရပ်တန့်ခဲ့သည်။ မတ် ၂၃ရက်တွင် နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး တစ်ရက်လျှင် နှစ်ကြိမ် လူအဝင်အထွက် ခွင့်ပြုခဲ့သည်။ ကရင်သတင်းအေဂျင်စီ (KIC) ၏ သတင်းတစ်ပုဒ်တွင် မြဝတီနယ်စပ်ဂိတ်မှတဆင့် မတ် ၂၃ရက်နောက်ပိုင်း လူဦးရေ ၁၈၀,၀၀၀၀ ကျော် နေရပ်ပြန်လာခဲ့သည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းပြင်းထန်လာခြင်းကြောင့် မေ ၅ရက်မှစ၍ တစ်ရက်ခြား တစ်ခါ လူ၂၀၀ဦးစီ ကန့်သတ်၍ ဝင်ခွင့်ပြုခဲ့သည်။ နေရပ်ပြန်များထဲမှ ကိုဗစ်လူနာတွေ့ရှိမှုများလာခြင်းကြောင့် ဇွန် ၁ရက်တွင် နယ်စပ်ဂိတ်ကို လုံးဝပိတ်ပစ်ခဲ့သည်။

KIC သတင်းဌာန၏ မေ ၁၄ရက် သတင်းဖော်ပြချက်တွင် ဧပြီတတိယအပတ်မှ မေလ ၁၂ရက်အတွင်း မြဝတီဂိတ်မှ ဝင်လာသူ ၆၅ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရသည်ဟု ဆိုထားသည်။

ကိုဗစ်နှင့် သက်ဆိုင်သောသတင်းအချက်အလက်များကို ရရှိရန်ခက်ခဲနေပြီး မြဝတီအခြေစိုက် ရွှေ့ပြောင်းလုပ်သားအရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ တည်ထောင်သူ ဦးအောင်မြတ်က လက်ရှိဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခန့်အပ်ခဲ့သောလူများထက် ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြောသည်။

“အရင်အစိုးရလက်ထက်ကဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးတေဇာအောင်တုန်းက ဒီနေ့ မြို့နယ်မှာ ကိုဗစ်လူနာဘယ်နှစ်ယောက်တွေ့ပါတယ်ဆိုတာကအစ ရောဂါအခြေအနေအကြောင်းတွေကို အမြဲတမ်းသတင်းထုတ်ပြန်ပေးတယ်။ အခုကတော့ သတင်းဌာနတွေက မတင်ရင် ဘာမှကို မကြားရတော့ဘူး” ဟု ၎င်းက ပြောသည်။

MWRN ၏ အမှုဆောင်အဖွဲ့ဝင် ကိုသန်းဇော်ထိုက်ကလည်း ယခုစစ်အစိုးရ၏ မိမိနိုင်ငံသားများအား ပြည်ဝင်ခွင့်မပေးဘဲ နယ်စပ်ဂိတ်ပိတ်ပစ်လိုက်ခြင်းကဲ့သို့သောဖြစ်ရပ်မျိုးသည် ယခင် အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် တစ်ခါမှ ဖြစ်ပွားဖူးခြင်းမရှိကြောင်း ပြောသည်။

“ဒုတိယလှိုင်း သိန်းချီပြန်လာတုန်းကတောင် ဒေါ်စုအစိုးရက နယ်စပ်ဂိတ်တွေကို တစ်ခါမှမပိတ်ပစ်ဖူးဘူး။ စနစ်တကျနဲ့ ကြိုဆိုရေးအစီအစဉ်တွေ လုပ်ခဲ့တယ်။ လူတွေများလွန်းလို့ တန်းစီရတဲ့အတွက် တစ်ရက်၊ နှစ်ရက်ဂိတ်တွေမှာ စောင့်ရတာပဲရှိဖူးတယ်။ တစ်ခါမှ အခုလိုနေရပ်ပြန်တွေ ရက်အကြာကြီးသောင်တင်နေတာမျိုး မဖြစ်ဖူးဘူး”ဟု သူက ပြောသည်။

နယ်စပ်ဂိတ်ပိတ်ပစ်လိုက်ခြင်းသည် ဖြစ်သင့်ကိစ္စဟုတ်မဟုတ်ကို ပြောဆိုရန်ခက်ခဲသော်လည်း ကိုဗစ်-၁၉ဒုတိယလှိုင်းအတွင်း နေရပ်ပြန်များကြိုဆိုရေးဆိုင်ရာကိစ္စများတွင် ကူညီပေးခဲ့သည့် လူမှုကူညီရေးအဖွဲ့တစ်ခုကမူ မြဝတီတွင် စုစုပေါင်းလူ ၁,၃၀၀ ခန့် ထားရှိနိုင်သည့် ကွာရန်တင်းစင်တာလေးခုရှိသည်ဟု ဆိုသည်။

အမည်မဖော်ပြရန် မေတ္တာရပ်ခံထားသော အဆိုပါအဖွဲ့ခေါင်းဆောင်က ကွာရန်တင်းစင်တာများတွင် လူများလက်ခံရန် နေရာလွတ်အများအပြားရှိနေပြီး စစ်ကောင်စီက ကွာရန်တင်းစင်တာများ ပြင်ဆင်ရန်နှင့် ကျန်းမာရေးလိုအပ်ချက်များဖြည့်တင်းရန်ဆိုသည့် အကြောင်းပြချက်ဖြင့် နယ်စပ်ဂိတ်ပိတ်ခဲ့ခြင်းကို နားမလည်နိုင်ကြောင်း ပြောသည်။

“လူပြည့်နေတဲ့စင်တာတွေလည်း ရှိတယ်။ ဒါပေမဲ့ တချို့က နေရာလွတ်တွေ အများကြီးရှိသေးတယ်။ တတိယလှိုင်းအတွက် ပြင်ဆင်နေတယ်လို့ ထင်တာပါပဲ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်လေ ကိုယ့်နိုင်ငံသားတွေကို ဝင်ခွင့်မပြုဘဲနယ်စပ်ဂိတ်မှာ စောင့်ခိုင်းတာတော့ မဖြစ်သင့်ပါဘူး”ဟု ၎င်းကပြောသည်။

အင်န်အယ်လ်ဒီအစိုးရလက်ထက်က အလှူရှင်များနှင့် စေတနာ့ဝန်ထမ်းများ၏ ထောက်ပံ့ကူညီမှုများကြောင့် ကိုဗစ်ရောဂါနှင့်ပတ်သက်၍ နေရပ်ပြန်များအနေဖြင့် မည်သည့်ကုန်ကျစရိတ်မျှ ကျခံစရာမလိုသော်လည်း လက်ရှိတွင်ကိုဗစ်ရောဂါပိုးရှိ၊ မရှိစစ်ဆေးခြင်းနှင့် ကွာရန်တင်းနေထိုင်ခြင်းများအတွက် နေရပ်ပြန်များကိုယ်တိုင် ငွေကြေးစိုက်ထုတ် သုံးစွဲနေရသည်။

ဦးအောင်မြတ်က နေရပ်ပြန်များအနေဖြင့် ကိုဗစ်စစ်ဆေးခြင်းအတွက် နယ်စပ်ဂိတ်တွင် ထိုင်းငွေ ဘတ် ၃၀၀ (မြန်မာငွေ ၁၆၀၀၀ခန့်) ပေးရပြီး အသွားအလာ ကန့်သတ်နေထိုင်သည့် ကွာရန်တင်းကာလ ၁၀ရက်အတွက် ငွေကျပ် ၁၅၀,၀၀၀ ခန့် ပေးနေရသည်ဟု ဆိုသည်။

“အင်န်အယ်လ်ဒီအစိုးရ လက်ထက်တုန်းက မြဝတီကနေသက်ဆိုင်ရာမြို့တွေပြန်ရောက်ဖို့ တစ်ပြားမှမပေးရဘူး။ အလှူရှင်တွေက အကုန်ထောက်ပံ့ပေးတော့ စနစ်တကျလည်ပတ်နိုင်ခဲ့တာပေါ့။ အခုတော့ ဘာမှမရှိတော့ဘူး။ ကွာရန်တင်းဝင်တဲ့လူကပဲ အကုန်ကျခံနေရတော့ နေရပ်ပြန်တွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ရတာပေါ့”ဟု ၎င်းကပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်-၁၉ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသော စေတနာ့ဝန်ထမ်းအများအပြားက ကူညီမှုများကို ရပ်တန့်ပစ်ခဲ့ကြသည်။

“အတော်များများက အာဏာသိမ်းအစိုးရအတွက် မလုပ်ပေးချင်ကြတော့ဘူး။ ကျန်းမာရေးဝန်ထမ်းတွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ဝင်ပါပြီးတဲ့နောက် လုပ်ငန်းအားလုံးက ရပ်သွားတယ်။ စေတနာဝန်ထမ်းတွေ အလှူရှင်တွေရှိနေလည်းဆရာဝန်မရှိရင် ဘာမှလုပ်မရဘူး။ အခုဆိုလည်း ဘယ်အလှူရှင်မှမရှိတော့ပါဘူး” ဟု လူမှုကူညီရေးအဖွဲ့တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နယ်စပ်ဂိတ်အနီးတွင် စတည်းချ၍ အိမ်ပြန်ရန် စောင့်ဆိုင်းနေကြသော ရွှေ့ပြောင်းမြန်မာလုပ်သားများကို မြင်တွေ

ထိုင်းနိုင်ငံအတွင်း ပိတ်မိနေခြင်း

ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့သော ကိုဇော်မိုး၏ အိမ်ပြန်ခရီးစဉ်သည် ရှုပ်ထွေးလှသည်။

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလက စတင်သော ကိုဗစ်-၁၉ဒုတိယလှိုင်းကြောင့် မြန်မာအလုပ်သမားသိန်းနှင့်ချီ ထိုင်းနိုင်ငံကို စွန့်ခွာပြီး ပြည်တော်ပြန်ခဲ့ကြသည်။ ယခုတတိယလှိုင်းတွင် ထိုင်းအစိုးရသည် တရားဝင်ရွှေ့ပြောင်းလုပ်သားများ ၎င်း၏နိုင်ငံအတွင်းမှ မစွန့်ခွာနိုင်ရန် ပြည်နယ်ချင်းဖြတ်ကျော်မှုကို တားမြစ်သော စည်းမျဉ်းအများအပြား ချမှတ်ထားသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်စတင်ဖြစ်ပွားခဲ့သည့်ကာလမှ ဧပြီ၁ရက်အထိ ရောဂါကူးစက်သူ ၂၉,၀၀၀ သာရှိခဲ့သော်လည်း ဧပြီ ၁ရက်နောက်ပိုင်းတွင် ကူးစက်ခံရသူဦးရေသည် ၁၇၀,၀၀၀အထိ ရှိလာခဲ့သည်။

ယင်းအတွက်ကြောင့် အလုပ်သမားများသည် မြန်မာနိုင်ငံပြန်ရန် တရားမဝင်အလုပ်သမားဟန်ဆောင်ကြရသည်။ မိမိတို့အလုပ်လုပ်ကိုင်ရာ ပြည်နယ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် တရားမဝင်အလုပ်သမားအဖြစ် အကြောင်းကြားပြီးနောက်တွင် နယ်စပ်သို့ ကိုယ့်အစီအစဉ်ဖြင့် ပြန်ခွင့်ရကြသည်။

ယင်းလုပ်ငန်းစဉ်အားလုံးကို ပွဲစားများက စီစဉ်ပေးပြီး အခကြေးငွေများ အများအပြားပေးရလေ့ရှိသည်။

“အဲဒီလိုအကြောင်းကြားလိုက်ရင် ထိုင်းလူဝင်မှုကြီးကြပ်ရေးက အထောက်အထားမဲ့အလုပ်သမားပါဆိုပြီး အသိအမှတ်ပြုတဲ့ စာရွက်ပေးတယ်။ အဲဒါစာရွက်နဲ့ နယ်စပ်ဂိတ်ကို သွားရတာပေါ့။ လူတစ်ယောက်အတွက်ဆို ဘတ် ၁,၈၀၀ ကနေ ၃,၅၀၀အထိပွဲစားကို ပေးရတယ်” ဟု ကိုဇော်မိုးကပြောသည်။

MWRN မှ ကိုသန်းဇော်ထိုက်ကလည်း ယင်းလုပ်ငန်းစဉ်သည်ငွေကုန်ကြေးကျများခြင်းကြောင့် အလုပ်သမားများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဆိုသည်။

“လူဝင်မှုကြီးကြပ်ရေးကို အကြောင်းကြားဖို့အတွက် ပွဲစားရှာရတယ်။ အဲဒီအတွက် ဘတ် ၃,၀၀၀ လောက်ကုန်တယ်။ အရင်ကနယ်စပ်ဂိတ်ကို ရောက်ဖို့ဘတ် ၁,၀၀၀ လောက်ပဲကုန်ရင် အခု ဘတ် ၄,၀၀၀လောက်ကုန်တယ်”ဟု သူကပြောသည်။

ထိုင်းအစိုးရအနေဖြင့် အလုပ်သမားများ နေရပ်မပြန်နိုင်ရန်တားမြစ်နေခြင်းမှာ ၎င်းတို့၏ အကျိုးစီးပွားကြောင့်ဖြစ်သည်ဟု ကိုသန်းဇော်ထိုက်ကယုံကြည်နေသည်။

“ဒုတိယလှိုင်းတုန်းက ရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်ကူးစက်ခံတာများတော့ စက်ရုံတွေပိတ်ကြရတယ်။ အဲဒီမှာ အလုပ်သမားအတော်များများက နေရပ်ပြန်လာကြတယ်။ အခုကျတော့ အလုပ်သမားကလည်းမလောက်ငတော့ ထိုင်းအစိုးရက ထပ်မပြန်စေချင်ဘူးနဲ့  တူပါတယ်” ဟု ၎င်းက‌ပြောသည်။

ဒုတိယလှိုင်းအတွင်းက ထိုင်းအစိုးရကသာ ကွာရန်တင်းစင်တာများပြုလုပ်ခဲ့သော်လည်း ယခုတွင် စက်ရုံများက ကိုဗစ်ကူးစက်ခံရသောအလုပ်သမားများအတွက် ကိုယ်ပိုင်ကွာရန်တင်းစင်တာများ ပြုလုပ်ပေးသည်။ သို့တိုင် စက်ရုံပိုင်ကွာရန်တင်းစင်တာများတွင် အလုပ်သမားများအတွက် နေရေး၊ စားရေးအဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ကိုသန်းဇော်ထိုက်ကပြောသည်။

ထို့ပြင် အချို့စက်ရုံပိုင်ရှင်များသည် ပြဋ္ဌာန်းထားသော အလုပ်သမားဥပဒေများကိုကျော်လွန်၍ ကွာရန်တင်းဝင်ရောက်နေသော အလုပ်သမားအတွက်လခလစာများ မပေးလိုကြကြောင်း သိရသည်။ ယင်းအတွက်ကြောင့် အခွင့်အရေးချိုးဖောက်ခံရသော အလုပ်သမားများကို MWRN က ဥပဒေအရ အကူအညီများပေးနေသည်ဟုဆိုသည်။

အာဏာသိမ်းပြီးကတည်းက ထိုင်းနိုင်ငံအတွင်းကမြန်မာအလုပ်သမားအတွက် ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အခြားစာရွက်စာတမ်းများ ပြုလုပ်ခြင်းကဲ့သို့သော သံရုံးနှင့်ဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင် အခက်အခဲများကြုံတွေ့နေရသည်ဟု ရွှေ့ပြောင်းလုပ်သားအများစုက ဆိုသည်။

ယခုနောက်ပိုင်း သံရုံးကလုပ်ငန်းများကို တဖြည်းဖြည်းပြန်လည်စတင်လာသော်လည်း ယခင်ကကဲ့သို့ ဝက်ဆိုဒ်နှင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် မည်သည့်သတင်းအချက်အလက်မျှ မတင်တော့သဖြင့် အလုပ်သမားအများစုက မသိရှိကြပေ။

“အာဏာသိမ်းတာနဲ့ ကပ်ရောဂါကြောင့် သံရုံးနဲ့ဆက်သွယ်ဖို့ လိုတဲ့အလုပ်သမားတွေ အတော်စိတ်ဖိစီးရတယ်။ အများစုက နေထိုင်ခွင့်သက်တမ်းတွေကုန်နေပြီ။ ဒါတွေကို သက်တမ်းတိုးပေးဖို့ သံရုံးကဘယ်လိုလုပ်ပေးမလဲဆိုတာလည်း ဘာမှမသိရဘူး။ အများစုက သံရုံးဖွင့်လား၊ မဖွင့်လားတောင် မသိကြဘူး” ဟု MWRN အဖွဲ့ဝင် ကိုသန်းဇော်ထိုက်ကပြောသည်။

အခက်အခဲများနှင့် ကြုံတွေ့နေရသော မြန်မာအလုပ်သမားများ နေရပ်ပြန်လိုပါက မည်သည့်ကုန်ကျစရိတ်မျှ အပိုမကုန်စေဘဲ လွယ်လင့်တကူအိမ်ပြန်နိုင်ရန် စစ်ကောင်စီက စီစဉ်ပေးသင့်သည်ဟု ၎င်းကဆိုသည်။

Thai military personnel in personal protective equipment (PPE) check the temperatures of migrants from Myanmar detained near the border in Prachuap Khiri Khan province on May 9.(APF/Royal Thai Army)
တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားသော ထိုင်းစစ်သားတစ်ဦးက ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ကိုဗစ်-၁၉လက္ခဏာများ ရှိ၊ မရှိ မေ၉ရက်က စမ်းသပ်စစ်ဆေးနေစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ/ ထိုင်းတော်ဝင်တပ်)

အန္တရာယ်များသော တရားမဝင်နယ်စပ်ဖြတ်ကျော်မှု

ကိုဗစ်-၁၉ကာလတွင် ထိုင်းနိုင်ငံက လုပ်ငန်းခွင်များကိုစွန့်ခွာသည့် အလုပ်သမားများရှိနေသည့်တိုင် အခြားတစ်ဖက်တွင်လည်း အာဏာသိမ်းမှုအလွန် တိုင်းပြည်ဆင်းရဲမွဲတေမှုကြောင့် ထိုင်းနိုင်ငံသို့သွားရောက်၍ အလုပ်အကိုင်ရှာဖွေချင်သော မြန်မာများလည်းရှိနေသည်။

သို့သော် ထိုင်းအစိုးရက ကိုဗစ်-၁၉ကပ်ရောဂါထိန်းချုပ်ခြင်းအစီအမံတစ်ရပ်အနေဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းကို တရားဝင် ပိတ်ပင်ထားသည်။ယင်းအတွက်ကြောင့် မြန်မာအလုပ်သမားများသည် ပွဲစားများကို အခကြေးငွေများစွာပေး၍ တရားမဝင်လမ်းကြောင်းများကတစ်ဆင့် ခိုးဝင်နေကြပြီး ထိုင်းရဲများထံတွင် ဖမ်းဆီးခံရသူမှာ နေ့စဉ်ဆယ်ဂဏန်းနှင့်ချီ၍ ရှိနေသည်။

ထိုင်းရဲများက ဖမ်းဆီးရမိသော ခိုးဝင်မြန်မာစာရင်းကို နေ့စဉ်ထုတ်ပြန်နေသည်။ ဖမ်းခံရပါက ဆုံးရှုံးမှုကြီးမားလှသဖြင့် မြန်မာများအနေဖြင့် တတ်နိုင်သမျှ တရားမဝင် ဝင်ရောက်ကြခြင်းမပြုရန် ကိုသန်းဇော်ထိုက်ကတိုက်တွန်းသည်။

“မြန်မာနိုင်ငံအတွင်းမှာ အလုပ်အကိုင်ရှားပါးနေတာကိုနားလည်ပါတယ်။ ဒါပေမဲ့ ကိုယ့်လူတွေကို ထိုင်းထဲတရားမဝင်တော့ ဝင်မလာစေချင်ဘူး။ ဘာလို့လဲဆိုတော့ ဒီကိုဝင်ဖို့ ပွဲစားကို ဘတ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ကြား (ကျပ်ငွေ ရှစ်သိန်းနှင့် ၁၁သိန်းကြား)တောင်ပေးရတယ်။ ပြီးတော့ အရင်းအနှီးကကြီးတော့ အဆုံးအရှုံးကြီးတယ်။ ပြီးတော့ အသက်အန္တရာယ်လည်းရှိတယ်”ဟု ၎င်းကပြောသည်။

ရွှေ့ပြောင်းအလုပ်သမား လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးအောင်မြတ်ကလည်း ငွေတစ်ခုကိုသာကြည့်သော ပွဲစားများကိုမယုံကြည်ကြရန် အလုပ်သမားများကို တိုက်တွန်းသည်။

“ပွဲစားဆိုတာမျိုးက ငွေရရင်ပြီးရောလေ။ အကယ်၍ ခိုးဝင်ရင်း အဖမ်းခံရရင် အလုပ်သမားတွေက လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ကော ကိုဗစ်ဥပဒေနဲ့ပါအစွဲခံရမှာ။ စွန့်စားဖို့မတန်ဘူး”ဟု ဦးအောင်မြတ်က ပြောသည်။

ထိုင်းနိုင်ငံ၏ အနိမ့်ဆုံးလုပ်ခလုပ်စာငွေမှာ တစ်ရက်လျှင် ဘတ် ၃၃၀ဖြစ်ခြင်းကြောင့် သာမန်ရွှေ့ပြောင်းလုပ်သားတစ်ဦးအဖို့ တစ်လလျှင် ဝင်ငွေ ငါးသိန်းကျော် ရှိသည်။ ယင်းမှာ မြန်မာနိုင်ငံအတွင်းက အလုပ်အကိုင်အခွင့်အလမ်းနှင့် အလုပ်သမားများရရှိသော လုပ်ခလစာနှင့် နှိုင်းယှဉ်လျှင် များစွာကွာဟနေသည်။

မြန်မာနိုင်ငံတွင်မူ အလုပ်သမားတစ်ဦး၏ အနိမ့်ဆုံးတစ်နေ့လုပ်အားခမှာ ကျပ် ၄,၈၀၀ ရှိသည်။ သို့တိုင် အာဏာသိမ်းပြီးနောက် စီးပွားရေးကဏ္ဍရိုက်ခတ်မှုများကြောင့် ယင်းအနည်းဆုံးလုပ်ခကြေးငွေရသော အလုပ်အကိုင်များပင် ရှားပါးလာနေပြီဖြစ်သည်။

“နိုင်ငံရေးအရပဲကြည့်ကြည့် စီးပွားရေးကပဲကြည့်ကြည့် အနာဂတ်က ခါးစည်းခံရမယ့်သဘောပဲ။ ကိုဗစ်ကလည်း တော်တော်နဲ့ပြီးမှာမဟုတ်ဘူး။ မိမိရှိတာလေးနဲ့ ခြိုးခြံချွေတာပြီးတော့ သင့်တင့်မျှတအောင်နေတတ်တဲ့ အလေ့အထတွေ ပြန်လုပ်ရမယ်။ ကိုယ်ထူကိုထပေါ့။ ခြံထဲမှာ စိုက်ပျိုးစားသောက်တဲ့ဓလေ့တွေကို ပျိုးထောင်ပြီး ကာလတစ်ခုကို ကျော်ဖြတ်ဖို့လိုလိမ့်မယ်”ဟု ဦးအောင်မြတ်က ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.