၈၈ အစောပိုင်းက မေ့ပျောက်ခံ ဖြစ်စဉ်တစ်ခု

ရှစ်လေးလုံး အရေးတော်ပုံကို ဖြစ်ပေါ်စေခဲ့တဲ့ ဖြစ်ရပ်တွေ စတင်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ မတ်လအတွင်းက ဆန္ဒပြသူအယောက် ၄၀ ကျော် အချုပ်ကားထဲမှာ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို ထိုစဉ်က အင်းစိန်ထောင်မှူးကြီးဖြစ်သူက ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

ထွန်းခိုင် ရေးသားသည်။

ရန်ကုန်မြို့လယ်ကနေ ကိုးမိုင်လောက်ဝေးတဲ့ အင်းစိန်မြို့နယ်က RIT လို့ ခေါ်ကြတဲ့ ရန်ကုန် နည်းပညာတက္ကသိုလ် (Rangoon Institute of Technology) ကို လက်နက်ကိုင်ထားတဲ့ လုံထိန်းတပ်ဖွဲ့ဝင်တွေက ဝိုင်းထားလိုက်ကြပါတယ်။

အဲ့ဒီနေ့မတိုင်မီ ၁၉၈၈ ခုနှစ်၊ မတ် ၁၂ ရက်နေ့က အင်းစိန် RIT ကျောင်းနားမှာ ကျောင်းသားနဲ့ အရပ်သားတွေ လက်ဖက်ရည်ဆိုင်မှာ စကားများ ရန်ဖြစ်ပြီးတဲ့နောက် နောက်ဆက်တွဲဖြစ်စဉ်တွေကို ထိန်းသိမ်းဖို့အတွက်ဆိုပြီး အာဏာပိုင်တွေက လုံခြုံရေးတပ်ဖွဲ့တွေကို စေလွှတ်လိုက်တာပါ။

လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ကျောင်းသားတွေအကြား နှစ်ဘက် တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် လုံထိန်းတွေက သေနတ်နဲ့ပစ်တဲ့အတွက် RIT ကျောင်းသား ကိုဖုန်းမော်သေဆုံးခဲ့ပြီး အခြားသူတွေလည်း ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဒါဟာ နောက်ရက်အနည်းငယ်အတွင်း ဆိုရှယ်လစ်အစိုးရကို ပြည်သူတွေ တော်လှန်အာခံခဲ့ကြတဲ့ ၁၉၈၈ အရေးအခင်း စတင်ဖို့အတွက် အရေးပါတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။ ထိုအချိန်က အစပျိုးခဲ့တဲ့ အဖြစ်အပျက်တွေက ရှစ်လေးလုံးအရေးတော်ပုံလို့ ခေါ်ဝေါ်ကြတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်းမှာ ပေါ်ပေါက်ခဲ့တဲ့အထိ ကျယ်ပြန့်သွားခဲ့ပါတယ်။

၁၉၈၈ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့မှာ အထွတ်အထိပ်ရောက်ခဲ့တဲ့ ဒီဆန္ဒပြပွဲတွေကို အစိုးရက အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အတွက် လူပေါင်းများစွာလည်း သေကျေ ဖမ်းဆီးခံခဲ့ကြရပါတယ်။ ရှစ်လေးလုံး ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃,၀၀၀ ကနေ ၁၀,၀၀၀ အထိ ရှိလိမ့်မယ့်လို့ ခန့်မှန်းထားကြပါတယ်။ ဒီအထဲမှာ အစောပိုင် ဆန္ဒပြပွဲတစ်ခုမှာ ဖမ်းဆီးခံရပြီးနောက် အချုပ်ကားအတွင်းမှာ အသက်ရှုကြပ် သေဆုံးခဲ့ရသူတွေလည်း ပါဝင်ပါတယ်။ ဒီလူတွေ ဘယ်သူဘယ်ဝါလဲဆိုတာကိုတော့ အခုထိ မသိကြရသေးပါဘူး။  

အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲဟောပြောပွဲတစ်ခုအား ၁၉၈၈ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲဟောပြောပွဲတစ်ခုအား ၁၉၈၈ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

RIT ကျောင်းသားတွေကို အစိုးရက စေလွှတ်လိုက်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတဲ့ သတင်းတွေ ရန်ကုန်တစ်မြို့လုံးကို ပြန့်နှံ့သွားပြီးတဲ့နောက် အစိုးရကို ကန့်ကွက်ဖို့အတွက် လူတွေက နေရာအနှံ့မှာ စုရုံး တာဆူနေကြပါပြီ။

အစိုးရဘက်ကတော့ မြန်မြန်ဆန်ဆန်ပဲ စုံစမ်းစစ်ဆေးရေးလုပ်ခဲ့ပြီး ပြဿနာအားလုံးကို ကျောင်းသားတွေအပေါ် ပုံချတဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။

နောက်ထပ် ရက်အနည်းငယ်အကြာ ၁၉၈၈ ခုနှစ်၊ မတ် ၁၆ ရက်မှာတော့  ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက အင်းစိန်က အင်ဂျင်နီယာကျောင်းသားတွေကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင် ဦးနေဝင်းရဲ့ နေအိမ်နဲ့ မလှမ်းမကမ်းက အင်းယားကန်ဘောင်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြဖို့အတွက် စုဝေးလိုက်ကြပါတော့တယ်။

လက်နက်ကိုင်လုံခြုံရေးတွေကတော့ နည်းလမ်းဟောင်းအတိုင်း ဆန္ဒပြသူတွေကို ရိုက်နှက် ဖမ်းဆီးခဲ့ကြပြန်ပါတယ်။ တံတားဖြူလို့ လူသိများတဲ့ အင်းယားကန်ဘောင်က အဲ့ဒိနေရာဟာ သွေးစွန်းခဲ့လို့ နောက်ပိုင်းမှာ လူတွေက တံတားနီလို့ ပြောင်းခေါ်ခဲ့ကြတဲ့အထိပါပဲ။

အဲ့ဒိအချိန်တုန်းက မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံးတက္ကသိုလ်တွေက ကျောင်းသားတွေက အစိုးရကို ဆန္ဒပြဖို့ ကြိုးစားချိန်မှာ အကြမ်းဖက်ဖြိုခွဲခံရတဲ့သတင်းက ရန်ကုန်မြို့အနှံ့ပြန့်နှံ့နေပြီ ဖြစ်ပါတယ်။

နောက်ထပ် ရက်အနည်းငယ်အကြာ မတ် ၁၈ ရက်မှာတော့ ကျောင်းသားတွေက ရန်ကုန်မြို့လယ်မှာရှိတဲ့ ဆူးလေစေတီတော်ဆီ ဦးတည်ချီတက်ပြီး ဆန္ဒပြပွဲကို အရှိန်မြှင့်ဖို့ ကြိုးစားခဲ့ကြပါတော့တယ်။

ကျောင်းသားတွေနဲ့အတူ အရပ်သားတွေပါ ပူးပေါင်းပါဝင်လာတဲ့ ဆန္ဒပြပွဲကို အစိုးရက အကြမ်းတမ်းဆုံး ကိုင်တွယ်ခဲ့ပြီး ရာနဲ့ချီတဲ့ လူတွေကို  ထိန်းသိမ်းလိုက်ပါတယ်။

ဆန္ဒပြသူတွေကို နာရီပေါင်းများစွာ ထိန်းသိမ်းထားပြီး နောက်ဆုံးမှာတော့ အင်းစိန်ထောင်ကိုပို့ဖို့ အာဏာပိုင်တွေက ဆုံးဖြတ်လိုက်ကြပါတယ်။

အခုအသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ဦးသိန်းဝင်းဟာ အဲဒီအချိန်တုန်းက အင်းစိန်ထောင်မှာ ထောင်မှူးကြီးအဖြစ် တာဝန်ယူနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဦးသိန်းဝင်းက ၁၉၈၈ ခုနှစ်၊ မတ်လအတွင်းက အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။ ဓာတ်ပုံ-တေဇလှိုင်

ဦးသိန်းဝင်းက ၁၉၈၈ ခုနှစ်၊ မတ်လအတွင်းက အဖြစ်အပျက်ကို ပြန်ပြောင်းပြောပြသည်။ ဓာတ်ပုံ-တေဇလှိုင်

အဲဒီနေ့က ထောင်ကိုလာပို့တဲ့ လူအရေအတွက်ဟာ ၇၀၀ ကနေ ၈၀၀ အတွင်း ရှိမယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေကို အချုပ်ကားတွေပေါ်တင်လာပြီး စစ်ကားငါးစီးနဲ့ လက်နက်ကိုင် အစောင့်အကျပ်တွေက လာပို့တာလို့ ဆိုပါတယ်။

ဒါပေမဲ့ အဖမ်းခံလာရတဲ့ လူတွေထဲမှာ အမျိုးသမီးတဦး တစ်ဦးမှ မပါသလို တရားသူကြီးက ညွှန်ကြားတဲ့ ဝရမ်းလဲ ပါမလာဘူးလို့ ဦးသိန်းဝင်းက ပြောပါတယ်။

“ထောင်ဆိုတာ အချုပ်ဝရမ်း၊ ထောင်ကျဝရမ်း မပါပဲလာလို့ မရဘူး။ လက်ခံလို့ မရဘူး”လို့ အကျဉ်းဦးစီးမှာ နှစ်၂၀ ကျော် အလုပ်လုပ်ခဲ့တဲ့ ထောင်မှူးကြီးဟောင်း ဦးသိန်းဝင်းက သူ့အတွေ့အကြုံကို ပြန်ပြောပါတယ်။

နောက်ဆုံးမှာတော့ အထက်အရာရှိတွေက လက်ခံထားဖို့ ဖိအားပေးခဲ့တဲ့အတွက် အင်းစိန်ထောင်က အရာရှိ တွေက ဖမ်းဆီးလာတဲ့သူတွေကို လက်ခံဖို့ ဆုံးဖြတ်လိုက်ရပါတယ်။

ဖမ်းလာတဲ့လူတွေကို အချုပ်ကားပေါ်က အောက်ဆင်းခိုင်းတဲ့အချိန်မှာတော့ အချုပ်ကားတစ်စီးပေါ်က လူတစ်ချို့က ကားပေါ်က ဆင်းမလာကြတော့ပါဘူး။

“တံခါးဖွင့်ပြီး ဆင်းခိုင်းတယ်။ မဆင်းဘူးဗျာ” လို့ ဦးသိန်းဝင်းက ဆိုပါတယ်။

ဒိအချိန်မှာ လုံခြုံရေးအရာရှိတွေလဲ ဒေါပွလာကြပါတော့တယ်။ ဆန္ဒပြပွဲကို ထောင်ထဲအထိ သယ်လာကြပြီလားဆိုပြီးလည်း တွေဝေကုန်ကြပါတော့တယ်။

နောက်ဆုံးမှာ ထောင်အရာရှိတွေက အချုပ်ကားထဲအထိ တက်ပြီး စစ်ဆေးဖို့အတွက် ဆုံးဖြတ် လိုက်ကြပါတော့တယ်။ ဒါပေမဲ့ အချုပ်ကားပေါ်က နောက်ထပ်လူအနည်းငယ်ပဲ အောက်ကို ဆင်းလာနိုင်ပါတယ်။

“သုံး လေး ငါးယောက်တော့ ဆင်းလာတယ်။ အထဲမှာ သေနေတာ တစ်ပုံကြီး”လို့ ဦးသိန်းဝင်းကပြောပါတယ်။

“ဆိုးတယ်ဗျာ။ အခြေအနေက တော်တော်ဆိုးတယ်” လို့ လွန်ခဲ့တဲ့ ၂၈ နှစ်က သူမြင်ခဲ့ရတဲ့ အဖြစ်အပျက်ကို ဦးသိန်းဝင်းက ပြန်ပြောင်း ပြောပြပါတယ်။

အခြေအနေတွေအားလုံးက ရုတ်တရတ် ပြောင်းလဲသွားပြီး လူတိုင်းကိုလည်း မှင်သက်သွားစေခဲ့ပါတယ်။ ဒေါသထွက်နေတဲ့ လုံထိန်းတွေလည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြပါတော့တယ်။

လူတွေဟာ အရှင်လတ်လတ် ငရဲခံစားခဲ့ရသလို အချုပ်ကားထဲမှာ ပိတ်မိကာ အသက်ပျောက်ခဲ့ကြရတာပါ။

“သူတို့ကို အစာမကြွေး ရေမတိုက်ဘူး။ ရေဆာပါတယ်ဆိုရင် အချုပ်ကားထဲကို ရေပိုက်ကြီးနဲ့ထိုးပြီး ဖြန်းပေးတယ်” လို့ မျက်မြင်သက်တွေ ပြောစကားကို ကိုးကားပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားဟောင်း ဦးကျော်မောင်က ပြောပါတယ်။

အချုပ်ကားထဲ ဝင်ဆန့်နိုင်တဲ့ လူဦးရေထက် အများအပြား ဖိသိပ်ထည့်လာလို့ နာရီပေါင်းများစွာ အောက်စီဂျင်ပြတ်တောက်တာ၊ လူနင်းခံရတာ၊ လူပိကြတာတွေကြောင့် သေရတာလို့ ဦးသိန်းဝင်းက ခန့်မှန်းပါတယ်။

“အချုပ်ကားတစ်စင်းက အစွမ်းကုန်ထည့်နိုင်လဲ ၄၀ ပဲရှိတယ်။ ဒါအစွမ်းကုန်ပဲ” လို့ သူကပြောပါတယ်။

ဒါပေမဲ့ ဒီအချုပ်ကားထဲလူ ၈၀ လောက် ဖိသိပ်ထည့်ခဲ့တာလို့ သူကပြောပါတယ်။

နောက်ရက်တွေမှာတော့ ဒီသတင်းဟာ ရန်ကုန်မြို့အနှံ့ ပြန့်သွားသလို အစိုးရဘက်ကလည်း ဖြေရှင်းချက် ထပ်မံ ထုတ်ပြန်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရရှိခဲ့သည့် ဆန္ဒပြသူတစ်ဦး။ ဓာတ်ပုံ-အေအက်ဖ်ပီ

လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာရရှိခဲ့သည့် ဆန္ဒပြသူတစ်ဦး။ ဓာတ်ပုံ-အေအက်ဖ်ပီ

အစိုးရကရဲ့ ဖြေရှင်းချက်ထဲမှာတော့  အချုပ်ကား မလုံလောက်တာကို အကြောင်းပြပါတယ်။ နောက်ပြီး ဆန္ဒပြတဲ့သူတွေက လမ်းတွေ ပိတ်ထားလို့ ကွေ့ပတ်မောင်းရင်း အချိန်ပိုကုန်သွားတဲ့အတွက် အချုပ်ကားထဲကလူတွေ သေဆုံးတာလို့လဲ အကြောင်းပြပါတယ်။

အချုပ်ကားထဲမှာ သေဆုံးသူ ၄၁ ယောက်လို့ အစိုးရကကြေညာပါတယ်။ ဒီစာရင်းဟာ တရားဝင် သတင်းပို့ခါနီးမှ ပြောင်းလဲသွားခဲ့ရတာပါ။

အကျဉ်ထောင်ဝန်ထမ်းတွေက သေဆုံးသွားတယ်လို့ ယူဆထားတဲ့သူတွေထဲမှာ အသက်ရှင်လျှက် ကျန်ရှိတဲ့သူတွေ ရှိမရှိ စစ်ဆေးရင်း အသက်ရှင်နေတဲ့သူ နှစ်ယောက်ကိုတွေ့ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။

“ပေါင်ကျိုးတာ တစ်ယောက်၊ လက်ကျိုးတာ တစ်ယောက်၊ အဲဒီနှစ်ယောက်ကို ကယ်တင်လိုက်နိုင်တယ်” လို့ ဦးသိန်းဝင်းက ပြောပါတယ်။ ဒီလိုမှ မဟုတ်ရင် သေတဲ့စာရင်းက ၄၃ ယောက် ဖြစ်သွားမှာပါ။

အကျဉ်းထောင်အရာရှိတွေအတွက် နောက်ထပ် ပြဿနာတစ်ခုက သေဆုံးနေတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ မသိတဲ့ ကိစ္စပါ။

လုံထိန်းတပ်ဖွဲ့တွေ ဖမ်းလာတဲ့သူတွေတိုင်း ဆန္ဒပြတဲ့သူတွေလားဆိုတဲ့ မေးခွန်းကလဲ ရှိနေပြန်ပါတယ်။ ရုံးသွား ရုံးပြန်ဝန်ထမ်းတွေ၊ ဆန္ဒပြပွဲတွေနား ရပ်ကြည့်နေသူတွေနဲ့ လမ်းသွားလမ်းလာတွေလဲ ဖမ်းဆီးခံရတဲ့ထဲမှာ ပါလာပါတယ်။

နောက်တစ်ရက်မှာတော့ မသေပဲ ကျန်ခဲ့တဲ့သူတွေကို စိစစ်ပြီး ပြန်လွှတ်ဖို့အတွက် အစိုးရက စီစဉ်ပါတော့တယ်။ အဲဒီအထဲမှာ လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ယောက်လည်း ပါလာခဲ့ပြီး သူဘာကြောင့် အဖမ်းခံရတယ်ဆိုတာတောင် မသိခဲ့တဲ့အဖြစ်လို့ ဦးသိန်းဝင်းက ပြောပါတယ်။

လမ်းပေါ် တွေ့ရာလူတွေ ရာနဲ့ချီပြီးဖမ်းလာတဲ့ လုံထိန်းတွေနဲ့ အကျဉ်းထောင်က အရာရှိတွေအကြား ဆက်ဆံရေးကလည်း သိပ်ကောင်းလှတာ မဟုတ်ပါဘူး။ အဲဒီအချိန်တုန်းက လူ ၅,၀၀၀ လောက်အတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ အင်းစိန်ထောင်မှာ လူ ၁၀,၀၀၀ လောက် ထိန်းသိမ်းထားရတဲ့အတွက် အစုလိုက်အပြုံလိုက် လူသစ်တွေ ဝင်လာတာကို ထောင်အရာရှိတွေက စိုးရိမ်နေကြပါတယ်။

ဒီကြားထဲမှာ ဒါဇင်နဲ့ချီတဲ့ လူသေအလောင်းတွေ ပြဿနာအတွက်လည်း ငြင်းခုန်ခဲ့ရတယ်လို့ ဦးသိန်းဝင်းက ပြောပါတယ်။

သင်္ကန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရှစ်လေးလုံးအရေးတော်ပုံ ပြတိုက်သို့ လာရောက်လေ့လာနေသူတစ်ဦး။ ဓာတ်ပုံ- တေဇလှိုင်

သင်္ကန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ရှစ်လေးလုံးအရေးတော်ပုံ ပြတိုက်သို့ လာရောက်လေ့လာနေသူတစ်ဦး။ ဓာတ်ပုံ- တေဇလှိုင်

“လူရှင်ကိုလဲ အထက်အမိန့်အရ လက်ခံခိုင်းတယ်။ လူသေကိုတော့ လက်မခံနိုင်တော့ဘူး။ ကျွန်တော်တို့ ဒေါကန်နေပြီ” လို့ ဦးသိန်းဝင်းက အဲဒီအချိန်တုန်းက အခြေအနေကို ပြန်ပြောပြပါတယ်။

နောက်ဆုံးမှာတော့ ထောင်အာဏာပိုင်တွေက အင်းစိန်ထောင်ထဲက မွေ့ယာချုပ်လုပ်တဲ့ဂိုထောင်ကို လူသေတွေ အတွက် ရင်ခွဲရုံအဖြစ် ပြင်ဆင်ပေးခဲ့ရပါတယ်။

အကျဉ်းထောင်ကမဟုတ်တဲ့ ဆရာဝန်တွေ ရောက်လာခဲ့ပြီး ရင်ခွဲ ဆေးစစ်ချက်ယူတာတွေလုပ်ကာ လူသေတွေကို မြန်မြန်ဆန်ဆန် သဂြိုလ်ဖို့ စီစဉ်လိုက်ကြပါတော့တယ်။

အခုဈေးဝယ်စင်တာတွေ၊ မိုးမျှော်တိုက်တွေနဲ့ စည်ကားနေတဲ့ ကမာရွတ်က ကြံတောသုသာန်မှာ အလောင်းတွေကို ညတွင်းချင်း မီးရှို့ဖို့အတွက် လုံခြုံရေးတွေ စောင့်ကြပ်ပြီး သယ်ဆောင်သွားခဲ့ပါတယ်။

“သေတဲ့သူတွေ ဘယ်သူမှန်းလည်း မှတ်တမ်းမရှိဘူး။ သူတို့မိသားစုတွေက အရေးအခင်းမှာ ပျောက်သွားကြတဲ့သူတွေလို့ပဲ သတ်မှတ်ကြမှာ” လို့ အင်းစိန်ထောင်မှူးကြီးဟောင်း ဦးသိန်းဝင်းက ပြောပါတယ်။

နောက်တစ်ရက်အကြာမှာတော့ အင်းစိန်ထောင်ထဲမှာ ထူးဆန်းလွန်းတဲ့ အဖြစ်အပျက်တစ်ခု ထပ်မံဖြစ်ပေါ်ခဲ့ပါတယ်။

သေသွားတဲ့သူ ၄၁ ယောက်ကို စုပုံထားတဲ့ မှို့ပင်ဟာ နောက်တစ်ရက်အကြာမှာ အလိုလို ချက်ခြင်း ခြောက်ကပ်ပြီး သေသွားခဲ့တယ်လို့ ဦးသိန်းဝင်းက ပြောပါတယ်။

မှို့ပင်ကြီး ဘာကြောင့်သေသွားလည်းဆိုတာ ဘယ်သူမှမသိနိုင်သလို အချုပ်ကားထဲမှာ သေဆုံးသွားတဲ့သူတွေ ဘယ်သူဘယ်ဝါလည်း ဆိုတာကိုလဲ ဘယ်သူမှ မသိနိုင်တော့ပါဘူး။

ရှစ်လေးလုံး ဆန္ဒပြပွဲတွေဟာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းမှုနဲ့အတူ ပြီးဆုံးသွားခဲ့ရပါတယ်။ ဒါပေမယ့် ရှစ်လေးလုံး အရေးတော်ပုံ အစောပိုင်း ရက်တွေမှာ သေဆုံးခဲ့ရသူတွေအကြောင်းကတော့ သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- ၁၉၈၈ ခုနှစ်၊ သြဂုတ် ၂၆ ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးတွင် ဆန္ဒပြသူများအား သံဆူးကြိုးများချကာ တားဆီးလူစုခွဲရန် စီစဉ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.