၆၆ (ဃ) ကြောင့် ကာတွန်းဆရာများ သတိထား ရေးဆွဲလာ

ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆိုမှုများ ပိုမိုများပြားလာမှုက သတင်းစာနှင့် ဂျာနယ်များတွင် ကာတွန်းရေးဆွဲနေကြသည့် ကာတွန်းဆရာများအတွက် အကန့်အသတ်တစ်ခု ဖြစ်လာသည်

အိချယ်ရီအောင်/Myanmar Now ရေးသားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် နာမည်ကျော် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲခံရသူ ပိုများပြားလာခြင်းကြောင့် အယ်ဒီတာအများအပြားက ထိုပုဒ်မနှင့် ငြိစွန်းမည်ကို စိုးရိမ်ကြသဖြင့် အစိုးရနှင့် တပ်မတော်တို့ကို သရော်သည့် ကာတွန်းဆိုလျှင် ရွေးချယ်အသုံးပြုမှု ယခင်ထက် ပိုမိုနည်းပါးလာကြောင်း ကာတွန်းဆရာများက တညီတစ်ညွှတ်တည်း ပြောကြသည်။

ဧရာဝတီအွန်လိုင်း၊ The Speaker သတင်းဂျာနယ် စသည့် သတင်းဌာနများသို့ ကာတွန်း ပေးပို့လေ့ရှိသူ ကာတွန်းဆရာ မောင်မောင်ဖောင်တိန်က လက်ရှိနိုင်ငံရေးအနေအထားအရ အယ်ဒီတာနှင့် ကာတွန်းဆရာများ အကြားတွင် မျက်လုံးခြင်းစကားပြော၍ တစ်ယောက်အရိပ်အကဲ တစ်ယောက်ပြန်ကြည့်ပြီး ရေးရသည့် ဘဝမျိုးရောက်နေသည်ဟု ထင်မြင်မိကြောင်း ပြောသည်။

“၂ဝ၁၅ ကာလမှာ ရေးသားရတာ ပိုအဆင်ပြေတယ်။ အဲဒီဘက်ခေတ်တုန်းကလည်း မလွတ်လပ်ပါဘူး။ ဒါပေမယ့် ဒီဘက် (အစိုးရသစ်) ခေတ်မှာ ပိုပြီးတော့ ဆိုးလာသလိုပဲ။ ‘တပ်’ လို့ရေးတဲ့အခါမှာ လက်နက်ကိုင်ဆိုတာ ဟိုဘက်မှာလည်း ရှိတယ်၊ ဒီဘက်မှာလည်းရှိတယ်၊ အားလုံးခြုံငုံရေးရင်၊ သရော်ရင်တောင် အခုချိန်မှာ ရပါ့မလား ဆိုတဲ့ သံသယရှိပါတယ်။ လက်နက်ကိုင်ဆို ‘ငါ့ပြောတာပဲ’ ဆိုပြီးတော့  ထင်ကောင်းလည်း ထင်နိုင်တယ်” ဟု မောင်မောင်ဖောင်တိန်က ဆိုသည်။

အကြမ်းဖက်မှု၊ လက်နက်ကိုင်၊ မူးယစ်ဆေးဝါး၊ ကလေးစစ်သားစုဆောင်းမှုများနှင့် ပတ်သက်၍ ကာတွန်း ရေးဆွဲချင်သော်လည်း ဘရိတ်အုပ်ထားရသည်ဟု သူကပြောသည်။

“အမှန်အတိုင်းပြောရရင် ၆၆ (ဃ)နဲ့ပတ်သက်ပြီး ဒါက အဖမ်းခံရနိုင်လား၊ အဖမ်းမခံရနိုင်ဘူးလားဆိုတာ သေချာ မသိဘူးပေါ့။ ဥပဒေတွေက ဆွဲထားတာ ရှုပ်ထွေးတော့ ကျွန်ျတော်တို့က သာမန်ပြည်သူပဲဆိုတော့ သိပ်နားမလည်ဘူး။ နားမလည်တော့ အခုရက်ပိုင်း ကျွန်တော်တောင် ကာတွန်းသိပ်မဆွဲဖြစ်ဘူး။ ဒီဥပဒေကို သိပ်နားမလည်တာလည်း ပါပါတယ်” ဟု ကာတွန်းဆရာ မောင်မောင်ဖောင်တိန်က ဆိုသည်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) တွင် “ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောက်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်း” တစ်ရပ်ရပ်ကို  ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ရဲအရေးပိုင်သောအမှုအဖြစ် သတ်မှတ်ထားသဖြင့် တိုင်တန်းခံရသူကို အမှုစစ်ဆေး နေစဉ်အတွင်း ရဲက ချုပ်နှောင်ထားနိုင်သော်လည်း လက်တွေ့တွင် တချို့ကို ချုပ်နှောင်ပြီး တချို့ကိုမူ အာမခံဖြင့် အချုပ်လွတ် ထုချေခွင့်ပေးခဲ့သည်ကို တွေ့ရသည်။

၆၆ (ဃ) ဖြင့် ဖမ်းဆီးအရေးယူမှု ပိုမိုများပြားလာခြင်းကြောင့် အယ်ဒီတာများအနေဖြင့် ကာတွန်းများကို ပိုမိုသတိထား အသုံးပြုလာသည့်ဟု ထင်မြင်မိကြောင်း မန္တလေးမြို့အခြေစိုက် ကာတွန်းဆရာ လှိုင်မျိုးက ပြောသည်။

၎င်းအနေဖြင့်လည်း ကာတွန်းရေးဆွဲရာတွင် ကိုယ်ရေးကိုယ်တာ တိုက်ခိုက်ခြင်းမျိုး မဟုတ်ဘဲ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်ပေါ်တွင်သာ အခြေခံ၍ ရေးသားလေ့ရှိကြောင်း ပြောသည်။

“ကျွန်တော့်အနေနဲ့တော့ ၆၆ (ဃ) ကို တွေး(ကြောက်)ပြီး မရေးတာမျိုးတော့ မရှိဘူး။ ကိုယ်ရေးကိုယ်တာ ပုတ်ခတ်တာမျိုးတော့ မလုပ်ဘူး။ မှန်မှန်ကန်ကန်ဆိုရင်တော့ ရေးတယ်။ လက်ရှောင်ပြီးဆွဲတာတော့ မရှိဘူး။ အယ်ဒီတာတွေ မသုံးလိုက်တဲ့ ကာတွန်းမျိုးတွေတော့ ရှိတယ်။ ဘာကြောင့်မသုံးလဲ ဆိုတာကိုတော့ အယ်ဒီတာတွေနဲ့ ဆွေးနွေးဖြစ်တာမျိုးတော့ မရှိဘူး” ဟု ကာတွန်းဆရာ လှိုင်မျိုးက ဆိုသည်။

ကာတွန်း၊ ဆောင်းပါး၊ ကဗျာ အားလုံးသည် သတင်းစာ၊ ဂျာနယ်၊ အွန်လိုင်းမီဒီယာများတွင် အယ်ဒီတာတို့ ကြိုက်နှစ်သက်မှသာလျှင် ဖော်ပြခံရခြင်းဖြစ်ကြောင်း DVB, ဧရာဝတီ၊ မိုးမခ၊ The Voice၊ 7Day နှင့်စံတော်ချိန် စသည့် သတင်းဌာနများသို့ ကာတွန်း ပုံမှန်ပေးပို့နေသူ ကာတွန်းဆရာ ညီပုချေက ပြောသည်။

“အယ်ဒီတာတွေကို မှီခိုနေရတယ်လို့ ပြောလို့ရတယ်။ … အဓိကက သူတို့ရွေးချယ်မှ ဖော်ပြခံရတာလေ။ ရေးစရာရှိတာ ရေးတယ်၊ ပို့စရာရှိတာ ပို့တယ်။ သုံးခြင်း မသုံးခြင်းကတော့ အယ်ဒီတာနဲ့ပဲ ဆိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။

ကာတွန်းများရေးဆွဲရာတွင် သီးသန့်လက်ရှောင်ရေးသားခြင်း၊ ထိန်း၍ရေးသားခြင်းမျိုး မရှိကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် သုံးရက်ကြာ ကျင်းပခဲ့သည့် ကာတွန်းပြပွဲတွင် ပြသထားသည့် နိုင်ငံရေးကာတွန်းများကို ကြည့်ရှု့နေသည့် သံဃာတစ်ပါး။ ဓာတ်ပုံ-အေအက်ဖ်ပီ

၂၀၁၆ ခုနှစ်၊ သြဂုတ်လအတွင်းက ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့တွင် သုံးရက်ကြာ ကျင်းပခဲ့သည့် ကာတွန်းပြပွဲတွင် ပြသထားသည့် နိုင်ငံရေးကာတွန်းများကို ကြည့်ရှု့နေသည့် သံဃာတစ်ပါး။ ဓာတ်ပုံ-အေအက်ဖ်ပီ

“ကျွန်တော်တို့က အမြဲတမ်းရေးနေပေမယ့် (အယ်ဒီတာက) မသုံးဘူး၊ အဲ့ဒီလို စိစစ် ရွေးချယ်မှုတွေ များလာတော့ အခုနောက်ပိုင်း စာပေစိစစ်ရေး(ဌာန) မရှိတော့ပေမယ့် စိတ်ထဲမှာ စိစစ်ရေး ဝင်လာသလိုဘဲ ခံစားရတယ်။ ဒီဟာနဲ့ဆို ငြိသွားမယ်။ ဘယ်ဟာနဲ့ဆို ပတ်သက်လာမယ်။ ငြိလာမယ်။ အဲ့လိုသဘောမျိုး ဖြစ်လာတော့ စိတ်ကတော့ နည်းနည်းအနှောင့်အယှက်ဖြစ်တာပေါ့” ဟု ကာတွန်းဆရာ ညီပုချေက ဆိုသည်။

စံတော်ချိန်နေ့စဉ်သတင်းစာမှ တာဝန်ခံအယ်ဒီတာ ကိုလွင်မင်းဦးက ၎င်းတို့သတင်းစာအနေဖြင့် ကာတွန်းဆရာများ၏ ဖန်တီးသည့် အနုပညာနှင့် ပတ်သက်၍ ကာတွန်းအမျိုးအစား၊ အကြောင်းအရာကို ကန့်သတ်၊ ပိတ်ပင်၊ တားဆီးခြင်း မရှိကြောင်း ရှင်းပြသည်။

“ကြိုက်တယ်၊ သုံးလို့ရတယ် ဆိုရင်တော့ သုံးဖြစ်ပါတယ်။ ကာတွန်းဆရာတွေအနေနဲ့ စစ်တပ်တို့အစိုးရတို့ကို တိုက်ရိုက်သရော်ပြီး ဆွဲတာမျိုးတွေတော့ သိပ်မတွေ့ပါဘူး။ ၆၆(ဃ)နဲ့ပတ်သက်ပြီး သရော်တာပဲ များပါတယ်။ သူတို့ဆွဲတဲ့ အရုပ်နဲ့အကြောင်းအရာနဲ့က ဖတ်လိုက်တာနဲ့ အကြောင်းအရာတစ်ခုပြောရင်တောင်မှ စိတ်ထဲမှာ အပြစ်လို့မမြင်တော့ဘူး ရယ်ချင်ပြုံးချင်သွားတာပေါ့။ သူတို့ဆွဲရမယ့် အကြောင်းအရာနဲ့ ပုံသဏ္ဌာန်က သူတို့တွေ သိပြီးသားဖြစ်မှာပါ” ဟု သူက ဆိုသည်။

ဧရာဝတီ၊ မိုးမခ၊ DVB သတင်းဌာနများသို့ကာတွန်းများပေးပို့လေ့ရှိသူ မန္တလေးမှ ကာတွန်းဆရာ ညီထွေးက ယခင်ကထက် သတိထားပြီး ကာတွန်းဆွဲလာရပြီး ပြင်းထန်သည်ဟု အယ်ဒီတာများက ခံစားရသည့် ကာတွန်းများ အပယ်ခံရသည်ဟု ပြောသည်။

“ရေးရတာ တော်တော်လေး ကျပ်သွားတယ်။ ဒီလထဲမှာ ပိုပြီးတော့ ကျပ်လာတယ်လို့မြင်ပါတယ်။ ရေးလို့ကိုမရတော့ဘူး။ အဲ့ဒီလို ဖြစ်သွားတယ်။ ရေးလည်း မသုံးတော့ဘူး။ နဂိုကတည်းက ကျွန်တော့် ကာတွန်းက ပေါ်တင်ရေးတာများတယ်ပေါ့။ ပိုဆိုးတာက ကျွန်တော်က အွန်လိုင်းရေးတာ များတယ်။ လျှော့ချပြီး ရေးလို့မရဘူး။ ချမရေးတော့ မရေးဖြစ်တော့ဘူးပေါ့” ဟု ကာတွန်းဆရာ ညီထွေးက ဆိုသည်။

စာနယ်ဇင်းကာတွန်းတို့သည် အစိုးရ၏ အားနည်းချက်များကို ထောက်ပြလေ့ရှိကြောင်း၊ ကာတွန်းဖြင့် ဝေဖန်ခံရလျှင် လိုအပ်သည့်နေရာများတွင် ပြင်ဆင်ပါက အကျိုးရှိနိုင်ကြောင်း၊ အယ်ဒီတာတို့က ကာတွန်းများကို မဖော်ပြပါက အစိုးရနှင့် ပြည်သူတို့အနေဖြင့်လည်း ပြင်ဆင်၊ ဆင်ခြင်ရမည့် အချက်တို့ကို သိနိုင်ခွင့် မရှိတော့ကြောင်း သူက ထောက်ပြသည်။

“ကာတွန်းက နေ့တိုင်းရေးဖြစ်တယ်။ ဒါပေမယ့် မသုံးတာတွေများလာတော့ အခုနောက်ပိုင်း မပို့ဖြစ်တော့ဘူး။ ကိုယ့်ဘာသာပဲ သိမ်းထားတယ်။ စိတ်တော့ စိတ်ပျက်စရာကြီးဗျာ” ဟု ကာတွန်း ညီထွေးက ဆိုသည်။

သတင်းစာဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ အများအပြား ၂ဝ၁၅ ခုနှစ်တွင် ပူးပေါင်း ဖွဲ့စည်းခဲ့သည့် ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ မှတ်တမ်းများအရ ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့သည့် ၂ဝ၁၃ ခုနှစ်နောက်ပိုင်း ယနေ့အထိ ၆၆ (ဃ) ဖြင့် စွဲဆိုသည့် အမှုစုစုပေါင်း ၇၁ မှု ရှိကြောင်း၊  မီဒီယာသမားကို စွဲသည့်အမှု ၁ဝ မှု ရှိကြောင်း၊  ဦးသိန်းစိန် အစိုးရလက်ထက်တွင် ၇ မှု၊ ဦးထင်ကျော် အစိုးရတက်လာပြီး ယနေ့အထိ ၆၄ မှု ရှိကြောင်း ထိုအဖွဲ့မှ ကဗျာဆရာ မောင်ဆောင်းခက ပြောသည်။

မောင်ဆောင်းခ ကိုယ်တိုင်က ၆၆(ဃ)ဖြင့် ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရသူဖြစ်သည်။

ပုဒ်မ ၆၆ (ဃ) ပြင်ဆင်မှုနှင့်ပတ်သက်၍ လွှတ်တော်နှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့တွင် အဓိက တာဝန်ရှိကြောင်း၊ ပြင်သည်ဆိုရာတွင်လည်း အာမခံပေးနိုင်သည်ဟု ပြင်ဆင်ရုံဖြင့် တရားမျှတမှု ပိုရှိမလာနိုင်ကြောင်း သူက ပြောသည်။

“လူတစ်ယောက်ကို အချိန်မရွေး လုပ်ကြံဖန်တီးပြီးတော့ တရားစွဲလို့ရတာရှိတယ်။ အသရေဖျက်မှု မြောက်မမြောက်ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေက ဝေဝါးတယ်လေ။ လူတစ်ယောက်က ဝေဖန်တယ်။ ဒါကို တစ်ဖက်သက် ‘ငါ့ကို အသေရေဖျက်ပါတယ်’ ဆိုပြီး တရားစွဲရင်လည်း ဒီဥပဒေအရ ခွင့်ပြုနေရပြန်ရော။ အဲ့ဒီလို အခြေအနေမျိုးမှာ အာဏာရှိတဲ့သူတွေ၊ သြဇာရှိတဲ့သူတွေက ဒီဥပဒေကို အသုံးချလာတဲ့ အခါ စွပ်စွဲခံရတဲ့သူက ပိုပြီးတော့ လွတ်မြောက်နိုင်ခြေ နည်းသွားတာပေါ့။ အာမခံပေးရုံနဲ့ကတော့ လုံးဝ အဖြေ ဖြစ်မလာနိုင်ဘူး။ ဒီလိုအမှုတွေက လျော့သွားမှာမဟုတ်ဘူး။ ဒီအမှုနဲ့မတရား ဖမ်းဆီး ထောင်ချခံရခြင်းကလည်း လွတ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်” ဟု သူကဆိုသည်။

ယခုဆောင်းပါးကို Myanmar Now တွင် ဦးစွာ ဖော်ပြခဲ့ပါသည်။

ခေါင်းစီးဓာတ်ပုံ- နိုင်ငံရေးကာတွန်းတစ်ခုအား ကာတွန်းဆရာမောင်မောင်အောင်က ၎င်း၏ နေအိမ်၌ ရေးဆွဲနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.