၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျော်ကြားခဲ့သူများ အပိုင်း ၃

ချစ်စဖွယ် ခွေးငယ်ကလေးမှအစပြု၍ နိုင်ငံရေးခေါင်းဆောင်များနှင့် အကျဉ်းခံဂျာနယ်လစ်များအပါအဝင် ၂၀၁၇ ခုနှစ်အတွင်း အကောင်း၊ သို့မဟုတ် အဆိုး အကြောင်းတမျိုးမျိုးဖြင့် ကျော်ကြားခဲ့သူများကို စုစည်းဖော်ပြပါသည်။

စာသား Frontier သတင်းအဖွဲ့၊ သရုပ်ဖော် – ဂျာရတ်ဒေါင်းနင်း

လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြတ်အေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာသောအခါ ယခင်က ကလေးအထူးကု ဆရာဝန်ဖြစ်ခဲ့သူ တစ်ဦးအား လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ အဆိုပါဝန်ကြီးမှာ ယမန်နှစ် သြဂုတ်လက ရခိုင်တွင် အကြမ်းဖက်မှုမပေါ်မီထိ အများအားဖြင့် လုပ်ငန်းတာဝန် ထူးထူးခြားခြား ပိနေလောက်အောင် မရှိခဲ့ပေ။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် Arakan Rohingya Salvation Army ဟုခေါ်သောအဖွဲ့မှ တိုက်ခိုက်ရေးသမားတို့၏ သြဂုတ် ၂၅ ရက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်းမှသာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် စွန့်ခွာထွက်ပြေးသူများဆိုင်ရာ သဘောတူညီချက်ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့အတွင်း၌ အရေးပါသောအခန်းမှ ပါဝင်ခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသည့် အခြေအနေများသည် ဒုက္ခသည်များ ပြန်လာရန် အဆင်ပြေ ညီညွတ်မှုမရှိဟု လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်မှုများ ရှိနေသော်လည်း လုပ်ငန်းစဉ်များကို ၂၀၁၈ နှစ်ဦး၌ စတင်မည်ဖြစ်သည်။

အခင်းဖြစ်ပွားသည့်ပြည်နယ်တွင် လူသားချင်း စာနာထောက်ထားသည့် အကူအညီနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းထားသော အစိုးရနှင့် ပုဂ္ဂလိက ပူးတွဲလုပ်ငန်းဖြစ်သည့် ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း၏ ဒုတိယဥက္ကဋ္ဌအဖြစ်  ၂၀၁၇ အောက်တိုဘာတွင် ဦးဝင်းမြတ်အေးအား ခန့်ထားခဲ့သည်။

typeof=

ပြည်ထောင်စုအစိုးရရုံး ဝန်ကြီး ဦးသောင်းထွန်း

ဦးသောင်းထွန်းအား ဇန်နဝါရီလတွင် နိုင်ငံတော် အမျိုးသားလုံခြုံရေး အကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။ ၎င်းသည် ယခင်က  သံတမန်ဝန်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး အငြိမ်းစားမယူမီ ၂၀၁၀ ပြည့်နှစ်အထိ စစ်အစိုးရလက်ထက်၌ ဘရပ်ဆဲ၊ ဂျနီဗာ၊ မနီလာ၊ နယူးယော့ခ်နှင့် ဝါရှင်တန်တို့တွင် နိုင်ငံခြားရေးဝန်ထမ်း တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

လုံခြုံရေးအကြံပေးအဖြစ် သူ၏တာဝန်မှာ “အခြေအနေအရပ်ရပ်ကို မဟာဗျူဟာရှုထောင့်မှ သုံးသပ်ကာ” ပြည်တွင်းပြည်ပမှ ခြိမ်းခြောက်မှုများနှင့်ပတ်သက်ပြီး အစိုးရကို စီစဉ်ညွှန်ကြားပေးရန်ဖြစ်ကြောင်း သူ့အား ခန့်အပ်စဉ်က သမ္မတရုံး၏ ကြေညာချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးများ ချိုးဖောက်ခဲ့သည်ဟူသော အစီရင်ခံစာများမှာ အကြမ်းဖက်အုပ်စုများ၏ ဝါဒဖြန့်ပြောကြားချက်များသာဖြစ်ပြီး “အထောက်အထားမဲ့ မလိုတမာ စွပ်စွဲမှု သက်သက်မျှသာ” ဖြစ်ကြောင်း စက်တင်ဘာလနှောင်းပိုင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ သူက ပြောကြားခဲ့သည်။

ဦးသောင်းထွန်းသည် သူ၏ လုံခြုံရေးအကြံပေးအဖြစ် လက်ရှိရာထူးကို ဆက်လက်ထမ်းဆောင်ပြီး အစိုးရ၏ လုပ်ငန်းတာဝန်များ သက်သာလွယ်ကူမှု ရှိစေရန်ရည်ရွယ်၍ အစိုးရက ဖွဲ့စည်းလိုက်သော ဝန်ကြီးဌာနသစ်နှစ်ခုအနက်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးတာဝန်ကိုပါ ထမ်းဆောင်ရမည်ဖြစ်ကြောင်း အစိုးရက နိုဝင်ဘာလအတွင်းက ကြေညာခဲ့သည်။

နိုင်ငံရေးအကျဉ်းသား ကိုမိုက်ကယ်ကျော်မြင့်

ဇွန် ၁ ရက်မတိုင်မီက မိုက်ကယ်ကျော်မြင့်ဆိုသောအမည်ကို လူသိနည်းခဲ့သည်။ ယင်းညနေက သူသည် ဂျာနယ်လစ်များထံ ဖိတ်စာများပေးပို့ပြီး နောက်တနေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ရုံး အပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဖြစ်ပေါ်နေသော လာဘ်စားမှုများကို ဖွင့်ချမည်ဖြစ်ကြောင်း သူက ကတိပေးခဲ့သည်။ သူ အမှန်တကယ် လုပ်လိမ့်မည်ဟု ယုံကြည်သူ မရှိသလောက်ပင်။ ဒေသန္တရအရာရှိများက နေရာရွှေ့ပြောင်းလုပ်ရန် အတင်းအကျပ်ခိုင်းပြီး ဟန့်တားမှုနှင့် ဖိအားပေးမှုများ ပေးနေသည့်ကြားမှ သူက လုပ်ဖြစ်အောင်လုပ်ခဲ့သည်။

၂၄ နာရီအတွင်း သူ အဖမ်းခံခဲ့ရပြီး အွန်လိုင်းမှ အသရေဖျက်မှု၊ တရားမဝင် ဆန္ဒထုတ်ဖော်မှုနှင့် “ပြစ်မှုကျူးလွန်လေ့ရှိသူ” စသည့်စွဲချက်များ အပါအဝင် အမှုငါးမှုနှင့် သူ ရင်ဆိုင်ခဲ့ရသည်။ သြဂုတ်လ၌  သူ အာမခံရခဲ့ပြီး ထိုအချိန်မတိုင်မီထိ နှစ်လကျော် ထောင်ထဲတွင် နေခဲ့ရသည်။ “သူ့ကို အချိန်မရွေး ထောင်ချနိုင်”ကြောင်း နောက်တစ်လတွင် သူက Frontier ကို ပြောသည်။ သူ့စကားက ရှေ့ပြေးနိမိတ်  ဖြစ်နေသည်။ စက်တင်ဘာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားချိန်မတိုင်မီ နိုင်ငံတော်ပုန်ကန်မှုဖြင့် သူ နောက်တစ်ကြိမ် အဖမ်းခံခဲ့ရသည်။

ကိုမိုက်ကယ်ကျော်မြင့်သည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး လူစွမ်းကောင်းတစ်ဦးဖြစ်ရန် ခဲယဉ်းသည်။ မြောက်ဒဂုံ မြို့နယ်ရှိ မြေကွက်ကို ပိုင်ဆိုင်ခွင့်ရရှိရေးအတွက် ကူညီပေးရန် ဦးဖြိုးမင်းသိန်းနှင့် ရင်းနှီးသူတစ်ဦးကို ငွေပေးခဲ့ရကြောင်း သူ လွတ်လပ်စွာ ဝန်ခံထားသည်။ သူ့ကို အတင်းအကျပ် နှုတ်ပိတ်ထားနိုင်ရန် အကြိမ်ကြိမ် တရားစွဲဆိုနေသော အစိုးရ၏ တုံ့ပြန်မှုကြောင့် သူက လူစွမ်းကောင်းဖြစ်မည့်ကိန်း ဆိုက်နေသည်။ မကြာသေးမီနှစ်များအတွင်းက ဖြစ်ပျက်ခဲ့သည့် ဗရမ်းဗတာ အဖြစ်အပျက်များကြောင့် လက်တွေ့ဘဝတွင် မြန်မာ့နိုင်ငံရေးသည် ကပြောင်းကပြန်များ ဖြစ်ပွားခဲ့သည့်နည်းတူ လူစွမ်းကောင်းများမှာလည်း ထိုနည်းနှင်နှင် ပေါ်ထွန်းခဲ့သည်။  ယင်းသို့ ထူးဆန်းသောကာလမျိုးတွင် မိုက်ကယ် ကျော်မြင့်သည်  တရားမျှတမှု မပြည့်စုံခြင်း၏ သင်္ကေတတစ်ခုသဖွယ် ဖြစ်ခဲ့သည်။

အမျိုးသားရေးဝါဒီ စုံတွဲ ဦးအေးနေဝင်းနှင့် မရွှေအိမ်စည်

အချစ်စစ်လား၊ နိုင်ငံရေးအတွက် စုံဖက်မှုလေလား။ အာဏာရှင် ဦးနေဝင်း၏မြေး ဦးအေးနေဝင်းနှင့် အလှဘုရင်မ ရွှေအိမ်စည်တို့လောက် ၂၀၁၇ ခုနှစ်အတွင်း လူပြောသူပြောများသောအတွဲ မရှိခဲ့ပေ။ အမှန်စင်စစ် ဦးအေးနေဝင်းက ၄၁ နှစ်၊ ရွှေအိမ်စည်က ၁၉ နှစ်။ အသက်ကွာခြားချက်က ရှိနေသည်။ သို့သော် ယင်းအချက်က သူတို့၏ ထူးခြားသည့် အမျိုးသားရေးဝါဒ အလေးထားသော စုံဖက်မှုအတွက် စိတ်ဝင်စားစရာ ကောင်းလှသည့်အချက် မဟုတ်ပေ။

သူ့အစ်ကိုက ဘတ်စ်ကားများ တင်သွင်းမှုလုပ်ငန်းအတွက် ရန်ကုန်တိုင်းအစိုးရနှင့် လုံးပန်းနေချိန်တွင် ဦးအေးနေဝင်းက အပေါင်းအသင်းများနှင့် သွားလာခြင်း၊ အမျိုးသားရေး လှုပ်ရှားမှုကို ထောက်ပံ့ခြင်း၊ အစိုးရဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများကို အားပေးခြင်းနှင့် ဦးဝီရသူကဲ့သို့သော ထင်ရှားသူများနှင့်တွေ့ဆုံခြင်း စသည့်လုပ်ငန်းများနှင့်သာ အချိန်ကုန်လျက်ရှိသည်။ ၎င်းက ကြံကြံဖန်ဖန် ပြဿနာရှာရသည်ကို သဘောကျသည်။ အောက်တိုဘာက ပြုလုပ်သော ရွှွှေအိမ်စည်၏ ဟယ်လိုဝင်းမွေးနေ့ပါတီသို့ ပုပ်ရဟန်းမင်းကဲ့သို့ ဝတ်ဆင်ကာ တက်ရောက်ခဲ့သည်။

ဦးအေးနေဝင်းက သူကိုယ်သူ ဟုတ်လှပြီဟု အထင်ရောက်ကာ ထူးထူးခြားခြား ဝတ်စားကာ လမ်းသလားနေတတ်ပြီး ၂၀၁၆ ခုနှစ်က နိုင်ငံတော်အခမ်းအနားတစ်ခုတွင် လစ်ပတန်တီးနှင့် ဧည့်ခံသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဖေ့စ်ဘွတ်ခ်မှနေ၍ သူ ဝေဖန်ခဲ့သည်။ သူ့ဝေဖန်ချက်မှာ လူအများအဖို့ ခုတ်ရာတခြား ရှရာတလွဲ ဖြစ်ခဲ့သည်။

သူတို့နှစ်ဦး၏ ကိုယ်ခန္ဓာတည်ဆောက်ပုံချင်း ဖီလာဆန့်ကျင်ဖြစ်နေသဖြင့် သူနှင့် ရွှေအိမ်စည်တို့၏ ဆက်ဆံရေးမှာ စိတ်ပိုင်းဆိုင်ရာလိုက်ဖက်မှုကြောင့် ပိုဖြစ်နိုင်သည်။ လုပ်ကြံဖန်တီးသော အကြောင်းအရာများနှင့် ကိုယ်လက်အင်္ဂါ ပုံပျက်ပန်းပျက်ဖြစ်နေသော ရုပ်အလောင်းများပါဝင်သည့် ရခိုင်အကျပ်အတည်းအကြောင်း“ရှင်းလင်း တင်ပြသည့်” လုပ်ကြံဖန်တီးထားသောဗီဒီယိုဖိုင်ကို အောက်တိုဘာအတွင်းက ဖေ့စ်ဘွတ်ခ်၌ တင်ခဲ့သည့်အတွက် အလှပြိုင်ပွဲမှ ရွှေအိမ်စည်အား ထုတ်ပယ်ခဲ့သည်။ ထိုလနှောင်းပိုင်းမှာပင် ၎င်းသည် ရန်ကုန်မြို့၌ ပြုလုပ်သော စစ်တပ်ထောက်ခံရေးချီတက်ပွဲ၌် ပါဝင်ဟစ်ကြွေးလျက်ရှိသော လူထုကြီးအား ရဲရဲတောက်မိန့်ခွန်း ပြောကြားခဲ့သေးသည်။

typeof=

ချစ်စဖွယ်ခွေးငယ်ကလေး ဆာဂျင်မိုက်ကယ်

သြင်္ကန်ပွဲတော်ပိတ်ရက်အတွင်း ဧပြီ ၁၅ ရက်တွင် ဗုံးရှာရဲခွေးတပ်ဖွဲ့မှ ခွေးကလေး ဆာဂျင်မိုက်ကယ် သေဆုံးသောသတင်း ထွက်ပေါ်လာပြီးနောက် ပရိဒေဝမီး တောက်လောင်ခံစားရသူ အရေအတွက်မှာ မခန့်မှန်းနိုင်လောက်အောင် ရှိခဲ့သည်။ မိုက်ကယ်သည် အစာအိမ်ရောဂါနှင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ချစ်ခင်နှစ်သက်ဖွယ်အမူအရာကို အမြဲတမ်းပြသမှုနှင့် တာဝန်ကို လိုက်နာဆောင်ရွက်တတ်မှုတို့ကြောင့် လူအများစုက သဘောကျခဲ့ကြသည်။ (မိုက်ကယ်သေဆုံးချိန်က ရန်ကုန်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အနံ့ခံခွေးမှာ သူတစ်ကောင်တည်းသာ ရှိသည်။)

မိုက်ကယ်သေဆုံးမှုကို အကြောင်းပြု၍ အနံ့ခံခွေးများအတွက် နိုင်ငံတော်က ပေးသောရာရှင်မှာ လုံလောက်မှုမရှိကြောင်း သိရှိသွားကြပြီး ပိုမိုကောင်းမွန်သော စောင့်ရှောက်မှုရရှိအောင် အကူအညီပေးရန် For Brave Dog အမည်ရှိ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုကို ခွေးချစ်သူများက ထူထောင်ဖြစ်ခဲ့ကြသည်။ မိုက်ကယ်ကို ရန်ကုန်ရှိ စမ်းချောင်းကလေးတစ်ခု၏ဘေးတွင် မထင်မရှား မြှုပ်နှံထားကြောင်း သိရသောအခါ ၎င်းတို့က ငွေစိုက်ထုတ်ကာ သံလျင်ရှိတိရစ္ဆာန် သင်္ချိုင်းတွင် ရဲတပ်ဖွဲ့တံဆိပ်ပါသော ဂူတစ်ခုကို ဆောက်လုပ်ပေးခဲ့သည်။

မေ ၁၅ ရက်က ပြုလုပ်ခဲ့သည့် အုတ်ဂူဖွင့်လှစ်ပွဲတွင် ငါးမိနစ်ငြိမ်သက်ကာ မိုက်ကယ်ကို ဂုဏ်ပြုခဲ့သည်။ Frontier သတင်းထောက်၏ အဆိုအရ ထိုသို့ငြိမ်သက်မှုကို “ခွေးလေ ခွေးလွင့်တစ်ကောင်၏ ဟောင်သံက ဖြိုခွင်းလိုက်ကြောင်း” သိရသည်။ မိုက်ကယ်၏နေရာတွင် ရမ်ဘိုကို အစားထိုးလိုက်သော်လည်း သူ့ကို သတိရမှုက ဆက်လက်ရှင်သန်နေဆဲပင်။

typeof=

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်

လူကြိုက်နည်းသော စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရသောအခါ  ရဲရင့်သော ခေါင်းဆောင်တစ်ဦး လိုအပ်ပေသည်။ ဒေါ်နန်းခင်ထွေးမြင့်ကမူ ယင်းလုပ်ငန်းကို ပြတ်ပြတ်သားသား လုပ်ကိုင်ပေးခဲ့သည်။ ယနေ့ခေတ်၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကို လူအများ လက်ခံအောင် ဆောင်ရွက်ရသည်မှာ အလွန်ခက်ခဲသောအလုပ်ဖြစ်သည်။ သို့ရာတွင် ဖားအံမြို့နယ်တွင် မီဂါဝပ် ၁,၂၈၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့သည်။ ၂၀၃၅ ခုနှစ်တွင် စက်ရုံတည်ဆောက်ပြီးစီးပါက ယင်းစက်ရုံမှာ မြန်မာနိုင်ငံတွင် အကြီးမားဆုံး ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်မည်မှာ သေချာလှသည်။

အမှန်မှာ ရဲရင့်သည်ဆိုသော စကားလုံးဖြင့် မလုံလောက်သေးပါ။ အရူးအမူး ရဲရင့်သည်ဟုဆိုမှသာ ပို၍သင့်လျော်ပေမည်။ နိုင်ငံရေးသမားအများစုက စီမံကိန်းကိစ္စဆိုလျှင် ဝေးဝေးက ရှောင်နေတတ်ကြပြီး ဆောက်လုပ်ရေး တာဝန်ယူသည့် ကုမ္ပဏီ(ယခုစီမံကိန်းတွင် တိုယိုထိုင်း) သို့မဟုတ် ၎င်း၏ လက်အောက်ခံကုမ္ပဏီကိုသာ တာဝန်များ ဝ ကွက်အပ်ထားတတ်သည်။ ဒေါ်နန်းခင်ထွေးမြင့်၏ ဆောင်ရွက်မှုက လုံးဝဆန့်ကျင်ဖက်ဖြစ်သည်။ အခွင့်သာတိုင်း ဓာတ်အားပေးစက်ရုံကိစ္စကို လှုံ့ဆော် စည်းရုံးသည်။ ထိခိုက်ခံရသည့် ဒေသခံတို့နှင့် လူကိုယ်တိုင်တွေ့ဆုံသည်။

မည်သို့ပင်ဆိုစေ ကျောက်မီးသွေးစက်ရုံကိစ္စမှာ သူ့နာမည်နှင့်ရင်း၍ လောင်းကြေးထပ် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဆင်ခြင်ဉာဏ်ရှိသော လုပ်ရပ်ဟုတ်၊ မဟုတ်ဆိုသော အချက်မှာလည်း ရှင်းလင်းပြတ်သားမှု မရှိသေးပေ။ ကျောက်မီးသွေးသုံးစွဲမှုကို လူကြိုက်နည်းနေသည့်ပြင် တစ်နေ့ကို ကျောက်မီးသွေးတန်ချိန်  ၁၁,၀၀၀ ကုန်ကျမည်ဖြစ်သဖြင့် စက်ရုံ၏ထုတ်လုပ်မှုသည် စီးပွားရေးအရ တွက်ခြေကိုက် မကိုက်ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ဒေါ်ခင်ထွေးမြင့်၏ ယုံကြည်ချက်မှာ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖြစ် ၎င်း၏အဆင့်မြင့် ရပ်တည်ချက်ကို ထင်ဟပ်ဖော်ပြလျက်ရှိသည်။ ဖေဖော်ဝါရီလတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး နုတ်ထွက်ပြီးနောက် ဦးမင်းမင်းဦး၏ နေရာတွင်တာဝန်ယူသူ ဒေါက်တာအေးဇံအား အကြံဉာဏ်များ ပုံမှန်ပေးခြင်းဖြင့် ပြည်နယ်၏  နယ်နိမိတ်ကိုဖြတ်ကျော်၍ သြဇာလွှမ်းမိုးထားနိုင်သူဖြစ်သည်။

ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးဝင်းခိုင်

အင်န်အယ်လ်ဒီအစိုးရအဖွဲ့ဝင်အများစုသည် လုပ်ငန်းအောင်မြင်မှုကို ကောင်းကောင်းမွန်မွန် မပြနိုင်သေး ဟုဆိုလျှင် လွန်အံ့မထင်ချေ။ သို့ရာတွင် Frontier က အောင်မြင်မှုလမ်းစပေါ် ရောက်နေသူတစ်ဦးကို ညွှန်ပြလိုပေသည်။ ဦးဝင်းခိုင် ဖြစ်ပါသည်။ ကနဦးတွင် သူ့ကို ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ခန့်ထားရန် ဒေါ်အောင်ဆန်းစုကြည်က မျက်စေ့ကျခဲ့သည်။ သို့ရာတွင် သြဂုတ်ရောက်သောအခါ အလွန်အရေးပါသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကိုပါ သူ့အား တာဝန်ယူစေခဲ့သည်။ အစိုးရဖွဲ့စည်းပြီးချိန်မှစ၍ ပထမဆုံးအကြိမ် ကြီးမားသော အပြောင်းအလဲ တစ်ခုဖြစ်သည်။ သူ့အလျင် တာဝန်ယူခဲ့သူ တပ်မတော်အရာရှိဟောင်း ဦးဖေဇင်ထွန်း ရာထူးစွန့်လွှတ်ချိန်တွင် အများစုက သက်ပြင်းချနိုင်ခဲ့သည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ဦးဆောင်ရာတွင် ဦးဝင်းခိုင်၏ စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်ပါက အကောင်းနှင့်အဆိုး ရောပြွမ်းလျက်ရှိသည်။ အကောင်းဘက် ပြသလျက်ရှိသော ညွှန်းကိန်းများ အများအပြားရှိသော်လည်း ဓာတ်အားခ ပြုပြင်ပြောင်းလဲရေးနှင့် ရေရှည်မပြီးပြတ်နိုင်သေးသော သဘာဝ ဓာတ်ငွေ့ရည်စာချုပ်ကိစ္စတို့ကဲ့သို့သော စွမ်းအင်ကဏ္ဍရှိ အဓိကပြဿနာများတွင်မူ အောင်မြင်မှု ပြသရန် နည်းပါးနေသေးသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တုံ့ဆိုင်းနေသည့်အတွက် ပိုမိုကောင်းမွန်သောလမ်းများ တည်ဆောက်ရေးနှင့် လျှပ်စစ်ဓာတ်အားကောင်းမွန်စွာ ဖြန့်ဖြူးရေးမှာ အင်န်အယ်လ်ဒီ၏ ရည်မှန်းချက်သစ် ဖြစ်လာသဖြင့် ၂၀၁၈ ခုနှစ်အတွက် အကြီးဆုံးပြဿနာမှာ အလွန်အရေးကြီးသော ဝန်ကြီးဌာနနှစ်ခုကို ဦးဝင်းခိုင် ဆက်လက်ဦးဆောင်နိုင်ပါမည်လား ဟူသောအချက်ပင် ဖြစ်သည်။သူသည် ဝန်ကြီးဌာနတစ်ခုခုကို စွန့်လွှတ်ရမည် ဖြစ်သော်လည်း မည်သည့်ဝန်ကြီးဌာန စွန့်လွှတ်ရမည်ကို ရှင်းလင်းပြတ်သားစွာ မသိရသေးပေ။ သို့ရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို တာဝန်ယူမည့်သူသည် ကြီးမားသော ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်ရန်ရှိနေပေသည်။

( ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၁၅ ရက်ညမှာ သတင်းထုတ်ပြန်လိုက်ပြီး ဇန်နဝါရီလ ၁၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ လစ်လပ်နေသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး(ငြိမ်း) ဦးဟန်ဇော်ကို အစားထိုးခန့်အပ်ရန် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းထားဆဲဖြစ်သည်။ အယ်ဒီတာ)

 

typeof=

လမ်းစည်းကမ်းဥပဒေချိုးဖောက်သူ နိုင်ငံခြားသား ဝှိုက်ရိုက်ဒါ

ရန်ကုန်မြို့တော်၏ မော်တော်ဆိုင်ကယ် စည်းမျဉ်းဥပဒေကို အလေးမထား ချိုးဖောက်နေသူတစ်ဦးအကြောင်း ကျွန်တော်တို့၏ ဆောင်းပါးရှင်က နိုဝင်ဘာလအတွင်းက ရေးသားခဲ့သည်။ သူ့ကို ဆိုင်ကယ်စီးသမား နိုင်ငံခြားသား White Rider ဟု သိထားကြသည်။ စာဖတ်သူအချို့က White Rider ကို အားပေးခဲ့ကြပြီး အချို့က သူ့ကို ဥပဒေဖောက်ဖျက်သူအဖြစ် ရှုတ်ချကြသည်။ Coconuts Yangon ကမူ အကယ်၍ မသင်္ကာသူများအား လိုက်လံဖမ်းဆီးပါက e-bikes (နည်းပညာအရ တရားဝင်ဖြစ်သော လျှပ်စစ်ဆိုင်ကယ်) စီးနင်းသူများအား ကင်းလွတ်ခွင့်ပေးရန် အာဏာပိုင်တို့အား တိုက်တွန်းရေးသားထားသည်။ သတင်းရေးသားနေချိန်အထိ White Rider မည်သူမည်ဝါဖြစ်သည်ကို မဖော်ထုတ်နိုင်သေးပေ။ သူ၏ ၁၂၅ စီစီ တရုတ်စကူတာဆိုင်ကယ်ကိုမူ လမ်းပေါ်တွင် ဆက်လက်တွေ့မြင်နေရဆဲပင်။

ဆက်စပ် ဖတ်ရှုရန် – ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျော်ကြားခဲ့သူများ အပိုင်း ၁

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျော်ကြားခဲ့သူများ အပိုင်း ၂

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.