ဦးသိန်းစိန် သမ္မတသက်တမ်းမှ အရေးပါသည့် ရက်စွဲများ

Frontier က သမ္မတဦးသိန်းစိန်၏ ရာထူးသက်တမ်းအတွင်း သော့ချက်ကျသည့် အဖြစ်အပျက်များကို လေ့လာကြည့်သည်။ အေးဆေးကာ ထင်ပေါ်လိုစိတ်နည်းသော ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သည့် ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများက အသွင်ကူးပြောင်းရေး ဆောင်ရွက်နေသော မြန်မာနိုင်ငံအတွက် အုတ်မြစ်ချပေးခဲ့သည်။

မတ်လ ၃၀ က ဦးသိန်းစိန်၏ သမ္မတသက်တမ်းကာလ ကုန်ဆုံးသွားခဲ့သည်။ အပြစ်အနာအဆာများရှိသော ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအပြီး ၎င်းအာဏာရလာချိန်တွင် စစ်အာဏာရှင် အစိုးရ လက်ထက်၌ ဝန်ကြီးချုပ်တာဝန် ယူခဲ့သော အရပ်ပုပု ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးက စစ်တပ်၏ တင်းကျပ်သည့် အုပ်စိုးမှုအောက်တွင် ဆယ်စုနှစ် ငါးစုနီးပါး ရှိနေခဲ့သော နိုင်ငံတစ်ခုအတွက် ပြောင်းလဲမှုများစွာ ယူဆောင်လာလိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ပေ။

သို့ရာတွင် ၎င်းစတင်ဆောင်ရွက်ခဲ့သော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများက အကောင်းအမြင်ဆုံး လေ့လာသူများကိုပင် အံ့သြမိစေခဲ့သည်။ သို့တစေ ၎င်း၏ ရာထူးသက်တမ်းအတွင်း အငြင်းပွားစရာများလည်း ရှိခဲ့သည်။ ဦးသိန်းစိန်က ဦးထင်ကျော်ထံ အာဏာလွှဲပေးခဲ့သည့်တိုင် နိုင်ငံရေး အကျဉ်းသားများ ရှိနေခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ရှိနေခဲ့သည်။ အမှန်အားဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ အောင်မြင်မှုရရန် ခက်ခဲနေဆဲသာ ဖြစ်သည်။

၂၀၁၁ ခုနှစ်

၂၀၁၁ မတ် ၃၀  ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆို

ဦးသိန်းစိန်သည် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ဖျက်သိမ်းခဲ့သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နေရာကို ယူခဲ့သည်။ ဦးသိန်းစိန်သည် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသည့် သမ္မတ ဖြစ်သည်ဟု စစ်တပ်က ပြောကြားခဲ့သော်လည်း နိုင်ငံတကာ လေ့လာသူများက လက်မခံနိုင်ကြပေ။

ထိုနေ့မှာပင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။ ဦးသန်းရွှေသည်လည်း တာဝန်မှ အငြိမ်းစားယူကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် ဦးသန်းရွှေသည် ၎င်း၏ဆန္ဒအလျောက် လိုလိုလားလား နုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု မည်သူကမျှ မယုံကြည်ကြောင်း ထိုစဉ်က ဘီဘီစီက အစီရင်ခံခဲ့သည်။

၂၀၁၁ မေ ၁၇ ပထမဆုံး သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်

သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်များစွာအနက် ပထမဆုံးအကြိမ် ပေးခဲ့ခြင်း ဖြစ်သည်။ အကျဉ်းသား စုစုပေါင်း ၁၄,၆၀၀ ကို လွှတ်ပေးခဲ့ပြီး ယင်းတို့အနက် ၂,၀၀၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသားများ ဖြစ်သည်ဟု ယုံကြည်ရသည်။ ဦးသိန်းစိန်သည် ၎င်း၏ သက်တမ်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့်များစွာ ပေးခဲ့သော်လည်း ၂၀၁၃ အကုန်တွင် နိုင်ငံရေးအကျဉ်းသား မရှိစေရ ဆိုသည့် ၎င်း၏ ကတိကဝတ်ကိုမူ စောင့်ထိန်းဖြည့်ဆည်းနိုင်ခြင်း မရှိခဲ့ပေ။ ၎င်း၏ သက်တမ်းကုန်ချိန်တွင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ခန့် ထောင်ထဲတွင် ရှိနေခဲ့ပြီး ၄၀၀ ကျော်မှာ တရားခွင်ကို စောင့်ဆိုင်းနေခဲ့ရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

၂၀၁၁ ဇွန် ၉ ကချင်ပြည်နယ်တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခြင်း

တပ်မတော်နှင့် ကေအိုင်အေအကြား ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားကာ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲမှုမှာ အဆုံးသတ်ခဲ့သည်။ ဦးသိန်းစိန်၏ သက်တမ်းတစ်လျှောက် နှစ်ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားသည်။ ကေအိုင်အေသည် ၂၀၁၅ အောက်တိုဘာက အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် လက်မှတ်မထိုးသည့် အထင်ရှားဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။

၂၀၁၁ သြဂုတ် ၁၉ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဦးသိန်းစိန်သည် စစ်တပ်က ဆယ်စုနှစ်များစွာ နေအိမ်အကျယ်ချုပ် ချထားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်တွင် လက်ခံတွေ့ဆုံကာ  ဆွေးနွေးခဲ့သည်။ တွေ့ဆုံမှုနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာခြင်း မရှိပေ။ သို့ရာတွင် ယင်းအစည်းအဝေးမှာ စစ်တပ်ဘက်က ပြုပြင်ပြောင်းလဲလိုသည့် ဆန္ဒရှိကြောင်း ပြသသည့် လက္ခဏာတစ်ရပ် ဖြစ်သည်ဟု မှတ်ယူခဲ့ကြသည်။

၂၀၁၁ စက်တင်ဘာ ၃၀ မြစ်ဆုံဆည် တည်ဆောက်မှု ရပ်ဆိုင်းခြင်း

ကချင်ပြည်နယ်ရှိ တရုတ်ကျောထောက်နောက်ခံ မြစ်ဆုံဆည် တည်ဆောက်မှုကို ၎င်း၏သက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ကြေညာလိုက်ရာ ပြည်သူအများ နှစ်သက်သည့် ဆုံးဖြတ်ချက် တစ်ခုကို မမျှော်လင့်ဘဲ ရုတ်တရက် ချမှတ်လိုက်ခြင်း ဖြစ်သည်။ ယင်းသို့ ကြေညာချက်က မြန်မာစစ်တပ်သည် ပေကျင်းအပေါ် အလွန်အကျွံ မှီခိုနေရသည်ဟု ယူဆနေခဲ့သူများပင် ထိတ်လန့်အံ့သြသွားခဲ့သည်။ ဒေါ်လာဘီလျံပေါင်းများစွာ တန်သည့် စီမံကိန်းကြီး၏ အနာဂတ်နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကြီး တစ်ခုမှာ အစိုးရသစ်အတွက် ကြီးမားသည့် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။

၂၀၁၁ နိုဝင်ဘာ ၃၀ ဟီလာရီ ကလင်တန် လာရောက်လည်ပတ်

ဟီလာရီ ကလင်တန်သည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည်။ ၎င်း၏ခရီးစဉ်အတွင်း ဟီလာရီ ကလင်တန်သည် ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီး အမေရိကန်က ပိတ်ဆို့မှုများ ရုပ်သိမ်းရေး စဉ်းစားရန် အသင့်မဖြစ်သေးကြောင်း ပြောကြားခဲ့သည်။

၂၀၁၁ ဒီဇင်ဘာ ၂၃ နိုင်ငံရေးပါတီအဖြစ် အင်န်အယ်လ်ဒီ တရားဝင် မှတ်ပုံတင်ခြင်း

၂၀၁၂ ဧပြီတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများ မပြုလုပ်မီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီ တစ်ခုအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့သည်။ ၂၀၁၀ ပြည့် ရွေးကောက်ပွဲများကို ပါတီက သပိတ်မှောက်ပြီးနောက် ပါတီ၏ မှတ်ပုံတင်ကို စစ်အစိုးရက ဖျက်သိမ်းခဲ့သည်။

၂၀၁၂ ခုနှစ်

၂၀၁၂ ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အပြတ်အသတ် အနိုင်ရ

ကြားဖြတ်ရွေးကောက်ပွဲများကို မဲဆန္ဒနယ် ၄၅ ခုတွင် ကျင်းပခဲ့ရာ  အင်န်အယ်လ်ဒီသည် ယင်းဝင်ပြိုင်သည့် မဲဆန္ဒနယ် ၄၄ ခုအနက် ၄၃ ခုတွင် အနိုင်ရခဲ့သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် အင်န်အယ်လ်ဒီ အနိုင်ရရှိခဲ့ပြီး ၂၂ နှစ်အကြာ ဒေါ်အောင်ဆန်းစုကြည်မှာ ရွေးကောက်ခံရပြီး လွှတ်တော်ထဲသို့ ရောက်ရှိခဲ့သည်။ ဒေါ်စုသည် ရန်ကုန်၏ အနောက်တောင်ဘက်ရှိ ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

၂၀၁၂ ဇွန် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုဖြစ်

နိုင်ငံ၏ ဖွံ့ဖြိုးမှု အနည်းဆုံးဒေသတစ်ခု ဖြစ်သည့် ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင်များနှင့် ဘင်္ဂါလီ မွတ်စလင်များအကြား လူမျိုးရေး တင်းမာမှုများမှ အကြမ်းဖက် တိုက်ခိုက်မှုများအဖြစ်သို့ ရောက်ရှိခဲ့သည်။ လများစွာ ကြာမြင့်သည့် ပဋိပက္ခများတွင် ပထမဆုံးအကြိမ် ဖြစ်သည်။ လူများစွာ အသတ်ခံရပြီး လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုသူအများစုမှာ ဘင်္ဂါလီများ ဖြစ်သည်။ ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်အကိုင်နှင့် ပညာသင်ယူခွင့်များမှာ အကန့်အသတ်ဖြင့်သာ ရှိနေသည်။ ဘင်္ဂါလီများအပေါ် ဆက်လက်ဖိနှိပ်မှုမှာ ဦးသိန်းစိန်၏ သက်တမ်းအတွင်း အကြီးမားဆုံး အမည်းစက်ကြီးတစ်ခု ဖြစ်သည်။ အစိုးရက ရိုဟင်ဂျာဟု မသုံးနှုန်းဘဲ ဘင်္ဂါလီများဟုသာ ရည်ညွှန်းလေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ရွှေ့ပြောင်းလာသူများ ဖြစ်သည်ဟု အစိုးရက ယုံကြည်သောကြောင့် ဖြစ်သည်။ သို့သော် အများအပြားမှာ မျိုးဆက်နှင့်ချီ၍ နေထိုင်ခဲ့ကြသည်။ ရခိုင်ပြည်နယ်တွင် ၂၀၁၂ က ပြဋ္ဌာန်းခဲ့သော အရေးပေါ်အခြေအနေကို ဦးသိန်းစိန်က ၎င်း၏ရာထူးသက်တမ်းမကုန်မီ ရက်ပိုင်းအလိုတွင် ရုပ်သိမ်းခဲ့သည်။

၂၀၁၂ သြဂုတ် ၂၀ မထုတ်ဝေမီ ကြိုတင်ဆင်ဆာဖြတ်မှုကို ဖျက်သိမ်း

ပုံနှိပ်ထုတ်ဝေခြင်း မပြုမီ ကြိုတင်ဆင်ဆာဖြတ်ခြင်းကို နှစ် ၅၀ နီးပါးကြာ ပြုလုပ်ပြီးနောက် ယင်းစနစ်ကို ဖျက်သိမ်းခဲ့သည်။ ယင်းသို့လုပ်ဆောင်မှုက မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ၏ အစဖြစ်ခဲ့ပြီး ပထမဆုံး ပုဂ္ဂလိကသတင်းစာများ ပေါ်ပေါက်ရေးကို လမ်းခင်းပေးခဲ့သည်။

၂၀၁၂ နိုဝင်ဘာ ၁၉ အိုဘားမား လာရောက်လည်ပတ်

ဘားရက် အိုဘားမားသည် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် တာဝန်ထမ်းဆောင်ဆဲ အမေရိကန်သမ္မတ ဖြစ်လာသည်။ ၎င်း၏ခရီးစဉ်အတွင်း အိုဘားမားသည် ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီး ပြုပြင်ပြောင်းလဲမှုများကို ယေဘုယျအားဖြင့် ချီးကျူးခဲ့သည်။ ထို့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့သည်။

၂၀၁၃ – ၁၄ ခုနှစ်

ပဋိပက္ခဖြစ်ပွားအပြီး မိတ္ထီလာမြို့မှ မီးလောင်ပျက်စီးနေသည့် အိုးအိမ်များအကြား လျှောက်သွားနေသော ဒေသခံအချို့ကို ၂၀၁၃ မတ် ၂၁ ရက်က တွေ့ရစဉ်။ စိုးသန်းဝင်း/ AFP

ပဋိပက္ခဖြစ်ပွားအပြီး မိတ္ထီလာမြို့မှ မီးလောင်ပျက်စီးနေသည့် အိုးအိမ်များအကြား လျှောက်သွားနေသော ဒေသခံအချို့ကို ၂၀၁၃ မတ် ၂၁ ရက်က တွေ့ရစဉ်။ စိုးသန်းဝင်း/ AFP

၂၀၁၃ မတ် ၂၀ မိတ္ထီလာ အကြမ်းဖက်မှု

မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား အငြင်းပွားရာမှ သွေးထွက်သံယို တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူ ၄၀ ကျော် သေဆုံးခဲ့သည်။ မီးရှို့တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဘဝ ရောက်ခဲ့ရသည်။ အကြမ်းဖက်မှုကို မီးထိုးပေးခဲ့သူများမှာ ပြင်ပမှ ရောက်လာခြင်းဖြစ်သည်ဟု ဒေသခံများက စွပ်စွဲသည်။ လူ့အဖွဲ့အစည်းများအကြား အကြမ်းဖက် တိုက်ခိုက်မှုများကို ၂၀၁၃ မေက လားရှိုးတွင်လည်းကောင်း၊ ၂၀၁၄ ဇူလိုင်က မန္တလေးတွင်လည်းကောင်း ဖြစ်ပွားခဲ့သည်။

၂၀၁၃ မေ ၂၀ ဦးသိန်းစိန် အမေရိကန်သို့ သွားရောက်

၁၉၆၆ က ဦးနေဝင်း သွားရောက်ခဲ့ပြီးနောက်ပိုင်း ဦးသိန်းစိန်သည် အမေရိကန်သို့ ပထမဆုံး သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးအကဲ ဖြစ်လာသည်။ အိုဘားမားက မြန်မာနိုင်ငံကို ဘားမားဟု ခေါ်ဆိုနေခဲ့ရာမှ ပထမဆုံးအကြိမ် မြန်မာဟု ပြောင်းလဲခေါ်ဆိုသည်။

၂၀၁၄ မေ ၁၁ မြန်မာက အာဆီယံထိပ်သီးဆွေးနွေးပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပ

၂၄ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကို ဦးသိန်းစိန်က ဖွင့်လှစ်ပေးခဲ့ရာ ၁၉၉၇ ခုနှစ်က အာဆီယံသို့ ဝင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မြန်မာက လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ဇူလိုင် ၁၀ ယူနတီဂျာနယ်မှ လူငါးဦးကို ပြစ်ဒဏ်ချ

၁၉၂၃ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေကို ဖောက်ဖျက်မှုဖြင့် ယခုဖျက်သိမ်းပြီးဖြစ်သော ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် ဂျာနယ်လစ်လေးဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ မကွေးတိုင်းဒေသကြီးရှိ စက်ရုံတစ်ရုံတွင် စစ်တပ်က ဓာတုလက်နက် ထုတ်လုပ်နေသည်ဟု ဂျာနယ်က ရေးသားခဲ့သဖြင့် တရားစွဲကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ အယူခံကြောင့် ပြစ်ဒဏ်ကို ခုနစ်နှစ်သို့ လျှော့ပေးခဲ့သည်။ စစ်တပ်က မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

၂၀၁၄ နိုဝင်ဘာ ၁၂ မြန်မာနိုင်ငံသို့ အိုဘားမား ထပ်မံလာရောက်ခြင်း

အမေရိကန်သမ္မတ ဘားရက် အိုဘားမား နောက်တစ်ကြိမ် လာရောက်ပြီး ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အနှောင့်အယှက်များကြောင့် ယခုခရီးစဉ်မှာ ယခင်ကထက် သိသာစွာ ပိုမိုအေးစက်ခဲ့သည်။ အိုဘားမားသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောကြားခဲ့ပြီး ရှေ့တွင် စိန်ခေါ်မှုများ ရှိနေကြောင်း၊ ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်သူများ ရှိနေကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ၌ နောက်ပြန်မလှည့်နိုင်သည့် တစ်စုံတစ်ခု ဖြစ်ပေါ်နေကြောင်း ပရိသတ်ကို ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်

နှစ် ၅၀ ကျော်ကြာ စစ်အစိုးရအုပ်ချုပ်မှုအောက် နေခဲ့ကြရပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အင်န်အယ်လ်ဒီပါတီကို ထောက်ခံသူများက အင်န်အယ်လ်ဒီပါတီရုံးချုပ်ရှေ့တွင် အောင်ပွဲခံနေကြစဉ်။ ဓာတ်ပုံ - အန်းဝမ်/ Frontier

နှစ် ၅၀ ကျော်ကြာ စစ်အစိုးရအုပ်ချုပ်မှုအောက် နေခဲ့ကြရပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အင်န်အယ်လ်ဒီပါတီကို ထောက်ခံသူများက အင်န်အယ်လ်ဒီပါတီရုံးချုပ်ရှေ့တွင် အောင်ပွဲခံနေကြစဉ်။ ဓာတ်ပုံ – အန်းဝမ်/ Frontier

၂၀၁၅ ဖေဖော်ဝါရီ ၉ ကိုးကန့်ပဋိပက္ခ

ဒေသဆိုင်ရာမြို့တော်လောက်ကိုင်ကို ထိန်းချုပ်ရန် တရုတ်မျိုးနွယ် ကိုးကန့်များ၏ MNDAA အဖွဲ့က ထိုးစစ်ဆင်နွှဲရာမှ အစိုးရစစ်တပ်နှင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားသည်။ လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရပြီး ဖေဖော်ဝါရီ ၁၇ တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ နောက်ကိုးလအကြာ နိုဝင်ဘာ ၁၇ တွင် စစ်အုပ်ချုပ်ရေး ရုပ်သိမ်းခဲ့သည်။

၂၀၁၅ မတ် ၁၀ လက်ပံတန်း နှိမ်နင်းမှု

မန္တလေးမှ ရန်ကုန်သို့ ချီတက်ဆန္ဒပြမှုတွင် ဆန္ဒပြကျောင်းသားများကို ပဲခူးတိုင်းဒေသကြီး လက်ပံတန်းအရောက်၌ အာဏာပိုင်များက တားဆီးစဉ် ရဲများက အကြမ်းဖက် ဖြိုခွင်းမှုကြောင့် နိုင်ငံတကာက ရှုတ်ချခဲ့ကြသည်။ လူ ၁၀၀ ကျော် အဖမ်းခံခဲ့ရသည်။

၂၀၁၅ ဇွန် ၂၅ အခြေခံဥပဒေ ပြောင်းလဲရေးကို စစ်တပ်က ဆန့်ကျင်မဲပေး

ဥပဒေပြောင်းလဲရေးအတွက် အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် အနိမ့်ဆုံး အကန့်အသတ်ကို လျှော့ချရန် အင်န်အယ်လ်ဒီက ကြိုးပမ်းခဲ့သည်။ အမတ်အများစု၏ ထောက်ခံမှုရအောင် ဆွဲဆောင်နိုင်ခဲ့သော်လည်း လွှတ်တော်တွင် မဲခွဲရာ ရှုံးနိမ့်ခဲ့သည်။ အမတ်အားလုံး၏ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ထိန်းချုပ်ထားသဖြင့် ထိရောက်စွာ တားဆီးနိုင်ခဲ့သည်။ အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ ဥပဒေကို ပြင်နိုင်ခြင်းကြောင့် ဖြစ်သည်။ ရ၅ ရာခိုင်နှုန်းကျော်အစား ၇၀ ရာခိုင်နှုန်းသို့ လျှော့ချရေး အင်န်အယ်လ်ဒီ ၏ ကြိုးပမ်းမှုမှာ ရှုံးနိမ့်ခဲ့သည်။ အဖွဲ့ဝင် ၆၆၄ ဦးရှိ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲရာ ရှုံးနိမ့်ခြင်း ဖြစ်သည်။ သို့တိုင် ၆၆ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ထောက်ခံမှု ရရှိခဲ့သည်။

၂၀၁၅ သြဂုတ် ၁၂ ဦးရွှေမန်း ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌရာထူးမှ ထုတ်ပယ်ခံရခြင်း

နေပြည်တော်တွင် ပြုလုပ်သော သန်းကောင်ယံအစည်းအဝေးတစ်ခုက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌရာထူးမှ ထူးခြားစွာ ဖြုတ်ချပစ်ခဲ့သည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်းအကြား တင်းမာမှုများ ဖြစ်ပေါ်ပြီးနောက် ဦးရွှေမန်း ဖြုတ်ချခံရခြင်း ဖြစ်သည်။ ဦးရွှေမန်း၏ မဟာမိတ်များလည်း ပါတီမှ ထုတ်ပယ်ခံရသည်။ အခြေခံဥပဒေပြင်ဆင်ရေး အင်န်အယ်လ်ဒီ၏ အဆိုပြုချက်များကို ပါလီမန်တွင် အချေအတင် ဆွေးနွေးခွင့်ပြုခြင်းကြောင့် ပြည်ခိုင်ဖြိုးမှ သဘောထားတင်းမာသူများကို ဒေါသထွက်စေခဲ့သည်။

၂၀၁၅ အောက်တိုဘာ ၁၅ ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ထိုး

နိုင်ငံတစ်ဝန်းလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့ လက်မှတ်ရေးထိုးသည်။ အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ခန့် ပါဝင်ခဲ့သည်။ သဘောတူညီချက်တွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်မှုမရှိခဲ့သည့်အတွက် အင်န်အယ်လ်ဒီနှင့် အခြားအဖွဲ့များက ဝေဖန်ခဲ့သည်။ လက်မှတ်မထိုးသော အဖွဲ့များတွင် ကေအိုင်အေနှင့် ရှမ်းပြည်တပ်မတော်(မြောက်) SSA(North) တို့ပါဝင်သည်။ ပိုမိုဆိုးဝါးသည်မှာ အဓိကကျသည့် လက်နက်ကိုင်အဖွဲ့များ မပါဝင်ခြင်း ဖြစ်သည်။

၂၀၁၅ နိုဝင်ဘာ ၈ ရွေးကောက်ပွဲများ ကျင်းပ

အထွေထွေ ရွေးကောက်ပွဲများတွင် အင်န်အယ်လ်ဒီက မဲအားလုံး၏ ၈၀ ရာခိုင်နှုန်း ရရှိကာ အပြတ်အသတ် အနိုင်ရရှိသည်။ ရှည်လျားသည့် နိုင်ငံရေးကူးပြောင်းကာလ စတင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရှင်ဟောင်း ဦးသန်းရွှေတို့၏ မမျှော်လင့်သည့် တွေ့ဆုံမှုလည်း ပါဝင်သည်။ ထို့အပြင် အင်န်အယ်လ်ဒီနှင့် တပ်မတော်ကြား ညိနှိုင်းမှုများလည်း ရှိသည်။ ရွေးကောက်ပွဲတွင် အကောင်းဆုံးရလဒ် ရရှိခဲ့သည့် တိုင်းရင်းသားပါတီများမှာ ရခိုင်အမျိုးသားပါတီနှင့် ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဖြစ်သည်။

၂၀၁၆ ခုနှစ်

၂၀၁၆ မတ် ၁၅ ဦးထင်ကျော်အား သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခြင်း

အင်န်အယ်လ်ဒီသည် ပါတီက ယုံကြည်ရသည့် လူသိနည်းသော အသက် ၆၉ နှစ်အရွယ် ဦးထင်ကျော်အား သမ္မတအဖြစ် အမည်စာရင်း တင်သွင်းလိုက်ရာ လပေါင်းများစွာ ခန့်မှန်းချက်များ အဆုံးသတ်ခဲ့သည်။ ထို့အပြင် ချင်းအမျိုးသား အမတ်တစ်ဦးဖြစ်သူ ဟင်နရီ ဗန်ထီးယူကိုလည်း ဒု-သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့သည်။ တပ်မတော်က ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေအား ဒု-သမ္မတလောင်းအဖြစ် အမည်စာရင်း တင်ခဲ့သည်။

၂၀၁၆ မတ် ၃၀ အာဏာလွှဲပြောင်းခြင်း

ယေဘုယျအားဖြင့် သုံးသပ်လျှင်ကြီးမားသည့် စိတ်လှုပ်ရှားမှုများ မဖြစ်စေဘဲ တည်ငြိမ်စွာ ပြုလုပ်သည့် အခမ်းအနားတွင် ဦးသိန်းစိန်က ဦးထင်ကျော်ထံ နိုင်ငံတော်အာဏာ လွှဲပြောင်းပေးခဲ့သည်။

Frontier သတင်းအဖွဲ့

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.