ဦးတီခွန်မြတ်အတွက် ခက်ခဲသောနေ့ရက်များ

နန္ဒ
ခမ်းနားထည်ဝါလှသောခန်းမကြီးထဲ၌ ရွှေရောင်တဖိတ်ဖိတ်တောက်နေသော “ကျိုင်း” ကိုရှေ့တွင်ထားကာ ရွှေပိန်းချထားသောထိုင်ခုံထက်တွင် ရွှေရောင်အနားကွတ်ဖိုးဖဲကတ္တီပါဝတ်စုံဖြင့် ထိုင်ပြီးတိုင်းရေးပြည်ရာများကိုဆောင်ရွက်ရသည်မှာ နိုင်ငံရေးသမားများမက်ချင်သောအိမ်မက်တစ်ခုဖြစ်သည်။
ထိုနေရာသည် ပြည်ထောင်စုအင်္ဂါစဉ်၏ နံပါတ် ၅ နေရာလည်းဖြစ်၏။သို့သော် လက်ရှိအချိန်တွင် မြန်မာ့နိုင်ငံရေး၏ အကြီးဆုံးငြင်းခုံဆွေးနွေးပွဲကို စည်းကမ်းထိန်းသိမ်းပေးနေရသည်မှာမည်မျှခက်ခဲကြောင်း ဖော်ကျူးရန်လိုမည်မဟုတ်ချေ။
အထူးသဖြင့် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်အတွက်ပို၍ခက်ခဲပါသည်။
နိုင်ငံရေးရေစက်
ဦးတီခွန်မြတ်ထိုင်နေသည့် လွှတ်တော်စင်မြင့်ပေါ်မှကြည့်လိုက်လျှင် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်၏အဓိကပလေယာများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပြည်ခိုင်ဖြိုးနှင့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တို့ကိုလှမ်းမြင်ရမည်ဖြစ်သည်။
အလုပ်သင်ရှေ့နေအဖြစ်မှ ဥပဒေပြုမဏ္ဍိုင်၏အကြီးအကဲနေရာသို့သွားရာ အနှစ်လေးဆယ်ကျော်ခရီးရှည်တွင် အဆိုပါအစုအဖွဲ့သုံးခုလုံးနှင့်သူပတ်သက်ခဲ့ရသည်။
ရန်ကုန်ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည့်ဦးတီခွန်မြတ်သည် ၁၉၇၅ ခုနှစ်တွင် အလုပ်သင်ရှေ့နေအဖြစ် လက်တွေ့သင်ကြားပြီး ၁၉၇၆ တွင် ဥပဒေဝန်ထမ်းအဆင့် ၄ ဖြစ်လာခဲ့သည်။
ကချင်တိုင်းရင်းသားဦးတီခွန်မြတ်သည် သူ၏ဇာတိ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်အစိုးရလက်ထက်က မဝတ အတွင်းရေးမှုးဖြစ်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ကွတ်ခိုင်မြို့နယ်အတွင်းရေးမှူးလည်းဖြစ်ပြီး ပြည်နယ်အလုပ်အမှုဆောင်လည်းဖြစ်သည်။
အစိုးရနှင့်ပနံသင့်သောဦးတီခွန်မြတ်သည် ၁၉၉၀ မှ ၂၀၁၀ ခုနှစ်အထိ အထူးတာဝန်တစ်ရပ်ထမ်းဆောင်ခဲ့ရသည်။
ရှေနေချုပ်ရုံး ဥပဒေညွှန်ကြားရေးမှူး အဖြစ်တွဲဖက်ထားပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုကိုခံယူ၍ ကွတ်ခိုင်ပြည်သူ့စစ်(ဌာနေ)၊ တိုက်ခိုက်ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ထမ်းဆောင်ရခြင်းဖြစ်သည်။
သူသည် တပ်မတော်အစိုးရလက်ထက်တွင် ရဲသူရတံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ဝန်ထမ်းကောင်းဆု၊ ရှေ့နေချုပ်ဒုတိယအဆင့်၊ ရဲချုပ်ဂုဏ်ထူးဆောင် လက်မှတ်၊ စီမံထူးချွန်တံဆိပ် (တတိယအဆင့်)၊ စီမံထူးချွန်တံဆိပ် (ဒုတိယအဆင့်) ၊ ရှေ့နေချုပ်ပထမအဆင့်တို့ကို ရရှိခဲ့သည်။
ပြည်ခိုင်ဖြိုးအနိုင်ရသော၂၀၁၀ရွေးကောက်ပွဲရောဒီချုပ်အနိုင်ရသော၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်ပါ ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံခဲ့ရသည်။
သူရဦးရွှေမန်းဥက္ကဌဖြစ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌဖြစ်ခဲ့သည်။ ထို့အပြင် ဦးဝင်းမြင့် ဥက္က္ကဌဖြစ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင် ဒုတိယလွှတ်တော်ဥက္ကဋ္ဌဖြစ်ခဲ့သည်။ ခင်မင်သူများက “ဂျက်ဖရီ” ဟုခေါ်သော ဦးတီခွန်မြတ်မှာ အပြောချိုပြီးသဘောကောင်းသည်။ သူသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားလေးစားသူတစ်ဦးဖြစ်သည်။
ဦးထင်ကျော်အစိုးရလက်ထက်တွင် အကဲဆတ်လှသည့်မြစ်ဆုံစီမံကိန်း လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဌ တာဝန်ကိုထမ်းဆောင်ခဲ့ရသေးသည်။ဦးထင်ကျော်အနားယူပြီး ဦးဝင်းမြင့် သမ္မတဖြစ်သွားသည့်အခါ ဦးတီခွန်မြတ်သည် ပြည်သူ့လွှတ်တော်၏ဥက္ကဌဖြစ်လာတော့သည်။ သို့သော် သူရွေးကောက်ပွဲအနိုင်ရခဲ့စဉ်ကကဲ့သို့ ပြည်ခိုင်ဖြိုးပါတီဝင်မဟုတ်တော့ဘဲ တစ်သီးပုဂ္ဂလအဖြစ်သာ လက်ရှိအချိန်တွင်ရပ်တည်နေရပါတော့သည်။

ပထမအကြိမ်လွှတ်တော်ကဒုတိယအကြိမ်လွှတ်တော်သို့ တာဝန်လွှဲပြောင်းစဉ်က နိုင်ငံ့ခေါင်းဆောင်များနှင့်တွေ့ရသည့် ဦးတီခွန်မြတ်-ဓာတ်ပုံ- AFP
ခက်ခဲသောနေ့တွေရဲ့အစ
တောထဲတောင်ထဲတွင် လက်နက်ကိုင်ခဲ့သော ဥပဒေသမားတစ်ဦးသည် ဥပဒေပြုရေး၏အမြင့်ဆုံးနေရာကိုရောက်ရှိခဲ့ချိန်တွင် မိတ်ဟောင်းမိတ်သစ်များနှင့်ပြန်ဆုံနေရသည်။ သို့သော် လွယ်ကူသည့်အခြေအနေတွင်တော့မဟုတ်ပေ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အယူအဆမတူသောအစုအဖွဲ့များကြားတွင် ရောက်နေခြင်းဖြစ်သည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဦးတီခွန်မြတ်အတွက်မစိမ်းလှပါ။ သူသည် ၂၀၀၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်တွင်လည်းကောင်း၊ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၂၀၁၅ ခုနှစ်က မအောင်မြင်ခဲ့သော ပထမအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွင်လည်း သူပါဝင်ခဲ့ပါသေးသည်။ သို့သော် ပထမအကြိမ်ကသူမကြုံခဲ့ရသောအခြေအနေများကို ဒုတိယအကြိမ်ပြင်ဆင်မှုတွင်ကြုံနေရပြီဖြစ်သည်။
မနေ့က(ဖေဖော်ဝါရီ ၂၅ ရက်)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးပွဲမတိုင်မီ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးကို နာယက ဦးတီခွန်မြတ် သတိပေးခဲ့ရသည်။ ရုံးအဖွဲ့၏လိုအပ်ချက်ကြောင့်တပ်မတော်နှင့်လေ့လာစိစစ်ရေးပူးပေါင်းကော်မတီကြားအထင်အမြင်လွဲမှားမှုမှတစ်ဆင့် ဗိုလ်ချုပ်တစ်ဦး၏ဒေါသတကြီးအော်ဟစ်ပြောဆိုမှုကို အများပြည်သူမြင်တွေ့ခဲ့ကြသည်။
“ဗိုလ်ချုပ် ကြမ်းတမ်းရုန့်ရင်းတဲ့ အမူအရာတွေ မသုံးပါနဲ့။ မေတ္တာရပ်ခံပါတယ်”ဟု နာယက ဦးတီခွန်မြတ်က ဗိုလ်ချုပ်တင်ဆွေဝင်းကိုသတိပေးသည်။
အဆိုပါအခြေအနေအပေါ် ဒီချုပ်အမတ်ဦးသိမ်းဆွေက လွှတ်တော်၏ဂုဏ်ဒြပ်ကို များ စွာထိခိုက်စေကြောင်း ထကန့်ကွက်ခဲ့ရာ နာယကကအခြေအနေကိုဝင်ထိန်းသည်။
‘‘ရပါပြီ။ ရပါပြီ။ အဲဒါမပြောတော့ပါနဲ့။ ကျွန်တော်ဒီကနေရှင်းပြပါမယ်”ဟု နာယက ကပြောသည်။
ထို့နောက် ဦးတီခွန် မြတ်က ‘‘နာယကအနေနဲ့ ဆောင် ရွက်နိုင်တဲ့အပိုင်းတွေ ရှိပါတယ်။ စီမံခန့်ခွဲရေး နည်းလမ်းအရ ဆောင်ရွက်၍ရသလို ဥပဒေအရ အရေးယူနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဒါပေမဲ့နာယကအနေ နဲ့ အားလုံးဘယ်သူ့ကိုမဆို အား လုံးချစ်ကြည်ရင်းနှီးစွာနဲ့ ဆောင် ရွက်နိုင်ဖို့၊ ပူးပေါင်းဆောင်ရွက် နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိအ နေနဲ့ အတတ်နိုင်ဆုံးစိတ်ရှည် သည်းခံပြီး ဆောင်ရွက်ပေးနေ တယ်ဆိုတာကိုလည်း နားလည် သဘောပေါက်စေလိုပါတယ်” ဟု ပြောသည်။
ဆွေးနွေးမှုမစတင်မီကပင် အခြေအနေကတင်းမာနေခဲ့ပြီဖြစ်သည်။ ဆွေးနွေးပွဲစတင်ချိန်တွင်လည်း တင်းမာမှုကလျော့မသွားပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ခု တင်သွင်းထားသည့် ပြည်ခိုင်ဖြိုးအမတ်စိုင်းသန်းနိုင်နှင့်ဦးမောင်မြင့်တို့၏ဆွေးနွေးမှုကို ဒီချုပ်ဘက်က ကန့်ကွက်ခဲ့ကြပြီးအရေးယူပေးဖို့တောင်းဆိုခဲ့ကြသည်။ နာယကသည် ဆွေးနွေးချက်များကိုပြန်လည်စိစစ်ပြီးနည်းဥပဒေနှင့်ငြိစွန်းသည့်အချက်များကို လွှတ်တော်မှတ်တမ်းမှပယ်ဖျက်ပေးခဲ့သည်။ ဒါကပထမနေ့ပင်ရှိပါသေးသည်။ဒုတိယနေ့(ဖေဖော်ဝါရီ ၂၆ ရက်)တွင်လည်း ဦးတီခွန်မြတ်သည်သူ၏ပါတီဟောင်းမှအမတ်များ၏ဆွေးနွေးချက်အချို့အား ဒီချုပ်ဘက်ကကန့်ကွက်မှုများကိုတောက်လျှောက်ဖြေရှင်းပေးနေရပါသည်။ပြည်ခိုင်ဖြိုးအမတ်ဦးတင်အေးနှင့် သမ္မတရုံးဝန်ကြီးဟောင်းဦးစိုးသိန်းတို့၏ဆွေးနွေးချက်တွင်ပါဝင်သောအချက်အချို့ကန့်ကွက်ခံရခြင်းဖြစ်သည်။
ကန့်ကွက်ချက်များကို ပြန်လည်ကြည့်ရှုပြီး မှန်ကန်မျှတအောင်ဆောင်ရွက်ပေးမည်ဟု ဦးတီခွန်မြတ်ကပြောနေစဉ် ဦးစိုးသိန်းကလည်းအပြန်အလှန်ပြန်ပြောနေသည်။ ဦးတီခွန်မြတ်ကအစပိုင်းတွင်လေသံအေးနှင့်ပြောဆိုနေသော်လည်းမရသဖြင့် “ဥပဒေအရကျနော်ပြောနေတာပါ။အားလုံးတန်းတူအခွင့်အရေးရှိပါတယ်။ အားလုံးစိတ်ရှည်လက်ရှည်နဲ့ရှေ့တိုးနိုင်ဖို့ဆွေးနွေးနေတဲ့အနေအထားမျိုးမှာ ဒီလိုမကွပ်ကဲရင်ဘယ်လိုကွပ်ကဲမလဲ”ဟု လေသံမာမာဖြင့်ပြောလိုက်ပါသည်။ထို့နောက် နာယကက လွှတ်တော်ကိုခေတ္တရပ်နားလိုက်သည်။ ထို့နောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ဒီချုပ်အမတ်ဦးကျော်ထွေး၏ဆွေးနွေးချက်ကိုကန့်ကွက်ခဲ့ပြန်သည်။
နာယကလုပ်ပိုင်ခွင့်
လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏အပြုအမူနှင့်အပြောအဆိုသည် အလွန်မဖွယ်မရာဖြစ်ကြောင်းတွေ့ရှိပါက ယင်းလွှတ်တော်ကိုယ်စားလှယ်အားလွှတ်တော်ပရဝုဏ်အတွင်းမှချက်ချင်းထွက်သွားရန်နှင့်ထိုနေ့အစည်းအဝေးသို့တက်ရောက်ခြင်းမပြုရန် ပြည်ထောင်စုလွှတ်တော်နာယကတွင်လုပ်ပိုင်ခွင့်ရှိပါသည်။ လွှတ်တော်အစည်းအဝေးကာလတစ်ခုအတွင်း ယင်းသို့ဒုတိယအကြိမ်ညွှန်ကြားခြင်းခံရလျှင် ကျန်ရှိသောအစည်းအဝေးရက်များထက်မပိုသောကာလအပိုင်းအခြားတွင် လွှတ်တော်ပရဝုဏ်သို့ပင်မလာရောက်ရန်နာယကကညွှန်ကြားနိုင်သည်။
ပြည်ထောင်စုလွှတ်တော်နည်းဥပဒေကပေးထားသော နာယက၏လုပ်ပိုင်ခွင့်ဖြစ်ပါသည်။
အမတ်တစ်ဦး၏ဆွေးနွေးချက်သည်စည်းကမ်းချက်များနှင့်မကိုက်ညီကြောင်းအခြားအမတ်တစ်ဦးကတင်ပြလာလျှင် နာယကကဆုံးဖြတ်ပေးရပြီး ဆုံးဖြတ်ချက်သည်အတည်ဖြစ်ပါသည်။
အစည်းအဝေးတွင်လိုက်နာရမည့်စည်းကမ်းချက်များတွင် ရုန့်ရင်းကြမ်းတမ်းသောကိုယ်အမူအရာ၊နှုတ်အမူအရာများမပြုရဟုပါဝင်ပါသည်။ပြုလုပ်လျှင် နာယကကသတိပေးရမည်ဖြစ်ပြီးသတိပေးချက်ကိုမလိုက်နာပါက လွှတ်တော်အစည်းအဝေးခန်းမမှထွက်ခွာသွားရန်အထိ နာယက ကအရေးယူခွင့်ရှိသည်။
နာယကက၏အခြားလုပ်ပိုင်ခွင့်တစ်ခုမှာ လွှတ်တော်တွင်ဆွေးနွေးရန်အမည်စာရင်းပေးထားသူများအနက် ၎င်းကသင့်တော်သည်ဟုယူဆသည့် ကိုယ်စားလှယ်အရေအတွက်၊ဆွေးနွေးရမည့် နေ့ရက်နှင့်အချိန်တို့ကို သတ်မှတ်ခွင့်ရှိသည်။
အဆိုပါလုပ်ပိုင်ခွင့်ကို ဦးတီခွန်မြတ်က ကျင့်သုံးခဲ့ပြပြီးဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းများအားဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၂၈၂ ဦးစာရင်းပေးထားသော်လည်း ၁၄၉ ဦးကိုသာဆွေးနွေးခွင့်ပြုခဲ့ခြင်းဖြစ်သည်။သို့ဖြစ်ရာ စာရင်းပေးထားသောအမတ် ၁၃၃ ဦးဆွေးနွေးခွင့်မရခဲ့ပေ။
အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၄ ဦးနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၁၈ ယောက်စာရင်းပေးထားခြင်းဖြစ်သည်။
“ဆွေးနွေးတဲ့အခါမှာနိုင်ငံရေးပါတီ၊အဖွဲ့အစည်း၊လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့တိုင်းရင်းသားလူမျိုးစု တစ်ခုခုတို့ ထိခိုက်စေမယ့်အသုံးအနှုန်း၊ပြောဆိုချက်များမပါရှိအောင် ဂရုပြုဆင်ခြင်ကြဖို့ လိုအပ်ပါတယ်”ဟု ဦးတီခွန်မြတ်က ဆွေးနွေးပွဲများမစတင်ကထဲကသတိပေးခဲ့သည်။
သို့သော် ပထမဆုံးဆွေးနွေးသည့်ရက်ပိုင်းမှာတင် ကန့်ကွက်အငြင်းပွားမှုများ၊အရေးယူပေးရန်တောင်းဆိုမှုများ စတင်ကြုံတွေ့နေပြီဖြစ်သည်။
လူအယောက်တစ်ရာ့ငါးဆယ်နီးပါးဆွေးနွေးကြမည့် နေ့ရက်များသည် ဦးတီခွန်မြတ်အတွက် ခက်ခဲသောနေ့ရက်များဖြစ်လာမည်မှာသေချာလှသည်။
ကစားပွဲသည်ပို၍ပြင်းထန်လာနေသည်။ သို့သော် ဒိုင်လူကြီးတွင် အနီကတ်နှင့်အဝါကတ်များလည်းရှိနေပါသည်။

ပထမအကြိမ်လွှတ်တော်ကဒုတိယအကြိမ်လွှတ်တော်သို့ တာဝန်လွှဲပြောင်းစဉ်က နိုင်ငံ့ခေါင်းဆောင်များနှင့်တွေ့ရသည့် ဦးတီခွန်မြတ်-ဓာတ်ပုံ- AFP

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.