အောင်မြင်မှုအတွက် မျိုးစေ့များ

လယ်ယာကဏ္ဍ တိုးတက်လာမှုနှင့် ဗီဇာလုပ်ထုံးလုပ်နည်းများ လျှော့ချပေးလိုက်သောကြောင့် ဝင်ငွေအများအပြား ရရှိစေနိုင်သော စပ်မျိုးစေ့များ တင်သွင်းမှု မြန်မာနိုင်ငံတွင် ထွန်းကားလာ

ပီတာ ဂျင်ဆင် ရေးသားသည်။

 Alex Bookbinder

Alex Bookbinder

ဇူလိုင်နှင့် သြဂုတ်လများတွင် နိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းသည် လူတိုင်းအတွက် မကောင်းသတင်းတစ်ခု မဟုတ်ခဲ့ပေ။

“ဒါဟာ အခွင့်အလမ်းတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ လယ်သမားတွေက သူတို့ စိုက်ပျိုးထားတဲ့ မျိုးစေ့တွေ ရေထဲပါသွားလို့ မျိုးစေ့တွေ ပိုမိုဝယ်ရတော့မှာမို့ပါ” ဟု အိစ် ဝက်စ် ဆိ(ဒ်) အင်တာနေရှင်နယ် လီမိတက် East West Seed International Ltd ၏ မြန်မာနိုင်ငံ ရုံးခွဲမှ မန်နေဂျာ ကစ်တီတုချ် ပတ္တနာ ကစ်တီပွန်က ပြောကြားသည်။

ရေလွှမ်းမိုးမှု ကပ်ဘေးအပြီးတွင် အိစ် ဝက်စ်သည် အဆိုးရွားဆုံး ထိခိုက်ခဲ့သော လယ်သမားများအား ဟင်းသီးဟင်းရွက် မျိုးစေ့များကို အခမဲ့ ပေးဝေခဲ့သည်။ ယင်းမှာ အလှူပေးသည့် သဘောအပြင် ဈေးကွက်ရှာဖွေသည့် သဘောလည်း ပါဝင်သည်။

“သူတို့က ကျွန်တော်တို့ မျိုးစေ့တွေ ကောင်းမှန်း သိသွားတဲ့အခါကျရင် လာဝယ်ကြမှာပေါ့” ဟု မစ္စတာ ကစ်တီတုချ် က ပြောသည်။

အိစ် ဝက်စ် ၏ ရောင်းအားသည် ဇူလိုင်နှင့် သြဂုတ်လများတွင် ရည်မှန်းထားသည့် ရောင်းအားထက် လျော့နည်းခဲ့သည်။ သို့သော် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင်မူ ယင်းရည်မှန်းချက်ထက် ၁၂၀ ရာခိုင်နှုန်း ကျော်လွန်ခဲ့သည်ဟု မစ္စတာ ကစ်တီတုချ် က ပြောကြားသည်။ အိစ် ဝက်စ် က မျှော်မှန်းထားရာတွင် ယင်း၏ နှစ်စဉ်ရောင်းချရမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၅ သန်း (ကျပ်ငွေ ၆ ဒသမ ၃၈ ဘီလျံ) အထိ ရောက်ရှိမည်ဟု မျှော်မှန်းထားသည်။ ယင်းမှာ ပြီးခဲ့သောနှစ်တွင် ရရှိခဲ့သည့် အမေရိကန် ဒေါ်လာ ၃ သန်း မှ များစွာတိုးတက်လာခြင်း ဖြစ်သည်။

နယ်သာလန်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော အိစ် ဝက်စ် သည် မျိုးစပ် ဟင်းသီးဟင်းရွက် မျိုးစေ့ကဏ္ဍတွင် အရှေ့တောင်အာရှနိုင်ငံများ၌ နှစ်ပေါင်း ၃၀ ကြာ ထိပ်ဆုံးနေရာမှ ရပ်တည်နေသူ ဖြစ်သည်။ ထို့ပြင် ယင်းသည် မြန်မာနိုင်ငံတွင် ဈေးကွက် တဟုန်ထိုး တိုးတက်နိုင်မည့် အလားအလာများကို တွေ့မြင်နေရသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေပြု စီးပွားရေးစနစ် တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် စတင်ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေး၏ အကြီးမားဆုံး ကောင်းကျိုး တစ်ခုမှာ နိုင်ငံခြားနည်းပညာရှင်များအတွက် ဗီဇာလုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခဲ့ခြင်း ဖြစ်သည်။ လယ်သမားများထံသို့ ၎င်းတို့၏ စပ်မျိုးစေ့များရောင်းချနိုင်ရန် ကျေးလက်ဒေသများတွင် ချဲ့ထွင်ရေးအစီအစဉ် များ လုပ်ဆောင်ခြင်းကို များစွာအမှီပြုနေရသော အိစ် ဝက်စ် ကုမ္ပဏီအတွက်မူ ဗီဇာလုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးလိုက်ခြင်းသည် ကြီးမားသော အောင်မြင်မှုတစ်ရပ် ဖြစ်သည်။

“ပြောင်းလဲသွားတဲ့အရာကတော့ လုပ်ငန်းလုပ်ဆောင်ရပုံတွေပါပဲ။ ကျွန်တော်တို့က နိုင်ငံခြားက ကျွမ်းကျင်ပညာရှင်တွေကို ပိုမိုခေါ်ဆောင်လာလို့ရတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်ကဆို ခင်ဗျားက နိုင်ငံခြားသား ဖြစ်ရင် ဒေသခံအစိုးရရဲ့ ခွင့်ပြုချက် မရရှိဘဲ နိုင်ငံတစ်ဝန်း လျှောက်သွားလို့ မရဘူး။ အခုတော့ အရင်ကလို မဟုတ်တော့ပါဘူး” ဟု မစ္စတာ ကစ်တီတုချ် က ပြောသည်။

ဒတ်ချ် လူမျိုးတစ်ဦးဖြစ်သူ ဆိုင်မွန် ဂရု ၏ မိသားစုစီးပွားရေးလုပ်ငန်းသည် ဥရောပဈေးကွက်အတွက် စပ်မျိုးစေ့များ ထုတ်လုပ်ရောင်းချခြင်း ဖြစ်သည်။ ၎င်းသည် ၁၉၈၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ အိစ် ဝက်စ် ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သည်။ လွန်ခဲ့သော ၃၃ နှစ်အတွင်းတွင် ကုမ္ပဏီသည် ယင်း၏ မျိုးစပ် ဟင်းသီးဟင်းရွက် မျိုးစေ့ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းကို ထိုင်း၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့အပြင် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အထိ တိုးချဲ့ခဲ့သည်။ နည်းပညာ ကျွမ်းကျင်မှုသည် အိစ် ဝက်စ် ကုမ္ပဏီကို ဈေးကွက် အတွင်း ဦးဆောင်သူအဖြစ် ရောက်ရှိစေခဲ့သည်။

မျိုးစေ့စပ်ရသည့် လုပ်ငန်းသည် ထူးခြားပါသည်။ သင့်ထံတွင် ရင်းနှီးငွေ အမြောက်အမြား ရှိနေသည့်တိုင်အောင် သင်သည် တစ်နှစ် နှစ်နှစ်ခန့်ဖြင့် ယခင်ကတည်းက လုပ်ဆောင်လာခဲ့သူများကို လိုက်မီနိုင်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သင့်ထံတွင် ကောင်းမွန်သော သုတေသနဖွံ့ဖြိုးရေးဌာနတစ်ခု လိုအပ်သောကြောင့် ဖြစ်သည်။

အရှေ့တောင်အာရှဒေသတွင် အိစ် ဝက်စ် ကုမ္ပဏီ၏ အဓိကပြိုင်ဖက်မှာ ထိုင်းနိုင်ငံ၏ အကြီးမားဆုံး စိုက်ပျိုးရေးကုမ္ပဏီကြီးဖြစ်သော ချာရွန် ပေါ့ဖန်း ဂရု Charoen Pokphand Group ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည့် ချီယာ တိုင်းဂရု Chia Tai Group ဖြစ်သည်။

လွန်ခဲ့သော ၉ နှစ်ခန့်တွင် ရန်ကုန်၌ ရုံးခွဲတစ်ခု လာရောက်ဖွင့်လှစ်ပြီးကတည်းက အိစ် ဝက်စ် ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အဓိကမျိုးစေ့ထောက်ပံ့သူအဖြစ် ချီယာ တိုင်း၏နေရာကို တဖြည်းဖြည်း အစားထိုးယူလာခဲ့သည်။ ရောင်းအားအချက်အလက်များ လုံလောက်စွာ မရရှိနိုင်ခြင်းကြောင့် အတိအကျ ပြောဆိုနိုင်ရန်မူ ခဲယဉ်းသည်။

“အိစ် ဝက်စ် ကုမ္ပဏီရဲ့ နာမည်ရမှုနဲ့ သူတို့ရဲ့ အနီရောင် မြှားတံဆိပ် Sorn Daeng ထုတ်ကုန်က မြန်မာ နိုင်ငံမှာ အကောင်းဆုံးပါ” ဟု ယခင်က မြန်မာနိုင်ငံရှိ UN Food and Agriculture Organisation တွင် အလုပ်လုပ်ခဲ့ဖူးသူ Niran Nirannot က ပြောကြားသည်။ ၎င်းသည် ယခုအခါတွင် ဘန်ကောက်မြို့ရှိ United Nation Development Program တွင် အလုပ်လုပ်ကိုင်လျက် ရှိသည်။ သူက အိစ် ဝက်စ် က ပြောကြားထား သော ၂၀၁၅ ခုနှစ်တွင် ယင်းတို့၏ ရောင်းအား အမေရိကန်ဒေါ်လာ ၅ သန်းရှိမည်ဆိုသည့် စကားကို သံသယ မရှိကြောင်း ဆိုသည်။

အိစ် ဝက်စ် ၏ မြန်မာနိုင်ငံအတွက် ဈေးကွက်ရှာဖွေမှု နည်းဗျူဟာကို ပုံစံမကျသော နည်းလမ်းဖြင့် စတင်ခဲ့ သည်။ မြန်မာနိုင်ငံမှ ဝယ်ယူသူများသည် ဘန်ကောက်မြို့အနီးရှိ Nonthaburi ဒေသရှိ အိစ် ဝက်စ် ၏ ရုံးချုပ်မှတဆင့် မျိုးစေ့များကို တိုက်ရိုက်ဝယ်ယူကြသည်။ သို့မဟုတ်ပါက မျိုးစေ့များကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် Chiang Mai မြို့မှ ကုမ္ပဏီ၏ လုပ်ငန်းစဉ်ဖြင့် မြန်မာနိုင်ငံသို့ တင်ပို့သည်။ မြန်မာနိုင်ငံတွင် ဈေးကွက် ကြီးမားလာသောအခါ အိစ် ဝက်စ်သည် ရန်ကုန်တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်ခဲ့သည်။

အိစ် ဝက်စ်သည် ၂၀၁၁ ခုနှစ်တွင် ဗီဇာကန့်သတ်ချက်များ ဖြေလျှော့လိုက်သောအခါတွင်မှ အရောင်းလုပ်ငန်း တွင် အလွန်အရေးပါသော ချဲ့ထွင်ရေးအဖွဲ့များကို လေ့ကျင့်ပေးရန် ယင်းတို့ လိုအပ်သည့် နည်းပညာဝန်ထမ်း များကို မြန်မာနိုင်ငံသို့ ခေါ်သွင်းလာနိုင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံရှိ လယ်သမားအများစု သည် ဆင်းရဲကြပြီး မျိုးစေ့များအတွက် ငွေပိုမသုံးလိုကြ၍ ဖြစ်သည်။

typeof=

မြန်မာနိုင်ငံမှ လယ်သမားများသည် သဘာဝ ဝတ်မှုန်ကူးနိုင်သော မျိုးစေ့များကို မှီခိုအားထားကြသည်။ သို့သော် စီးပွားဖြစ်အဆင့် မျိုးစေ့များမှာ အက်ဖ်ဝမ်းစပ်မျိုးစေ့များ F1 hybrids ဖြစ်ကြသည်။ ယင်းတို့သည် သဘာဝအလျောက် မျိုးမအောင်နိုင်ဘဲ စိုက်ပျိုးရာသီတိုင်း ထပ်မံဝယ်ယူကြရသည်။

အိစ် ဝက်စ် ၏ ချဲ့ထွင်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသိန်းထွန်းက မြန်မာနိုင်ငံမှ လယ်သမားများက စပ်မျိုးစေ့များကို ဈေးကြီးသည်ဟု ထင်ကြကြောင်း ဆိုသည်။ သို့သော် ၎င်းတို့သည် စပ်မျိုးစေ့များက အကျိုးအမြတ်များများ ရကြောင်း သိရှိလာပါက လက်ခံကြမည်ဖြစ်သည်။ စိုက်ပျိုးရေး လူ့အဖွဲ့အစည်းတစ်ခုကို စပ်မျိုးစေ့များသည် ရင်းနှီးရ ထိုက်တန်ကြောင်း ယုံကြည်လာအောင် ပြောဆိုနိုင်ရန်မှာ ချဲ့ထွင်ရေးအဖွဲ့ တစ်ခုအတွက် နှစ်နှစ်မှ သုံးနှစ်အထိ ကြာမြင့်နိုင်သည်။

အိစ် ဝက်စ် ၏ အနှစ်သက်ဆုံး ဈေးကွက်ရှာဖွေရေး မဟာဗျူဟာသည် ကျွမ်းကျင်သော လယ်သမားတစ်ဦးကို ရွေးချယ်ပြီး ၎င်းအောင်မြင်စေရန် လိုအပ်မည့် အခြားပါဝင်ပစ္စည်းများဖြစ်သည့် မြေသြဇာ၊ ပိုးသတ်ဆေးနှင့် နည်းပညာများကို ၎င်းအား ကူပံ့ပေး၍ ၎င်း အောင်မြင်လာပါက ခေတ်မီနည်းပညာများ၏ အကျိုးကို ထိုလူ့အဖွဲ့အစည်းမှ အခြားသူများကိုလည်း ပြသပြီးသား ဖြစ်သွားမည်ဟု ဦးသိန်းထွန်းက ဆိုသည်။

စပ်မျိုးစေ့များသည် ဈေးကြီးပါသည်။ သို့သော် ယင်းတို့သည် လယ်သမားတစ်ဦး၏ ရင်းနှီးမှု စုစုပေါင်း ကုန်ကျစရိတ်၏ ၁၀ ရာခိုင်နှုန်းခန့်သာ ကျသင့်ပါသည်။ ဥပမာ ဖရဲသီးတစ်ဧကကို စိုက်ပျိုးရန် ရင်းနှီးမှု စုစုပေါင်း ကုန်ကျစရိတ်သည် ဒေါ်လာ ၅၀၀ မှ ၇၀၀ အထိ ဖြစ်သည်။ ယင်းအနက် စပ်မျိုးစေ့၏ ကုန်ကျစရိတ်သည် ဒေါ်လာ ၅၀ မှ ၇၀ အထိ ဖြစ်နိုင်သည်။ ယင်းမှာ ဈေးပေါသည်တော့ မဟုတ်ပေ။

သို့ရာတွင် ပို့ကုန်ဈေးကွက် အခွင့်အလမ်းများ မျှော်မှန်းနေသော လယ်သမားများအတွက်မူ လိုအပ်သော ရင်းနှီးမြုပ်နှံမှု ဖြစ်သည်။ စပ်မျိုးစေ့များ၏ ဈေးနှုန်းသည် ကြီးမားသည်။ သို့တိုင် လယ်သမားများသည် F1 hybrids များကိုအသုံးမပြုပါက ၎င်းတို့သည် နိုင်ငံခြားသို့ တင်ပို့နိုင်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အရည်အသွေး ပြဿနာများကြောင့် ဖြစ်သည်ဟု ဦးသိန်းထွန်းက ဆိုသည်။

ဖရဲသီးများသည် မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးပြီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်သော ဝင်ငွေများ နိုင်မည့် သစ်သီးဖြစ်သည်။ တရုတ်နိုင်ငံတွင် ဖရဲသီးကို ဆောင်းရာသီ နိုဝင်ဘာလမှ မေလအထိ စိုက်ပျိုး၍ မဖြစ်ထွန်းပေ။ စပ်မျိုးစေ့များကို မျိုးဗီဇပြောင်းလဲထားသော မျိုးစေ့များနှင့် မတူကြောင်း အသေအချာသိရှိရန် လိုအပ်သည်။ Genetically modified organisms (GMOs) များကို အိစ် ဝက်စ် က မည်သည့်အခါမျှ ဖောက်ကားရောင်းချခြင်း မပြုပေ။

ငရုတ်သီးများသည်လည်း နိုင်ငံခြားသို့ တင်ပို့နိုင်သည့် သီးနှံတစ်မျိုး ဖြစ်လာသည်။ အများစုကို တရုတ်နိုင်ငံသို့ တင်ပို့သည်။ ငရုတ်သီးကို အဓိက စိုက်ပျိုးသောနေရာမှာ နေပြည်တော်တဝိုက်တွင် ဖြစ်သည်။ နိုင်ငံခြားတင်ပို့နိုင်ရန် ငရုတ်သီးများကို အခြောက်ခံပါသည်။ စပ်မျိုးစေ့ ငရုတ်သီးများသည် အရောင် ပိုမိုကောင်းမွန်ခြင်း၊ အရသာ ပိုမိုကောင်းမွန်ခြင်းနှင့် စင်ပေါ်တာရှည်အထားခံခြင်း စသောအရည်အသွေးများ ရှိသည်။ တာရှည်အထားခံမှုသည် ပို့ဆောင်ဆက်သွယ်ရေး အခြေခံအဆောက်အအုံ ညံ့ဖျင်းသော မြန်မာနိုင်ငံ အတွက် အရေးကြီးသော အချက်တစ်ချက် ဖြစ်သည်။

“ကျွန်တော်တို့က မျိုးစေ့တွေကို ဘန်ကောက်ကနေ မဲဆောက်ကို ဘတ်ငွေ ၅၀ (မြန်မာငွေ ကျပ် ၁,၈၀၀ ခန့်) အကုန်ခံပြီး ထရပ်ကားနဲ့ သယ်ဆောင်လာရတယ်။ မဲဆောက်ကနေ ရန်ကုန်ကိုရောက်ဖို့ နောက်ထပ် ဘတ်ငွေ ၃၀၀ (မြန်မာငွေ ကျပ် ၁၀,၇၀၀) ထပ်အကုန်ခံရတယ်” ဟု Thai Seed & Agriculture Co. Ltd. မှ မားကတ်တင်းဒါရိုက်တာ ချတ်ချိုင်း ရစ်ချီချိုင်း က ပို့ဆောင်ဆက်သွယ် အခြေခံအဆောက်အအုံ ညံ့ဖျင်းမှုကြောင့် ပိုမိုကုန်ကျရပုံကို ပြောပြသည်။

ပို့ဆောင်ဆက်သွယ်ရေးသည် ဈေးကွက်ရှာဖွေရေးအတွက် တစ်ခုတည်းသော အတားအဆီးမဟုတ်ပေ။ အိစ် ဝက်စ် ၏ ရောင်းအားများ ယခုနှစ်တွင် တဟုန်ထိုး ထိုးတက်သွားရသည့် အကြောင်းရင်းတစ်ချက်မှာ အိစ် ဝက်စ် သည် ယင်း၏ အထက်အညာဒေသအတွက် အရောင်းအဖွဲ့ ကိုချဲ့ထွင်ခဲ့သောကြောင့် ဖြစ်သည်။ ယင်းသည် ယခင် ရန်ကုန်မြို့ရှိ အရောင်းကိုယ်စားလှယ် လေးငါးခုနှင့်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုနှစ်တွင် အိစ် ဝက်စ် သည် နိုင်ငံတစ်ဝှမ်း တစ်ဆင့်ခံ အရောင်းကိုယ်စားလှယ်ငယ်များ ချဲ့ထွင်ခဲ့သည်။ သို့ရာတွင် အထက် အညာဒေသ၌ ဈေးကွက်ရှာဖွေရခြင်းမှာ ပိုမို ပြဿ     နာ ရှိပါသည်။

မြန်မာနိုင်ငံက ငွေသားကို အခြေပြုဆောင်ရွက်သည့် စီးပွားရေးစနစ် ကျင့်သုံးပါသည်။ သို့သော် အိစ် ဝက်စ် သည် ယင်း၏ အရောင်းအဖွဲ့ကို ငွေသားကိုင်ဆောင်ခွင့် ပေးမထားကြောင်း မစ္စတာ ကစ်တီတုချ် က ပြောပြသည်။

နိုင်ငံအများအပြားတွင် အိစ် ဝက်စ် သည် လယ်သမားများ ငွေပေးချေရာတွင် ဘဏ်စနစ်ကို အသုံးပြုစေသည်။ သို့တစေ မြန်မာနိုင်ငံတွင် ထိုသို့ ဖြစ်လာစေရန် အချိန်စောင့်ရဦးမည်။ မြန်မာနိုင်ငံမှ ဖောက်သည်များသည် ယင်းတို့ဘဏ်မှတစ်ဆင့် ငွေပေးချေဖို့ အနီးဆုံးဘဏ်ကို သွားရန် နှစ်နာရီမှ သုံးနာရီခန့်အထိ ကြာမြင့်နိုင်သည်။

ထို့ကြောင့် ဝယ်ယူသည့်ပစ္စည်းကို ပို့အပြီး တစ်ပတ်အကြာတွင်မှ ငွေပေးချေစေခဲ့သည်ဟု ၎င်းက ဆိုသည်။ ထိုင်းနိုင်ငံတွင် လယ်သမားအများစုသည် ၎င်းတို့၏ မိုဘိုင်းဖုန်း အက်ပလီကေးရှင်းမှတစ်ဆင့် ငွေပေးချေကြ သည်။ မြန်မာနိုင်ငံတွင်မူ လယ်သမားများသည် အင်တာနက် ဝန်ဆောင်မှုကို မရရှိနိုင်သည်က များသည်။ ရရှိပါကလည်း ချိတ်ဆက်မှုမှာ မကောင်းမွန်ပေ။

အိစ် ဝက်စ် ၏ မြန်မာနိုင်ငံအတွင်း အကြီးမားဆုံးဈေးကွက်များမှာ နိုင်ငံ၏ မြို့ကြီးများဖြစ်သော ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်နှင့် ဧရာဝတီ မြစ်ဝှမ်းအနီး တဝိုက်ဒေသများ ဖြစ်ကြသည်။ သို့သော် အိစ် ဝက်စ် ၏ စပ်မျိုးစေ့ ရောင်းအားအကောင်းဆုံးဟု အကျော်ကြားဆုံးနေရာမှာ ရှမ်းပြည်နယ်မှ အင်းလေးကန်တွင် ဖြစ်သည်။

အင်းလေးကန် အနီးတဝိုက်တွင် နေထိုင်သူများအဖို့ မြေမဲ့စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးသော ခရမ်းချဉ်သီးများသည် ယင်းဒေသရှိ လယ်သမားများအတွက် ဝင်ငွေ အကောင်းဆုံးသီးနှံ ဖြစ်သည်။ ထိုသို့ မြေမဲ့စိုက်ပျိုးခြင်းမှာ စပ်မျိုးစေ့ ခရမ်းချဉ်သီးများမပါလျှင် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုဒေသတွင် ခရမ်းချဉ်သီး စပ်မျိုးစေ့များ ရောင်းချသောကုမ္ပဏီ ၂၀ ခန့် ရှိသည်။ ချီယာ တိုင်းကုမ္ပဏီတစ်ခုတည်းကပင် ခရမ်းချဉ်သီးမျိုးစိတ်ပေါင်း ၁၅ မျိုးခန့်ကို ရောင်းချနေသည်ဟု မစ္စတာ ကစ်တီတုချ် က ဆိုသည်။ အိစ် ဝက်စ် သည် ထိုဒေသမှ လယ်သမားများ၏ သီးခြားလိုအပ်ချက်နှင့် ကိုက်ညီသောမျိုးစိတ် တစ်မျိုးနှစ်မျိုးခန့်ကိုသာ အဓိက အာရုံထား ရောင်းချလိုသည်။

“ကျွန်တော်တို့ကတော့ ပို့ဆောင် ဆက်သွယ်ရေးနဲ့ ကိုက်ညီမယ့် အမျိုးအစားကို ရွေးချယ်မှာပဲ။ ဘာလို့လဲဆိုတော့ ရှမ်းပြည်နယ်က ခရမ်းချဉ်သီးတွေက မန္တလေးနဲ့ မြန်မာနိုင်ငံအနှံ့ကို ပို့တာ။ ဒါပေမဲ့ လမ်းတွေကမကောင်းဘူး”

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.