Ko Win Htet Oo attends a training session at the Melbourne Aquatic Centre in Australia on April 29. The Myanmar swimmer said, “For me, it's just one person's dream of going to the Olympics, but in Myanmar, millions of young people have witnessed their dreams and aspirations have disappeared." (AFP)
ဧပြီ၂၉ရက်က မဲလ်ဘုန်းအဏ္ဏဝါစင်တာတွင် လေ့ကျင့်ခန်းဆင်းနေသည့် ကိုဝင်းထက်ဦးကို မြင်တွေ့ခဲ့ရစဉ်။ "ကျနော့်အတွက်တော့ ဒီလိုဖြစ်သွားတာက အိုလံပစ်မှာဝင်ပြိုင်ချင်တဲ့ လူတစ်ယောက်ရဲ့ အိပ်မက်ဖြစ်မလာတာပဲရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ သန်းနဲ့ချီတဲ့လူငယ်တွေဟာ သူတို့ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားတာကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့နေရပါတယ်"ဟု ၎င်းကပြောသည်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

စစ်အာဏာရှင်စနစ်ကြောင့် အိုလံပစ်အိပ်မက် စွန့်လွှတ်လိုက်တဲ့ မြန်မာရေကူးသမား

အာဏာသိမ်းစစ်ကောင်စီက တိုကျိုအိုလံပစ်ပြိုင်ပွဲကို “ဝါဒဖြန့်လုပ်ငန်းစဉ်”တစ်ခုအဖြစ် အသုံးချမည်စိုးသဖြင့် နိုင်ငံကိုယ်စားပြု၍ အိုလံပစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန်အိပ်မက်ကို စွန့်လွှတ်လိုက်ကြောင်း မြန်မာရေကူးသမား ကိုဝင်းထက်ဦးက ဆိုသည်။ “ကိုယ့်နိုင်ငံသားများ၏ သွေးစွန်းနေသော အလံအောက်တွင် မချီတက်ချင်”ဟုလည်း ၎င်းကဆိုသည်။

အေအက်ဖ်ပီ

တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် မိခင်နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခြင်းကို အာဏာသိမ်းယူထားသော စစ်ကောင်စီက ဝါဒဖြန့်သည့် လက်နက်တစ်ခုသဖွယ် အသုံးပြုမည်စိုးသဖြင့် မြန်မာရေကူးအားကစားသမားတစ်ဦးသည် ၎င်း၏ တိုကျိုအိုလံပစ်အိပ်မက်ကို စွန့်လွှတ်လိုက်သည်။

၂၀၂၀ပြည့်နှစ်အတွက် ဂျပန်နိုင်ငံ၊ မြို့တော်တိုကျိုတွင် ဇူလိုင်လအတွင်း ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း မြန်မာ့ထိပ်တန်းရေကူးအားကစားသမားတစ်ဦးဖြစ်သော အသက်၂၆နှစ်အရွယ်ရှိ ကိုဝင်းထက်ဦးသည် ဧပြီလဆန်းပိုင်းတွင် ပြောသည်။

“MOC (မြန်မာအိုလံပစ်ကော်မတီ)ကို လက်ရှိဦးဆောင်နေတဲ့အတိုင်း လက်ခံလိုက်မယ်ဆိုရင် လူသတ်တဲ့ စစ်ကောင်စီကို တရားဝင်အသိမှတ်ပြုလိုက်တာနဲ့ အတူတူပါပဲ”ဟု ကိုဝင်းထက်ဦးက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့သည်။

“(အိုလံပစ်ဖွင့်ပွဲအခမ်းအနားက) နိုင်ငံပေါင်းစုံချီတက်တဲ့အစီအစဉ်မှာ ကျနော့်အနေနဲ့ မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ သွေးစွန်းနေတဲ့အလံအောက်မှာ ချီတက်မှာမဟုတ်ပါဘူး”၎င်းက ရေးသားခဲ့သည်။

ဖေဖော်ဝါရီ၁ရက်‌တွင် စစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ချိန်မှစ၍ မြန်မာ့နိုင်ငံရေးသည် ဝရုန်းသုန်းကား အခြေအနေတစ်ရပ်သို့ ကျရောက်ခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူအများအပြားက ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် လမ်းပေါ်ထွက်၍ ဆန္ဒပြခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့များက လူထုအရေးတော်ပုံကို လူ‌သေနိုင်လောက်သည်အထိ ရက်စက်ကြမ်းတမ်းသော နည်းလမ်းများဖြင့် နှိမ်နင်းဖြိုခွဲခဲ့ပြီး အရပ်သား၇၅၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ဆိုသည်။

လမ်းပေါ်ဆန္ဒပြမှုများအပြင် စစ်ကောင်စီလက်အောက် တာဝန်မထမ်းဆောင်လိုသဖြင့် သပိတ်မှောက်ကြသော အစိုးရဝန်ထမ်းများ၊ အလုပ်သမားများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆင်နွှဲသည့် ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေးလုပ်ရှားမှု(CDM)ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်ကုန်သည်။

မြန်မာနိုင်ငံအိုလံပစ်အသင်းကို ကျောခိုင်းလိုက်ခြင်းဖြင့် ငြိမ်းချမ်းစွာအာဏာဖီဆန်ရေး (CDM)လှုပ်ရှားမှုတွင် ၎င်း၏ပါဝင်မှုကို ပြသလိုက်ခြင်းဖြစ်ကြောင်း ကိုဝင်းထက်ဦးက ပြောသည်။

“အားကစားသမားတွေအနေနဲ့လည်း CDMလှုပ်ရှားမှုမှာ ပါဝင်နိုင်တယ်ဆိုတာ မြန်မာလူမျိုးတွေကို ကျနော်ပြသချင်ပါတယ်​”ဟု ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ရောက်ရှိနေသည့် ၎င်းက အေအက်ဖ်ပီကို ပြောသည်။

“အိုလံပစ်ဖွင့်ပွဲ နိုင်ငံပေါင်းစုံချီတက်အစီအစဉ်မှာ နိုင်ငံအတွင်း ဘာမှမဖြစ်သလိုဟန်ဆောင်ပြီး မြန်မာနိုင်ငံအလံနောက်ကနေ ချီတက်နေတဲ့ပုံရိပ်ကို မြင်ယောင်ကြည့်လိုက်တာနဲ့တင် အင်မတန် စက်ဆုပ်ရွံရှာစရာ ကောင်းပါတယ်”

“အဲဒီလိုလုပ်မယ်ဆိုရင် ဒါက မြန်မာနိုင်ငံမှာ အစစ၊ အရာရာအဆင်ပြေနေတယ်ဆိုတာ ကမ္ဘာကိုပြောပြတဲ့ ဝါဒဖြန့်တဲ့ပုံစံသက်ရောက်သွားမယ်”ဟု ၎င်းက ပြောသည်။

အိုလံပစ်စံနှုန်းများနှင့် မကိုက်ညီ

စစ်အာဏာသိမ်းမှုနှင့် လက်နက်မဲ့အရပ်သားများကို အကြမ်းဖက်မှုများအတွက် နိုင်ငံအချို့ကလွဲ၍ နိုင်ငံတကာအသိုင်းအဝိုင်းက အာဏာသိမ်းစစ်ကောင်စီကို ပြစ်တင်ရှုတ်ချထားသည်။

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်စသော အနောက်နိုင်ငံများသည် တပ်မတော်ထိပ်တန်းအရာရှိများနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

“ကျနော့်အနေနဲ့ MOCက နိုင်ငံကိုကိုယ်စားပြုတဲ့ တရားဝင်အိုလံပစ်ကော်မတီ မဟုတ်ဘူးဆိုတာကို လူတွေသိအောင်၊ IOC (အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ)သိအောင် လုပ်ဖို့ကြိုးစားနေပါတယ်။ MOCကို အသိအမှတ်ပြုခြင်းက အိုလံပစ်ရဲ့တန်ဖိုးတွေကို လျစ်လျူရှုတာပါပဲ”ဟု ကိုဝင်းထက်ဦးက သက်ပြင်းချရင်း ပြောသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသောအကြမ်းဖက်မှုများကြောင့် ၎င်းကို (နိုင်ငံကိုယ်စားပြုမည့်အစား) တစ်သီးပုဂ္ဂလအိုလံပစ် အားကစားသမားတစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် ကိုဝင်းထက်ဦးက အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (အိုင်အိုစီ)သို့ မတ်လတွင် စာရေးသားပေးပို့၍ တောင်းဆိုခဲ့သည်။

သို့သော် သူ၏တောင်းဆိုချက်ကို အိုင်အိုစီက မလိုက်လျောခဲ့ပေ။

ကိုဝင်းထက်ဦးသည် ၂၀၁၉တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွင်း မီတာ၅၀ အလွတ်‌ရေကူးပြိုင်ပွဲတွင် သတ်မှတ်ချိန်အတွင်း ကူးခတ်နိုင်ခဲ့သဖြင့် တိုကျိုအိုလံပစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့သည်။

ကမ္ဘာ့ရေကူးအားကစား အာဏာပိုင်အဖွဲ့တစ်ခုဖြစ်သော FINA၏ ပြိုင်ပွဲဝင်ခွင့်စည်းကမ်းနှင့် သတ်မှတ်ချက်များအရ ကိုဝင်းထက်ဦးသည် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်း အိုင်အိုစီကဆိုသည်။

“ကျနော်တို့ သိရသလောက်ကတော့ ဝင်းထက်ဦးဟာ ၂၀၂၀တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ခွင့် ခွဲတမ်းမရသေးပါဘူး”ဟု အိုင်အိုစီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အိုလံပစ်ပြိုင်ပွဲအတွင်း ရေကူးအားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရေးသည် ၎င်းငယ်စဉ်ကပင် မက်ခဲ့သော အိပ်မက်ဖြစ်သည်။ ထိုအိပ်မက်ကို အကောင်အထည်ဖော်ရန် ကိုဝင်းထက်ဦးသည် ၂၀၁၇တွင် မဲလ်ဘုန်းမြို့သို့ ပြောင်းရွှေ့ခဲ့ပြီး အမြန်ရေကူးနည်းကို လေ့ကျင့်နေခဲ့သည်။

ယခုတွင်မူ ၎င်းသည် မဲလ်ဘုန်းရှိ ရေကူးအားကစားခန်းမတစ်ခုတွင် အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်နေပြီး ဩစတြေးလျ ရေကူးအားကစားသမားများ အိုလံပစ်အတွက် လေ့ကျင့်နေသည်ကို လေ့လာကြည့်ရှုလေ့ရှိသည်။ အလုပ်ချိန်ပြီး၍ အားလပ်ချိန်ရှိပါက ရေကူးလေ့ရှိသည်။

အိုလံပစ်အားကစားပြိုင်ပွဲကြီးကို ကျောခိုင်းခဲ့သော်လည်း “နောင်တမရ”ဟု ကိုဝင်းထက်ဦးက ဆိုသည်။

“ကျနော့်အတွက်တော့ ဒီလိုဖြစ်သွားတာက အိုလံပစ်မှာဝင်ပြိုင်ချင်တဲ့ လူတစ်ယောက်ရဲ့ အိပ်မက်ဖြစ်မလာတာပဲရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ သန်းနဲ့ချီတဲ့လူငယ်တွေဟာ သူတို့ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားတာကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့နေရပါတယ်”ဟု ၎င်းက ပြောသည်။

ကိုဝင်းထက်ဦး၏ အိုလံပစ်ပြိုင်ပွဲနှင့်မသက်ဆိုင်သော အခြားအိပ်မက်တစ်ခုမှာ မြန်မာနိုင်ငံရှိ ပဋိပက္ခဒေသများသို့ လူငယ်များအတွက် အားကစားနည်းများသယ်ဆောင်ပြီး ကွဲပြားနေသည့် လူ့အသိုင်းအဝိုင်းများကို ပြန်လည်သင့်မြတ်အောင် ကူညီရန်ဖြစ်သည်။

ဩစတြေးလျရှိ မိသားစုဝင်များက ၎င်းအတွက် စိုးရိမ်ပူပန်သော်လည်း မိခင်နိုင်ငံသည် “‌မှောင်မိုက်သောအနာဂတ်”ကို ဦးတည်နေသဖြင့် ဒီမိုကရေစီရရှိ‌ရေးတိုက်ပွဲကို မ‌ဖြစ်မနေပါဝင်ရခြင်းဖြစ်ကြောင်း ကိုဝင်းထက်ဦးက ဆိုသည်။

“တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် ခရီးသွားလာမှုကန့်သတ်ချက်တွေ ရုတ်သိမ်းပြီဆိုတာနဲ့ ကျနော်မြန်မာနိုင်ငံကိုပြန်ပြီး (ဒီမိုကရေစီရရှိရေး)တိုက်ပွဲ ဆက်ဝင်ဖို့ ဆန္ဒရှိပါတယ်။ ကျနော် နေ့တိုင်း ဒီအကြောင်းပဲတွေးနေမိတယ်”

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.