အိပ်မက်ကိုယ်စီနဲ့ မြန်မာပြည်ကို ရောက်လာကြတဲ့ အာဖရိကန် ဘောလုံးသမားတွေ

လွန်ခဲ့တဲ့ ခုနစ်နှစ်က စတင်ခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်မှာ အာဖရိကန်ဘောလုံးသမားတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပေမယ့် ရောက်လာကြတဲ့ အာဖရိက ကစားသမားတိုင်းကတော့ အဆင်ပြေကြတာ မဟုတ်ပါဘူး

ထွန်းခိုင် ရေးသားသည်။

အာဖရိကအနောက်ဘက်အခြမ်းက ဂါနာနိုင်ငံမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကို အစပြုခဲ့တဲ့   JONATHAN YAMOAH တယောက် နောက်ဆုံးမှာတော့ သူအခြေချရမယ့်နိုင်ငံကို ရှာဖွေ တွေ့ရှိသွားပါပြီ။

ဂါနာ၊ အမေရိကန်ပြည်ထောင်စု၊ ဂျမေကာနဲ့ မလေးရှားနိုင်ငံတွေမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် ကျင်လည်ခဲ့တဲ့ သူဟာမြန်မာနေရှင်နယ်လိဂ် (MNL) စတင်တဲ့ ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံကို စတင်ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးမှာ အခြေစိုက်တဲ့ ဇေယျာရွှေမြေဘောလုံးအသင်းမှာ ကစားသမားအဖြစ်နဲ့ မြန်မာ့ဘောလုံးလောကမှာ စတင် အခြေချမိခဲ့တဲ့ JONATHAN YAMOAH ဟာ  မြန်မာ့ဘောလုံးလောကမှာ ခြောက်နှစ်ကျော် ကျင်လည်ခဲ့ပြီးနောက် အခုဆိုရင် နေပြည်တော်ဘောလုံးအသင်း (Nay Pyi Taw FC)ရဲ့ မန်နေဂျာတယောက် ဖြစ်နေပါပြီ။

မြန်မာနေရှင်နယ်လိဂ်မှာ အာဖရိကကစားသမားတွေဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ လက်ရှိမြန်မာနေရှင်နယ်လိဂ်မှာ ကစားနေတဲ့ နိုင်ငံခြားသားကစားသမား စုစုပေါင်းရဲ့ ထက်ဝက်လောက်က အာဖရိကကစားသမားတွေ ဖြစ်ပါတယ်။ လိဂ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာလည်း အာဖရိက ကစားသမားတွေက မကြာခဏဦးဆောင်ခဲ့ကြပါတယ်။

“အာဖရိကန် ဘောလုံးသမားတွေက မြန်မာနိုင်ငံနဲ့ အံဝင်တယ်။ ရာသီဥတု၊ အနေအထိုင်စတာတွေက မြန်မာပြည်နဲ့သိပ်မကွာဘူး” ဟု မြန်မာနေရှင်နယ်လိဂ်ကလပ်ဖြစ်တဲ့ Horizon FC အသင်းနည်းပြ Erdinç Pala က ပြောပါတယ်။

တူရကီလူမျိုးနည်းပြဖြစ်တဲ့ Erdinç Pala ဟာ ပထမအကျော့ပြိုင်ပွဲအတွက် သူ့အသင်းမှာ အာဖရိကကစားသမား သုံးဦးခေါ်ယူခဲ့ပြီး ဒုတိယအကျော့ပြိုင်ပွဲအတွက် နောက်ထပ်အာဖရိကကစားသမားတွေကိုလည်း ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ဒါပေမဲ့ အာဖရိကကနေ အိပ်မက်ကိုယ်စီနဲ့ ထွက်လာကြတဲ့ ကစားသမားတိုင်းက JONATHAN YAMOAH လို အဆင်ပြေကြတာတော့ မဟုတ်ပါဘူး။ မျှော်လင့်ချက်အပြည့်နဲ့ မြန်မာနိုင်ငံရောက်လာပြီးမှ ပြန်လှည့်သွားရတဲ့ ကစားသမားတွေလည်း မနည်းလှပါဘူး။

Jonathan Yemoah arrived in Myanmar in 2009 to play for Zeyar Shwe Myay and is now manager of Nay Pyi Taw FC. (Teza Hlaing / Frontier)

Jonathan Yemoah arrived in Myanmar in 2009 to play for Zeyar Shwe Myay and is now manager of Nay Pyi Taw FC. (Teza Hlaing / Frontier)

မြန်မာနေရှင်နယ်လိဂ်ဟာ သိပ်လွယ်လွန်းတယ်လို့ သတင်းကြားပြီး ရောက်လာတဲ့အာဖရိကန်တွေအတွက် တကယ့် မြန်မာလိဂ်နဲ့ထိပ်တိုက်တွေ့ချိန်မှာတော့ ထင်သလောက်မလွယ်တာကို တွေ့ရလိမ့်မယ်လို့ JONATHAN YAMOAH ကဆိုပါတယ်။

“မြန်မာ့ဘောလုံးလောက အပြင်ပန်းမှာ လွယ်တယ်ထင်ရပေမယ့် ခင်ဗျား တကယ်လာပြီး ပါဝင်ပတ်သက်ရင်တော့ ပြိုင်ဆိုင်မှု ပြင်းထန်တာတွေ့ရလိမ့်မယ်” လို့ JONATHAN YAMOAH က Frontier နဲ့ အင်တာဗျူးမှာပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားသားကစားသမားတွေအတွက် အကန့်အသတ်တွေရှိပါတယ်။ မြန်မာနေရှင်နယ်လိဂ်ရဲ့ ဖွဲ့စည်းပုံအရ MNL နဲ့ MNL-2 ဆိုပြီး ဖွဲ့စည်းထားတာဖြစ်ပြီး လိဂ်တစ်ခုမှာအသင်း ၁၂ သင်းစီနဲ့ လိဂ်နှစ်ခုပေါင်း ၂၄ သင်းရှိပါတယ်။

အသင်းတစ်သင်းစီမှာ နိုင်ငံခြားသားကစားသမား လေးဦးစီ မှတ်ပုံတင်ခွင့်ရပေမယ့် အဲဒိအထဲကတစ်ဦးဟာ အာရှနိုင်ငံတစ်ခုခုက နိုင်ငံကူးလတ်မှတ် ကိုင်ဆောင်ထားဖို့ လိုပါတယ်။

ဒါ့ကြောင့် အာဖရိကကစားသမားတွေအတွက် မြန်မာနိုင်ငံမှာ နေရာလွတ် ၇၂ နေရာပဲရှိပါတယ်။ ဒါပေမယ့် မြန်မာဘောလုံးကလပ်တိုင်းကတော့ အာဖရိကကစားသမားတွေကိုချည်း ရွေးခေါ်ယူတာမဟုတ်ပါဘူး။

မြန်မာ့ဘောလုံးဈေးကွက်ထဲမှာ နေရာရဖို့အတွက် အာဖရိကကစားသမားတွေဟာ ဘရာဇီး၊ ဥရောပ စတဲ့ဒေသတွေက ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရပါတယ်။

မြန်မာနိုင်ငံရောက် နိုင်ငံခြားသားကစားသမားတွေရဲ့ လစာကို ဘောလုံးအသင်းတွေက တရားဝင် ထုတ်ပြောကြားလေ့မရှိပါဘူး။ မြန်မာ့ဘောလုံးသတင်းတွေကို အစဉ်တစိုက်ရေးနေကြတဲ့ အားကစားသတင်းထောက်တွေရဲ့ အဆိုအရတော့ ဒေါ်လာ ၁,၀၀၀ ကနေ ၃,၀၀၀ ဝန်းကျင်ရရှိကြတယ်လို့ ဆိုပါတယ်။ ထိပ်တန်းခြေစွမ်းရှိတဲ့ ကစားသမားတွေဆို ဒေါ်လာ ၉,၀၀၀ လောက်အထိ ဝင်ငွေရကြတယ်လို့ ဆိုပါတယ်။

နှစ်စဉ်နှစ်တိုင်း မြန်မာဘောလုံးလောကရဲ့ အပြောင်းအရွှေ့ ဈေးကွက်ရောက်ချိန်မှာ အာဖရိကကစားသမား ဒါဇင်ပေါင်းများစွာဟာ အလုပ်ကိုင်အခွင့်အလမ်းအတွက် မြန်မာနိုင်ငံကို ရောက်လာခဲ့ကြပါတယ်။ ဒီအထဲမှာဂါနာ၊ နိုင်ဂျီရီးယား၊ လိုက်ဘေးရီးယား၊ အိုင်ဗရီကိုစ်၊ ယူဂန်ဒါနဲ့ ကင်မရွန်းစတဲ့နိုင်ငံတွေက ကစားသမားတွေ အများစုပါဝင်ပါတယ်။

သူတို့ထဲကတစ်ချို့ က အေးဂျင့်တွေရဲ့ အဆက်အသွယ်နဲ့ရောက်လာကြတာ ဖြစ်ပေမဲ့ တစ်ချို့ကတော့ အလည်အပတ် ဗီဇာနဲ့ အသင်းတွေဆီ လာရောက်ခြေစမ်းကြတာဖြစ်ပါတယ်။

အဲ့ဒိအထဲမှာ တကယ့်ပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေပါသလို အေးဂျင့်တွေက ပိုက်ဆံရရင်ပြီးရော ခေါ်လာတဲ့ ဘောလုံးသမားမဟုတ်တဲ့ အာဖရိကန်တွေလည်း ပါပါတယ်။

“တချို့အာဖရိကန်တွေခြေလာစမ်းရင် ဘောလုံးတောင်ဖြောင့်အောင် မကန်တတ်ဘူး။ နည်းပြက ကျွန်တော့်ကို မေးတယ်။ တကယ့်ဘောလုံးသမားတွေကော ဟုတ်ရဲ့လား။ သူတို့ မင်းတို့ နိုင်ငံထဲကို ဘယ်လိုဝင်လာလဲဆိုပြီး မေးကြတယ်” ဟု Horizon FC အသင်းမန်နေဂျာ ဦးကျော်ကျော်ဦးက ပြောပါတယ်။

ဘောလုံးသမားမဟုတ်တဲ့ အာဖရိကန်တွေကို မြန်မာပြည်ထဲခေါ်လာပြီး ဘောလုံးအသင်းတွေဆီ ခြေစွမ်း လာရောက်စမ်းသပ်ခံစေတဲ့ အေးဂျင့်တွေရဲ့ လုပ်ရပ်ဟာ မြန်မာ့ဘောလုံးအဆင့်အတန်းကို မလေးစားရာရောက်သလို ဘောလုံးအသင်းတွေအတွက်လည်း အနှောင့်အယှက်ဖြစ်စေတယ်လို့သူက ပြောပါတယ်။

အာဖရိကန် ကစားသမားတွေကို မြန်မာနိုင်ငံထဲအရောက် ခေါ်လာတာ အေးဂျင့်တွေချည်းပဲ မဟုတ်ပါဘူး။ ကစားသမားအချင်းချင်း ငွေကြေးရယူပြီး မြန်မာလိဂ်မှာ အလုပ်ရမယ်ဆိုကာ လိမ်လည်ခေါ်လာတာတွေလည်း ရှိတယ်လို့ အာဖရိကန်ဘောလုံးသမားတွေက ဆိုပါတယ်။

နာမည်ထုတ်ပြောဖို့ ငြင်းဆန်တဲ့ နိုင်ဂျီရီးယားနွယ်ဖွား အာဖရိကန်ဘောလုံးသမားတယောက်ကတော့ မြန်မာလိဂ်မှာ ဘောလုံးကန်ရမယ်ဆိုပြီး အာဖရိကကစားသမားအချင်းချင်း လိမ်လည်ခေါ်ဆောင်လာတာ ခံရတဲ့သူ နှစ်ဦးလောက် တွေ့ဖူးတယ်လို့ဆိုပါတယ်။

Teza Hlaing / Frontier

အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံရောက်လာပြီးမှ ဘောလုံးသမားအဖြစ် အလုပ်မရတဲ့ အာဖရိကန်တွေဟာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြရတာတွေ ရှိပါတယ်။

မြန်မာဘောလုံးအသင်းတွေက လက်ခံဖို့ငြင်းဆန်ခံခဲ့ရတဲ့ အာဖရိကန်ဘောလုံးသမားတယောက်ဟာ ရန်ကုန်မြို့၊ ပုဇွန်တောင်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအဖြစ် အလုပ်လုပ်နေတာ ၂၀၁၁ ဝန်းကျင်က တွေ့ဖူးတယ်ဆိုတဲ့ သတင်းတစ်ခုလည်း ကြားဖူးပါတယ်။ ဒါပေမယ့် ဒီသတင်းမှန်မမှန်ကိုတော့ အတည်မပြုနိုင်ပါဘူး။

မလေးရှားပရီးမီးယားလိဂ်( Malaysia Premier League) ကလပ် Malaysia Armed Forces Association က ကစားသမားဟောင်းလည်း ဖြစ်တဲ့ JONATHAN YAMOAH ကတော့ စားပွဲထိုးလုပ်တဲ့ အာဖရိကန် ကစားသမားကိုမတွေ့ဖူးပေမဲ့ ဘောလုံးမှာမအောင်မြင်လို့ ဆရာအဖြစ် စာသင်ကြားရေးဘက်ပြောင်းသွားရတဲ့ အာဖရိကန်ဘောလုံးသမားကိုတော့ မြန်မာနိုင်ငံမှာ တွေ့ဖူးတယ်လို့ ဆိုပါတယ်။

မြန်မာနေရှင်နယ်လိဂ်ကလပ်တွေမှာ ဘောလုံးသမားအဖြစ် ကစားခွင့်ရတဲ့ အာဖရိကန်တွေတိုင်းတော့ အဆင်ပြေလှတာ မဟုတ်ပါဘူး။ ကလပ်အသင်းအချို့ဟာဆိုရင် သူတို့ကို စားသောက်စရိတ်လောက်ပဲပေးပြီး ဘောလုံးကန်ခိုင်းတာတွေ ရှိတယ်လို့အာဖရိကန်ကစားသမားအချို့က ဆိုပါတယ်။

မြန်မာကလပ်အချို့ဟာ အာဖရိကကစားသမားတွေကို တစ်လဒေါ်လာ ၂၀၀ လောက်ပဲ ပေးတာတွေရှိတယ်လို့ အာဖရိကဘောလုံးသမားအချို့က ဆိုပါတယ်။

“ဘောကန်ဖိနပ်တစ်ရံဖိုးတောင် ဒေါ်လာ ၁၀၀ လောက်ရှိတယ်” လို့ JONATHAN YAMOAH က ဆိုပါတယ်။

အာဖရိကဘောလုံးသမားတွေနဲ့ပတ်သတ်ပြီး ဖြေရှင်းပေးရတာဟာ ဘောလုံးကွင်းအတွင်းက ကိစ္စတွေက အများဆုံးဖြစ်ပြီး ဗီဇာပြဿနာနဲ့ ငွေရေးကြေးရေးပြဿနာတွေကိုတော့ ဖြေရှင်းပေးရတာမရှိဘူးလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့  ပြန်ကြားရေးတာဝန်ခံ ဦးဇော်မင်းထိုက်က ပြောပါတယ်။

အခွင့်အလမ်းတွေရှာဖွေရင်း အခက်အခဲတွေ အကျပ်အတည်းတွေလည်း တွေ့နေရပေမဲ့ မြန်မာ့ဘောလုံးလောကမှာ အခြေချချင်တဲ့ အာဖရိကန်ဘောလုံးသမားတွေဟာ မြန်မာနိုင်ငံထဲ ဆက်ပြီး ဝင်လာနေဆဲပါပဲ။

သူတို့ထဲကတစ်ချို့က ဒေါ်လာထောင်ချီ ဝင်ငွေရတဲ့ကစားသမားတွေအဖြစ် ရပ်တည်နိုင်မှာဖြစ်ပြီး တချို့ ကတော့ ထင်ထားသလောက် မအောင်မြင်ပဲ စိတ်ပျက်လက်ပျက်နဲ့ အိမ်ပြန်သွားကြရမှာဖြစ်ပါတယ်။

မြန်မာ့ဘောလုံးလောကအကြောင်း အတော်များများ သိနေပြီဖြစ်တဲ့ Jonathan Yamoah ကတော့ အခုလို အကြံပေးပါတယ်။

“မလာခင် သူများပြောတာမယုံပဲ အင်တာနက်မှာတစ်ချက်လောက်တော့ ရှာကြည့်သင့်တယ်” လို့ သူကဆိုပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.