အဝေးရောက်ဝန်ကြီးချုပ်တစ်ဦး ပြည်တော်ပြန်ချိန်

ရှုပ်ထွေးပွေလီလှသောမြန်မာ့နိုင်ငံရေးတွင် နိုင်ငံ၏နာမည်အကြီးဆုံးမိသားစုဝင်အချို့၏ အကောင်းဆုံးအချိန်များသည် ရုန်းကန်တော်လှန်မှုများဖြင့်သာ ကုန်ဆုံးခဲ့ရသည်။

နန္ဒ

တောင်ဥက္ကလာပမြို့နယ်က သီလ(၁၀)လမ်းသို့ သြဂုတ်လဒုတိယပတ်မှစတင်ကာ သတင်းသမားများတစ်ဖွဲဖွဲရောက်လာကြသည်။အိမ်ရှေ့တွင်ယုဇနပင်စိုက်ထားသည့်လုံးချင်းအိမ်လေးထဲတွင် ပင်နီတိုက်ပုံဝတ်ပိန်ပိန်ပါးပါးလူကြီးတစ်ယောက် အင်တာဗျူးများဆက်တိုက်ဖြေနေရသည်ကိုလမ်းသူလမ်းသားများတွေ့နေရသည်။ထိုလူကြီး၏မျက်နှာသည်သူတို့ရင်းရင်းနှီးနှီးရှိနေသည့်မျက်နှာတစ်ချို့နှင့်ဆင်နေသည်ကိုလည်းသူတို့သတိထားမိပါသည်။

အဆိုပါပုဂ္ဂိုလ်ကြီး၏ဖခင်နှင့်ဦးလေးသည် ၁၉၄၇ခုနှစ်၊ဇူလိုင်၁၉တွင် တစ်ရက်ထဲလုပ်ကြံခံခဲ့ကြရသည်။

ဗိုလ်ချုပ်အောင်ဆန်း၏အစ်ကိုအာဇာနည်ဦးဘဝင်း၏သား ဒေါက်တာစိန်ဝင်းတစ်ယောက်မြန်မာပြည် သို့ပြန်ရောက်နေခြင်းဖြစ်ပါသည်။

အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့်အိမ်ကထွက်သွားသောဒေါက်တာစိန်ဝင်းတစ်ယောက်မြန်မာပြည်ပြန်ရောက်ရန် ဆယ်စုနှစ်သုံးခုနီးပါးကြာစောင့်စားခဲ့ရသည်။ သို့သော်သူပြည်ဝင်ခွင့်ပိတ်ပင်ခံထားရသည့်အကြောင်းမှာ ညီမဝမ်းကွဲဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်အကြောင်းလောက် လူပြောမများခဲ့ပေ။

သူနှင့်တွဲလျက်နာမည်ကြီးသည်မှာ “စင်ပြိုင်အစိုးရအဖွဲ့” ဝန်ကြီးချုပ်ရာထူးပင်။ သင်္ချာပညာရှင်ဖြစ်ချင်ခဲ့သော်လည်းဒေါက်တာစိန်ဝင်းသည်ရှစ်လေးလုံးအရေးတော်ပုံ၏နိုင်ငံရေး အလှည့်အပြောင်းအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏မဟာမိတ် အမျိုးသားဒီမိုကရေစီပါတီ၏ဥက္ကဌ ဖြစ်လာသည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ဇာတိ“ပေါက်ခေါင်း”မှ၁၉၉၀ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ရပြီးခက်ခက်ခဲခဲယှဉ်ပြိုင်အနိုင်ရခဲ့ခြင်း ဖြစ်သည်။

မြန်မာ့နိုင်ငံရေး၏ရုပ်ဆိုးအကျည်းတန်မှုတစ်ခုဖြစ်သော“၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုစစ်အစိုးရကအသိအမှတ်မပြုမှု”သည် စင်ပြိုင်အစိုးရဟုနာမည်ကြီးသော “ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ(NCGUB)” ကိုပေါ်ပေါက်စေခဲ့သည်။ “မာနယ်ပလော”တွင် ၁၉၉၀ဒီဇင်ဘာ၁၈ရက်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို ့၊တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်အချို ့နှင့်တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်ချို့တို့ဖြင့်The National Coalition Government of the Union of Burma (NCGUB)ကိုဖွဲ့စည်းခဲ့သည်။ ထို့နောက် အမေရိကသို့ပြောင်းရွှေ့အခြေစိုက်ခဲ့ပြီး ပြည်တွင်း၌NLDပါတီလှုပ်ရှား၍မရချိန် အဝေးရောက်အစိုးရအဖွဲ့က မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြည်ပမှလှုပ်ရှားခဲ့ကြသည်။

“အိမ်ကိုသတိရတာပေါ့။ဒါပေမယ့်ပြည်တွင်းကနိုင်ငံရေးသမားတွေ ဖမ်းဆီးနှိပ်စက်ထောင်ချခံရတာ နဲ့စာရင်ကိုယ်ကြုံရတဲ့ကိစ္စကဘာဟုတ်မှာလဲ”ဟု ဒေါက်တာစိန်ဝင်းကပြောသည်။

ဒေါက်တာစိန်ဝင်းသည် အဝေးရောက်အစိုးရကိုဦးဆောင်ပြီး ကုလသမဂ္ဂမှတစ်ဆင့်စစ်အစိုးရကိုှဖိအားပေးခဲ့ကာ နော်ဝေအစိုးရအကူအညီဖြင့် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) တည်ထောင်ရာတွင်ပါဝင်ခဲ့သူဖြစ်သည်။

စစ်အစိုးရခေတ်သတင်းစာများတွင်“ ပြည်ပြေးစိန်ဝင်း”ဟုအမည်တပ်ခံခဲ့ရပြီး ပြည်တွင်းမှအဖျက်လုပ်ရပ်အချို့ကို ၎င်းတို့လက်ချက်ဟုစွပ်စွဲခဲ့သည်။

“အဲ့ဒါတွေမလုပ်ခဲ့ပါဘူးကွာ”ဟု ဒေါက်တာစိန်ဝင်းကငြင်းဆိုသည်။

မြန်မာ့ဒီမိုကရေစီတိုက်ပွဲတွင် ပြည်တွင်းအင်အားစုများ၏စွမ်းဆောင်မှုကအဓိကကျခဲ့ပြီး “ဒီပဲရင်းဖြစ်စဉ်”နှင့်“၂၀၀၇ရွှေဝါရောင်တော်လှန်ရေး”ကစစ်အစိုးရကို နိုင်ငံရေးမှဆုတ်ခွာသွားစေသည့်အဓိကအကြောင်းရင်းနှစ်ခုဟု သူကရှုမြင်သည်။

စင်ပြိုင်အစိုးရအာင်မြင်မှုကိုမေးခွန်းထုတ်သူအချို့ရှိခဲ့သော်လည်း ဒေါက်တာစိန်ဝင်းတို့အစုအဖွဲ့၏စွမ်းဆောင်မှုကို သံသယမရှိခဲ့ကြပေ။

“သူလုပ်နိုင်တာအားလုံးကိုလုပ်ခဲ့တယ်လို့မြင်ပါတယ်။”၁၉၉၀ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သည့် ဦးဒေးဗစ်လှမြင့်ကပြောသည်။

ဒေါက်တာစိန်ဝင်းသည် ပြန်ရောက်လျှင်ရောက်ချင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကသူရဦးတင်ဦးအပါအဝင် NLDလုပ်ဖော်ကိုင်ဘက်ဟောင်းများနှင့်သွားရောက်တွေ့ဆုံခဲ့သည်။

သို့သော် နိုင်ငံရေးတွင်တာဝန်တစ်ခုရယူပြီးပါဝင်ပတ်သက်တော့မည်မဟုတ်ဘဲ ဖြတ်သန်းလာသည့်အတွေ့အကြုံများအရ အကြံပေးမှုသာ လုပ်ဆောင်မည်ဟုဆိုသည်။

ဝါရင့်နိုင်ငံရေးသမားဦးသုဝေကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါက်တာစိန်ဝင်းတို့အဝေးရောက်အစိုးရအဖွဲ့ဝင်များကိုနေရာမပေးမှုအားနားမလည်နိုင်အောင်ဖြစ်ရ ကြောင်းပြောသည်။

“ဒေါက်တာစိန်ဝင်းတို့အဖွဲ့ကNLDကိုတောက်လျှောက်အပြင်ကနေအားဖြည့်ပေးခဲ့တာလေ။အခြေအနေကောင်းလာတော့ဘာကြောင့်နေရာမပေးလဲ။မစဉ်းစားတတ်ဘူးဗျ”ဟု၎င်းကပြောသည်။

နိုင်ငံတကာကလည်း စင်ပြိုင်အစိုးရထက် ဒေါ်အောင်ဆန်းစုကြည်ကိုသာ ပိုမိုအာရုံစိုက်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကမူ အဝေးရောက်အစိုးရအဖွဲ့၏ဒီမိုကရေစီရေးလှုပ်ရှားမှုကို အလေးအနက်ထားကာ ၎င်းတို့ကိုနေရာမပေးခြင်းမဟုတ်ဘဲပြည်ပရောက်သွားသဖြင့်ပြည်တွင်းနိုင်ငံရေးနှင့်အဆက်ပြတ် သွားခြင်းသာဖြစ်ကြောင်း ပြောသည်။

ဒေါက်တာစိန်ဝင်း၏အမျိုးသားဒီမိုကရေစီပါတီမှဦးစိုးဝင်းနှင့်ဦးသိန်းဦးတို့အား ပါတီ၏အရေးကြီးတာဝန်များထမ်းဆောင်စေခဲ့ကြောင်း ရှင်းပြသည်။

NLDဝင်မပြိုင်သော၂၀၁၀ရွေးကောက်ပွဲသည်မြန်မာ့နိုင်ငံရေးအတွက်အဖြေမဟုတ်ဟုစင်ပြိုင်အစိုးရကကြေညာခဲ့သော်လည်း၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲကို NLD ဝင်ပြိုင်ပြီးနောက် စင်ပြိုင်အစိုးရကို ၂၀၁၂စက်တင်ဘာ ၁၄ ရက်တွင်ဖျက်သိမ်းခဲ့သည်။

သို့သော်စင်ပြိုင်အစိုးရ၏ဝန်ကြီးချုပ်သည် ချက်ချင်းအိမ်ပြန်ခဲ့ရသည်တော့မဟုတ်ပါ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်၂၀၁၈ခုနှစ ်ဇွန်လ၈ရက်မှသာ စင်ပြိုင်အစိုးရကို မတရားအသင်းမှပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။

“ဒီလောက်အထိအိမ်ပြန်နောက်ကျတာ NLDအစိုးရမျက်နှာပူဖို့ကောင်းတယ်”ဟု ပြန်ကြားရေးဝန်ကြီးဟောင်းဦးရဲထွဋ်ကဝေဖန်သည်။

ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများအရ ကြန့်ကြာသွားရခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်ကပြောသည်။

ဒေါက်တာစိန်ဝင်းသည်ဖခင်ဖြစ်သူနှင့်ဦးလေးဖြစ်သူတစ်ရက်ထဲလုပ်ကြံခံခဲ့ရသည့်၁၉၄၇ ခုနှစ်ဇူလိုင်၁၉ရက်တွင်အသက်၃နှစ်သာရှိသေးသည်။ သူသည် စစ်အစိုးရကအမည်ပျက်စာရင်းသွင်းထားခဲ့၍ ပြီးခဲ့သည့်နှစ်ပေါင်းသုံးဆယ်အတွင်း အာဇာနည်နေ့များတွင် အာဇာနည်ဗိမာန်သို့တက်ရောက်ဂါရဝပြုခွင့်ဆုံးရှုံးခဲ့ရသူလည်းဖြစ်သည်။သူသည် ရန်ကုန်တက္ကသိုလ်မှသင်္ချာဂုဏ်ထူးတန်းဖြင့်ဘွဲ့ရပြီး ဂျာမနီနိုင်ငံဟမ်းဘတ်တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့နှင့်ဒေါက်တာဘွဲ့ရရှိခဲ့သည်။

ပညာရှင်တစ်ယောက်အဖြစ်အိမ်မက်ခဲ့သော်လည်း တော်လှန်ရေးသမားဖြစ်လာရခြင်းမှာ ပေး ဆပ်လိုက်ရခြင်းမဟုတ်ဘဲ မိမိ၏ရွေးချယ်မှုကြောင့်ဟုသူကခံယူသည်။သို့သော် မိသားစုဝင်များကသာ သူ၏ရွေးချယ်မှုကြောင့် ပေးဆပ်ရသည်ဟု သူကစာနာသည်။

သူအိမ်ကထွက်သွားပြီးဆယ်နှစ်ကြာမှ ဇနီးနှင့်သားမှာအမေရိကားသို့လိုက်လာနိုင်ခဲ့ကြသည်။

သူသည် ညီမဝမ်းကွဲဖြစ်သူဒေါ်အောင်ဆန်းစုကြည်၏ သင်ပုန်းချေခြင်းအနုပညာကို အလေးအနက်ထားပြောဆိုခဲ့သည်။နိုင်ငံတကာတွင်အနားယူသွားပြီးမှအရေးယူခံရသည့်ခေါင်းဆောင်အရေအတွက်တိုးပွားလာနေပြီးအဆိုပါဖြစ်ရပ်များနှင့်နှိုင်းယှဉ်ပါက ဒေါ်အောင်ဆန်းစုကြည်၏ခွင့်လွှတ်နိုင်မှုမှာ ချီးကျူးစရာကောင်းကြောင်း သူကပြောသည်။

ဒေါက်တာစိန်ဝင်းသည် ၎င်း၏နိုင်ငံရေးဖြတ်သန်းမှုအရအာဏာရှင်ဗိုလ်ချုပ်ကြီးများနှင့် တောက်လျှောက်ကြုံတွေ့ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည်”လုပ်ချင်ရာလုပ်ခဲ့သူ”ဟု သူကဆိုသည်။ ဗိုလ်ချုပ်မှုးကြီးစောမောင်မှာပြောသင့်ပြောထိုက်သည့်စကား(“ရွေးကောက်ပွဲအနိုင်ရပါတီကိုအာဏာလွှဲပေးပြီးလျှင်တပ်မတော်ကစစ်တန်းလျားပြန်မည်”ဟူသောစကားကိုဆိုလိုသည်။)ကိုပြောပြီး ဇာတ်သိမ်းမလှခဲ့ကြောင်း သူကပြောသည်။ဗိုလ်ချုပ်ကြီးခင်ညွန့်က ရက်စက်သူဟုသူကပြောပြီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေအား ၂၀၁၀ရွေးကောက်ပွဲကျင်းပပေးပြီး အနားယူသွားလိမ့်မည်ဟု မထင်ခဲ့မိကြောင်းပြောသည်။

အသက် ၇၅ နှစ်အတွင်းဝင်လာပြီဖြစ်သောဒေါက်တာစိန်ဝင်းသည် ဘဝ၏လက်ကျန်အချိန်များကို ဇနီး၊သားနှစ်ယောက်နှင့်ဆွေမျိုးမိတ်သင်္ဂဟများနှင့်အေးချမ်းစွာဖြတ်သန်းသွားမည်ဟုဆိုသည်။

ကတုံးဆံထောက်နှင့် တောင်တွင်းကြီးသားသည်စကားကိုညင်ညင်သာသာပြောတတ်ပြီး ရွှေတိဂုံစေတီတော်ကိုမိသားစုနှင့်သွားဖူးခဲ့ရသည့်အကြောင်း ဝမ်းသာအားရပြောပြသည်။မြန်မာနိုင်ငံသို့ပြန်ရောက်ပြီးနောက် အသွားချင်ဆုံးမြို့မှာသူ၏မဲဆန္ဒနယ် ”ပေါက်ခေါင်း”ဟုဆိုသည်။

“ကိုယ့်မဲဆန္ဒနယ်ကိုသွားကြည့်ချင်တယ်။ဒါပေမယ့်၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုတော့ သမိုင်းထဲမှာထားခဲ့ရတော့မှာပေါ့”ဟုဒေါက်တာစိန်ဝင်းကပြောသည်။

ဒေါက်တာစိန်ဝင်းနှင့်ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးလှုပ်ရှားမှုကာလအတွင်း ဖခင်များကိုအတူဆုံးရှုံးခဲ့ရသလို မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် မိသားစုဝင်များနှင့်ကွဲကွာခဲ့ရသည့် ကံကြမ္မာချင်းလည်းတူညီသည်။

အာဇာနည်ဦးဘဝင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ကျော်ကြားမှုကိုမမှီပေ။ ဒေါက်တာစိန်ဝင်းသည်လည်းဒေါ်အောင်ဆန်းစုကြည်လောက်နာမည်မကြီးပါ။ခြံအမှတ်(၅၁)သည်လည်းခြံအမှတ်(၅၄)လောက်နာမည်လူသိမများ။ NCGUB သည်လည်း NLD အတွက်ငြမ်းသာဖြစ်ခဲ့သည်။

သို့သော် ဒေါက်တာစိန်ဝင်းက “ဘဝမှာလုပ်ခဲ့တာတွေအတွက် နောင်တရစရာမရှိပါဘူး”ဟု ပြောပါသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.