အရပ်ဘက် စစ်ဘက်ဆက်ဆံရေး အဆင်ပြေနေသေးလား

ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ်နဲ့စပ်လျဉ်းလို့ အင်န်အယ်လ်ဒီပါတီအစိုးရနဲ့ တပ်မတော်ခေါင်းဆောင်များအကြား သဘောထားကွဲလွဲနေမှုက နှစ်ဦးနှစ်ဘက်ဆက်ဆံရေးမှာ အဖုအထစ်တွေ ပေါ်ပေါက်စေခဲ့တာဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

တပ်မတော်ဘက်က တပ်မတော်နေ့လို့သတ်မှတ်၊ အာဏာရ အင်န်အယ်လ်ဒီပါတီဘက်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့လို့ခေါ်ဝေါ်ပြီး အခမ်းအနားတွေ ကျင်းပခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကို ဖြတ်သန်းခဲ့ပြီးပါပြီ။

ထူးခြားချက်အနေနဲ့ အခုနှစ် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတော်တဆ ထိခိုက်ဒဏ်ရာရပြီး ကျန်းမာရေးကြောင့် မတက်ရောက်နိုင်ခဲ့သလို တပ်ချုပ်ကိုယ်စား ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြောတဲ့ မိန့်ခွန်း၊ အင်န်အယ်လ်ဒီပါတီက ထုတ်တဲ့ ကြေညာချက် စတာတွေကလည်း ထူးခြားပါတယ်။

ဒုတပ်ချုပ်မိန့်ခွန်းနဲ့ အင်န်အယ်လ်ဒီကြေညာချက်တွေကို ကြည့်လိုက်ရင် တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ အင်န်အယ်လ်ဒီပါတီအကြား သဘောထားကွဲပြားမှုတွေ တွေ့နိုင်သလို၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် သတိပေးနေကြတာမျိုးကိုလည်း တွေ့မြင်ကြရပါတယ်။

ဒါတွေကိုကြည့်လိုက်ရင် ပြည်သူလူထု ရွေးကောက်တင်မြှောက်လိုက်လို့ တက်လာတဲ့အရပ်သားအစိုးရ သက်တမ်း သုံးနှစ်တိုင်လာချိန် အရပ်ဘက်နဲ့ စစ်ဘက်ဆက်ဆံရေး ဘယ်အခြေအနေ ရောက်နေသလဲ ဆိုတာကိုလည်း သတိပြုမိနိုင်ပါတယ်။ အင်န်အယ်လ်ဒီအစိုးရနဲ့ တပ်မတော် လက်ရှိဆက်ဆံရေး အခြေအနေ ဘယ်လိုရှိနေသလဲ၊ ရှေ့အလားအလာမှာရော ဘာတွေဖြစ်နိုင်မလဲဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ် တင်ပြသွားပါ့မယ်။

တပ်ချုပ်ကိုယ်စား ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုဝဝင်းပြောတဲ့မိန့်ခွန်းပါ သမိုင်းဆိုင်ရာ ရှုမြင်မှုတွေဟာ ရှေ့ကစစ်အာဏာရှင်တွေ ပြောခဲ့ဆိုခဲ့၊ ခံယူခဲ့တာတွေနဲ့ ဘာမှမခြားနားပါဘူး။ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အရင်စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၂ ခုနှစ်က စစ်အာဏာသိမ်းခဲ့တာကို ပြည်ထောင်စုပြိုကွဲမယ့် အန္တရာယ်ရှိလို့ဆိုပြီး ပြောဆိုခဲ့သလို၊ ၁၉၈၈ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီးကိုလည်း “ ဆူပူမှုအရေးအခင်း” ဆိုပြီး တံဆိပ်ကပ်ခဲ့ပြန်ပါတယ်။

လက်ရှိ အင်န်အယ်လ်ဒီပါတီ လွှတ်တော်အတွင်း ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ်ကိုလည်း စည်းမျဉ်းစည်းကမ်းနဲ့မညီတဲ့ လုပ်ဆောင်ချက်အဖြစ် စွပ်စွဲလိုက်ပြီး သမိုင်းဖြစ်ရပ် အဖြစ်အပျက်တွေအပေါ်မှာ သင်ခန်းစာယူဖို့ သတိပေးလိုက်ပါသေးတယ်။ သူက “ဖွဲ့စည်းပုံပြင်ဆင်သည့်နေရာမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအကျပ်အတည်းနှင့် ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၂)ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း နည်းလမ်းများအတိုင်း ဥပဒေနှင့်အညီ အဆင့်ဆင့်လုပ်ဆောင်သွားရမှာဖြစ်တယ်။ ဒီမိုကရေစီဆိုတာ အများရဲ့ဆန္ဒအရ ဥပဒေနဲ့အညီ စည်းကမ်းတကျ လိုက်နာ၊ လိုက်ပါလုပ်ဆောင်ခြင်းဖြစ်တယ်။ လူနည်းစုရဲ့ဆန္ဒကိုလည်း လေးစားရတယ်။

“လူအများညီလို့ “ဤ”ကို “ကျွဲ”ဆိုပြီး ဆောင်ရွက်တာမျိုးဟာ စည်းမျဉ်းစည်းကမ်းနဲ့မညီတဲ့ လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် ဒီမိုကရေစီနဲ့အညီ စည်းကမ်းတကျ လုပ်ဆောင်ချင်တဲ့သူများအတွက် အခက်အခဲ ဖြစ်စေသလို၊ တည်ငြိမ်အေးချမ်းမှုပါ ထိခိုက်လာတယ်ဆိုတာကို သမိုင်းဖြစ်ရပ်များ၊ အဖြစ်အပျက်များပေါ်မှာ သင်ခန်းစာယူဖို့ လိုတယ်” ဆိုပြီး ဖြစ်ပါတယ်။

ဒီစကားလုံးဟာ သမိုင်းမှာ စစ်ခေါင်းဆောင်တွေလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုတွေကို သွယ်ဝိုက်ညွှန်းဆိုပြီး သတိပေးလိုက်တဲ့သဘောလည်း သက်ရောက်တာမို့ စိုးရိမ်စရာကောင်းပါတယ်။ ပြောရရင် ဖွဲ့စည်းပုံပြင်ရေးနဲ့ ပတ်သက်တဲ့ကိစ္စမှာ အင်န်အယ်လ်ဒီပါတီနဲ့ အစိုးရအပေါ် တပ်မတော်ဘက်က အတော်လေး ပြင်းပြင်းထန်ထန် သဘောထားလာတာ တွေ့နိုင်ပါတယ်။

အင်န်အယ်လ်ဒီပါတီဘက်ကို ပြန်ကြည့်လိုက်ရင်လည်း အဲလိုသဘောထားမျိုးဆန်ဆန် တွေ့ရပြန်ပါတယ်။ ၇၄ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အတွက် အင်န်အယ်လ်ဒီဘက်ကထုတ်တဲ့ ကြေညာချက်မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ တပ်မတော်နဲ့ပတ်သက်တဲ့အချက်တွေကို ကိုးကားဖော်ပြခဲ့တာကို တွေ့မြင်ကြရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ “စစ်တပ်ဟာ နိုင်ငံသူ၊ နိုင်ငံသားတွေကို ညှဉ်းပန်းဖို့မဟုတ်၊ လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်၊ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်စေရဘူး” ဒီနိုင်ငံမှာဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ်၊ စစ်သားချည်း နိုင်ငံချစ်တဲ့သူ ရှိကြတာ မဟုတ်ဘူး။ တခြားစစ်သားမဟုတ်ပေမဲ့နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။ အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်သဘောကို ပြောင်းကြရမယ်” ဆိုတာမျိုး၊

“ကျွန်တော်တို့ တပ်များသည် ခင်ဗျားတို့ကို ညှဉ်းပန်းနှိပ်စက်ကြဖို့ မဟုတ်ပါဘူး။ သူတို့သည် ရှမ်း၊ ကရင်၊ ကချင်၊ ချင်း စသည်တို့ အပါအဝင် နိုင်ငံတွင်းဖွား မြန်မာလူမျိုးများကိုလည်း နှိပ်စက်ညှဉ်းပန်းကြဖို့ မဟုတ်ပါဘူး” ဆိုတာမျိုး ဖော်ပြထားပါတယ်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ ” ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက် တည်ထောင်ထားတာ မဟုတ်ဘူး။ တနိုင်ငံလုံး၊ တမျိုးသားလုံးအတွက် ဖြစ်တယ်” ဆိုတာကို ကိုးကားပြီး လက်ရှိတပ်မတော်ကို အရင်တုန်းက အာဏာရှင်စစ်တပ် ပုံစံကနေ လမ်းခွဲထွက်ခဲ့ဖို့ သွယ်ဝိုက်တိုက်တွန်းထားတာ တွေ့နိုင်ပါတယ်။

အလားတူ အင်န်အယ်လ်ဒီပါတီက အနယ်နယ် အရပ်ရပ်မှာ အားပေးကျင်းပနေတဲ့ “ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး လူထုထောက်ခံပွဲ” တွေမှာလည်း ဖွဲ့စည်းပုံနဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း ဝေဖန်နေတာကိုလည်း တွေ့ကြရပါတယ်။

မတ်လ ၂၉ ရက်၊ တပ်မတော်စစ်ဌာနချုပ်နဲ့ အစိုးရအဖွဲ့ရုံးစိုက်ရာ နေပြည်တော်မှာလုပ်တဲ့ ဖွဲ့စည်းပုံပြင်ရေး လူထုထောက်ခံပွဲ အခမ်းအနားမှာ ဟောပြောသူ စာရေးဆရာ မာန် တောင်လုံးပြန်က စစ်ဗိုလ်ချုပ်ကြီးတွေကို ရည်ညွှန်းပြီး “ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး တောင်းဆိုလေလေ၊ သူတို့ထိုင်ခုံတွေ၊ သူတို့ စည်းစိမ်တွေအတွက် ကြောက်လေလေဖြစ်တဲ့အတွက် အဲဒီလူကြီးတွေကတော့ အမြဲတန်း ကန့်လန့်တိုက်နေဦးမှာပဲ။” ဆိုပြီး ဟောပြောခဲ့သလို “ပြည်သူတွေဘဝက ချွတ်ခြုံကျ၊ လိုချင်တဲ့ဆန္ဒမရ၊ သူတို့က အကုန်အုပ်စီးပြီးတော့ လုပ်ချင်ရာလုပ်ထားတော့၊ အဲဒီ ၂၀၀၈ ဥပဒေထဲမှာ ပုဒ်မ ၂၀ (က) မှာ ခေတ်မီ တပ်မတော်ကြီး ဖြစ်ပါသည်။ စွမ်းရည်ထက်မြက်ပါသည်၊ တခုတည်းသော တပ်မတော် ဖြစ်ပါသည်၊ အဲဒီစာတန်းကိုကိုင်ပြီး နိုင်ငံတကာကို ပတ်ကြွားရင် ဟဲ့ကောင် မင်းရူးနေသလားဆိုပြီး အမေးခံရမှာပေါ့။ ကျွန်တော်က ၂၀၀၈ ဖွဲ့စည်းပုံကိုပြလိုက်ရင် သူတို့ကမေးမယ်။ အဲဒါရေးတဲ့သူတွေရော ရူးနေလား” ဆိုသည်အထိ ဟောပြောခဲ့တာတွေ့ရပါတယ်။

နောက်ထပ် ဟောပြောသူ စာရေးဆရာ ထင်လင်းဦးကလည်း “ ဖွဲ့စည်းပုံအရ လူ သိန်းနဲ့ချီကနေ မဲပေးလိုက်တော့မှ လူတစ်ယောက်ကို အမတ်အဖြစ်ခန့်ခွင့်ရှိတယ်၊ အခုဖွဲ့စည်းပုံမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ လူတစ်ယောက်က လက်မှတ်ထိုးလိုက်ရုံနဲ့ ပြည်သူ့လွှတ်တော်မှာ လူ ၁၁၀ ခန့်ခွင့်ရှိနေတာ ခင်ဗျားတို့မလွန်လွန်းဘူးလား။ နိုင်ငံတော်ရဲ့ အကြီးဆုံး နိုင်ငံ့အထွတ်အထိပ်၊ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ သမ္မတကတောင် အမတ်တစ်ယောက်ကို ခန့်အပ်ပိုင်ခွင့်မရှိဘူး” ဆိုပြီး ဟောပြောခဲ့တာ တွေ့ရပါတယ်။

ဒီအချက်တွေကိုကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီနဲ့ တပ်မတော် ခေါင်းဆောင်တွေအကြား ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးနဲ့ပတ်သက်ပြီး ကြီးကြီးကျယ်ကျယ် ထိပ်တိုက်တွေတိုး၊ ဆက်ဆံရေးလည်း အဆင်မပြေ ဖြစ်နေကြပုံရပါတယ်။ တိုင်းပြည်ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ ရခိုင်ပြည်နယ်က ပြဿနာတွေ ဖြေရှင်းရေးမှာ နှစ်ဖက်အတိအလင်း သဘောထားကွဲပြားတာမျိုး မတွေ့ရပေမဲ့ လုပ်ငန်းစဉ်တွေက အောင်မြင်မှုရမနေပါဘူး။

ပြဿနာရဲ့ရင်းမြစ်က တပ်မတော် ခေါင်းဆောင်တွေဘက်က အရင်စစ်အာဏာရှင်တွေ အမွေပေးခဲ့တဲ့ ဖွဲ့စည်းပုံကို အမိအရဆုပ်ကိုင်ပြီး သူတို့ရဲ့အကျိုးစီးပွား၊ သြဇာအာဏာကို ပိုပြီးဆုပ်ကိုင်ပြလာနေသလို၊ အင်န်အယ်လ်ဒီခေါင်းဆောင်တွေဘက်ကလည်း တပ်မတော်ကိုစည်းရုံးဖို့ ကောင်းမွန်တဲ့ပေါ်လစီ တစ်ခုခု ရှိမနေတာ ပြသနေပါတယ်။

တိုင်းပြည်တည်ငြိမ်ရေးနဲ့ တိုင်းပြည်က ကြုံတွေ့နေရတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့၊ နိုင်ငံတကာရဲ့ဖိအားတွေ လျော့ကျစေဖို့ဆိုရင် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး အဆင်ပြေဖို့ မလွဲမသွေ လိုအပ်ပါတယ်။ ဒီလိုမှ မလုပ်နိုင်ကြရင် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကျရှုံးကောင်း ကျရှုံးမယ့် အန္တရာယ်ရှိနေသေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.